Sunday, June 25, 2017

"ကား ဘယ်နားရပ်ရပါ့၊ ရန်ကုန်မြို့မှာ ကားပါကင် ဘယ်လိုရှာရပါ့"

"ကား ဘယ်နားရပ်ရပါ့၊
ရန်ကုန်မြို့မှာ ကားပါကင် ဘယ်လိုရှာရပါ့"


အဖြစ်အပျက် (၁)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် လူနေအထပ်မြင့် တိုက်ခန်းတစ်ခုရဲ့
မြေညီထပ် ရှေ့ တည့်တည့်ကွက်လပ်မှာ ကွန်ကရစ်တုံး
အသေးတွေ ဘယ်ညာချထားပါတယ်။

အဖြူရောင်ကားတစ်စီးက အဲသည်နေရာရဲ့ရှေ့မှာရပ်လိုက်ပြီး
ကားမောင်းလာသူက ကားပေါ်ကဆင်းပြီး နေရာဦးထားတဲ့
ကွန်ကရစ်တိုင်တွေကိုရွှေ့ပြီး သူ့ရဲ့ကား
ပါကင်ထိုးလိုက်ပါတယ်။

သူ့ကားပါကင်ထိုးပြီး သိပ်မကြာခင် အချိန်မှာပဲ မြေညီထပ်
အဆောက်အအုံအတွင်းကနေ အင်္ကျီချွတ်နဲ့ လူလတ်ပိုင်း
အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှာ တစ်စုံတစ်ရာကိုင်ကာ
ထွက်လာပြီး ကားပါကင်ထိုးသူကို  ဆဲဆိုကြိမ်းမောင်းပါတယ်။

သူကြိမ်းမောင်းနေရင်းပဲ လက်ထဲမှာ ကိုင် ထားတဲ့ပစ္စည်းနဲ့
ကားမှန်ကို ခွမ်းခနဲမြည်အောင် ခွဲချလိုက်ပါတယ်။ အဲသည်
အချိန်မှာ အဆောက်အအုံအတွင်းကနေ အမျိုးသမီးနှစ်ဦးနဲ့
အမျိုး သားကြီးတစ်ဦးထွက်လာပြီး ကားပါကင် လာထိုးသူကို
ဝိုင်းပြီးအော်ဟစ်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်
စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါကတော့ ဧပြီလ ၁ ရက်နေ့က ကားပါကင်နေရာလုရာ ကနေ
တစ်တိုက်တည်းမှာ အပေါ်ထပ် အောက်ထပ်နေသူ အချင်းချင်း
အငြင်းပွားမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့မြေညီထပ်တိုက်ခန်းရှေ့တွေမှာ တိုက်ခန်းပိုင်ရှင်
တွေရဲ့ကားမဟုတ်ဘဲ ရပ်လို့မရအောင် အဲသည်လိုကွန်ကရစ်
တိုင် အသေးစားတွေ၊ ခုံတွေ၊ ကားတာယာတွေ၊ ပုံးတွေ
ချထားတာတွေ ရှိပါတယ်။

အဖြစ်အပျက် (၂)

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာဆိုရင်လည်း နေထိုင်ရာ
တိုက်ခန်းရှေ့နေရာမှာတင် သာမက မျက်နှာချင်းဆိုင်လမ်း
နေရာလွတ်ကိုပါ နေရာဦးထားပြီး ကားပါကင်အတွက်နေရာ
ပြန်ငှားတာ၊ ဈေးဆိုင်တွေကို တစ်ဆင့်ပြန်ငှားတဲ့အဖြစ်အပျက်
တွေလည်း ရှိနေပါတယ်။

နေအိမ်ရှေ့က မြေနေရာလွတ်မဟုတ်ဘဲ ခပ်လှမ်းလှမ်းနေရာ
က မြေနေရာလွတ်တွေကို ငှားရမ်းစားသူတွေက မြေညီထပ်
က တစ်ဦးတစ်ယောက်တည်းပိုင်တာမဟုတ်ဘဲ
အရင်ကတည်းက ရောက်နေတဲ့ အထပ်မြင့်မှာနေတဲ့
သူတွေကတစ်ဆင့် ပြန်ငှားတာတွေ ရှိနေပါတယ်။

သည်လိုငှားတဲ့အခါမှာ ငှားရမ်းခအနေနဲ့ တစ်လကို
ငွေကျပ် ၃၀,ဝ၀ဝ ကနေ ၅၀,ဝ၀ဝ အထိ နေရာအလိုက်
ပေးနေရတယ်လို့ သိရပါတယ်။

အဖြစ်အပျက် (၃)

အထပ်မြင့်တိုက်တွေရဲ့မြေညီထပ်တွေရှေ့ မှာ ကားပါကင်နေရာ
အတွက် သီးသန့်ငှားရမ်းတာတွေ လုပ်ကိုင်ကြပြီး အဲသည်နေရာ
ကို တခြားကားတွေ ရပ်ခွင့်မပြုဘဲ ငှားရမ်းထားတဲ့သူရဲ့ ကားကို
သာရပ်ခွင့်ပြုတာတွေလည်း ရှိပါတယ်။

ငှားရမ်းထားတဲ့သူမဟုတ်ဘဲ အခြားကားတွေ လာရောက်ရပ်တန့်
ထားပါက အိမ်ရှင်ဖြစ်သူကိုယ်တိုင် ကားမရပ်ဖို့နဲ့ ကားပါကင်က
ငှားရမ်းထားတဲ့ ကားတစ်စီးသာ ရပ်ခွင့်ပြုတယ်လို့ ပြောဆိုတာ
တွေလည်း ရှိပါတယ်။

ကား ပါကင်နေရာမှာ ရပ်ရမယ့်ကားနံပါတ် အတိအကျကို ရေးပြီး
ဆိုင်းဘုတ်ပုံစံပြုလုပ်ထားတာတွေလည်း တွေ့ရပါတယ်။

***

"နေရာဦးတယ်"

ရန်ကုန်မြို့တွင်းနေရာ လမ်းတွေထဲက အိမ်ရှေ့တွေမှာ ကားတွေ
ရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ ကွန်ကရစ်တိုင်တွေ၊
ထိုင်ခုံအကျိုးအပဲ့တွေ၊ ကားတာယာကွင်းတွေနဲ့ နေရာယူ
ထားပါတယ်။

လမ်းတစ်ဖက်တစ်ချက်စီမှာ ကားတွေက နှစ်ထပ်ရပ်ထားပြီး 
လမ်းထဲကို ဝင်လာတဲ့ကားတွေက တစ်စီးနဲ့တစ်စီး ရှောင်လို့
မရသလို လူတွေကလည်း ကားတွေ ကြားထဲကနေ
လမ်းလျှောက်နေရပါတယ်။

လမ်းထဲကို ဝင်လာတဲ့ကားတွေက ခဏရပ်ဖို့ ကားပါကင်နေရာ
လွတ်တဲ့နေရာတွေမှာ ကားမရှိတာကြောင့် ကား မောင်းသူ
တွေက ကားပေါ်ကဆင်းပြီး ချထားတဲ့ပစ္စည်းတွေကို ကိုင်ကာ
နေရာရွှေ့ လိုက်ပါတယ်။

သည်လိုနေရာရွှေ့လိုက်တာနဲ့ တစ်ပြိုင်နက် မြေညီထပ်အခန်း
က နေထိုင်သူတွေ ထွက်လာပြီး သည်နေရာမှာ ကားရပ်လို့
မရကြောင်း နဲ့ ကားပါကင်က သူတို့ပိုင် ကားပါကင်ဖြစ်ကြောင်း
ပြောဆိုကြတာက အများစုကြုံတွေ့ရတဲ့ အခက်အခဲတစ်ခု
ဖြစ်နေပါတယ်။

ရန်ကုန်မြို့က တက္ကစီသမားတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးဝင်းက
"လမ်းထဲမှာ လူစောင့်ရင်းနဲ့နေရာလွတ်လို့ ခဏကားဝင်ထိုး
လိုက်တာ အိမ်ရှင်တွေက ပြေးထွက်လာပြီး ဆဲဆိုလိုက်ကြတာ
ကြားမကောင်းဘူး၊ ခဏလေးရပ်တာ တောင်မှ ပေးမရပ်ဘူး
ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ရင်စည်ပင်က ပြတ်ပြတ်သားသား
အရေးယူဖို့ လိုနေပြီ၊ စိတ်မထိန်းနိုင်တဲ့သူနဲ့တွေ့ရင်
ရိုက်ပွဲတွေ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

***

"ကားပါကင်ကြောင့် လူသတ်မှုဖြစ်"

သည်လိုကားပါကင်ပြဿနာတွေကြောင့် လမ်းမတော်မြို့နယ်မှာ
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လူသတ်မှုအထိ ဖြစ်ခဲ့တာ၊ စမ်းချောင်း
မြို့နယ်မှာ ကားပါကင်ကိစ္စ စကားများရန်ဖြစ်ရာကနေ
အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ စကားများရာကနေ
ရိုက်နှက်မှုအထိ ဖြစ်ခဲ့ရပြီး အမျိုးသမီး က လက်ကျိုးဒဏ်ရာနဲ့
ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။

သည်လိုပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ကားပါကင်နဲ့ပတ်သက်ပြီး
တိကျတဲ့ မူဝါဒဥပဒေတွေ ချမှတ်ထားတာ မရှိသေးတာကြောင့်
ဖြေရှင်းဖို့ ခက်ခဲတဲ့ပုစ္ဆာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က
“လူသတ်တာတွေ၊ ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်တဲ့ပြဿနာတွေ ဖြစ်နေ
တာပဲ၊ စည်ပင်က ပြေလည်အောင် စီစဉ်ပေးသင့်တယ်၊
ကားပါကင်နဲ့ပတ်သက်တဲ့ ဥပဒေကလဲ မရှိသေးဘူး” လို့
ထောက်ပြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ
နေထိုင်တဲ့ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး ကားအစီးရေ ကတော့
ငါးသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကားအစီးရေ ကိုးသိန်းကျော်
ရှိပြီး အဲသည်အထဲကအစီးရေတစ်ဝက်ကျော်က ရန်ကုန်မြို့မှာ
ရှိနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန
က ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

***

"ပန်းကန်ဆေးရေနဲ့ ပက်ခံရ"

ကားပါကင်နေရာတွေမှာ ပြင်ပက ကားတွေ မရပ်အောင်
ချွန်ထက်တဲ့အရာတွေ ချထားတာ၊ ကားဘီးလေလျှော့တာ၊
ကား ဘော်ဒီမှန်တွေကို ခြစ်ရာဖြစ်အောင်လုပ်တာ၊ မှုတ်ဆေး
တွေ သုံးပြီး ကားဘော်ဒီတွေကို ဆေးတွေ ခြယ်တာ၊
ကားရှေ့မှန်တွေပေါ်မှာ ညစ်ပတ်အောင် လုပ်တာတွေကို
ကြုံတွေ့ရတာတွေလည်း ရှိနေပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်တဲ့ ဦးမြင့်မောင်က
“ဒီပြဿနာတွေကို စည်ပင်ဝန်ထမ်းတွေက သိနေတာပဲ၊
စည်ပင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ညှိနှိုင်းမှ ဖြေရှင်းလို့
ရမယ်၊ ကျွန်တော်ဆိုရင် ကားရပ်မိလို့ အိမ်ထဲကနေ
ပန်းကန်ဆေးရေတွေနဲ့ ပက်တာ ခံရဖူးတယ်”လို့
သူကြုံတွေ့ခဲ့ပုံကို ပြောပါတယ်။

***

"ကားမရှိပေမဲ့ ကားပါကင်ငှားတယ်"

တချို့နေရာတွေမှာတော့ မြေညီထပ်မှာ နေထိုင်သူတွေက
မိမိတို့ရဲ့အိမ်ရှေ့နေရာလွတ်ကို အခြားကားတွေရပ်ဖို့ ငွေကြေး
သတ်မှတ်ပြီး ကားပါကင်ကို ပြန်လည်ငှားရမ်းတာတွေလည်း
ရှိတယ်လို့ သိရပါတယ်။

တချို့ကားပါကင်နေရာတွေမှာ ကားမရပ်ဘဲ ဈေးသည်တွေကို
ဈေးရောင်းဖို့ ငှားရမ်းထားတာတွေလည်း ရှိနေပါသေးတယ်။

***

"ကားပါကင်ထိုးခွင့်မပေးရင် တိုင်လို့ရ"

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ က
ဒုတိယအင်ဂျင်နီယာဌာနမှူး (လမ်းနဲ့တံတား)
ဦးစိုးသိန်းအောင် က
လမ်းတွေမှာ ကားပါကင်နေရာဦးထားတာတွေ၊ ငှားရမ်းထား
တာတွေ တွေ့ရှိပါက မြို့နယ်စည်ပင်သာယာရေး ကော်မတီ
အုပ်ချုပ်ရေးမှူးရုံးကို အသိပေး တိုင်ကြားနိုင်ပြီး ထိရောက်စွာ
အရေးယူ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကားရပ်ဖို့ သတ်မှတ်ထားတဲ့ပါကင် မရှိတာ ကြောင့် ကြုံရာ
နေရာတွေမှာ ဖြစ်သလို ရပ်နေရတာတွေ၊ တက္ကစီရပ်နားဖို့
နေရာတွေ သီးသန့်မရှိတာကြောင့် တက္ကစီတွေက လမ်းပေါ်
မှာပဲ အချိန်ပြည့်နီးပါး မောင်းနေရတာကြောင့် နေ့စဉ်
ကားကျပ်တာတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

အရင်က နေထိုင်ရာ တိုက်တွေရှေ့မှာ ရပ်ဖို့ နေရာ မရှိတဲ့
ကားတွေက ကမ်းနားလမ်းတစ်လျှောက်က နေရာတွေမှာ
အဆင်ပြေသလို ရပ်ထားခဲ့ပေမဲ့ ကမ်းနားလမ်း တစ်လျှောက်
ညဈေးတန်းကိုအကောင်အထည်ဖော်ပြီးတဲ့ နောက်မှာတော့
ရပ်ထားတဲ့ကားတွေအတွက် ကားပါကင် အခက်အခဲတွေ
တွေ့ကြုံခဲ့ရပါတယ်။

***

"မောင်နှမချင်းစကားများရ"

အဆောက်အအုံဆောက်လုပ်ဖို့ ခွင့်ပြုတဲ့အခါမှာလည်း
ကားပါကင်စနစ်ကို ဦးစားမပေးဘဲ ဆောက်လုပ်ခွင့်ပြုတာ
ကြောင့် ကားပါကင်နေရာတွေနဲ့ပတ်သက်ပြီး မောင်နှမချင်း
တွေ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေ ကြားထဲမှာလည်း
ဆက်ဆံရေးတွေ ထိခိုက်လာရတယ်လို့ စမ်းချောင်းမြို့နယ်မှာ
နေထိုင်တဲ့ မသော်တာမျိုးက ပြောပါတယ်။

သူက
'‘မြေနေရာလွတ်ကို ကန်ထရိုက် အပ်ပြီးတော့ အိမ်ဆောက်ပြီး
မောင်နှမတွေ ခွဲယူဖို့လုပ်တာ၊ ကားမရှိတဲ့သူတွေကလဲ
ကားပါကင် နေရာကို သူတို့နဲ့လဲ ဆိုင်တယ်ဆိုပြီးတော့
ပြောကြတာ ရှိတယ်၊ ဒါတောင်အခုမှ အိမ်က ဆောက်တုန်း၊
ပြဿနာက စတက်နေပြီ”လို့ လက်ရှိကြုံ တွေ့ရပုံကို ပြောပါတယ်။

ကားပါကင်အတွက် နေရာသတ်မှတ်ချက် တိတိကျကျ
မသတ်မှတ်ထားပေမဲ့ မြေညီထပ် နေထိုင်သူအများစုကတော့
သူတို့တွေရဲ့အခန်းရှေ့က နေရာကို သူတို့ပိုင် ကားပါကင်
အဖြစ် သတ်မှတ်ထားကြပါ တယ်။

ကားမရှိတဲ့မြေညီထပ်ပိုင်ရှင်တွေကလည်း သူတို့အခန်းရှေ့က
နေရာတွေမှာ တခြားကားတွေကို အခကြေးငွေနဲ့ ငှားရမ်းပြီး
ရပ်ခွင့်ပြု တာတွေလည်း ရှိနေပါတယ်။

သည်ကားပါကင်နေရာတွေဟာ စည်ပင်ပိုင်မြေဖြစ်ပြီး တစ်ဦး
တစ်ယောက်ကိုမှ သတ်မှတ်ချထားပေးတာမျိုး မရှိဘူးလို့
ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(လမ်းနဲ့တံတား) ဒုတိယ အင်ဂျင်နီယာဌာနမှူး
ဦးစိုးသိန်းအောင်က ပြောပါတယ်။

သူက
“ဘယ်သူ့ကိုမှ မပေးထားဘူး၊ အဲဒီမှာ နေရာဦးလို့လဲ မရဘူး၊
နေရာဦးရင် အုပ်ချုပ်ရေးမှူးတွေက အရေးယူလိမ့်မယ်၊ ရှိတဲ့
ချထားတဲ့ပစ္စည်းတွေ သိမ်းမယ်၊ ဆိုင်းဘုတ်တွေ ချတာ၊
တာယာခွေချတာ ဆိုတာက လုပ်လို့မရဘူး လမ်းလယ်မှာ၊
မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်လို့ရတယ်၊ လမ်းထဲမှာ ကားပါကင်
က ဘယ်သူမှမပိုင်ဘူး၊ ကိုယ့်အိမ်ရှေ့ဖြစ်ပေမဲ့ ကိုယ်မပိုင်ဘူး၊
အဲဒါအများပိုင်မြေပဲ၊  စည်ပင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို
တာဝန်ပေးထားပြီးသားပါ”လို့ လက်ရှိကားပါကင်နေရာတွေနဲ့
ပတ်သက်ပြီး ရှင်းပြပါတယ်။

လမ်းတွေထဲမှာတော့ ဗီနိုင်းစနဲ့ မေတ္တာရပ်ခံချက်စာတွေ၊
သတိပေးစာတွေ တိုင်တွေမှာ ချိတ်ဆွဲထားပါတယ်။
အဲသည်သတိပေးစာ တွေထဲမှာဆိုရင်
- မော်တော်ယာဉ်နေရာဦးခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ
ဖြစ်ပေါ်ပါက နေရာဦးသူရဲ့ တာဝန်သာဖြစ်ပြီး နေရာဦးခြင်း
မပြု လုပ်ကြရန်
- မော်တော်ယာဉ်များကို သတ်မှတ်ထားတဲ့ မျဉ်းဝါစည်း
အတွင်းသာ ရပ်နားပေးဖို့၊
- အခြားကားတွေရဲ့ရှေ့မှာပိတ်ပြီး ရပ်ရတဲ့အခါ ဂီယာဖြုတ်ပြီး
ဖရီး (Free) ပြုလုပ်ပေးဖို့နဲ့
- အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အလွယ်တကူ
ဆက်သွယ်နိုင်ဖို့ မိမိကားရှေ့မှန် အောက်မှာ ဖုန်း နံပါတ်ကို
ထင်ရှားစွာ ရေးသားထားဖို့စတဲ့ အချက်တွေ ရေးသား
ဖော်ပြထားပါတယ်။

***

"အခပေးကားပါကင်စနစ်"

ရန်ကုန်မြို့မှာ ကားရပ်ရမယ့်နေရာ၊ ကားရပ်ရမယ့် ပုံစံတွေနဲ့
အခပေးကားပါကင်စနစ် အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်
လို့  ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ
ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က အများပြည်သူပိုင်လမ်းတွေမှာ ယာဉ် မရပ်ရနေရာ၊
ယာဉ်ရပ်ရမယ့် နေရာတွေသတ်မှတ်ပြီး ကားရပ်နားရမယ့်
ပုံစံကိုလည်း လမ်းအကျယ်ပေါ်မူတည်ပြီး ကားကို အရှည်လိုက်
ရပ်တာ၊ ၄၅ ဒီဂရီ ၉၀ ဒီဂရီစသဖြင့် သတ်မှတ်ပြီး ယာဉ်ရပ်နားခ
ကိုပါ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကားပါကင်တွေ
ကိုလည်း တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
"အများပြည်သူပိုင်လမ်းများ အားလုံးမှာ ယာဉ်မရပ်ရမယ့်နေရာ၊
ယာဉ်ရပ်နားရမယ့်နေရာတွေကို သတ်သတ်မှတ်မှတ် ပိုင်းခြား
ပြီးတော့ လမ်းရဲ့အကျယ်အဝန်းကို လိုက်ပြီးတော့ မည်သည့်
ပုံစံမျိုးရပ်မယ်၊ အ ရှည်လိုက် ရပ်မယ်၊ ၄၅ ဒီဂရီရပ်မယ်၊
၉၀ ဒီဂရီ ရပ်မယ်၊ အဲဒီလိုမျိုးတွေ သတ်သတ်မှတ်မှတ် ပိုင်းခြား
မျဉ်းများရေးဆွဲပြီး ယာဉ်ရပ်နားခကို စနစ်တကျကောက်ခံ
ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိတယ်”လို့ ပြောပါတယ်။

လေးလကျော်ကြာပြီဖြစ်ပေမဲ့ သည်စနစ်က အကောင်အထည်
မဖော်နိုင်သေးဘဲ လက်ရှိမှာလည်း ကားပါကင်နဲ့ ပတ်သက်ပြီး
ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ
ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ကုန်တိုင်းအတွင်းမှာ နေရာ
သတ်မှတ်ပြီးတော့ ယာဉ်ရပ်နားခ၊ ကားပါကင်ကြေး
ကောက်ခံခဲ့ပါ တယ်။

ကားပါကင်ကြေးကောက်ခံတာတွေကို ပုဂ္ဂလိကပေးလိုက်တာ
ကြောင့် သည်ကားပါကင်ကြေး ကောက်ခံတာက နောက်ပိုင်းမှာ
စနစ်တကျမဖြစ်တော့ဘဲနဲ့ အဆင့်ဆင့် ဆပ်ကန်ထရိုက်
ပေးတာကြောင့် နောက်ပိုင်းယာဉ်ရပ်နားခ ကောက်ခံတဲ့စနစ်
ကိုပါ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

(မေသော်တာမောင်၊ အေးအေးအောင်)

credit - Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment