Sunday, June 25, 2017

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အစီရင်ခံချက်များ”

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အစီရင်ခံချက်များ”

၁။ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်လခွဲအတွင်း ကန်ဒေါ်လာ
နှစ်ဘီလီယံကျော်ဝင်ရောက်"

နှစ်လခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
နှစ်ဘီလီယံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

‘‘ဒီနှစ်မှာ အလားအလာ ကောင်းပါတယ်။
ဇွန်လ ၁၆ ရက် ခွင့်ပြုတာအပြင် လက်ထဲမှာ ခွင့်ပြုဖို့ ကျန်နေ
တာလေးတွေ ရှိပါတယ်။
ဒီနှစ်တော့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထား ပါတယ်’’
ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထပ်မံခွင့်ပြုရန် ၁ ဒသမ၆ ဘီလီယံကျော် ကျန်ရှိသေးကြောင်း
ဦးအောင်နိုင်ဦးက ပြောသည်။ ယခု ဘဏ္ဍာနှစ် ဧပြီနှင့်
မေလကုန်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ
၉၂၃ သန်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက် အတွင်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ဘီလီယံခန့် ထပ်မံခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။

ယခု ဘဏ္ဍာနှစ် နှစ်လအတွင်း နယ်သာလန်နိုင်ငံမှ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားပြီး စုစုပေါင်း ရင်းနှီး
မြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၂၀ ခန့် ရှိသည်။

တရုတ်နှင့် စင်ကာပူတို့က အဆင့်လိုက်ရှိသည်။ အဓိက
ဝင်ရောက်သည့် လုပ်ငန်းများသည် ကုန်ထုတ်လုပ်မှု၊ အိမ်ရာ
နှင့် ဆက်သွယ်ရေးကဏ္ဍတို့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော်
ဝင်ရောက်ခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ကန်ဒေါ်လာ
၉ ဒသမ ၄ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကျဆင်းခဲ့ခြင်းသည်
- ကမ္ဘာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းမှ
ဂယက် ရိုက်ခတ်ခြင်း၊
- မြန်မာနိုင်ငံတွင် အစိုးရ အပြောင်းအလဲဖြစ်ခြင်း၊
- ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းမှုကို စောင့်ဆိုင်းခြင်းနှင့်
- ပြီးခဲ့သည့် နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် မဖွဲ့စည်းနိုင်
ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယခင်ဘဏ္ဍာနှစ် ဧပြီနှင့် မေလတွင် အစိုးရသစ်အကူးအပြောင်း
ဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိခဲ့ပေ။ ဇွန်လမှသာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၃၁ သန်းစတင်ဝင်ရောက်
ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်သည်
ဒေါ်လာနှစ်ဘီလီယံဝန်းကျင် ပိုများ နေသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး
ဝင်ရောက်သည့်နိုင်ငံသည် စင်ကာပူဖြစ်ပြီး ယင်းနောက်တွင်
ဗီယက်နမ်၊ တရုတ်နိုင်ငံ တို့က အစဉ် လိုက်ရှိသည်။

အဓိကဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်
ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး ကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ
ဝင်ရောက်ခဲ့သည်။

လက်ရှိ အစိုးရသည် ၂၀၁၇ ဇွန်လ ၆ ရက်တွင် ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ကို ယခင်အဖွဲ့ဝင် ၁၁ ဦးအစား အဖွဲ့ဝင် ၁၃ ဦးဖြင့်
ပြန် လည်ဖွဲ့စည်းခဲ့သည်။ ယခင်အဖွဲ့ ဝင်တစ်ဦး နေရာတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်နှင့် အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးမျိုးအောင်တို့ဖြင့် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။

(ထွန်းထွန်းမင်း)

*****

၂။ "မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူ အများဆုံး
ရင်းနှီးမြှုပ်နှံ"

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အိမ်ခြံမြေကဏ္ဍမှာ
နံပါတ်ငါး အဆင့်တွင်ရှိနေပြီး စင်ကာပူနိုင်ငံက အများဆုံး
ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်တွင်း အိမ်ခြံမြေဝက်ဘ်ဆိုက်
House.com.mm က ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ထုတ်ပြန်မှုတွင် ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာအမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့်
ရှိလာနိုင်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေး
ကဏ္ဍနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်
နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုများပိုဝင်လာနိုင်ကြောင်းလည်း
ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုတွင် စင်ကာပူ၊ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊
ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အများဆုံး
ရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ၄င်း၏ သတင်းထုတ်ပြန်မှုတွင်
တွေ့ရှိရသည်။

House.com.mm က ၄င်းတို့လေ့လာထားသည့်စစ်တမ်းများ
အရ ယခုနှစ် ၂ဝ၁၇ တွင်ပြီးစီးမည့် အိမ်ခြံမြေစီမံကိန်း
အများအပြားရှိနေပြီး ပြီးစီးနေပြီဖြစ်သည့် အဆင့်မြင့်အိမ်ရာ
စီမံကိန်းများမှ ပေါ်ထွက်လာနေပြီဖြစ်သည့် အခန်းလွတ်များ
လည်း ရှိနေသည့်အတွက် လာမည့် အိမ်ခြံမြေဈေးကွက်
အတွက် ထောက်ပံ့မှု အားကောင်းမည်ဟု ပြောထားသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ
ပိုမို အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိနေသည့်အတွက်
အဆင့်မြင့်အိမ်ရာဈေးကွက်၊ ရုံးခန်းနေရာ ရောင်းဝယ်ငှား
ဈေးကွက်များမှာ လတ်တလောတွင် ငြိမ်သက်နေသော်လည်း
မကြာခင်အချိန်ကာလများတွင် ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း
ကိုလည်း ဖော်ပြထားသည်။

ထိုအချက်များကို House.com.mm က ပြည်တွင်း၊ ပြည်ပ
အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံမေးမြန်းမှုများ
မှ သုံးသပ် အစီရင်ခံထားသည်ဟု ဆိုသည်။

''မြန်မာနိုင်ငံမှာ အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းဟာ
၂ဝ၁၆ ခုနှစ်မှာ အေးနေခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံမှုကတော့
ကျမသွားခဲ့ပါဘူး''ဟု House.com.mm က ဆိုထားသည်။

''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာသေးခင်က
ပြုလုပ်လိုက်တဲ့ အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အိမ်ခြံမြေဈေးကွက်ပေါ်
အများကြီး သက်ရောက်မှု ရှိနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ
နိုင်ငံတကာက စံနှုန်းတွေအတိုင်းပူးပေါင်းလိုက်တာကြောင့်
အာဆီယံနိုင်ငံတွေအကြား ရှင်းရှင်းလင်းလင်းနဲ့
ရင်းနှီးမြှုပ်နှံမှုတွေတစ်သားတည်း ပြုလုပ်လာနိုင်ကြမှာပါ''
ဟု House.com.mm ၏ ပူးတွဲတည်ထောင်သူနှင့်
စီမံခန့်ခွဲမှုဒါရိုက်တာ Mr. NiteshKhirwal က ပြောသည်။

အဆိုပါ ဥပဒေအသစ်ကြောင့် စီးပွားရေးလုပ်ငန်းများကို ပိုမို
လျင်မြန်စွာ ဆောင်ရွက်နိုင်ပြီးအမေရိကန်၏ စီးပွားရေး
ပိတ်ဆို့မှု ပယ်ဖျက်ပေးခဲ့မှုတို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီး
မြှုပ်နှံမှုဈေးကွက်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏
အာရုံကို ပိုမိုရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

''ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာခြင်းရဲ့ သက်ရောက်မှု
အနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့
အိမ်ခြံမြေ ဝယ်ရောင်းတွေနဲ့ ငှားလိုနှုန်းတွေ မြင့်မားလာ
နိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ်ငန်း
တွေ အားကောင်းလာနိုင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်
ဖော်မှုများနှင့်အတူ လူဦးရေတိုးပွားလာမှုများကြောင့် မကြာခင်
ကာလများတွင် အိမ်ခြံမြေခေတ်ကို ပြန်ရောက်လာနိုင်တော့
မည်ဖြစ်ကြောင်းလည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း
လုပ်ကိုင်နေသူများက ပြောသည်။

''နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံ
ဖို့အတွက် မြေနေရာတွေကကျိန်းသေ လိုအပ်လာမှာဖြစ်တာ
ကြောင့် အိမ်ခြံမြေဈေးကွက် အားကောင်းလာနိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ်
ဖြစ်လာနိုင်တယ်။
လောလောဆယ်မှာတော့ အိမ်ခြံမြေဈေးကွက်က
ရောင်း၊ ဝယ်၊ ငှား မျှတနေတဲ့ အနေအထားမှာရှိနေပါတယ်''
ဟု ရန်ကုန်တိုင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များ
က ပြောသည်။

(မြတ်ငြိမ်းအေး)

credit - 7day Daily & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment