"မြန်မာ့အိမ်၊ ခြံ၊ မြေ ဦးမော့ချိန်"
နိုင်ငံရေး အပြောင်းအလဲကြောင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ
အရှိန်အဟုန်ဖြင့် ဈေးကွက်လှုပ်ခတ်ခဲ့သော မြန်မာ့ အိမ်၊ ခြံ၊
မြေဈေးကွက်သည် သုံးနှစ်အကြာတွင် ပူဖောင်းပေါက်သည်
ဟု အဆိုရှိသလို ပူဖောင်းလေလျော့သွားသည်ဟု
ဆိုသူလည်း ရှိခဲ့သည်။
သေချာသည်မှာ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးကွက် အရှိန်တန့်
သွားရုံမက ဈေးနှုန်းများလည်း နေရာဒေသပေါ် မူတည်ကာ
ကျဆင်းသွားသည်။
* လူနေထူထပ်ပြီး ရေ၊မီး၊လမ်းကဲ့သို့ အခြေခံအဆောက်အဦ
များ ရှိနှင့်ပြီးသော နေရာတစ်ဝိုက် မြေဈေးမှာမူ ဟုတ်တိ
ပတ်တိ ဈေးကျဆင်းခြင်း မရှိဘဲ လူနေနည်းပါးသော၊
အခြေခံအဆောက်အဦ လိုအပ်ချက်ရှိသော နေရာဒေသများ
ရှိ မြေဈေးများသာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ
ကျဆင်းသွားကြောင်း * အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ဈေးကွက်
အတွင်းမှ စုံစမ်းသိရှိရသည်။
လူနေအိမ်၊ တိုက်ခန်းအရောင်း ဈေးကွက်ခေတ်ကောင်းချိန်က
မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးမှာ ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင်
သည်အထိ ဖြစ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းမှ
စတင်ကာ အရောင်းဈေးကွက် ကျဆင်းသွားခဲ့သည်။
အိမ်၊ ခြံ၊ မြေလုပ်ငန်းကို အဓိက စီးပွားရေးနယ်ပယ်အဖြစ်
လုပ်ကိုင်သည့် စတော့အိတ်ချိန်း စာရင်းဝင် FMI ကုမ္ပဏီ၏
ဝင်ငွေရလမ်းနှင့် အမြတ်ရရှိမှုကို ကြည့်လျှင် ၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်တွင် ကုမ္ပဏီတစ်ခုလုံး အမြတ်ရရှိမှု စုစုပေါင်း၏
၈၀ ရာခိုင်နှုန်းကို အိမ်ရာမြေ ဖော်ထုတ်တည်ဆောက်ရေးမှ
ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ
ထိုကဏ္ဍမှ ဝင်ငွေရရှိမှုနှင့် အမြတ်ငွေ ကျဆင်းသွားသည်။
ယင်းကုမ္ပဏီ၏ လက်ရှိ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ဝက်
စာရင်း မစစ်ရသေးသော အစီရင်ခံစာအရ အိမ်ရာမြေ
ဖော်ထုတ်တည်ဆောက်ရေးမှ ဝင်ငွေမှာ ကုမ္ပဏီ တစ်ခုလုံး
စုစုပေါင်းဝင်ငွေ၏ ၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့ခြင်း
သည် မြန်မာ့ အိမ်၊ ခြံ၊ မြေ၏ လက်ရှိအနေအထားကို
တစ်စိတ်တစ်ပိုင်း ညွှန်ပြနေခြင်း ဖြစ်သည်။
“မြို့တွင်းခြောက်မြို့နယ်မှာ တိုက်ခန်းအရောင်းဈေးတွေ
၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။
အခုတော့ အရောင်းဈေးကွက်က ဒီလပိုင်းမှာ နည်းနည်းလေး
ပြန်သွက်လာတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ
လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်
ဦးခင်မောင်အေးက ဆိုသည်။
အရပ်သားအစိုးရ တက်လာသည့် ၂၀၁၆ ခုနှစ် ဧပြီလ
နောက်ပိုင်းမှ စတင်ကာ အေးစက်စက် မြန်မာ့အိမ်၊ ခြံ၊ မြေ
ဈေးကွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာမည်ဟု
လုပ်ငန်းရှင် အများစု မျှော်လင့်ခဲ့သော်လည်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒ အပြောင်းအလဲက
ထိုမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်သည်။
ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ရန် မူအားဖြင့် ခွင့်ပြုထား
သော အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ၏ လုပ်ငန်း
လည်ပတ်မှုကို ရပ်တန့်ကာ မြို့တော်အင်္ဂါရပ်နှင့် ညီ၊ မညီ
စစ်ဆေးခြင်းနှင့် အထပ်လျှော့ချခြင်း၊ ပြန်လည်ပြင်ဆင်
စေခြင်းတို့ကြောင့် ရင်းနှီးတည်ဆောက်သူများ
လက်တွန့်သွားကြသည်။
ထိုမူဝါဒ အပြောင်းအလဲ ပြုလုပ်ပြီး နောက်ပိုင်းမှသာ
ယခင်ခွင့်ပြုထားသည့် မူအတိုင်း ဆောက်လုပ်ဆဲ စီမံကိန်း
များကို ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပြန်သည်။
ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မူဝါဒ မသေချာ မရေရာမှုများ
သည် ရင်းနှီးမြှုပ်နှံသူများကို နောက်တွန့်သွားစေပြီး
ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့်စေရန်
တွန်းအားပေးသလို ဖြစ်စေသည်။
ထိုအချက်ကပင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု ဇက်ကြိုးကို
ဆွဲလိုက်သလို ဖြစ်စေခဲ့ပြီး လက်ရှိအစိုးရ၏ ဆယ်လအကြာ
စီးပွားရေးစွမ်းဆောင်ရည်မှာ အားရစရာ မရှိဖြစ်ခဲ့ရသည်။
လက်ရှိဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
နှုန်းမှာလည်း ယခင်က ခန့်မှန်းထားသော ၈ ရာခိုင်နှုန်းမှ
သည် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခဲ့ရ
ကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော
ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor
အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ
၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင်
- အစား အစာကဏ္ဍ ထုတ်လုပ်မှု ကျဆင်းခြင်း၊
- ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ဈေးနှုန်း
ကျဆင်းခြင်းနှင့်
- ဆောက်လုပ်ရေးကဏ္ဍ ကျဆင်းမှုများကြောင့်
တိုးတက်မှုနှုန်း ကျဆင်းလာရကြောင်း အဆိုပါ
အစီရင်ခံစာတွင် သုံးသပ်ထားသည်။
* လက်ရှိအစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်၊ ရင်းနှီးမြှုပ်နှံမှု
မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တို့ကြောင့် ၂၀၁၆ ခုနှစ်
နှစ်ကုန်ပိုင်းမှ စတင်ကာ ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်လာသည်။ *
ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာခြင်းသည်
အေးစက်နေသော မြန်မာ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို
ပြန်လည်လှုပ်ခတ်လာစေသည်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး အိမ်၊ ခြံ၊ မြေ ဈေးကွက်က
ပြန်လှုပ်လာတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း
ဝင်လာပြီ။ ဒီအစိုးရအပေါ် ယုံကြည်မှုကလည်း ပိုများတဲ့
အတွက် နောက်ကိုလည်း အလုံးအရင်းနဲ့ ဝင်လာဖို့
ရှိတယ်” ဟု iMyanmarHouse com မှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။
* နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်လာတိုင်း ရုံးခန်း၊
မြေနေရာ၊ တိုက်ခန်းအတွက် အသုံးပြုရမှု ပျမ်းမျှ
၃၀ ရာခိုင်နှုန်းခန့်ရှိရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်များ
ပိုမိုဝင်ရောက်လာသည်နှင့်အမျှ မြန်မာ့အိမ်၊ ခြံ၊ မြေ
ဈေးကွက်လည်း ပြန်လည်ဦးမော့လာမည် ဖြစ်ကြောင်း *
၎င်းက ဆိုသည်။
-----
"၂၀၁၇ အလွန် မြန်မာ့အိမ်၊ ခြံ၊ မြေ"
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ ဈေးကွက်ပြန်သွက်လာ
သော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ လာမည့်နှစ်များတွင်
ယခုထက် ပိုမိုကောင်းမွန်လာမည့် အခြေအနေများ
ရှိကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက
အကောင်းမြင် သုံးသပ်ကြသည်။
“အငှားဈေးကွက်ကတော့ ပုံမှန်အတိုင်း မဖြစ်မနေ ငှားနေရ
သူတွေ ရှိတော့ ဈေးကွက်မအေးသွားဘူး။ အရောင်း
ဈေးကွက်က နောက်ပိုင်းမှာ ပြန်သွက်လာဖို့ ရှိတယ်။
မြို့တွင်းခြောက်မြို့နယ်မှာတော့ မြေဈေးက အတက်ပဲ
ရှိနေမှာပါ” ဟု ဦးခင်မောင်အေးက ဆိုသည်။
ဈေးကွက်ကျဆင်းနေမှုမှ ပြန်လည်ဦးမော့ချိန်တွင် မြေဈေးမှာ
ဆက်လက်အတက်ပြနိုင်သော်လည်း နေအိမ်၊ တိုက်ခန်း
ဈေးများမှာမူ အသစ်ပေါ်ထွက်လာမည့် အိမ်ရာစီမံကိန်းများ
ရှိနေရာ လုပ်ငန်းရှင်များ၏ အပြိုင်အဆိုင် ဈေးနှုန်းယှဉ်ပြိုင်
ရောင်းချခြင်းကြောင့် နေအိမ်၊ တိုက်ခန်းဈေးများ ကျဆင်း
လာနိုင်ကြောင်း ဦးနေမင်းသူက ဆိုသည်။
ဥပမာအားဖြင့် မြန်မာ့အိမ်၊ ခြံ၊ မြေဈေးကွက် ခေတ်ကောင်း
ချိန်က ငါးလွှာတိုက်ခန်း တစ်ခန်းဈေးနှုန်းမှာ ကျပ်သိန်း ၄၀၀
အထိ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကျပ်သိန်း ၃၀၀
ဝန်းကျင်သာ ရှိကြောင်း ကြည့်မြင်တိုင်မြို့နယ် အိုးဘို
ရပ်ကွက်ရှိ အိမ်ပိုင်ရှင် ဦးကြည်မောင်က ဆိုသည်။
မြေဈေးမှာလည်း ၂၀၁၃ ခုနှစ်အထိ ဈေးကောင်းခဲ့ပြီး
ထိုစဉ်က လူနေနည်းပါးသော အရှေ့ဒဂုံ၊ တောင်ဒဂုံ
မြို့နယ်တို့ရှိ ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်လျှင်
ကျပ်သိန်း ၃၀၀ ကျော်အထိ ဈေးပေါက်ခဲ့သော်လည်း
လက်ရှိအချိန်တွင် ကျပ်သိန်း ၁၅၀ မှ ၁၈၀ ဝန်းကျင်သာ ရှိ
တော့ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြေကွက်ပွဲစားများထံ
မှ စုံစမ်းသိရှိရသည်။
* လူနေအိမ်ရာနှင့် ဈေးနှုန်းမြင့်သည့် ကွန်ဒိုတိုက်ခန်းဈေးများ
ကျဆင်းနိုင်ချေ ရှိသော်လည်း တစ်ဖက်တွင် ဆောက်လုပ်ရေး
လုပ်ငန်းသုံး ကုန်ကျစရိတ် ကြီးမြင့်မှုက အတားအဆီးသဖွယ်
ဖြစ်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက
ဆောက်လုပ်ရေးလုပ်ငန်သုံး ကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်း
ခန့် ပိုများကြောင်း * အိမ်ခြံမြေ သုတေသနအဖွဲ့
Colliers International Myanmar ၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း
အများစုကို ပြည်ပမှ မှာတင်သွင်းနေရသည့်အတွက်
ဒေါ်လာငွေလဲနှုန်း၏ ရိုက်ခတ်မှုကလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်ရာတွင်
ကျပ်ငွေတန်ဖိုး ကျဆင်းမှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း
အတွင်း ရှိခဲ့သည့်အတွက် မြန်မာ့အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ
နိုင်ငံတကာဈေးကွက်များနှင့်ယှဉ်လျှင် မတန်တဆ
မြင့်မားလျက် ရှိသည်။
ဈေးကွက်စနစ်တကျ လည်ပတ်နိုင်စေရန်နှင့် နိုင်ငံခြားသား
နေအိမ်၊ တိုက်ခန်း ပိုင်ဆိုင်မှုအတွက် အဓိက လိုအပ်နေမှု
တစ်ချက်မှာ ခေတ်နှင့်လျော်ညီသော ဥပဒေမူဘောင်များ
ပြင်ဆင်ပြဋ္ဌာန်းပေးရန် ဖြစ်သည်။
လက်ရှိအချိန်တွင် ကွန်ဒိုဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်သော်
လည်း ထိုဥပဒေကို အသက်သွင်းပေးမည့် နည်းဥပဒေ
မထွက်လာသည့်အတွက် နိုင်ငံခြားသား နေအိမ်၊ တိုက်ခန်း
ပိုင်ဆိုင်မှုမှာလည်း တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
“လောလောဆယ် နည်းဥပဒေက မထွက်သေးတော့
နိုင်ငံခြားသား ပိုင်ဆိုင်မှုက မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့လည်း
တချို့လည်း ဝယ်နေကြတာတွေ့ကြားရတယ်၊ ကြားခံထားပြီး
ဝယ်သလား၊ ဘယ်လိုလုပ်သလဲတော့ သေချာမသိဘူး” ဟု
ဦးခင်မောင်အေးက ဆိုသည်။
ထိုသို့ အတားအဆီးများ ရှိနေသော်လည်း ယခုနှစ်သည်
မြန်မာ့အိမ်၊ ခြံ၊ မြေ ဈေးကွက် ပြန်လည်ဦးမော့ချိန်
ဖြစ်ရမည်ဟု လုပ်ငန်းရှင်များက မျှော်မှန်းထားကြသည်။
ယခုနှစ်အတွင်း တည်ဆောက်ပြီးစီးမည့် စီမံကိန်းပေါင်း
၃၀ ခန့်ရှိပြီး ရန်ကုန်မြို့တော်တွင် အကြီးစား ရင်းနှီးမြှုပ်နှံမှု
အဖြစ်
- အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျမည့် Times City၊
- အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျမည့်
LOTTE Hotel Yangon နှင့်
- အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကုန်ကျမည့် ကန်သာယာ
စင်တာတို့မှာ ယခုနှစ်အတွင်း အပြီးတည်ဆောက်မည့်
စီမံကိန်းများ ဖြစ်သည်။ ဟိုတယ်၊ လူနေရုံးခန်း၊ ဈေးဝယ်
စင်တာနှင့် အိမ်ရာများ ပါဝင်သည့် ဘက်စုံတည်ဆောက်ရေး
စီမံကိန်းများအဖြစ် အကောင်ထည်ဖော်သွားကြမည်
ဖြစ်သည်။
*** ကမ္ဘာပေါ်တွင် အခိုင်မာဆုံး ပိုင်ဆိုင်မှုဟု
သတ်မှတ်ထားသော မြေပိုင်ဆိုင်မှုသည် အချိန်ရွေ့လျားမှု၊
မြို့ပြဖြစ်ထွန်းမှုနှင့်အတူ ဈေးနှုန်းတရိပ်ရိပ် တက်ရန်သာ
ရှိသည့်အတွက် လာမည့်နှစ်များတွင်လည်း မြေဈေးမှာ
အတက်တွင်သာ ရှိနေမည် ဖြစ်ကြောင်း ***
အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ယုံကြည်ကြခြင်း ဖြစ်သည်။
နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံ ဈေးကွက်မှာ နှစ်ရှည်
ချေးငွေနှင့် အရစ်ကျ ဝယ်ယူစနစ်များကြောင့် ယခုနှစ်မှ
စတင်ကာ လာမည့်နှစ်များအတွင်း ပြန်သွက်လာမည်
ဖြစ်ကြောင်း ဦးနေမင်းသူက ဆိုသည်။
လက်တလောတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်က ရှစ်နှစ်အထိ အများဆုံး နှစ်ရှည်ချေးငွေ
ထုတ်ချေးကာ အိမ်ရာဝယ်ယူခွင့် ပြုထားပြီး ပုဂ္ဂလိက
ဘဏ်ကြီး အချို့တွင်လည်း အရစ်ကျစနစ်ဖြင့် အိမ်ခန်း၊
တိုက်ခန်း ဝယ်ယူခွင့် အနည်းငယ် ရရှိလာပြီ ဖြစ်သည်။
“နိုင်ငံတကာမှာတော့ နှစ် ၃၀၊ ၃၅ နှစ် နှစ်ရှည်ချေးပြီး
ဝယ်နိုင်တယ်။ စင်ကာပူမှာဆိုရင် အိမ်ပိုင်ဆိုင်သူ
၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒီမှာလည်း အဲဒီလို
နှစ်ရှည်ချေးငွေ ရလာပြီဆိုရင် အိမ်ခြံမြေဈေးကွက်က
အများကြီး ပြောင်းလဲသွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအစိုးရ၏ အိမ်ရာဖော်ထုတ်မှု ငါးနှစ်စီမံကိန်းတွင်
အခန်းပေါင်း နှစ်သန်းနီးပါး ထုတ်ဖော်သွားရန်ရှိပြီး
နှစ်ရှည်ချေးငွေ ဝန်ဆောင်မှု ကျယ်ကျယ်ပြန့်ပြန့်
ပေးဆောင်နိုင်ရန် လုပ်ဆောင်နေမှုများသည် မြန်မာ့အိမ်၊
ခြံ၊ မြေ ဈေးကွက်၏ လင်းရောင်ခြည် ဖြစ်လာနိုင်မည်လား
စောင့်ကြည့်ရမည်ဖြစ်သည်။
“အခုက အိမ်ခန်း၊ ရုံးခန်း အငှားချပြီး ထိုင်စားနေသူ
အများကြီးပဲ။ တိုင်းပြည်အတွက် ထုတ်လုပ်နိုင်စွမ်းတွေ
အလဟဿ ဖြစ်တာပေါ့” ဟု ဖွံ့ဖြိုးမှုဘွဲ့ရ ဦးစောဝဏ္ဏက
ပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ယခုမှ အစပျိုးချိန်
ပြန်ရောက်လာခြင်း ဖြစ်ပြီး အနာဂတ် အလားအလာ
အလင်းရောင် ပြန်တွေ့ရသည့် သဘော ဖြစ်ကြောင်း
ဦးခင်မောင်အေးက ဆိုလေသည်။
အအေးခန်းရောက်ပြီး သုံးနှစ်အကြာ မြန်မာ့ အိမ်၊ ခြံ၊ မြေ
ဦးမော့ချိန် တန်ပြီလော။
(စစ်ငြိမ်းသူ)
credit - The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment