“စတင်တော့မည့် မြို့သစ်နှင့် မြေဈေးကျရန်သာရှိဟု
သတိပေးလိုက်သော ရန်ကုန် ၀န်ကြီးချုပ်”
၁။ "ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေတန်ဖိုးများ
တဖြည်းဖြည်း လျော့ကျသွားအောင် တိုင်းဒေသကြီး
အစိုးရအဖွဲ့က လုပ်ဆောင်နေသဖြင့် မြေအပေါ် မျှော်လင့်ချက်
ဖြစ်နေမည်ကို စိုးရိမ်ကြောင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းအား
ဖေဖော်ဝါရီလကုန် စတင်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား"
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေတန်ဖိုးများ တဖြည်းဖြည်း
လျော့ကျသွားအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က
လုပ်ဆောင်နေသဖြင့် မြေအပေါ် မျှော်လင့်ချက်ထားမည်ကို
စိုးရိမ်ကြောင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းအား ဖေဖော်ဝါရီ
လကုန် စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
“မြေရဲ့တန်ဖိုးကို တဖြည်းဖြည်း ကျသွားအောင် ကျွန်တော်တို့
တိုင်းဒေသကြီးအစိုးရ အနေနဲ့ ဆောင်ရွက်နေတယ်လို့
ပွင့်ပွင့်လင်းလင်း အသိပေးပါရစေ။
မြေအပေါ်မှာ မျှော်လင့်ချက်ဖြစ်နေမှာကို
ကျွန်တော် စိုးရိမ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြေတန်ဖိုးက ရန်ကုန်တိုင်းဒေသကြီး
မှာ တဖြည်းဖြည်း ထိန်းနိုင်သွားအောင် ကျွန်တော်တို့က
လုပ်ဆောင်သွားမှာဖြစ်လို့ပါ” ဟု ဦးဖြိုးမင်းသိန်းက
ပြောကြားသည်။
ရန်ကုန်မြို့တွင်
- ရေနက်ဆိပ်ကမ်းစီမံကိန်း တစ်ခု၊
- စီးပွားရေးဇုန်တစ်ခု၊
- မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် မြေယူကာ
အခန်းတည်ဆောက်မှုစနစ် Risk ယူကာ တည်ဆောက်ခြင်း
တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ဦးဖြိုးမင်းသိန်းက
သတိပေးထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းစတင်ရန် Developers များနှင့်
ချိတ်ဆက်ထားပြီး အဆိုပါ စီမံကိန်းအတွက် ကုမ္ပဏီများကို
မြေခွဲပေးမည် မဟုတ်ဘဲ နိုင်ငံတကာတွင် တင်ဒါခေါ်ယူခြင်း
များနှင့် အစိုးရက မြေဈေးထိန်းညှိသည့် ပုံစံများနှင့်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက
ပြောကြားထားသည်။
“ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျွန်တော်တို့ ရန်ကုန်မြို့သစ်
စီမံကိန်းနဲ့ ပတ်သက်ပြီး စတင်တော့မှာ ဖြစ်ပါတယ်။
ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ စတင်ဆောင်ရွက်ဖို့
ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေနှင့်
အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် ဘဏ်ကြွေးများ၊
အတိုးများနှင့် လုပ်ငန်းလည်ပတ်နေရကြောင်းနှင့်
ရန်ကုန်မြို့သစ် စီမံကိန်း စတင်ချိန်တွင် လက်ထဲရှိမြေနှင့်
စီမံကိန်းများ အရှုံးပြနိုင်သော်လည်း ရန်ကုန်မြို့သစ်
စီမံကိန်းတွင် ပါဝင်ခွင့်ရရှိကာ အကျိုးအမြတ် ရလာနိုင်ရန်
မျှော်လင့်နေကြသည်ဟု တော်ဝင်ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောကြားသည်။
(ဖြိုးဝေ)
***
၂။ "ရန်ကုန်တွင် မြေဈေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း
ကျရန်သာရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော"
ရန်ကုန်တိုင်းအတွင်း မြေဈေးကျအောင် ဆောင်ရွက်နေခြင်း
ကြောင့် လုပ်ငန်းရှင်များက မြေတန်ဖိုးမြင့်တက်လာနိုင်ခြေ
ရှိသည်ဆိုသော မျှော်လင့်ချက်များမထားရန် ရန်ကုန်တိုင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုသမ္မတနှင့် စီးပွားရေး
လုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ သတိပေး ပြောကြားသည်။
‘‘မြေယာစီမံခန့်ခွဲမှုကို အစိုးရက စနစ်တကျ လုပ်ဆောင်
နေပါတယ်။ မြေတန်ဖိုးတွေကျသွား အောင် တိုင်းအစိုးရ
လုပ်ဆောင် နေတယ်။ လုပ်ငန်းရှင်တွေ မြေအပေါ်မှာ
မျှော်လင့်ချက်တွေရှိနေမှာ စိုးလို့ ပြောပြတာပါ။
မြေတန်ဖိုးက ရန်ကုန်မှာ တဖြည်းဖြည်းကျဆင်း လာဖို့ပဲ
ရှိတယ်’’ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။
ရန်ကုန်မြို့ရှိ အိမ်ရာစီမံကိန်းအဟောင်းများကို အဆင့်
မြှင့်တင်ရန် ဂျပန်အပါအ၀င် နိုင်ငံ ခြားကုမ္ပဏီများနှင့်
ဆွေးနွေးနေခြင်း၊ ရန်ကုန်မြို့အနီးဝန်းကျင်တွင်
အဆောက်အအုံတည် ဆောက်မှုမရှိဘဲ မြေကွက်လွတ်
အတိုင်း ထားရှိသည့် အိမ်ရာစီမံကိန်းများကို အမြန်ဆုံး
လုပ်ဆောင်ရန်ရှိနေသည်ဟု ၀န်ကြီးချုပ်က
ပြောကြားသည်။
အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ရောက်ဈေးကစားမှုများကို
ထိန်းချုပ်ရန် လွှတ်တော်ကလည်း ပိုင်ဆိုင်မှုအခွန်
ကောက်ခံရန် ဥပဒေကို စတင်ရေးဆွဲနေကြောင်း
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်
သုံးသပ်ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောသည်။
‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာမယ်။
ဈေးနှုန်းတွေလည်း ထပ်ကျ လာနိုင်တယ်’’ဟု
မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ
မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကပြောကြားသည်။
ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ခံမှုသည် ပြည်ပတိုင်းပြည်
များတွင် လူတစ်ဦးက နေထိုင်ရန် အိမ်တစ်လုံးထက် ပိုမို
ပိုင်ဆိုင်ပါက ကောက်ခံသည့် အခွန်မျိုးဖြစ်ကြောင်း
စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
လက်ရှိတွင် တန်ဖိုးကြီးအိမ်မြေများအပါအ၀င် အိမ်ခြံမြေ၌
ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေး အင်အားချမ်းသာသူများ
က အများစုဖြစ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဥပဒေကို
အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေကို
လည်း စီးပွားရေး လုပ်ငန်းရှင်အချို့က မျှော်လင့်နေသည်။
အိမ်ခြံမြေအကျိုးဆောင်အ ချို့သည် မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်က မကြာမီပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ဥပဒေကြမ်းအဆင့်အထိ
ရေးဆွဲပြီးသည့် မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေတို့ကြောင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်း၌ စီးပွားရေးလုပ်ရန်
ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြေရှိသဖြင့် ငြိမ်သက်နေသော
အိမ်ခြံမြေ ဈေးကွက် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု
မျှော်မှန်းနေသည်။
(ပြည်သိမ်း)
credit - Eleven Media Group & 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
----------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment