“အသက်ဝင်လာတော့မည့် စီမံကိန်းများ”
၁။ "ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ တွံတေး၊ ကော့မှူး၊
ကွမ်းခြံကုန်း မြို့နယ်များတွင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊
အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာ လေဆိပ်သစ်တို့
လုပ်ဆောင်ရန် Master Plan များ ရေးဆွဲနေပြီ"
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊
ကွမ်းခြံကုန်း မြို့နယ်များတွင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊
အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာ လေဆိပ်သစ်တို့
လုပ်ဆောင်ရန် Master Plan များ ရေးဆွဲနေပြီး လာမည့်
၂၀၁၇ ခုနှစ် မတ်တွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ
၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏
“ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းတို့တွင်
စိုက်ပျိုးမွေးမြူရေးဇုန်များ၊ အသေးစား စက်မှုဇုန်များ
ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုအပေါ်
ဒေါ်နီလာကျော်က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း
ဖြစ်သည်။
“ရန်ကုန်မြို့ရဲ့ လူဦးရေ ခြောက်သန်းကျော် ရှိတဲ့အတွက်
အခြေခံ ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးကို အထောက်အကူ
ဖြစ်စေဖို့ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်တွေနဲ့ အသေးစား
စက်မှုလက်မှုဇုန်တွေကို တောင်ပိုင်းခရိုင်အတွင်း
တည်ထောင်ပေးနိုင်မယ်ဆိုရင် ရန်ကုန်မြို့ပြမှာရှိတဲ့ ပြည်သူ
လူထုဟာ သီရိမင်္ဂလာဈေးလို၊ ကြည့်မြင်တိုင်ငါးဈေးလို၊
ကြက်ဘဲဈေးလို နေရာတစ်နေရာတည်းကို မှီခိုအားထား
ရခြင်း မဟုတ်တော့ဘဲနဲ့ အပြိုင်ဈေးကွက်တွေ ပေါ်လာ
ပြီးတော့ ဈေးကွက်စီးပွားရေးစနစ် ပိုပြီး ပီပြင်လာမှာ
ဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ရန်ကုန်မြို့လယ်မှာ
အခု လမ်းဘေးဈေးသည်တွေကိုလည်း တစ်နည်းအားဖြင့်
ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်
ရန်ကုန်မြို့လယ် လာရောက်ရောင်းချနေတဲ့ လမ်းဘေး
ဈေးသည် အများစုဟာ ဒလမြို့နယ်က ဖြစ်နေပါတယ်” ဟု
ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်းတို့ သာမက
တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များတွင် စိုက်ပျိုး
မွေးမြူရေးဇုန်များ၊ အသေးစား စက်မှုဇုန်များအပြင်
အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန် အစီအစဉ် ရှိကြောင်း၊
ထို့ပြင် ပင်လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ နိုင်ငံတကာ
လေဆိပ်သစ်တို့ကိုလည်း ဆောင်ရွက်ရန်ရှိပြီး
ယင်းအတွက် နိုင်ငံခြား အဖွဲ့အစည်း၊ ပညာရှင်များ
အကူအညီဖြင့် စီမံကိန်း ပုံစံများ၊ Master Plan များ ရေးဆွဲ
နေကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။
“ငါးလုပ်ငန်းတွေအတွက် ရေထွက်ပစ္စည်း လုပ်ငန်းအတွက်
ရေထွက်ပစ္စည်းကို တောက်လျှောက် ဒီနယ်မြေကနေ
တစ်ဆင့် အအေးခန်း စက်ရုံတွေက တစ်ဆင့် တင်ပို့နိုင်
အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ယခုအခါ
နိုင်ငံခြား အဖွဲ့အစည်း၊ ပညာရှင်များ အကူအညီနဲ့ စီမံကိန်း
ပုံစံများ၊ Master Plan များ ရေးဆွဲနေပါတယ်။
ထိုအဖွဲ့အစည်း အသီးသီးမှ ရေးဆွဲနေသော Master Plan
များကို ၂၀၁၇ ဇန်န၀ါရီလကုန်မှာ ပေါင်းစည်းပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးကာ ပညာရှင်များ
နှင့် သုံးသပ် လေ့လာပြီးလျှင် ၂၀၁၇ ခုနှစ် မတ်လတွင်
လွှတ်တော်သို့ တင်ပြ၍ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု
ဒေါ်နီလာကျော်က ပြောကြားသည်။
ဒလမြို့နယ်သည် ယခင်အစိုးရ လက်ထက်က အတည်ပြု
ထားခဲ့ပြီး လက်ရှိ အစိုးရက ဆက်လက် အကောင်အထည်
ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုတွင်လည်း
တစ်ခုအပါအ၀င် ဖြစ်နေသည်။
***
၂။ "ဟံသာဝတီလေဆိပ်တည်ဆောက်ရေး ဂျပန်ကုမ္ပဏီနှင့်
စတင်ဆွေးနွေး"
ဟံသာဝတီလေဆိပ်စီမံကိန်း စတင်နိုင်ရေး တင်ဒါအောင်မြင်
ထားသော ဂျပန်နိုင်ငံရှိ ကုမ္ပဏီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန
တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်မျိုး ဦးဆောင်သည့် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီ
လေဆိပ်တည်ဆောက်ရေး ညှိနှိုင်း ကော်မတီနှင့် လေဆိပ်
ဆောက်လုပ်ရေး တင်ဒါအောင်မြင်ထား သော ဂျပန်နိုင်ငံမှ
GC-Yangnam-Changi Airport International
Consortium တို့က လေဆိပ်သစ်ဆောက်လုပ်ရေး
လုပ်ငန်းများလုပ်ဆောင်နိုင်ရေး သဘောတူစာချုပ် ချုပ်ဆို
နိုင်ရန် ဇန်န၀ါရီ ၁၁ ရက်တွင် စတင်ဆွေးနွေးနေပြီ
ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
‘‘ကျွန်တော်တို့က ဒီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ
သုံးရက်ကြာဆွေးနွေးမယ်။ ဒီတစ်ကြိမ်တည်း ပြီးချင်မှလည်း
ပြီးမယ်။ မပြီးရင် နောက်တစ်ကြိမ်ထပ်ဆွေး နွေးရမှာပေါ့။
အဲဒီလိုဆွေးနွေးလို့ရလာတဲ့ သဘောတူညီချက်တွေကို
လုပ်ငန်းကော်မတီ၊ ဦးဆောင် ကော်မတီအဆင့်ဆင့်ကို
တင်ပြရမှာပါ’’ဟု ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီး
ဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
ယင်းလုပ်ငန်းစဉ်များအရ တင်ဒါအောင်မြင်ထားသော
ကုမ္ပဏီနှင့် လာမည့် သုံးလခန့်မှသာ တည်ဆောက်ရေး
သဘောတူစာချုပ်ချုပ်ဆိုနိုင်မည်ဟု ခန့်မှန်းကြောင်း
၎င်းကပြောသည်။
ယင်းစီမံကိန်းသည် ၂၀၁၂ က စတင်တင်ဒါခေါ်ယူ
ဆောင်ရွက်သည့် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်
သော PPP စနစ်ကို အခြေခံသည့်စီမံကိန်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံးလေဆိပ်စီမံကိန်းဖြစ်မည့်
ဟံသာဝတီလေဆိပ်ကို GC-Yangnam-Changi Airport
International Consortium က
တင်ဒါအောင်မြင်ထားသည်။
ပဲခူးမြို့ကျောက်တိုင်ကန် ရွာအနီးရှိ ယခင်ဒုတိယကမ္ဘာစစ်
ဂျပန်ခေတ်က လေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက
၉၀ ကျော် တွင် အကောင်အထည်ဖော်မည့် ဟံသာဝတီ
လေဆိပ်စီမံကိန်းသည် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံ
ခန့် ကုန်ကျနိုင်ဖွယ်ရှိ ကြောင်း ၀န်ကြီးဌာနက
ခန့်မှန်းထားသည်။
မူလက ဟံသာဝတီလေဆိပ် စီမံကိန်းကို ၂၀၁၆ တွင်
စတင်ရန် မျှော်မှန်းသော်လည်း ကုမ္ပဏီရွေးချယ်မှုအပိုင်း
ကြန့်ကြာနေ၍ ၂၀၁၇ မှသာ စတင်နိုင်မည်ဖြစ်သည်။
စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်က တင်ဒါခေါ်ခဲ့ရာ
တောင်ကိုရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီက တင်ဒါ
အောင်ခဲ့သော်လည်း အခြေအနေအချို့ကြောင့်
ယင်းသဘောတူညီမှု ပျက်ပြားခဲ့သည်။
ထို့ကြောင့် GC-Yangnam-Changi Airport International
Consortium ကို ဆက်လက်ရွေးချယ်ပြီး လေဆိပ် စီမံကိန်း
အကောင်အထည်ဖော်ရန် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။
(မင်းဟိန်းကျော်)
***
၃။ "သန်လျင်တံတားသစ်စီမံကိန်း မြေပြင်လုပ်ငန်းများစတင်"
သန်လျင်အမှတ် (၃) တံတားသစ်စီမံကိန်းအတွက် မြေပြင်
လုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်
အပြီးသတ် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
လက်ရှိတံတားအဟောင်း၏ ပေ ၁၄၀ ခန့်အကွာတွင်
တည်ဆောက်မည့် သန်လျင်တံတားသစ်အတွက်
ပြည်ထောင်စုလွှတ်တော်က ဂျပန်နိုင်ငံမှ ချေးငွေရယူရန်
သဘောတူညီမှု ရရှိထား သည်။
‘‘သန်လျင်တံတားက နေ့စဉ် ပြည်သူတွေ ခံစားနေရတဲ့
ဒုက္ခ တစ်ခုဖြစ်တာကြောင့် ဒီစီမံကိန်းကို အမြန်ဆုံးလုပ်ရ
မှာပါ’’ဟု သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဇန်န၀ါရီ ၁၃ ရက်တွင်
ပြည်သူလူထုနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊
ဌာနဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံရှင်းလင်းပွဲ၌
ပြောကြားခဲ့သည်။
သန်လျင်တံတားအတွက် ဂျပန်နိုင်ငံမှရယူမည့် ချေးငွေသည်
နှစ် ၄၀ သက်တမ်းရှိပြီး အတိုးနှုန်းအလွန်သက်သာသည့်
ချေးငွေနှုန်းထားဖြစ်ကြောင်း ဦးလွင်ကိုလတ်က ဆိုသည်။
လက်ရှိသန်လျင်တံတားအမှတ် (၁) ကို မြန်မာ့မီးရထားက
စီမံကိုင်တွယ်နေပြီး တံတားကြေးကို အောင်နိုင်သူ ကုမ္ပဏီ
က ကောက်ခံလျက်ရှိသည်။ သန်လျင်တံတားချဉ်းကပ်လမ်း
သည် တစ်လမ်းသွားစနစ်ဖြစ်ပြီး တံတားပေါ်သို့အပြိုင်
တက်မည့် လမ်းကျဉ်းသဖြင့် ယာဉ်ကြောပိတ်ဆို့ရခြင်း
ဖြစ်သည်ဟု မြန်မာ့မီးရထားမှ အငယ်တန်း အင်ဂျင်နီယာ
ဦးသန်းဆွေက ပြောကြားသည်။
သန်လျင်တံတားပေါ်သို့ ၃၆တန်အောက် ကားများသာ
ဖြတ်သန်းခွင့်ပြုထားပြီး ကုန်တင်ယာဉ်ကြီးများကို
၂၀၁၅ နှစ်လယ်ပိုင်း က စ၍ ဖြတ်သန်းခွင့်ရပ်ဆိုင်းခဲ့ပြီး
နောက် တန် ၂၀ အောက်ကားများသာ မောင်းနှင်အသုံး
ပြုခွင့် ပေးထားကြောင်း သတင်းရရှိသည်။
ရန်ကုန်သံလျင်တံတားအမှတ် (၁) ကို ၁၉၈၆ က စတင်
တည်ဆောက်ခဲ့ပြီး နိုင်ငံရေးအခြေအ နေများကြောင့်
ကြန့်ကြာခဲ့ကာ ၁၉၉၃ တွင် ပြီးစီးခဲ့သည်။
တံတားသည် ရထားလမ်း၊ ကားလမ်းနှစ်မျိုးသုံး တံတား
အမျိုးအ စားဖြစ်ပြီး မီတာ ၁,၈၀၀ ကျော် ရှည်လျားသည်။
ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရန်နှင့် တံတား၏
သက်တမ်းကြာမြင့်လာပြီဖြစ်၍ သန်လျင်တံတားအမှတ်(၁)
၏ပေ ၁၄၀ အကွာတွင် တံတားအမှတ် (၃) ကို
တည်ဆောက်မည် ဖြစ်သည်။
သံလျင်တံတားအမှတ် (၂) သည် ယုဇနဥယျာဉ်မြို့တော်မှ
သန်လျင်ဘက်သို့ ကုန်တင်ယာဉ်များ ဖြတ်သန်းမောင်းနှင်
ရသည့် ကုလားဝဲတံတားဖြစ်သည်။
(မိုးညို)
***
၎။ "ရွာသာကြီးရပ်ကွက်အနီးရှိ မြေဧက ၉၀၀၀ခန့်ကို
ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချပေးရန် စီစဉ်"
ဒဂုံ(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အနီးရှိ
ယခင်စိုက်ပျိုးရေး ဇုန်ဟောင်းမှ မြေဧက ၉ဝဝဝ ခန့်ကို
ပြည်ပရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပေးရန် စီစဉ်ထား
ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
သိရသည်။
အဆိုပါ စိုက်ပျိုးရေးဇုန်ဟောင်း တည်ရှိသည့်
ဒဂုံ(တောင်ပိုင်း)မြို့နယ်သည် လက်ရှိအကောင်အထည်
ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်၊ ရေနက်
ဆိပ်ကမ်းတို့နှင့် အနီးဆုံးနေရာတွင် တည်ရှိသည်။
ယင်း စိုက်ပျိုးရေးဇုန်ကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်
တည်ထောင်ခြင်း ဖြစ်သော်လည်း အောင်မြင်မှု မရရှိသဖြင့်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပြန်လည်ရယူ၍
ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား
သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးရန် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်။
credit - Eleven Media Group / 7day Daily
& Xinhua Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment