Tuesday, February 28, 2017

“မြေဈေး တကယ် ကျမှာလားနှင့် မြို့သစ်ဈေးကွက် အခြေအနေ”

“မြေဈေး တကယ် ကျမှာလားနှင့် မြို့သစ်ဈေးကွက်
အခြေအနေ”


၁။ "အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေဈေးနှုန်းတွေ
အမှန်တကယ် ကျမှာလား"

အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် တဖြည်းဖြည်း
ထိန်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးပမ်းမည်ဟု
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ဒုတိယသမ္မတနှင့် စီးပွားရေး
လုပ်ငန်းရှင်များတွေ့ဆုံခဲ့သည့်ပွဲတွင်
၎င်းက ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

''ဒါကို ပွင့်ပွင့်လင်းလင်းအသိပေးပါရစေ။
ဘယ်လိုလဲဆိုတော့ မြေအပေါ်မှာ မျှော်လင့်ချက်ဖြစ်နေမှာကို
ကျွန်တော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေတန်ဖိုး
ရန်ကုန်မှာတဖြည်းဖြည်း ထိန်းနိုင်အောင် ကြိုးပမ်းသွားပါ့မယ်''
ဟု ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်မှ
၂ဝ၁၂ ခုနှစ်အတွင်း အိမ်ခြံမြေလောက၏ ရွှေခေတ်ဟု
တင်စားခေါ်နိုင်သည်အထိ အိမ်ခြံမြေအရောင်းအဝယ်များ
ကောင်းခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံး အနေအထား
များထိ ရောက်ရှိခဲ့သည်။

အိမ်ခြံမြေလုပ်ငန်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံနိုင်သည့်
မြို့တော်ကြီးများတွင်အိမ်ခြံမြေအရောင်းအဝယ်များ ပိုဖြစ်ကာ
အထူးသဖြင့် အစိုးရနှင့် ပုဂ္ဂလိကဖွံ့ဖြိုးရေးစီမံကိန်းများရှိသည့်
ရန်ကုန်မြို့တွင် မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုများပိုများခဲ့သည်။
ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်၊ အငှားများ စုံလင်စွာဖြင့်
ဝယ်လိုအားများ မြင့်တက်ခဲ့ကာ ဈေးနှုန်းများမှာလည်း
အဆမတန် မြင့်ခဲ့သည်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် အစိုးရ၏ စီမံကိန်းနေရာ
များသည် စီမံကိန်းစတင်မည်ဟုသတင်းထွက်ပေါ်သည့်
အချိန်များကပင် မြေကစားသူများကြောင့် ယင်းနေရာရှိ
မြေယာတန်ဖိုးများမှာ အလွန်ကွာဟသည့် ဈေးနှုန်း
အတက်အကျများ ဖြစ်ပေါ်ခဲ့သည်။

ထိုအခြေအနေများသည် နိုင်ငံစီးပွားရေး တိုးတက်မှု
အခြေအနေနှင့် နှိုင်းယှဉ်လျှင်ကောင်းမွန်သည့် စီးပွားရေး
တိုးတက်မှုနှုန်းတစ်ခုမဟုတ်ဘဲ ဈေးကွက်အနေအထားပေါ်
လိုက်၍ အပြောင်းအလဲ အတက်အကျနှင့် ဈေးကစားမှု
များစွာ ပါဝင်နေသည့်အတွက်ရေရှည်တည်တံ့သည့်
စီးပွားရေးတိုးတက်မှု မဟုတ်ဟု လုပ်ငန်းရှင်များက
ဆိုကြသည်။

ယင်းဖြစ်စဉ်များနှင့်အတူ လုပ်ငန်းအလွန် ကောင်းခဲ့သည့်
အိမ်ခြံမြေဈေးကွက်သည်ဆက်လက်ကောင်းမွန်မနေဘဲ
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ
ဈေးကွက်အတွင်း အရောင်းအဝယ်များ မရှိသလောက်
အထိ နည်းလာခဲ့သည်။

သို့သော် အိမ်ခြံမြေဈေးနှုန်းများမှာမူ ယခင်အမြင့်ဆုံး
အခြေအနေတွင် ရှိနေသည့်အတိုင်း
ငြိမ်သက်နေဆဲဖြစ်သည်။

ထိုကဲ့သို့သော ယခင်က ရှိနှင့်ခဲ့သည့် အမြင့်ဆုံးဈေးနှုန်းများ    
နှင့် အိမ်ခြံမြေဈေးကွက်ကိုဈေးနှုန်းများ တဖြည်းဖြည်း
ထိန်းနိုင်ရန် လုပ်ဆောင်မည်ဆိုသော ရန်ကုန်တိုင်း
ဝန်ကြီးချုပ်ပြောဆိုခဲ့သည့်အချက်အပေါ် မည်ကဲ့သို့ ပုံစံမျိုး
ဖြင့် ပြုလုပ်မည်ကို အိမ်ခြံမြေအကျိုးဆောင်များက
စိတ်ဝင်စားမှုရှိနေကြသည်။

''ဘယ်လိုပုံစံနဲ့လုပ်မှာလဲဆိုတာ စိတ်ဝင်စားတယ်။
ကျွန်တော်တို့လို အိမ်ခြံမြေအကျိုးဆောင်လုပ်တဲ့သူတွေ
ကလည်း ပုံမှန်လေး အရောင်းအဝယ်ဖြစ်နေတာကို လိုချင်
ကြတယ်။
သူကဈေးကျမယ်၊ ဈေးကိုဆွဲချမယ် အများကြီး
မမျှော်လင့်နဲ့ဆိုတာက ဘယ်လိုနည်းဗျူဟာချမှတ်မလဲ
ဆိုတာကိုတော့ စိတ်ဝင်စားကြတယ်။
လက်ရှိအရောင်းအဝယ်ကတော့ထုံစံအတိုင်း အေးလာရာ
ကနေ အရမ်းထူးထူးခြားခြား တက်တာမရှိဘဲ
အရောင်းအဝယ်မဖြစ်တဲ့အချိန် အငှားတွေကတော့
ပုံမှန်ဖြစ်နေတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ
ကိုဟိန်းဇံက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများ၊ မြေတန်ဖိုးများ ကျဆင်းရန်မှာ
နိုင်ငံတော်အနေဖြင့် လက်ရှိနေရာထိုင်ခင်း လိုအပ်ချက်ကို
အနိမ့်ဆုံးတန်ဖိုး၊ ဈေးနှုန်းတို့ဖြင့် ဖန်တီးပေးနိုင်မှသာ
ဖြစ်နိုင်ကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်က
ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကိုပြောသည်။

''ဖြစ်သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အများကြီး ဈေးချဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး။
ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်တာနဲ့ ရှိသင့်ရှိထိုက်တဲ့
အိမ်ရာဖွံ့ဖြိုးမှုတွေမရှိသေးတာကျတော့ လုပ်မပေးနိုင်တဲ့
အချိန်အတွင်းတော့ အိမ်ခြံမြေဈေးဆိုတာကတော့
ကျဖို့သိပ်မလွယ်ပါဘူး။
ကျတော့ ကျမယ် အဆုံးထိကျဖို့ သိပ်မလွယ်ပါဘူး။
အိုးမဲ့အိမ်မဲ့တွေ၊အိမ်ခြေရာမဲ့တွေ မြို့ရဲ့ရာခိုင်နှုန်း
တော်တော်များများက အိမ်ငှားဘဝနဲ့ အိမ်မဲ့ဘဝတွေက
ရှိနေတာဆိုတော့ အဲဒီအပေါ်မှာ အစိုးရက စီမံကိန်းတစ်ခုခု
အနည်းဆုံးထိအောင် ချပေးနိုင်မှသာလျှင် အိမ်ခြံမြေဈေးက
ကျမယ်ဆိုတာ ဖြစ်နိုင်သေးတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ပါးစပ်ပြော ပုံစံမျိုး ဘာမှမလုပ်ဘဲနဲ့
ဆိုရင်တော့ မကျနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။

ထိုသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရန်အတွက် အစိုးရက
အိမ်ရာလိုအပ်ချက်များကိုများစွာဖြည့်ဆည်းပေးရန် လိုအပ်
သလို မြို့သစ်များကိုဖော်ဆောင်ကာ မူလနေရာဟောင်းများ
ထက်သက်သာသည့် မြေဈေးနှုန်းများဖြင့် နေရာသစ်များ
ဖန်တီးပေးခြင်းများကလည်း အိမ်ခြံမြေဈေးများ
ကျနိုင်ကြောင်း ကိုဟိန်းဇံက ပြောသည်။

''မြို့သစ်စီမံကိန်းတွေက တကယ်တမ်း ဖွံ့ဖြိုးလာလို့၊
သွားလို့လာလို့ တကယ်လွယ်လို့ မြို့သစ်ကမြေတွေကို
အရင်နေရာတွေက မြေတွေထက် လျှော့ရောင်းတာတွေ
ရှိရင်ပေါ့၊
လူတွေကတော့ အဲဒီဘက်ကို ဝယ်ရင်ဝယ်ကြမှာပေါ့။
အဲဒီလိုနည်းနဲ့ ဒီဘက်အခြမ်းက ဈေးတွေကိုကျအောင်
လုပ်မလားပေါ့။
ဥပမာ အရင်မြို့နယ်တွေက မြေဈေးတွေက သိန်း ၁,ဝဝဝ
ဖြစ်နေတဲ့အချိန်မှာ မြို့သစ်မှာ မြေဈေးသိန်း ၅ဝဝ
လောက်နဲ့ အခြေခံအဆောက်အအုံကလည်း ကောင်းမယ်၊
နေထိုင်လို့ အဆင်ပြေမယ်ဆို၊ သွားရေးလာရေးလွယ်မယ်
ဆို အရင်နေရာကမြေဈေးတွေကလည်းဘာဖြစ်ဖြစ်
လျှော့ရောင်းကြမှာပဲ။
အဲဒီလိုနည်းတွေနဲ့ လုပ်ရင်တော့ ကျမလားလို့
ထင်မိတာပါပဲ''ဟု ၄င်းက ပြောသည်။

သို့သော် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းသည် အိမ်ခြံမြေ
ဈေးကွက် ငြိမ်သက်ကျဆင်းနေသည့်အချိန်မှ လက်ရှိ
အနေအထားထိ ဈေးနှုန်းမှာမှု သိသာစွာ ထိုးဆင်းကျဆင်း
သွားခြင်းမရှိဘဲတောင့်ခံငြိမ်သက်နေသေးသည့်
အနေအထားတွင်သာ ရှိနေသည်။

ယင်းကဲ့သို့ဖြစ်နေရခြင်းများသည် ယခင်အိမ်ခြံမြေ
ခေတ်ကောင်းခဲ့သည့်အချိန်များတွင်ရင်းနှီးမြှုပ်နှံသူ
အများစုက ပိုလျှံငွေကြေးများဖြင့် ဈေးကစားမှုများကြောင့်
ဖြစ်ကြောင်း၊
ငွေဖြူငွေမည်း ခဝါချရန်အတွက် ငွေမည်းစီးဆင်းမှုများ
အားကောင်းခဲ့ခြင်းတို့ကြောင့် လက်ရှိတွင်အိမ်ခြံမြေ
အရောင်းအဝယ်များ ငြိမ်သက်နေသော်လည်း ဈေးချကာ
မရောင်းချင်ကြကြောင်း ကိုဟိန်းဇံက ပြောသည်။

''များသောအားဖြင့်က အိမ်ဝယ်၊ မြေဝယ်တဲ့သူတွေက
ဥပမာ ၁ဝ ယောက်ရှိလို့ရှိရင်ကိုးယောက်က ငွေပိုလို့
ဝယ်ထားတဲ့သူတွေများတယ်။
အဲဒီလိုလူတွေဖြစ်တဲ့အတွက် တကယ်တမ်းအိမ်ခြံမြေ
ဈေးကွက် ကျသွားတာဖြစ်ပေမဲ့လည်း သိပ်လျှော့
ရောင်းဦးမှာ မဟုတ်သေးဘူး။
ပြီးတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေတန်ဖိုးကိုက မြင့်ပြီး
ဒီထဲကို စီးဝင်လာတဲ့ ငွေမည်းတွေကလည်းတော်တော်များ
ခဲ့တာဆိုတော့ အဲဒီပေါ်မှာပဲ ငွေတန်ဖိုးတွေက
အရမ်းတက်ပြီး လျှော့ရောင်းဖို့ဆိုတာ တော်တော်ကြီး
ခက်သွားတာ'' ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ မြေတန်ဖိုးများ ကြီးမြင့်နေရခြင်းသည် မြေယာ၊
အိမ်ရာ လုံလောက်စွာလက်တွေ့ရရှိမှုမှာ လိုအပ်ချက်ထက်
လျော့နည်းနေသည့်အတွက် တန်ဖိုးများ ကြီးမြင့်နေရခြင်း
ဖြစ်သည်ဟုအိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။

မည်သို့ပင်ဖြစ်စေ ယနေ့အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထား
သူများမှာ အိမ်ခြံမြေဈေးကွက်မကောင်းသော်လည်း
၎င်းတို့၏ မြှုပ်နှံထားသည့် အိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်းများကို
ရှေ့လာမည့်နိုင်ငံစီးပွားရေးအခြေအနေ၊ နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှုများကို မျှော်လင့်ကာ အိမ်ခြံမြေဈေးကွက်တစ်ဖန်
ပြန်ကောင်း လာမည်ဟု မျှော်လင့်ချက်ဖြင့် ဈေးကိုင်ကာ
စောင့်နေကြကြောင်း အကျိုးဆောင်လုပ်သူများက
ပြောသည်။

''ပြည်တွင်းငြိမ်းချမ်းရေးရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
ဝင်လာရင် ဈေးကွက်ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်
က အိမ်ခြံမြေ ဝယ်ထားတဲ့သူတိုင်းမှာ ရှိနေကြတယ်။
အရောင်းအဝယ်သွက်လာမယ်၊ငွေပြန်ပေါ်လာမယ်လို့
မှန်းထားတဲ့အတွက် တော်ရုံတန်ရုံ ငွေမလိုတဲ့သူက
သူတို့အိမ်ခြံမြေကို ဈေးချပြီးတော့ ရောင်းမှာမဟုတ်ဘူး''ဟု
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

(မြတ်ငြိမ်းအေး)

***

၂။ "အကောင်ထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းဒေသ
များ အိမ်ခြံမြေဈေးကွက် အေးသော်လည်း ဈေးတက်ဟု ဆို"

ယခု ဖေဖော်ဝါရီလကုန်တွင် အကောင်အထည်ဖော်မည့်
ရန်ကုန်မြို့သစ်စီမံကိန်း တည်ရှိရာဒေသများတွင် အိမ်ခြံမြေ
ဈေးကွက် အရောင်းအဝယ်အေးနေသော်လည်း အနည်းငယ်
ဈေးတက်နေကြောင်း  အိမ်ခြံမြေအကျိုးဆောင်အချို့က
မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဒေသအနီးရှိ ကံရွာမှ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ၁၀ နှစ်ကြာ လုပ်ကိုင်
လာသူ ကိုခင်ဇော်က  ဈေးတက်ရန် အလားအလား
ရှိနိုင်ကြောင်း ပြောသည်။

“ဈေးက သတ်မှတ်ထားတဲ့အတိုင်းဆို တက်ဖို့ အလား
အလာတော့ရှိတာပေါ့။ သတ်မှတ်ချက်ကတော့ တိတိကျကျ
ပြောလို့မရဘူး။ ၂၀၀ ၀န်းကျင် သတ်မှတ်ထားတာလေ။
အရောင်းအ၀ယ်ဖြစ်နေတာကတော့ ၁၉၀၊ ၂၀၀ ၀န်းကျင်
တွေပဲ ဖြစ်နေတာ” ဟု ကိုခင်ဇော်က ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က  ယင်းစီမံကိန်းနှင့် ပတ်သတ်ပြီး
မြေတန်ဖိုးတက်လာနိုင်ဖွယ်မရှိကြောင်း၊ မြေတန်ဖိုးလျော့နည်း
လာအောင် တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်နေကြောင်း
ဖေဖော်ဝါရီလ ၁၈  ရက်နေ့က UMFCCI ၌ ကျင်းပခဲ့သော
ဆွေးနွေးပွဲတွင် ပြောထားပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းကို  ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီး
ခနောင်တို့ မြို့နယ်များတွင် တည်ဆောက်သွားရန်
လျာထားခြင်း ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်
မြို့နယ် တစ်ဘက်ကမ်းတွင် ယခု ဖေဖော်ဝါရီလကုန်တွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်မည်
ဖြစ်သည်။

* အရောင်းအ၀ယ်အေးကာ ဈေးတက်နေသော်လည်း
ရောင်းမည့်သူ ရှားပါးနေသည် * ဟု တွံတေးမှ အိမ်ခြံမြေလုပ်ငန်း
လုပ်ကိုင်သူတစ်ဦးဖြစ်သူ ဦးအောင်သိုက်ထွဋ် က ပြောသည်။

"ပြီးခဲ့တဲ့ တစ်လ၊ နှစ်လ အတွင်းမှာတော့ ကွာခြားမှုမရှိဘူး။
ပြောရမယ်ဆိုရင် ၂၀၁၄၊ ၂၀၁၅ လောက်က ဈေးကွက်
အတိုင်းပဲ။ သိပ်ပြီးတော့ အဝယ်မလိုက်သလို သိပ်ပြီးတော့
ရောင်းမယ့်လူလည်း ရှားပါးပါတယ်" ဟု တွံတေးမှ အိမ်ခြံမြေ
လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်သိုက်ထွဋ် က
လက်ရှိအခြေအနေကို  ပြောသည်။

ယခုပြုလုပ်မည့်  ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်စည်ပင်
သာယာရေးကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း
ဖြစ်ပြီး ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် အပါဝင်
မြို့သစ် ၇ ခု ပါဝင်သည်။

(မျိုးပြည့်သင်း)

credit - The Myanmar Times & Mizzima

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
----------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment