Sunday, June 4, 2017

“ငွေစက္ကူများနှင့် ဗဟိုဘဏ်”

“ငွေစက္ကူများနှင့် ဗဟိုဘဏ်”  

၁။ "ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူအတုကိစ္စ
ဘယ်လိုဖြေရှင်းမလဲ"

( မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းနှင့် တွေ့ဆုံခြင်း)

မြန်မာနိုင်ငံနေရာအနှံ့အ ပြားမှာ ကျပ်တစ်သောင်းတန် ၊
ငါးထောင်တန်ငွေစက္ကူ အတုတွေ မကြာခဏတွေ့ရပြီး
ငွေအတုလက်ခံရရှိတဲ့ပြည်သူတွေဟာ အခက်အခဲကြုံနေရ
ပါတယ်။

ငွေစက္ကူအတုတွေ နောက်ထပ်မလုပ်နိုင်ဖို့ နိုင်ငံတကာ
အဆင့်မီ ငွေစက္ကူအသစ်တွေကို ပြည်သူလူထု လက်ထဲ
ရောက်အောင် ပြုလုပ်မယ်လို့ မကြာသေးခင်ကပဲ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဖော် ပြောကြား
ထားပါတယ်။

ပြည်သူလူထု လက်ထဲက
- ငွေစက္ကူ အဟောင်းတွေနဲ့ အသစ်တွေကို ဘယ်လို
လဲလှယ်ပေးမလဲ၊
- ပြည်သူလူထုက အတုနဲ့အစစ် ဘယ်လို သိနိုင်မလဲ။
- ငွေစက္ကူအဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းသိမ်းမလဲ
ဆိုတာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန၊ 
ညွှန်ကြားရေးမှူး ချုပ် ဦးအောင်ကျော်သန်းကို
တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပါတယ်။

------

ကုမုဒြာ ။ ။ ငွေစက္ကူအတုနဲ့ အစစ်ကို ပြည်သူလူထုအနေနဲ့
ဘယ်လိုသိနိုင်မလဲဆရာ။

ဦးအောင်ကျော်သန်း ။ ။ တစ်သောင်းတန်ဆိုရင်လည်း
ညာဘက်ထောင့်အောက်မှာ ၁၀,ဝ၀ဝ ဆိုတာ
အစိမ်းရောင်ကြီးနဲ့ ဟာကြီးပါတယ်။
အဲဒါက ဒီဇိုင်းတွေ တုဖို့ မလွယ်ဘူးလေ။
နောက် ငါးထောင်တန်လည်း ဗားနစ်တွေ သုတ်ထားတယ်။
ကိုင်လိုက်တာနဲ့ မာတောင် ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့
အေဖိုး စက္ကူ နဲ့လုပ်လို့ မရအောင် လုပ်ထားတယ်။
လုံခြုံရေးကြိုးကိုလည်း ကြီးထားတယ်။

ကျွန်တော်တို့ ငါးထောင်တန် အသစ်၊ တစ်သောင်းတန် အသစ်
ဒီဇိုင်းအသစ်တွေ အဲဒါတွေကို ထုတ်ပေးနေတယ်။
တဖြည်းဖြည်းနဲ့ လဲသွားမယ်။ ဒီဇိုင်းအဟောင်းတွေကိုလည်း
လဲသွားမယ်။ ဒီဇိုင်းအသစ်တွေလည်း လဲပေးနေတယ်။
တဖြည်းဖြည်း လုပ်ဆောင်နေတယ်။

ကုမုဒြာ ။ ။ ငွေစက္ကူအဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့
ပြန်လည်ထိန်းသိမ်းမှာလဲ။

ဦးအောင်ကျော်သန်း ။ ။ အဲဒါတွေကို တဖြည်းဖြည်းလဲလှယ်
ပေးသွားမယ်။ လဲလည်း လဲပေးနေတယ်။ ဗဟိုဘဏ်ထဲ
ပြန်ထည့်။ အတုလုပ်လို့ မရတာတွေကို လုပ်ပေးနေတယ်။
အဟောင်းဆိုတာက အပေးအယူက အမြဲတမ်း ရှိပြီးသား။ 
ပြည်သူလူထုထဲမှာ လှည့်လည်တာတွေ အပေးအယူရှိ
ပြီးသား။ ဘဏ်တွေက ဗဟိုဘဏ်ကို လာအပ်လိုက်
လာထုတ်လိုက်နဲ့။

ဟောင်းနွမ်းသွားတဲ့ဟာတွေကို ဖျက်ဆီး သွားမယ်။
ဒီဇိုင်းအသစ်တွေကို မျှပြီး ဖြည့်ပေးမယ်။ တဖြည်းဖြည်းနဲ့
လူထုလက်ထဲမှာ အတု လုပ်လို့မရတာတွေ
ရောက်သွားမယ်။

ချက်ချင်းကြီးလုပ်လို့မရဘူး။  ချက်ချင်းကြီး လဲလို့မရဘူး။
အိန္ဒိယမှာ ၅၀ဝ တန်တွေ ချက်ချင်းဆိုပြီး လုပ်သွားတယ်။
သည်မှာက သည်လို မလုပ်ပါဘူး။ သိမ်သိမ်မွေ့မွေ့
ညင်ညင် သာသာနဲ့ လုပ်သွားမယ်။

ကုမုဒြာ ။ ။ ပြည်သူလူထုလက်ထဲမှာရှိတဲ့ ငွေစက္ကူတွေကို
အတုလုပ်လို့မရတဲ့ငွေစက္ကူအသစ်တွေနဲ့ ဘယ်လိုလဲလှယ်
ပေးသွားမှာလဲ။

ဦးအောင်ကျော်သန်း ။ ။ အရင်ဟာ ဒီဇိုင်းအဟောင်းတွေက
ထုတ်ကိုမထုတ်တော့ဘူး။ ငါး ထောင်တန်အဟောင်း ဒီဇိုင်း
အဟောင်း၊ တစ်သောင်တန်အဟောင်းထုတ်ကိုမထုတ်
တော့ဘူး။ အသစ်တွေက အတုထုတ်ဖို့ ခဲယဉ်းတယ်။
မြင်တာနဲ့ သိသာတယ်။

အတုလုပ်ဖို့ခဲယဉ်းတဲ့ဟာတွေကိုပဲ ဗဟိုဘဏ်က ထုတ်လုပ်
နေတယ်။ ထုတ်လုပ်ပြီးတော့မှ အဟောင်းတွေကို
တဖြည်း ဖြည်းနဲ့လဲသွားမယ်။ သိမ်းသွားမယ်။ အရင်တုန်းက
တစ်ထောင်တန်အသစ် ဆိုက်အကြီးတွေ၊ ငါးရာတန်အသစ်
ဆိုက်အကြီးကြီးတွေ၊ ဒါတွေက တဖြည်းဖြည်းနဲ့
ပျောက်ပျောက်သွားတယ် လူကြားထဲမှာ။ ဗဟိုဘဏ်ကို
ပြန်ပြန်ဝင်လာရင် မထုတ်ပေးတော့ဘူး။ သိမ်းဆည်းထား
လိုက်တယ်။ ဆိုက်အကြီးတွေ မြင်ဖူးတယ်မဟုတ်လား။
အခု လူထု ကြားမှာ ရှိမှ မရှိတော့ဘဲ။

တဖြည်းဖြည်းနဲ့ လဲလှယ်ပြီးတော့ တို့ထဲ ကိုထည့်၊ တို့က
ပြန်မထုတ်ပေးတဲ့အခါ ကျရင် လူထုအထဲမှာ အကုန်ကုန်
သွားမှာပေါ့။ အဲ သည်အတိုင်း တုလို့မရတဲ့ မလွယ်တဲ့
ငါးထောင်တန်တွေ တစ်သောင်းတန်တွေ ထုတ်ပေးမှာပေါ့။

ကုမုဒြာ ။ ။ ငွေစက္ကူအတု မြန်မာနိုင်ငံမှာ ပျံ့နှံ့ နေတာ
ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိလဲဆရာ။

ဦးအောင်ကျော်သန်း ။ ။ ငွေစက္ကူအတုတွေဆိုတာကလည်း
ပြောပလောက်တဲ့ ပမာဏ ဘီလျံတွေ၊ မီလျံတွေ ချီပြီး
တွေ့တာမဟုတ်ဘူး၊ ရာခိုင်နှုန်းက . ဝဝ၀ဝ၀၂၅ တို့
ငါးထောင်တန် တစ် သောင်းတန် . ဝ၀ဝ၀၄၅၊
ပွိုင့်နောက်မှာ သုညလေးလုံးလောက်ခံပြီးမှ ရာခိုင်နှုန်း
တွေ့တာ။ အများကြီးလာတာမျိုးမဟုတ်ဘူး။

ဥပမာ - တစ်ဦးတလေက ကော်ပီယာနဲ့ ကူးတဲ့ ဟာမျိုးပဲ။
ကော်ပီယာနဲ့ကူးပြီးတော့ သူ့ဟာသူ ကွမ်းယာ ဝယ်စား
တယ်။ ဆိုင်ကယ်မှာ ဆီဝယ်ထည့်တယ်။ ဒါမျိုးလုပ်ထားတဲ့
လူမျိုးပဲတွေ့တယ်။ စီးပွားရေးကို အထက်အောက်ဖြစ်သွား
အောင် အင်နဲ့အားနဲ့ လုပ်သွားတာမျိုး မတွေ့ဖူးဘူး။
လမ်းဘေး ကော်ပီယာစက်မှာ သွားကူးပြီးလုပ်တာ။
ပရင့်ကြီးတွေ၊ မိုကြီးတွေနဲ့ စက်ကြီးတွေနဲ့ လုပ်တာ
မဟုတ်ဘူး။

ကုမုဒြာ ။ ။ ငွေစက္ကူအတုတွေနဲ့ပတ်သက်ပြီး ငွေစက္ကူတွေကို
မဖောက်ဖို့ ဘဏ်တွေကို ညွှန်ကြားလွှာပေးပို့မယ်လို့
သိရတယ်။ အဲသည် ငွေကြေးညွှန်ကြားလွှာကို ဘယ်တော့
လောက်ထုတ်ပြန်ဖို့ရှိပါသလဲ။

ဦးအောင်ကျော်သန်း ။ ။ ညွှန်ကြားလွှာကို လူကြီးတွေဆီ
တင်ပြထားတယ်။ သဘောတူရင် ထုတ်ပေးမယ်။

ကုမုဒြာ ။ ။ ပြည်သူလူထုကို အတုနဲ့အစစ်ခွဲခြားဖို့ ပညာပေး
တာတွေ လုပ်ဖို့ရှိပါသလား။

ဦးအောင်ကျော်သန်း ။ ။ အတုနဲ့ အစစ်ခွဲခြားနည်းနဲ့ပတ်သက်
ပြီး ဗီဒီယိုရိုက်နေပြီ။ ပြီးတာနဲ့ လူကြည့်များတဲ့ ဖေ့စ်ဘုတ်ခ်
စာမျက်နှာမှာတင်ပေးမယ်။ ရက်ကတော့ အတိအကျ
မသိရသေးဘူး။

ကုမုဒြာ ။ ။ ငွေစက္ကူအတုလုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံ
ထိန်းချုပ်ဖို့ရှိပါသလဲ။

ဦးအောင်ကျော်သန်း ။ ။ အဲသည်ဟာတွေကိုတော့ လွှတ်တော်
မှာ ဖြေကြားမှပဲ နားထောင်ပါ။ အခုလောလောဆယ် ကြိုပြီး
တော့ မပြော ချင်ပါဘူး။

ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အဖြေတွေကို မေလ ၂၉ ရက်နဲ့
၃၀ မှာ အပြီးတင်ပြရမှာ။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့
ဗဟိုဘဏ်ပေါင်းပြီး ဖြေကြားမှာ ဖြစ်တယ်။

ကုမုဒြာ ။ ။ အခုလိုဖြေကြားပေးတဲ့အတွက်
ကျေးဇူးတင် ပါတယ်။

(မို့မို့သန္တာ)

*****

၂။ "ငွေစက္ကူအပေါ် ရေးခြစ်ခြင်းနှင့် ဖျက်ဆီးခြင်းကို ဗဟိုဘဏ်
အရေးယူမည်"

ငွေစက္ကူအတုများကို အကြောင်းပြု၍ ဘဏ်ဝန်ထမ်းအချို့က
ငွေစက္ကူများကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ အခြားသော ဌာနများ
ကလည်း ငွေစက္ကူအပေါ်တွင် ရေးခြစ်ခြင်းများ ပြုလုပ်နေ
သောကြောင့် ယင်းဖြစ်ရပ်တို့ကို ဗဟိုဘဏ်ဥပဒေအရ တားမြစ်
အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ငွေကြေး/စီမံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက
ပြောကြားသည်။

လတ်တလောတွင် ဘဏ်များရှိ ဘဏ်ဝန်ထမ်းအချို့က
ငွေစက္ကူ  အတုဟုဆိုကာ ရဲစခန်းသို့ အကြောင်းမကြားဘဲ
ကိုယ်တိုင် ဖျက်ဆီးခြင်းနှင့် အချို့သောမြို့ နယ်လျှပ်စစ်ရုံးများ
တွင် မီတာဆောင်ရာ၌ ကျပ်တစ်သောင်းတန် ငွေစက္ကူဆိုပါက
ယင်းငွေစက္ကူပေါ်တွင် ငွေပေးသွင်းသူ၏ နေရပ်လိပ်စာနှင့်
မှတ်ပုံတင်နံပါတ် ရေးမှတ်ခြင်းစသည့် ကိစ္စရပ်များ ဖြစ်ပေါ်
နေသဖြင့် The Voice က ဆက်သွယ်မေးမြန်းရာ ၎င်းက
အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ဒါတွေကိုမလုပ်ဖို့ အစတည်းက အမိန့် ထုတ်ထားပြီးသား။
ငွေစက္ကူအတု ဖျက်တယ်ဆိုတာ ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊
ထောင်ဒဏ် ၂ နှစ်ဖြစ်စေ အရေးယူလို့ရတယ်။ အခုက
ဒါတွေကို တားမြစ်ဖို့ လုပ်မှာပါ”ဟု
၎င်းက ရှင်းပြပြောဆိုသည်။

လျှပ်စစ်ရုံးမှ တာဝန်ရှိသူများကိုလည်း ငွေစက္ကူအပေါ်တွင်
ရေးမှတ်ခြင်း မပြုဘဲ အခြားစာရွက်ဖြင့် ရေးမှတ်ကြရန်
ပြောဆိုထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူ အတု ကိစ္စနှင့်
ပတ်သက်၍ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်သည့်အပြင်
ပြင်ပ၌လည်း ဘီလီယံနှင့်ချီ၍ ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်း
မရှိသောကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း
ဦးအောင်ကျော်သန်းက ပြောကြားသည်။

ထို့ပြင် ကျပ်ငါးထောင်တန်၊ ကျပ်တစ်သောင်းတန် ငွေစက္ကူ
များကိုလည်း အတုအပလိုက်ထုတ်၍ မရစေရန် လုံခြုံရေး
အပိုင်း အဆင်မြှင့်ထားသည့် ငွေစက္ကူများကို ဘဏ်များမှ
တစ်ဆင့် ဖြည်းဖြည်းချင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

အချို့ဘဏ်များမှာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ငွေစက္ကု အတု
များကို ဖျက်စီးနေခြင်းများ ရှိသဖြင့် ဗဟိုဘဏ်က ယင်းကဲ့သို့
ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ် တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

“ဘဏ်က ပိုက်ဆံအတု တွေ့ပြီဆိုရင် CID (မှုခင်းရဲတပ်ဖွဲ့) ကို
အပ်ရတာပါ။ အဲဒါ သူတို့က အပေါက် ငါးပေါက် ဖောက်ပြီး
လုပ်ပစ်တာ။ သူတို့ အရေးယူမယ်ဆိုတာ ကောင်းပါတယ်။
အဲဒါမှ နောက်ကြောင်းကို လိုက်လို့ရမှာပါ”ဟု
၎င်းက ပြောဆိုသည်။

credit - Kumudra Journal & The Voice

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် မသက်ဆိုင်သော်လည်း
ငွေရေး ကြေးရေးနှင့်ဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment