Sunday, June 11, 2017

“ဂျက်ပါဝါနှစ် အပေါ် ဝေဖန်သုံးသပ်မှုများ”

“ဂျက်ပါဝါနှစ် အပေါ် ဝေဖန်သုံးသပ်မှုများ”

၁။ "မြန်မာ့စီးပွားရေး လေယာဉ်လိုပျံတက်မည်ဟု ဝန်ကြီး
ပြောဆိုချက် စီးပွားရေးသမားများ ဝေဖန်"

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့တဲ့ မြန်မာ့စီးပွားရေး
လေယာဉ်လို ပျံတက်တော့မယ်ဆိုတဲ့ စကားဟာ စိတ်ကူးယဉ်
ဆန်လွန်းတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက
ဝေဖန်ပြောဆိုလိုက်ပါတယ်။

၂၀၁၇ မှာ မြန်မာ့စီးပွားရေးဟာ ဂျက်လေယာဉ်ကြီးလိုတရှိန်ထိုး
ပျံတက်တော့မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇွန်လ ၆ ရက်နေ့က
နေပြည်တော်မှာကျင်းပတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ
ပြောဆိုလိုက်တာပါ။

“ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ခံယူထားတဲ့ ခံယူချက်တခု
ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တနှစ်တာကာလမှာ လေယာဉ်
တစီးအနေနဲ့ Run Way (ပြေးလမ်း) မှာပြေးတဲ့ အချိန်ကာလလို့
သတ်မှတ်တယ်။ ဒါပေမယ့် ဒီနေ့ ဒီကာလကတော့ Run Way
ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင်တုံ့ပြန်ပြီး
တော့ ဂျက်ပါဝါနဲ့ လေထဲကိုပြေးတဲ့ နှစ်ကာလလို့ သတ်မှတ်
ထားတာပါ” လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
ပြောပါတယ်။

ရှိတဲ့အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ စီးပွားရေး
ထောင်တက်နိုင်အောင်၊ ဦးမော့တက်နိုင်အောင်လို့ ရည်မှန်း
ကြိုးစားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးရဲ့ အဲဒီပြောစကားဟာ လက်တွေ့ မြန်မာ့စီးပွားရေး
အခင်းအကျင်းနဲ့ ကိုက်ညီမှုမရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းတယ်
လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ဝေဖန်လိုက်ပါတယ်။

ဝင်းထက် စီးပွားရေးနှင့် ဥပဒေအကျိုးဆောင်လုပ်ငန်း စီးပွားရေး
နှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက
“ဘာမှမရှိဘူး။ ဘာမှမရှိတဲ့ System မရှိတဲ့ တိုင်းပြည်မှာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာပါလို့ အိပ်မက်ဆန်ဆန် ပြောနေတဲ့
အရေးအသားတွေနဲ့ အပြောအဆိုတွေဟာ လက်တွေ့နဲ့တော့
ကင်းကွာနေတယ်” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပေမယ့် စီးပွားရေးလုပ်ငန်း
တွေအပေါ် သိသာထင်ရှားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း
မရှိသေးဘူးလို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့
စီးပွားရေးသမားတွေအတွက် လုပ်သာကိုင်သာရှိအောင်
ဖြေလျှော့မှုတွေရှိမှ စီးပွားရေးတိုးတက်လာမယ်လို့
သုံးသပ်ပြောပါတယ်။

“လုပ်သာကိုင်သာ ပိုပြီးတော့ ရှိလာသလား။ နောက်တခုက
ပိုပြီးတော့ ဖြေလျှော့လာတာတွေ များသလားပေါ့။ ဒီ ၂ ချက်ပေါ့။
ပြည်တွင်းလုပ်ငန်းရှင်ရော၊ ပြည်ပလုပ်ငန်းရှင်ရော ပိုပြီး လုပ်သာ
ကိုင်သာရှိသလား။ ပိုပြီးတော့ ဖြေလျှော့မှုတွေ ရှိသလား။
ဒီအပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးက တိုးတက်မှာပေါ့” လို့
ပြောပါတယ်။

Sinma Furnising ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ
ဦးကျော်ကျော်ဝင်းက
“ဝုန်းဒိုင်းကြဲပြီး Take Out ဖြစ်ဖို့ဆိုရင် နိုင်ငံခြားချေးငွေနဲ့
ဒီ Infrastructure တွေကို ဝုန်းဒိုင်းကြဲ လုပ်မှာလားပေါ့နော်။
ဥပမာ တံတားတွေ အစင်းပေါင်း ထောင်နဲ့ချီ ဆောက်မှာလား၊
လမ်းတွေ ဖောက်မှာလား။ ဒီငွေတွေကနေပြီးတော့ ပြည်တွင်း
ကန်ထရိုက်တာတွေရဲ့ အကျိုးစီးပွားအတွက် ဝင်ငွေတွေ
ရလာမယ်၊ ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခ
တွေ ရလာမယ်။ ပြည်တွင်း လည်ပတ်ငွေရှိလို့ စီးပွားရေးတွေ
တက်လာမယ်ဆိုတဲ့ အနေအထားမျိုးပဲ စဉ်းစားစရာရှိတယ်”
လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေးလောကဟာ ပုံမှန်လည်ပတ်ဖို့ မှန်ကန်တဲ့စနစ်
မရှိသေးတာ၊ ဥပဒေအကာအကွယ်တွေ အားနည်းနေသေးတာ၊
လုပ်ငန်းရှင်တွေအတွက် အစိုးရက အာမခံချက်တွေ မပေးနိုင်
သေးတာ၊ ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာတွေကြောင့်
နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်သေးတာလို့လည်း စီးပွားရေး
လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ
ဦးထွန်းလွင်က
“ကုန်သွယ်စီးဆင်းမှု တိုးတက်တာလား၊ ဆုတ်ယုတ်သွားသလား
ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်ပက ဝယ်ယူတဲ့
ကုန်သည်တွေရဲ့ ဈေးနှုန်း အတက်အကျပေါ်မှာ၊ ဝယ်ယူမှု နည်း၊
များပေါ်မှာ ကုန်သွယ်စီးဆင်းမှု နည်း၊ များ ကွားခြားတဲ့
အနေအထားလေးပဲ ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက
“အများကြီး ပြောင်းလဲတာကို ကျနော်တို့ မတွေ့သေးဘူး။
ကမ္ဘာမှာ FDI နဲ့ ပတ်သက်ရင်လည်းပဲ စိုက်ပျိုးရေးကဏ္ဍမှာ
အများကြီး ဝင်လာတာမျိုးတွေ ကျနော်တို့ မတွေ့ရသေးဘူး
ပေါ့နော်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ ကျနော်တို့က
လုပ်စရာတွေ ကျန်သေးတယ်။ လက်ရှိမှာလည်း အစိုးရ
အနေနဲ့ Agricultural Development Strategy (ADS)
ဆိုပြီးတော့ ဒါကို ရေးဆွဲနေတယ်လို့ ကျနော်တို့ သိရတယ်။
ဒီဟာ ရေးဆွဲပြီးရင်တော့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဘက်ကို
ဆောင်ရွက်နိုင်မယ်လို့ သက်ဆိုင်ရာက ဝန်ကြီးဌာနအနေနဲ့
ကြားသိရတယ်ပေါ့နော်” လို့ ပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာ့စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ်
အကောင်အထည်ဖော်မယ်လို့ ၂၀၁၆ ခုနှစ် သြဂုတ်လက
ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာ သိသိသာသာ
အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဝေဖန်မှုတွေနဲ့
ကြုံတွေ့နေရပါတယ်။

(ဇေယျာချမ်းအေး/နေဖြိုးဝင်း)

*****

၂။ "အစိုးရသစ်ရဲ့စီးပွားရေး ပြင်ဆင်မှု တကယ်
ခရီးရောက်မှာလား"

ယခု ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးကို အရှိန်အဟုန်
ဖြင့် တိုးမြှင့်ရေး စတင်ဦးတည်မောင်းနှင်တော့မည်ဟု အစိုးရ
အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။

ထိုကဲ့သို့ ဦးတည်မောင်းနှင်နိုင်ရန်အတွက်လည်း မီးကုန်
ယမ်းကုန်ကြိုးစား စွမ်းဆောင်မှုကိုလည်း ဆောင်ရွက်သွားမည်
ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ဇွန် ၆ ရက်က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင်
ပြောလိုက်သည်။

လက်ရှိတွင် အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
မြှင့်တင်ရန်အတွက် ဥပဒေ၊နည်းဥပဒေများကို ထုတ်ပြန်ထားပြီး
ဖြစ်သည်။ ၄င်းဥပဒေအပေါ် အကောင်အထည်ဖော်မည့်
အမိန့်ကြေညာစာများကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့အတူ လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီနှင့်
ကော်မတီခွဲများကိုလည်းဖွဲ့စည်းထားပြီး ဖြစ်သည်။ စီးပွားရေး
လုပ်ငန်းများ တိုးတက်မှုအတွက် အခက်အခဲ ဖြစ်နေစေသည့်
လုပ်ထုံးလုပ်နည်းများ၊ ကြိုးနီစနစ်များ၊ အဂတိလိုက်စားမှု
မရှိစေရန် အခြေအနေများကိုလည်း ဖြေလျှော့ လုပ်ကိုင်
နေလျက်ရှိသည်။

သို့သော် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များဖြစ်သည့် ငွေကြေး
အရင်းအနှီးရရှိရန် ဖန်တီးပေးနိုင်မှု၊ လျှပ်စစ်မီးကဲ့သို့ အခြေခံ
အဆောက်အအုံ ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်မှု၊နည်းပညာ
ဖန်တီးပေးနိုင်မှု စသည့်အချက်များက ကြီးမားသည့် အခက်အခဲ
အဖြစ်ရှိနေဆဲ ဖြစ်သည်။

သို့အတွက် အစိုးရအဖွဲ့၏ကြွေးကြော်မှုသည် လက်ခံနိုင်ဖွယ်
အခြေအနေနှင့်လက်ခံနိုင်ရန်ခဲယဉ်းသည့် အခြေအနေနှစ်ရပ်
စလုံး ယှဉ်တွဲနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်
ပညာရှင်အသိုင်းအဝိုင်းက ပြောသည်။

''အစိုးရအဖွဲ့ကနေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးပြီ
ဆိုတော့ စီးပွားရေးကိုဦးမော့ဖို့စတင်မောင်းနှင်နိုင်တော့မယ်လို့
ပြောတာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၆ မှာက လိုအပ်တဲ့ဥပဒေနဲ့ စည်းမျဉ်း
စည်းကမ်းတွေ ပြင်ဆင်ပြီးသွားပြီ။ လုပ်ငန်းအဖွဲ့အစည်းတွေ
ဖွဲ့စည်းပြီးသွားပြီ။ဖြေလျှော့မှုတွေ အများကြီး လုပ်ထားတယ်။
ဆိုတော့ ဒီအချက်သုံးချက်ကိုထောက်ခြင်းအားဖြင့်
ပြည်ထောင်စုဝန်ကြီးပြောတာက ဖြစ်နိုင်တယ်လို့ ယူဆ
နိုင်တယ်။
ဒီအချက်သုံးချက်ကို အားကောင်းကောင်းလုပ်သွားနိုင်ရင်
အခြေအနေက ကောင်းသွားမှာပေါ့။
မဟုတ်ဘူးဆိုရင်တော့ ၂ဝ၁၇ ခုနှစ်အတွက် အစိုးရ
ကြွေးကြော်မှုဖြစ်လာဖို့ မရှိနိုင်ဘူး'' ဟု စီးပွားရေးပညာရှင်
ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

ဇွန် ၆ ရက်နှင့် ၇ ရက်များအတွင်း ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှု
ဖိုရမ်တွင် အစိုးရအဖွဲ့က ၄င်းတို့၏ ပြင်ဆင်မှုများစွာကို
လုပ်ငန်းရှင်များကို ချပြမှုများ ရှိခဲ့သည်။

အထူးသဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
ပြင်ဆင်ချက်များ၊ အခွန်ကဏ္ဍအတွက်ဆောင်ရွက်ချက်များ၊
ပြည်တွင်းပြည်ပ လုပ်ငန်းရှင် နှစ်ရပ်စလုံးကို အခွင့်အရေး
တန်းတူညီစွာပေးထားသည့် အချက်များက ထင်သာမြင်သာ
ရှိလာသည်။

ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးအတွက်လည်း သွင်းကုန်အစား
ထိုးခြင်းနှင့် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ချက်များ၊ အသေးစား
နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်
များ၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ ထူထောင်ရေး
အချက်များနှင့်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး
အချက်များစွာက အစိုးရအဖွဲ့၏ ပြင်ဆင်မှု ခြေလှမ်းများအဖြစ်
လည်းရှိနေသည်။

အခွန်ကဏ္ဍနှင့်စပ်လျဉ်း၍လည်း ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းက
''အခွန်နဲ့ပတ်သက်ရင် ပြန်လှန်ပြီး စဉ်းစားသုံးသပ်ရမယ့်အချက်
တွေ အများကြီးရှိပါတယ်။
အစိုးရရဲ့လုပ်ထုံးတွေနဲ့ပဲဖြစ်ဖြစ်၊ ဥပဒေဟောင်းတွေနဲ့ပဲ ဖြစ်ဖြစ်
ပေါင်းစပ်ပြီး လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်ကိုနိုင်ငံတကာ
အခွန်စနစ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေပါတယ်''
ဟု ပြောသည်။

''စီးပွားရေးကို တကယ်တမ်း ပြန်လည်ထူထောင်ကြစတမ်း
ဆိုရင် ဟိုနိုင်ငံက ပစ္စည်းကိုဝယ်ဒီနိုင်ငံကို ပြန်ရောင်းဆိုတဲ့
ပုံစံကြီးနဲ့ပဲ သွားလို့ မတိုးတက်နိုင်ပါဘူး။
ကုန်ထုတ်လုပ်မှုကိုသွားရပါတော့မယ်။
ဒီလိုလုပ်ဖို့အတွက် Clean Government ဖြစ်ရပါမယ်။
ဒီလိုဖြစ်မှလည်း ပြည်တွင်းရော ပြည်ပရော လုပ်ငန်းရှင်တွေရဲ့
ယုံကြည်မှုကို ရမှာဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ ဥစ္စာဒနတွေ
ပိုင်ဆိုင်ထားပြီး အကျိုးရှိရှိ အသုံးမချနိုင်ရင် အလကားပါပဲ။
ဒီလိုအသုံးချတဲ့ နေရာမှာလည်း ကိုယ့်လူအချင်းချင်း လှည့်ပတ်
သုံးနေမှာလား။ တကယ့်အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေ၊
နည်းပညာကောင်းတဲ့သူတွေ၊ စီမံခန့်ခွဲမှုကောင်းတဲ့သူတွေကို
ဖိတ်ခေါ်ပြီး မျှတတဲ့ယှဉ်ပြိုင်မှုနဲ့လွတ်လပ်၊ အေးချမ်း၊ လွယ်ကူ
ရိုးရှင်းစွာနဲ့ရင်းနှီးမြှုပ်နှံမှုပေးခဲ့မယ်ဆိုလို့ရှိရင် နိုင်ငံတွင်းမှာ
လုပ်ငန်းအမျိုးအစားပေါင်းများစွာ၊လုပ်ငန်းရှင်များစွာပေါ်လာမှာ
ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းရှင် များပြာလာလေလေ နိုင်ငံဟာ
လည်းမလွဲမသွေ စီးပွားရေးတိုးတက်လာမှာ ဖြစ်ပါတယ်။
ဒီလို ပကတိအခြေအနေကိုပဲ စဉ်းစားတာဖြစ်ပါတယ်'' ဟု
ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍများအတွက်မူစက်မှုဇုန်များနှင့် အထူး
စီးပွားရေးဇုန် စီမံကိန်းသစ်များကိုထူထောင်ရန် ပြင်ဆင်ထား
သည်။ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေး
ဇုန်စီမံကိန်းများအပြင်
- မွန်ပြည်နယ် ဆိပ်ကမ်းသစ်နှင့် အထူးစီးပွားရေးဇုန်၊
- Mandalay Light Industry SEZ၊
- Myawaddy Light SEZ၊
- Bago Light Industry SEZ နှင့်
- Ayeyarwady Deep Sea Port & SEZ   စသည့်
စီမံကိန်းများကလည်း အစိုးရအဖွဲ့ကရေရှည်စီမံကိန်းများ
အဖြစ် စီမံထားသည်ဟု ဆိုသည်။

''စီးပွားရေးတိုးတက်ဖို့က ကုန်ထုတ်လုပ်မှု တိုးဖို့လိုတယ်။
အဲဒီလို ထုတ်လုပ်နိုင်ဖို့ကလည်းစက်မှုဇုန်တွေ၊ စီးပွားရေးဇုန်
တွေ အများကြီး ဖြစ်လာဖို့လိုတယ်။
အိမ်နီးချင်းနိုင်ငံတွေဟာလည်း ဒီလိုဇုန်တွေတည်ထောင်ပြီး
တိုးတက်လာတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ကလည်း ဒီအတိုင်းသွားရပါမယ်။ တစ်ဖက်မှာ
လည်း အခြေခံအဆောက်အအုံ လိုအပ်ချက်ရှိနေတာကလည်း
မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုပဲ သွားရမှာ'' ဟု သမဝါယမဘဏ်
လီမိတက်၏ဥက္ကဋ္ဌနှင့်မြန်မာ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ
ဖွံ့ဖြိုး တိုးတက်ရေးအသင်း MIDA ဥက္ကဋ္ဌဖြစ်သူ
ဦးခင်မောင်အေးက ပြောသည်။

မြန်မာနိုင်ငံသည် တိုးတက်မှု အရှိန်အဟုန်တွင် အခြားသော
နိုင်ငံများနှင့် နှိုင်းယှဉ်ပါကများစွာ နောက်ကျနေလျက်ရှိနေသည်။
ထို့အတွက် စီးပွားရေး တိုးတက်ဦးမော့လာနိုင်ရန်မောင်းနှင်ခြင်း
ကို ယခုနှစ်ကပင် ဆောင်ရွက်ရမည့် အခြေအနေလည်း ဖြစ်နေ
သည်ဟု AEC ကိစ္စကို အစဉ်တစ်စိုက် ဆောင်ရွက်နေလျက်ရှိ
သည့် ပါရမီစွမ်းအင်ဂရု(ပ်)၏ အဖွဲ့ဝင် ဦးတင်ချိုက ပြောသည်။

သို့သော် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပူးပေါင်းပါဝင်မှု အင်အားများ
လိုအပ်မည်ဟုလည်း ၄င်းက ပြောသည်။

'' မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အများကြီး နောက်ကျ
နေပြီ။ ဒီအချိန်မှာ စပြီးမလုပ်နိုင်ရင် ပိုပြီးနောက်ကျ သွားတော့
မယ်။ တစ်ဖက်မှာကလည်း AEC က ရောက်လာတော့မယ်။
ဆိုတော့ ဝန်ကြီး ပြောသလိုပဲ လေယာဉ်ဟာ မြေပြင်မှာ
ပြေးနေရာကနေလေထဲကိုတက်ဖို့ အစွမ်းကုန်မောင်းနှင်ရတော့
မှာပါ။ ပုဂ္ဂလိကကဏ္ဍပိုင်းက ဝိုင်းပြီး ကူညီပေးသွားရမှာပဲ။
အဲဒီလိုပူးပေါင်းပြီး လုပ်သွားရင်တော့ အရွေ့တစ်ခုကို စတင်
နိုင်မှာပါ''ဟု ဦးတင်ချိုက ထောက်ပြပြောသည်။

တစ်ဖက်တွင်မူ အစိုးရအဖွဲ့သည် ဘတ်ဂျက်လိုငွေပြမှု၊
ကုန်သွယ်မှု လိုငွေပြမှုနှင့် ပြည်တွင်းငွေကြေးဖောင်းပွမှု
ပြဿနာများကိုရင်ဆိုင်နေရလျက် ရှိသည်ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။

ကုန်သွယ်မှုကဏ္ဍနှင့် စပ်လျဉ်း၍လည်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ထူးက
''ကုန်သွယ်မှု ဥပဒေအနေနဲ့က တစ်ခုချင်းစီတော့ရှိနေတယ်။
ပို့ကုန်သွင်းကုန် ဥပဒေတို့ ယှဉ်ပြိုင်မှု ဥပဒေတို့က ရှိထားပြီး
သားပါ။ ဒါပေမဲ့အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ဥပဒေတစ်ခုလိုတယ်။
နိုင်ငံတကာနဲ့ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းတာတွေ၊ကုန်သွယ်မှု
မြှင့်တင်တာတွေ၊ ကုန်သွယ်ရေးဆိုင်ရာ ပညာပေးမှုတွေ
စသဖြင့် အကြောင်းအရာအားလုံးပါဝင်တဲ့ ဥပဒေတစ်ခုကို
ရေးဆွဲနေတယ်။ အဲဒါရေးဆွဲတဲ့အခါမှာ GIZ နဲ့ကမ္ဘာ့ဘဏ်
တို့နဲ့ပူးပေါင်းနေပါတယ်။ ဒီနှစ်ကုန်လောက်မှာ ပြီးနိုင်အောင်
လို့ လုပ်နေတယ်'' ဟု ပြောသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်ဘဏ်ကိုလည်း တည်ထောင်ရန်
လုပ်ဆောင်ချင်ကြောင်းလည်းဝန်ကြီးက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပေးချက်အရ မြန်မာ
နိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်အထိရင်းနှီးမြှုပ်နှံမှုပမာ ကန်ဒေါ်လာ
၆၅ဝဘီလျံလိုပြီး ၄င်းလိုအပ်ချက်အနက် အခြေခံအဆောက်
အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်တင်းနိုင်ရေးအတွက်
ကန်ဒေါ်လာ ၃၂ဝဘီလျံလိုအပ်မည်ဟု ထုတ်ပြန်ထားကြောင်း
နိုင်ငံတော် ဒုတိယသမ္မတက ဦးမြင့်ဆွေကပြောသွားသည်။

ထို့အတွက် စီးပွားရေး တိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ
တစ်ခုတည်းမဟုတ်ဘဲ ပုဂ္ဂလိကအခန်းကဏ္ဍမှ ပါဝင်ရေးမှာ
အရေးကြီးနေလျက်ရှိသည်ဟု နိုင်ငံတော် ဒုတိယသမ္မတက
ပြောသည်။

တစ်ဖက်တွင် အစိုးရအဖွဲ့သည် နိုင်ငံတော်၏စီးပွားရေးကို
အတက်သို့မောင်းနှင်နိုင်ရန် ပြင်ဆင်နေခြင်းနှင့်အတူ
ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုအပ်ချက်များကလည်း
ရှိနေခြင်းဖြစ်သည်။

အစိုးရအဖွဲ့၏ရည်မှန်းချက်သည် အခက်အခဲများကြားမှ
မီးကုန်ယမ်းကုန် ကြိုးစားသွားရမည့်အနေအထား
ဖြစ်နေသည်။

စီးပွားရေးဖော်ဆောင်မှုတွင် အမှတ်မရသေးသည့်အစိုးရသစ်
က ယခု ၂ဝ၁၇ ခုနှစ်တွင် အမှန်တကယ်စီးပွားရေးတိုးတက်မှု
ကိုစတင်မောင်းနှင်နိုင်မည်လား ဆိုသည်မှာ
စောင့်ကြည့်ရမည်သာ ဖြစ်သည်။

(ထင်လင်းအောင်နှင့် စုဖြိုးဝင်း)

credit - DVB & The Myanmar Times

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့် မိတ်ဆွေများ
လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment