Sunday, June 18, 2017

“သိမ်းဆည်းခံ လယ်မြေများနှင့် ကျူး နောက်ဆက်တွဲ သတင်းများ”

“သိမ်းဆည်းခံ လယ်မြေများနှင့် ကျူး နောက်ဆက်တွဲ
သတင်းများ”


၁။ "သိမ်းဆည်းခံ လယ်မြေများကို မြေပေါက်ဈေးအတိုင်း
လျော်ကြေးပေးမည် မဟုတ်ဟု ၀န်ကြီးချုပ်ပြော"

ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းထားသော လယ်မြေများ
အတွက် လျော်ကြေးပေးရာတွင် မြို့ပြမြေပေါက်ဈေးပမာဏ
အတိုင်း ပေးလျော်မည်မဟုတ်ဘဲ လယ်မြေပေါက်ဈေးအတိုင်း
သာပေးမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘လယ်တွေကို လယ်ဈေးအတိုင်း ရနိုင်မယ့်အခြေအနေကို
အစိုးရဘက်က ဒီအတိုင်းပဲ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လယ်မြေတွေကို မြို့တော်က မြေဈေး
မရနိုင်ဘူး ဆိုတာ သေချာပါတယ်’’ ဟု
ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သိမ်းဆည်းခံ လယ်မြေများကို မြို့ပြပေါက်ဈေးအတိုင်း
ပေးလျော်မည်မဟုတ်ဘဲ မူလလယ်မြေတန်ဖိုးသာပေးမည်
ဟု ၀န်ကြီးချုပ်က ပြောသည်။

သိမ်းဆည်းခံ လယ်မြေများ လျော်ကြေးပေးရာ၌ ကြားပွဲစား
များ၏ ဆောင်ရွက်မှုများကြောင့်  အခက်အခဲများကြုံရသည်
ဟု ၀န်ကြီးချုပ်က ဇွန်လ ၉ ရက်တွင် ပြုလုပ်သောသတင်းစာ
ရှင်းလင်းပွဲ၌ ပြောကြားသည်။

ရန်ကုန်တိုင်းတွင် မြေဈေးကစားမှုများစွာ ကြုံတွေ့နေရခြင်း
ကြောင့် မြေဈေးကို ထိန်းညှိနိုင်ရန် တိုင်းအစိုးရက
လုပ်ဆောင်ခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့သည် မြို့ပြဧရိယာ ကျယ်ပြန့်လာခြင်းကြောင့်
လယ်သမားများအနေဖြင့် သိမ်းဆည်းခံ လယ်မြေများ
ပြန်ရနိုင်စရာမရှိတော့ကြောင်း ရှင်းပြသည်။

ထို့အပြင် မြေတန်ဖိုးပြောင်းလဲကွာခြားမှုကို အခွင့်အရေးယူ
နေသူများကြောင့် လယ်ယာမြေများတွင် လူနေထိုင်ခွင့်
လန(၃၉) လျှောက်ထားမှုကို စနစ်တကျ စစ်ဆေးမည်ဟု
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
ပြောသည်။

လယ်ယာမြေများတွင် လူနေထိုင်မှုလျှောက်ထားရာ၌
လယ်သမားမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များသာ
လျှောက်ထား၍ မြေတန်ဖိုးပြောင်းလဲမှုကို ရယူနေကြောင်း၊
လယ်တစ်ဧက၏ မူလ တန်ဖိုးသည် ကျပ်သိန်း ၂၀၀ ခန့်
ရှိသော်လည်း လန(၃၉)ရရှိပါက ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀
အကြား ဈေးမြင့်တက်ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းတွင် လယ်ယာမြေ
များကို လူနေထိုင်ခွင့်လျှောက်ထားကာ ခြံကွက်များဖော်၍
ရောင်းချမှုများရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က
ပြောကြားသည်။

၂၀၁၂ လယ်ယာမြေ နည်းဥပဒေတွင်
နိုင်ငံတော်အကျိုးငှာ ဖြစ်စေ၊ အများပြည်သူအကျိုးငှာ ဖြစ်စေ
လယ်ယာမြေသိမ်းယူခြင်း ခံရလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်
ရရှိသူက ယင်းလယ်ယာမြေပေါ်၌  အဆောက်အအုံဖြင့်
တိုးတက် ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအ၀င်
မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထား
သည့် ကိစ္စရပ်များအတွက် နစ်နာကြေးနှင့် လျော်ကြေးများကို
သက်ဆိုင်ရာမှ နှောင့်နှေးကြန့် ကြာမှု မရှိဘဲ ရရှိစေရန်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို
ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ လျော်ကြေးပေးရာ တွင်
- လက်ရှိစိုက်ပျိုးထားသည့် စပါးနှင့် အခြား ရာသီသီးနှံများ
အတွက် တစ်ဧက ပျမ်းမျှအထွက်နှုန်းကို အခြေခံလျက် ဒေသ
ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏သုံးဆ၊
- စိုက်ပျိုးထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုး
ကို အခြေခံလျက် ဒေသကာလပေါက်ဈေးဖြင့် တွက်ချက်သော
တန်ဖိုး၏ သုံးဆ၊
- လယ်ယာမြေတွင်  အဆောက်အအုံဖြင့် တိုးတက်
ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအ၀င် အခြားဆောင်ရွက်ချက်
များ အတွက် ဒေသကာလပေါက်ဈေးဖြင့် တွက်ချက်သော
တန်ဖိုး၏ နှစ်ဆပေးရမည်ဟု ဖော်ပြထားသည်။

(ပြည်သိမ်း)

*****

၂။ "ကျူးကျော် စမတ်ကတ်များကို ဇူလိုင်လ ၃ ရက်
အပြီးထုတ်ပေးမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို
စာရင်း ကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို
ဇူလိုင်လ ၃ ရက်အထိသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း
ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်းများကို ကနဦးစီမံချက်(Pilot Project)အဖြစ်
၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး
ယခုလက်ရှိ မြို့နယ် ၁၃ ခုမှ အိမ်ထောင်စု တစ်သိန်းကျော်ကို
စမတ်ကတ် ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်
လည်း စာရင်း ကောက်ယူကာ စမတ်ကတ်များ ဆက်လက်
ထုတ်ပေးနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေး
အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၃ ရက် နောက်ဆုံးကောက်ဖို့
ညွှန်ကြားထားတယ်။ စာရင်းကောက်ယူတဲ့ အဖွဲ့တစ်ဖွဲ့က
မြို့နယ်တစ်ခုမှာ တစ်နေ့ကို ကျူးကျော် အိမ်ထောင်စု ၂၅၀၊
၃၀ဝ လောက် စမတ်ကတ် ထုတ်ပေးနိုင်တယ်။ ကျန်တဲ့
မြို့နယ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ပါတယ်”ဟု
၎င်းကဆိုသည်။

ကောက်ယူရန်ကျန်သည့် မြို့နယ်များတွင် ခန့်မှန်းစာရင်းအရ
ကျူးကျော်နေထိုင်သူ အိမ်ထောင်စု သုံးသောင်းကျော်ရှိပြီး
အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးရာတွင် အဖွဲ့ပေါင်း
ရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်သည်။

ကျူးကျော် စမတ်ကတ် ထုတ်ပေးပြီးသည့် ၁၃ မြို့နယ်မှာ
ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြောက်ပိုင်း၊
ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာ၊ အလုံ၊ မရမ်းကုန်း၊ သန်လျင်၊
ကျောက်တန်း၊ ဒလ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ဖြစ်သည်။

ယခုလက်ရှိ တောင်ဥက္ကလာနှင့် ဗဟန်းမြို့နယ်မှ ကျူးကျော်
များကို စမတ်ကတ်များ ထုတ်ပေးခဲ့ပြီး ဒေါပုံ၊ ဗိုလ်တစ်ထောင်၊
အင်းစိန်၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊
ကြည့်မြင်တိုင်၊ လှိုင်၊ လမ်းမတော်၊ သုံးခွ၊ ခရမ်း၊ တွံတေး၊
ကော့မှုး၊ ကွမ်းခြံကုန်းနှင့် လှည်းကူးမြို့နယ်တို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင်
နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု 
၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
သိရသည်။

*****

၃။ "ကျူးကျော်များကို နေရာချထားပေးရန် ဧရိယာတစ်ခုကို
ရွေးချယ် သတ်မှတ်ပေးမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို
နေရာချထားပေးရန် ဧရိယာတစ်ခုကိုရွေးချယ်သတ်မှတ်ရန်
ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းကပြောသည်။

''ကျူးကျော်ပြန်လည်နေရာချထားရေး အစီအစဉ်သစ် တစ်ရပ်
အနေနဲ့ ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ဖို့ ဆောင်ရွက်
နေပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ကျူးကျော်
တွေနေတာနဲ့ ကြုံခဲ့ရတယ်။
ရန်ကုန်မြို့ကြီးက တစ်ချိန်က ရွှေတိဂုံဘုရားဝန်းကျင်ကလည်း
ကျူးကျော်တွေပဲဖြစ်ပါတယ်။ ဒီကနေ တဖြည်းဖြည်း နေရာ
ချထားပေးမှုတွေမှာ စနစ်တကျမရှိတဲ့အတွက် အခက်အခဲ
တွေ ခံစားခဲ့ရတဲ့ ပြည်သူတွေလည်း များစွာရှိခဲ့ပါတယ်။
အဲဒါကြောင့်ကျူးကျော်တွေကို စနစ်တကျ နေရာချထားပေးဖို့
ကြိုးစားနေပါတယ်''ဟု ဇွန် ၉ ရက်ကပြုလုပ်သောရန်ကုန်တိုင်း
ဒေသကြီးအစိုးရ၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် သတင်းစာ
ရှင်းလင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာချထားပေးရန်
ဆောင်ရွက်မည်ဖြစ်သော်လည်းအမှန်တကယ် ကျူးကျော်
နေထိုင်သူများကိုသာ နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး
လိမ်လည်လျှောက်ထားသူများကို စိစစ်အရေးယူမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ကျူးကျော်မဟုတ်ဘဲ အစိုးရကို လိမ်လည်ပြောဆိုနေတာတွေ
ကို ပြန်လည်စိစစ်ပါမယ်။ ဒါပေမဲ့ကျူးကျော်တွေကို စနစ်တကျ
ပြန်လည်နေရာချထားပေးဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ကျူးကျော်တွေအတွက် စနစ်တကျ စာရင်းကောက်နေပါတယ်။
လိမ်လည်ပြီး ကျူုးကျော်လို့ လုပ်လို့မရပါဘူး။နည်းပညာကို
သုံးပြီး သေချာစိစစ်နေပါတယ်''ဟု ၄င်းက ပြောသည်။

လက်ရှိကောက်ယူရရှိသော စာရင်းဇယားများ အရ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူဦးရေ
လေးသိန်းကျော်ခန့်ရှိနေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောသည်။

''ကျူးကျော်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးသိန်းကျော်
လောက်ပဲရှိဖို့ မျှော်လင့်ထားပေမဲ့တကယ်တမ်း စာရင်းဇယား
တွေအရ လေးသိန်းကျော်တောင် ရှိနေတယ်။
အဲဒီအရေအတွက်က တကယ့်အစစ်အမှန်အရေအတွက်
ဟုတ်၊ မဟုတ် စိစစ်ပြီး နေရာချထားပေးဖို့ ဆောင်ရွက်ပါ့မယ်''
ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်း
ခံထားရသော လယ်ယာမြေများကိုလည်း ပြန်လည်ရရှိရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''အားလုံးက မျှော်မှန်းသလို လယ်ယာမြေတွေ ပြန်လည်ရရှိဖို့
လည်း ဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့သေသေချာချာ စိစစ်ပြီးမှ
ဖြစ်မှာပါ။ အချိန်ယူပြီး သေသေချာချာ စိစစ်ရဦးမှာပါ။
တချို့နေရာတွေမှာလယ်ဧက ၄ဝဝ လောက်ကို
လျှောက်ထားသူလယ်သမားဦးရေက ၁,ဝဝဝ ကျော်လောက်
ရှိနေပါတယ်'' ဟု ၄င်းက ပြောသည်။

(တင်ရတနာထွန်း)

credit - 7day Daily / The Voice
& The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment