“ပြန်သိမ်းမည် (သို့မဟုတ်) အရေးယူမည်”
၁။ "မန္တလေးစည်ပင် မြေကွက်တွေအပေါ် တင်းကြပ်"
မန္တလေးမြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့ကွက်သစ်
ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့က ချထားပေးခဲ့တဲ့မြေတွေမှာ
သတ်မှတ်ချိန်အတွင်း အဆောက်အအုံမဆောက်ဘဲ
မြေကွက်လပ်အဖြစ် ရှိနေရင် အစိုးရမြေအဖြစ် ပြန်လည်
သိမ်းဆည်းမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကွင်းဆင်းစိစစ်တွေ့ရှိချက်အရ ၀င်းခြံကာရံထားခြင်း၊
အဆောက်အဦးဆောက်လုပ်ထားခြင်းမရှိတဲ့ မြေကွက်လပ်
အကွက်ပေါင်း သုံးထောင် ကျော်ရှိနေတယ်လို့
စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး
ဦးအောင်ကျော်ထွန်းက ပြောပါတယ်။
"အဲဒီမြေတွေအကုန်လုံးက မြို့ကွက်သစ်ဖော်ထုတ်ရေးက
ချထားပေးကတည်းက အဆောက်အဦး ဆောက်လုပ်
နေထိုင်ရန်ဆိုတဲ့ စည်းကမ်းချက်နဲ့ ချထားပေးတာဖြစ်တယ်၊
၂၀၁၃-၁၄ မှာလည်း သုံးကြိမ်ကြေညာထားပြီးသား။
ဒါတွေအခုထိလည်း မလိုက်နာကြဘူး၊ကွင်းဆင်းစစ်တာ
အကွက် သုံးထောင်ကျော်လောက်ရှိတယ်၊ အဓိကကတော့
ဒီမြေကွက်လပ်တွေက မြေ၀ယ်ရောင်းတွေ ပွဲစားတွေ
လက်ထဲမှာ ရောက်နေတယ်၊ ရောက်နေတဲ့အခါကျတော့
ဒါတွေကို အဆောက်အဦးမဆောက်ပဲ အရောင်းအ၀ယ်
အတွက်ပဲ လုပ်နေကြတဲ့အခါကျတော့ ဒါတွေကို
အဆောက်အဦး ဆောက်စေချင်တာပေါ့"
မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းက
မြေဌားဂရန် မလျှောက်ထားရသေးတဲ့ သူတွေအနေနဲ့
အမြန်ဆုံးမြေဌား ဂရန်လျှောက်ထားပြီး (၆) လအတွင်း
အဆောက်အုံ ဆောက်လုပ်ဖို့ ခွင့်ပြုမိန့် ယူရမယ်လို့
ကော်မတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အဆောက်အအုံဆောက်လုပ်ခွင့် ရရှိထားတဲ့
သူတွေအနေနဲ့ (၉) လအတွင်း အကောင်အထည်ဖော်
ဆောင်ရွက်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါရင် အဲဒီ
မြေကွက်လပ်တွေကို အစိုးရမြေအဖြစ် ပြန်လည်
သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
***
၂။ "ပဲခူးဝန်ကြီးချုပ်ဟောင်း အပါအဝင် ဝန်ကြီးအချို့
ရယူထားသော မြေယာများကို ပြန်သိမ်းမည်"
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကန်တော်ကြီးအနီး ယခင်
ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနှင့် ဝန်ကြီးအချို့
အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ရယူထားသော
မြေယာများကို နိုင်ငံတော်က တစ်နှစ်အတွင်း ပြန်လည်
သိမ်းယူမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။
“ကန်တော်ကြီးအနီးက ပုဂ္ဂလိကကို ချထားပေးခဲ့တဲ့ မြေယာ
တွေကို သဘာဝ သစ်တောအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့
အဆိုကို ပြည်သူ့လွှတ်တော် စတုတ္တအကြိမ် ပုံမှန် အစည်း
အဝေးမှာ မေးမြန်းခဲ့တယ်၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး
က ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက
သဘောတူသလို ပြည်သူ့လွှတ်တော်က အကောင်အထည်
ဖော်ပေးဖို့ ဆုံးဖြတ်တဲ့အတွက် ဒီမြေတွေကို တစ်နှစ်အတွင်း
ပြန်သိမ်းမှာပါ”ဟု ၎င်းက ပြောဆိုသည်။
ပဲခူးမြို့ပေါ် ရပ်ကွက်များကို သောက်သုံးရေ ဖြန့်ဖြူးပေးရန်
ကန်တော်ကြီး ရေကန်ကို ရေဝေရေလဲဒေသအဖြစ် မြေဧက
၁၃၈၀ ကျော် ထည့်သွင်းကာ ၁၉၂၄ ခုနှစ်က တည်ဆောက်
ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း လက်ထက်
တွင် ဧက ၇၀ဝ ကျော်ခန့်ကို လူလေးဦးအမည်နှင့် ကုမ္ပဏီ
တစ်ခုကို ပုဂ္ဂလိက ရော်ဘာ စိုက်ခင်းများ ထူထောင်
လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည်။
ကန်တော်ကြီးအနီးရှိ ရော်ဘာ စိုက်ခင်းများမှ စွန့်ပစ်
ပစ္စည်းများ၊ ပိုးသတ် ဆေးအကြွင်းအကျန်များနှင့် ရေဆိုး
ရေညစ်များ စီးဝင်လာသဖြင့် ကန်ထဲရှိရေများ သောက်သုံး
ရန် မသင့်ဟု ဓာတ်ခွဲ စမ်းသပ် စစ်ဆေးချက်များအရ
သိရကြောင်း၊ ယင်းအတွက်ကြောင့် ရေဝေရေလဲ ဒေသ
အဖြစ် ပြန်လည် ထိန်းသိမ်းရန် ဖေဖော်ဝါရီလ ၃ ရက်က
ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တ
ပုံမှန် အစည်းအဝေးတွင် အဆိုတင်သွင်း မေးမြန်းခဲ့ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ရှင်းပြသည်။
ကန်တော်ကြီး အနီးတစ်ဝိုက် မြေယာများကို တိုင်းဒေသကြီး
အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း အပါအဝင် လူပုဂ္ဂိုလ် လေးဦး
နှင့် ကုမ္ပဏီကြီး တစ်ခုကို စိုက်ခင်းတည်ထောင် လုပ်ကိုင်ရန်
အတွက် ငှားရမ်းပေးထားခြင်းသာဖြစ်ပြီး သဘာဝ
ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပိုင်ဆိုင်
သည့် သစ်တောမြေများသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး
သဘာဝ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး
ဦးကျော်မင်းစံက ပြောကြားသည်။
“ပြည်သူ့လွှတ်တော်မှာ ဦးမြင့်ဦး အဆိုတင်သွင်းမှု အောင်မြင်
သွားတာ သတင်းကြားပါတယ်၊ လုပ်ကိုင်ခွင့် ချပေးထားတဲ့
မြေတွေကို ပြန်သိမ်းယူဖို့ ပြည်ထောင်စုဝန်ကြီးဆီကနေ
ညွှန်ကြားချက် မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်
ပြောကြားသည်။
ပဲခူးမြို့ကန်တော်ကြီးအနီး မြေဧကပေါင်း ၁၄၅၀ အနက်
ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေယာအဖြစ် ၁၄၀ ဧက
သတ်မှတ်ပေးခဲ့ပြီးနောက်၂၀၁၂ ခုနှစ်က သစ်တောရေးရာ
ဝန်ကြီးဌာနမှ စီမံကိန်းစာ ၁၉ (၈/၅၃၅၇/-၅၃၆၇) ဖြင့်
ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အပါအဝင် လူပုဂ္ဂိုလ်
လေးဦးနှင့် ကုမ္ပဏီတစ်ခုကို ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများ
တည်ထောင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
***
၃။ "မန္တလေးမြို့တော်စည်ပင်မှ တစ်လကျော်အတွင်း
အဆောက်အဦ ၂၂၂ ခု အရေးယူ"
မန္တလေးမြို့တွင် စည်းကမ်းမလိုက်နာဘဲ တည်ဆောက်နေ
သည့် အဆောက်အဦ ၂၂၂ ခုကို အရေးယူဒဏ်ရိုက်ရာ
ဒဏ်ကြေးငွေ ၇၂၅သိန်း ရရှိခဲ့သည်ဟု မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်၊ ဦးခိုင်မင်း
(အဆောက်အအုံနှင့်ကုန်ရုံဌာန)က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အသစ်များ
စတင်တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီလ ၉ ရက်မှ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အဆောက်အအုံဆောက်မိန့်
၅၀၀ ထုတ်ပေးခဲ့ရာ စည်းကမ်းမလိုက်နာဘဲတည်ဆောက်
နေသည့် အဆောက်အဦး ၂၂၂ခုကို ဒဏ်ငွေရိုက်အရေးယူခဲ့
ခြင်းဖြစ်သည်ဟု ဦးခိုင်မင်းက ဆိုသည်။
"ခွင့်ပြုထားတာထက် တိုးဆောက်တာတွေ၊ ပိုဆောက်တာ
တွေကို အရေးယူခဲ့တာပါ။ မနေ့ကအထိ ၂၂၂ခုရှိပါတယ်"ဟု
ဦးခိုင်မင်းက ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် အခွန်လိုချင်၍ လုပ်ဆောင်ခြင်း
မဟုတ်ဘဲ ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာစေလို
ခြင်းကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးခိုင်မင်းက
ပြောခဲ့သည်။
လက်ရှိဒဏ်ကြေးငွေကောက်ခံရာတွင် တစ်စတုရန်းပေတွင်
၂၀၀ ကျပ်သာကောက်ခံရာမှ ဧပြီလမှစတင်၍ တစ်စတုရန်း
ပေလျှင် ၁၅၀၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး
ခွင့်ပြုချက်မယူဘဲ တည်ဆောက်နေခြင်းများကိုလည်း
စစ်ဆေး အရေးယူမှုများ လုပ်ဆောင်လျှက်ရှိကြောင်း
သိရသည်။
(အောင်ကိုဦး)
credit - RFA Burmese / The Voice
& မဇ္ဈိမသတင်းဌာန
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment