Sunday, June 4, 2017

“အခွန်နှင့်ဆက်စပ်နေသည့် အိမ် ခြံ မြေ သတင်းများ”

“အခွန်နှင့်ဆက်စပ်နေသည့် အိမ် ခြံ မြေ သတင်းများ”

၁။ "အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် လေး ရခိုင်နှုန်းသာ
ကောက်ခံတော့မည်"

အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊
ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်နှုန်းထား
ကို လေးရာခိုင်နှုန်းသို့ လျှော့ချကောက်ခံတော့မည်ဟု
ပြည်တွင်းအခွန် ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်တွင်းရှိ အိမ်ခြံမြေရောင်းဝယ်မှုများသည်
အခွန်ကောက်ခံမှုနှုန်းထားများကြောင့် အရောင်းအဝယ်
လေးလံနေသဖြင့် အခွန်နှုန်းထားများ ပြင်ဆင်မည်ဟု
စိမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
က မေ ၂ဝ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို
ပြောကြားခဲ့သည်။

ယင်းသို့ပြောခဲ့ပြီးနောက် ယခု မေ ၃၁ ရက်တွင်
တံဆိပ်ခေါင်းခွန်နှုန်းထားကိုလျှော့ချလိုက်သည့် အသိပေး
ကြေညာချက်တစ်ရပ်ကို ပြည်တွင်းအခွန်ဦးစီးဌာနက
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

''အခွန်ထမ်းတွေအတွက် မှန်ကန်မျှတတဲ့အခွန်ဖြစ်ရမယ်၊
ထမ်းဆောင်နိုင်တဲ့အခွန်လည်း ဖြစ်ရမယ်၊
နိုင်ငံတော်အတွက် တကယ်ကို အထောက်အပံ့ဖြစ်တဲ့
အခွန်ဖြစ်ရမယ်။
ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွန်အခတွေအတွက် ပြန်လည်
စဉ်းစားသွားပါမယ်။
ရွှေ၊အိမ်ခြံမြေ ရောင်းဝယ်မှုနဲ့ တံဆိပ်ခေါင်းခွန်တွေကို
ပြင်ဆင်ဖို့ စီစဉ်နေပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက မေ ၂ဝ ရက်က ပြုလုပ်သည့်
လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

လက်ရှိတွင် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊
လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်
ကို ငါးရာခိုင်နှုန်းဖြင့် ကောက်ခံနေသည်။
သို့ရာတွင် ယခုထုတ်ပြန်ချက်အရ တံဆိပ်ခေါင်းခွန်မှာ
လေးရာခိုင်နှုန်းဖြင့်သာ ကျသင့်စေတော့မည် ဖြစ်သည်။

ထို့အတွက် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊
လွှဲပြောင်း၊ ပေါင်နှံခြင်း ပြုလုပ်မည့်သူများသည် တံဆိပ်
ခေါင်းခွန်ကို စနစ်တကျ လိုက်နာပေးဆောင်ရန်လည်း
အသိပေးကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး၏ ကတိပေးချက်အရ အခွန်ပြင်ဆင်
မည့် နယ်ပယ်များ အနက် ယခုတံဆိပ်ခေါင်းခွန်နှင့်
ပတ်သက်သော အခွန်ပြင်ဆင်မှု ထွက်ပေါ်လာပြီ
ဖြစ်သော်လည်း ရွှေနှင့် အိမ်ခြံမြေရောင်းဝယ်မှုနှင့်
သက်ဆိုင်သည့် အခွန်များ ကျန်ရှိနေဆဲဖြစ်သည်။

(ထင်လင်းအောင်)

*****

၂။ "မန္တလေးတွင် အိမ်ငှား အခွန်ကြောင့် ငှားရမ်းခများ
မြင့်တက်လာ"

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်
တွင်းရှိ နေအိမ်ငှားရမ်းနေသည့် အိမ်ရှင်များအနေဖြင့်
အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားပြီး
အခွန်ပေးနေရသောကြောင့် အိမ်ငှားရမ်းခများ
အဆမတန် မြင့်တက်လာကြောင်းသိရသည်။

အိမ်ငှားလိုင်စင် လျှောက်ထားလိုသူများ အနေဖြင့်
မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ နေအိမ် သို့မဟုတ်
မိမိပိုင်ဆိုင်သည့်မြေ ပိုင်ဆိုင်ကြောင်း အထောက်အထား
စာရွက်စာတမ်းနှင့် ငှားရမ်းထားသော စာချုပ်ကို ပြသ၍
လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အိမ်ငှားစာချုပ်တွင်
ပါဝင်သော ငှားရမ်းခ တန်ကြေး ငွေ၊ ငှားရမ်းထားသည့်
သက်တမ်းပေါ် မူတည်ကာ နေအိမ်ငှားရမ်းခ အခွန်
ငါးရာခိုင်နှုန်း ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း
(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်ဝင်းက
''စီးပွားဖြစ် ငှားရမ်းတဲ့သူတွေအနေနဲ့ မန်းစည်ပင်မှာ မဖြစ်
မနေ အိမ်ငှားရမ်းခွင့် လိုင်စင် လျှောက်ထားရပါမယ်။ အဲဒီမှာ
ငှားရမ်းခရဲ့ ငါးရာခိုင်နှုန်းကို အခွန်ကောက်ပါတယ်။ အဲဒီလို
သတ်မှတ်ချက်တွေကြောင့် အိမ်ငှားခနှုန်း မြင့်တက်တာ
ဖြစ်တယ်။ မိုးရာသီရောက်ပြီဆိုတော့ ငှားခ မြင့်ပေမယ့်
အငှားဈေးကွက်ကလဲ တက်နေပါတယ်''ဟု ပြောသည်။

၂ဝ၁၇ ခုနှစ် မတ်လကုန်အထိ တစ်လလျှင်
ကျပ်တစ်သိန်းခွဲခန့် ငှားရမ်းခရှိသော အခန်းတစ်ခန်းမှာ
လက်ရှိတွင် ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ ရှိနေခြင်းဖြစ်ပြီး
ရှစ်သောင်းဖြင့် ငှားရမ်းခဲ့သည့် တိုက်ခန်းများမှာလည်း
တစ်သိန်းသုံးသောင်းမှ တစ်သိန်းခြောက်သောင်း အထိ
မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၆ နှင့်
အဆောက်အအုံများဆိုင်ရာ နည်းဥပဒေ(၃)တို့ အရ
အိမ်ငှားရမ်းခွင့် လိုင်စင်မရှိဘဲ ငှားရမ်းထားခြင်းများ တွေ့ရှိ
ပါက မြို့ တော်စည်ပင်သာယာရေး ဥပဒေအရ အရေးယူ
သွားမည်ဖြစ်ကြောင်း MCDC သန့်ရှင်းရေးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့ရာတွင် အိမ်၊ အဆောင်စသည်တို့ ငှားရမ်းမှုများနှင့်
စပ်လျဉ်း၍ အိမ်ပိုင်ရှင်မှ လိုင်စင် လျှောက်ထားခြင်း ရှိ၊ မရှိ၊
မည်သည့်နေရာတွင် ငှားရမ်း နေထိုင်ကြသည် စသည်ဖြင့်
သိရှိနိုင်ရန် လွယ်ကူနိုင်မည် မဟုတ်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များကဆိုသည်။ 

''အိမ်ငှားလိုင်စင်ဆိုတာ နိုင်ငံတကာမှာလဲ မရှိဘူး။
အနီးဆုံးပြောရရင် ရန်ကုန်မှာတောင် မရှိပါဘူး။ အိမ်ငှား
လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဘယ်လိုလိုက်လံစစ်ဆေး
မလဲ။ နောက်ပြီး ဘော်ဒါဆောင် ငှားတဲ့သူတွေဆိုရင် လိုင်စင်
ကြေးပေးလာရရင် ငှားရမ်းခ တိုးကောက်မယ်။ ဘယ်သူတွေ
ပိုနစ်နာမလဲ သုံးသပ်ဖို့လိုပါတယ်'' ဟု မန္တလေးမြို့ရှိ
အိမ်ခြံမြေအကျိုးဆောင် ဦးတင်ကိုကိုကြီးက ပြောသည်။

(ဖြူသစ်လွင်)

*****

၃။ "အခွန်ကြောင့် အိမ်ခြံမြေဈေးနှုန်းထက် အရောင်းအဝယ်
ကိုသာ အကျိုးသက်ရောက်မှုပိုများနိုင်"

အိမ်ခြံမြေရောင်းဝယ်ရာမှာ ပေးဆောင်ရမယ့်အခွန်နှုန်းထား
သတ်မှတ်ချက်ကြောင့် အိမ်ခြံမြေဈေးနှုန်း အနိမ့်အမြင့်ကို
ထိန်းချုပ်နိုင်မှာထက် အရောင်းအဝယ်ကိုသာ အကျိုး
သက်ရောက်မှု ပိုမိုများပြားနိုင်တယ်လို့ အတွေ့အကြုံရင့်ကျက်
တဲ့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ပါတယ်။

သာမန်အရ သုံးသပ်ရင် အိမ်မြေ အရောင်းအဝယ်အတွက်
အခွန်နှုန်းထားတွေ မြင့်မားနေတဲ့အခါမှာ အိမ်မြေဈေးနှုန်းတွေ
ကျဆင်းလာလိမ့်မယ်လို့ ထင်မှတ်စရာ ရှိနေပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော နေရာကောင်းတွေ၊ အကွက်
အကွင်းကောင်း ဧရိယာတွေထဲက အိမ်ခြံမြေဈေးနှုန်းတွေက
များစွာ ပြောင်းလဲကျဆင်းခြင်းမရှိပါဘူး။

အဲဒီအစား အိမ်ခြံမြေအရောင်းအဝယ် လည်ပတ်မှုက ပိုမို
နှေးကွေးသွားပြီး ပိုင်ဆိုင်မှုကို အမည်မဖော်ပဲကိုယ်စားလှယ်
လွှဲစာနဲ့ အလုပ်လုပ်ဖို့ပိုစဉ်းစားလာကြတယ်လို့
အကျိုးဆောင်တချို့ကပြောပါတယ်။

လတ်တလောဈေးကွက်မှာ အိမ်ခြံမြေအရောင်းအဝယ်
လည်ပတ်မှုက အားရစရာ မရှိသေးပါဘူး။

လက်ရှိသတ်မှတ်ထားတဲ့၂ဝ၁၆ ခုနှစ် အခွန်အကောက်
ဥပဒေ မတိုင်မီက အိမ်မြေ အရောင်းအဝယ်အတွက် အခွန်နှုန်း
သတ်မှတ်ချက်က လက်ရှိသတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင်
လုပ်သာကိုင်သာရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်နှစ်ကျော်ကာလကလည်း အိမ်ခြံမြေ
ဈေးကွက်အခြေအနေက ဈေးနှုန်းတွေက အချိန်တိုအတွင်း
အဆများစွာကွာဟပြီးတက်ထားတာကြောင့် အရောင်းအဝယ်
က အေးနေခဲ့ပါတယ်။

အခုအခွန်သတ်မှတ်ချက်က ပိုမြင့်သွားတဲ့အခါမှာ နာလန်
မထူနိုင်သေးတဲ့၊ အရောင်းအဝယ်အေးနေတဲ့ အကျိုးဆက်က
တစ်ဆက်တည်းလို ဖြစ်သွားတယ်လို့လည်း
သုံးသပ်ကြပါတယ်။

လက်ရှိ အရောင်းအဝယ်အေးနေတဲ့ဈေးကွက်မှာ အိမ်မြေ
ဈေးနှုန်းတွေ ကျဆင်းနေတယ်ဆိုပေမဲ့ ဒါဟာ တန်ဖိုးနိမ့်တဲ့
အကွက်အကွင်းတွေ အများစုမှာသာ တွေ့နေရပြီး ငွေပူ
လိုအပ်တဲ့ ပိုင်ရှင်တွေလောက်သာအများဆုံး ညှိနှိုင်းရောင်းချ
နေကြတယ်လို့အကျိုးဆောင် တချို့က ဆိုပါတယ်။

ကျပ်သိန်းသောင်းချီ တန်ကြေးရှိတဲ့ အိမ်မြေအကွက်အကွင်း
တွေမှာလည်း ဈေးနှုန်းညှိနှိုင်းနိုင်တဲ့ အနေအထား ရှိနေပေမဲ့
နေရာကောင်းမှာရှိနေတဲ့ ကျပ်သိန်း၃,ဝဝဝ နဲ့ ကျပ်သိန်း
၅,ဝဝဝကြား အကွက်အကွင်းတွေကတော့ ဈေးနှုန်းသိသိ
သာသာ ကျဆင်း ပြောင်းလဲဖို့ မဖြစ်နိုင်သေးပါဘူး။

အိမ်ခြံမြေကို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားတဲ့
အတွက်ကြောင့်လည်း ဈေးကွက်ဝင်တဲ့နေရာတွေရဲ့ ဈေးနှုန်း
တွေဟာ ဆက်ပြီး ဈေးကောင်းနေမယ်လို့အကျိုးဆောင်
အများစုက ယုံကြည်ကြပါတယ်။

အခြေခံလူတန်းစားတွေအတွက်နေရေးဟာအခက်အခဲ
ဆက်ဖြစ်နေဦးမှာကြောင့် မြို့ကွက်သစ် ဖော်ထုတ်တာတွေ၊
တန်ဖိုးသင့်အိမ်ရာဖော်ထုတ်တာမျိုးကသာ သူတို့အတွက်
ထွက်ပေါက်တွေ ဖြစ်ဖွယ်ရှိပြီး ဈေးကွက်ဝင်ပြီးသားအိမ်မြေ
အကွက်အကွင်းတွေအတွက်တော့ အခွန်ကြောင့်ဈေးနှုန်း
အပေါ် အကျိုးသက်ရောက်နိုင်မှုက မရှိသလောက်
နည်းပါးနေဦးမယ်လို့ အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။

(ဖြိုးဝေကျော်)

credit - The Myanmar Times & Yangon Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment