“အခွန်နှင့်ဆိုင်ရာ update သတင်းများ”
၁။ "ငွေကြေးဖောင်းပွမှု လျှော့ချရန် အစိုးရက
အခွန်တိုးကောက်ခံရန်စီစဉ်"
ဒီချုပ်အစိုးရ၏ ဒုတိယနှစ်ဖြစ်သော ၂၀၁၇-၁၈ ဘဏ္ဍာနှစ်
အတွက် အခွန်အကောက်များ ကောက်ခံမှု လျာထားချက်
ကို ယခင်ဘဏ္ဍာနှစ်ထက် ကျပ် ၂၇၀ ဘီလီယံကျော်
တိုးမြှင့်ခြင်းသည် ကြုံတွေ့နေရသည့် ငွေကြေး ဖောင်းပွမှု
လျှော့ချရန် နည်းလမ်း တစ်ခု ဖြစ်သည်ဟု စီးပွားရေး
ပညာရှင်အချို့က သုံးသပ်ပြောကြားသည်။
၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် အတွက် အစိုးရ၏ အခွန်ကောက်ခံ
ရရှိမှု ပမာဏကို ကျပ် ၆,၅၀၀ဘီလီယံခန့် ရရှိရန် လျာထား
သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရက အခွန်ငွေပမာဏကို
ကျပ် ၆,၂၀၀ ဘီလီယံကျော် လျာ ထားခဲ့ကြောင်း
ပြည်ထောင်စု အခွန်အကောက်များ ကောက်ခံရန် လျာထား
ချက်၌ ဖော်ပြထားသည်။
အစိုးရက အခွန်ပိုမိုကောက်ခံနိုင်မည်ဆိုပါက လက်ရှိကြုံတွေ့
နေရသည့် ဘတ်ဂျက် (အစိုးရဝင်ငွေနှင့် သုံးငွေစာရင်း)
လိုငွေကြီးမားမှု လျှော့ချရန် အခွင့်အရေး တစ်ခုဖြစ်ပြီး
ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို လျှော့ချနိုင်
မည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
‘‘အရင်အစိုးရအဆက်ဆက် က အခွန်ကောက်ခံဖို့ အားနည်းခဲ့
တဲ့အတွက် ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု
တွေ ကြုံခဲ့ရတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ က ငွေဖောင်းပွမှု၊
ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို အခွန်စနစ်နဲ့ ထိန်းဖို့ ကြိုးစား
လေ့ရှိတယ်’’ ဟု စီးပွားရေးပညာရှင်ဦးလှမောင်က
ပြောသည်။
ကောက်ခံရရှိသည့် အခွန်များကို အစိုးရက ပညာရေး၊
ကျန်းမာရေး၊တည်ဆောက်ရေးတို့ အပါအဝင် ဝန်ထမ်းလစာ၊
စရိတ်များ ထောက်ပံ့ရခြင်းတို့တွင် ပြန်လည်ကုန်ကျခံခြင်း
ကြောင့် ပြည်သူထံမှငွေကို ရယူပြီး ပြည်သူအတွက် ပြန်လည်
သုံးစွဲပေးသည့် ပုံစံမျိုးဖြစ်သဖြင့် ငွေကြေးလည်ပတ်မှု ပိုမို
အားကောင်းလာသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အခွန် ကောက်ခံရာတွင်ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်ရန်
အခွန်ကို တိုးမြှင့်ရန်လိုကြောင်း၊ အခွန်မဆောင်ဘဲ လုပ်ငန်း
လုပ်ကိုင်မှုများ၊ ကုန်သွယ်ရေး လုပ်ကိုင်မှုများကိုလည်း
စနစ်တကျ ထိန်းသိမ်းပြီး အရေးယူမှုများ ပြုလုပ်သင့်ကြောင်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက
ပြောသည်။
လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရက အခွန်ကောက်ခံမှု
ကြိုတင်လျာထားချက်တွင် ဝင်ငွေခွန် ကျပ် ၁၀ ဘီလီယံ၊
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခြင်း
ကြောင့် ကောက်ခံသည့်အခွန်ကျပ် ၄၃၃ ဘီလီယံ ကျော်
ပိုရရှိမည်ဟု ပြည်ထောင်စု အခွန်အကောက်များ
ကောက်ခံရန် လျာထားချက်တွင် ဖော်ပြထားသည်။
အစိုးရသစ် ပထမနှစ်တစ်ဝက်
(၂၀၁၆ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ) တွင်
အစိုးရ၏ အခွန်ကောက်ခံရရှိမှုသည် မူလလျာထားချက်
ထက် ကျပ်ငွေ ဘီလီယံ ၄၀၀ ကျော် ပိုမို ကောက်ခံရရှိ
ကြောင်း မူလ လျာထားချက်သည် ကျပ် ၂,၁၄၁ ဘီလီယံ
ကျော်ရှိပြီး အမှန်တကယ် ကောက်ခံရရှိငွေသည်
ကျပ် ၂,၅၄၈ ဘီလီယံကျော် ရရှိကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
(ပြည်သိမ်း)
***
၂။ "ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ
အပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်
စေရန် သတ်မှတ်လိုက်ပြီး ဥပဒေ အတည်ဖြစ်ပါက
ရွှေဝယ်ယူသူများ ဧပြီ ၁ ရက်မှ စတင် အခွန်ပေးဆောင်ရမည်"
ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ
အပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်
စေရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေကြမ်းတွင် သတ်မှတ်လိုက်ပြီး ဥပဒေ အတည်ဖြစ်ပါက
ဝယ်ယူသူများမှ အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ရမည်
ဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်
မှ စတင်အသက်ဝင်မည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏
အခွန်အကောက် ဥပဒေကြမ်းတွင် ရွှေထည်လက်ဝတ်
ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်တွင်
သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန်
သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရွှေဝယ်ယူသူများက အခွန်
သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက
ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်။
“ဥပဒေအရတော့ ရွှေဝယ်ယူသူက အခွန်ပေးဆောင်ရမှာပါ”
ဟု ဦးကျော်ဝင်းက ဆိုသည်။
ရွှေလုပ်ငန်းရှင်များ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင်
ဝယ်ယူသူထံမှ ငါးရာခိုင်နှုန်း အခွန်ကောက်ခံ၍ မရသဖြင့်
နိုင်ငံတော်သို့ တင်ပြသဖြင့် လာမည့် ၂၀၁၇-၂၀၁၈ ခုနှစ်
အခွန်အကောက် ဥပဒေကြမ်း၌ လက်ရှိ ကောက်ခံနေသည့်
ငါးရာခိုင်နှုန်းအစား သုံးရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းဖြစ်ပြီး
လက်ရှိတွင် ရွှေလုပ်ငန်းရှင်များက ကျသင့်အခွန်အခများ
ပေးဆောင်နေကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။
“ရွှေမှာ အခွန်ဆောင်တာက တစ်ဦးနဲ့ တစ်ဦးမတူဘူး။
ထုတ်လုပ်တဲ့သူကျတော့ နိုင်ငံတော်နဲ့ ခွဲဝေခံစားမှုဆိုပြီး
စာချုပ်နဲ့ လုပ်တဲ့အပိုင်း တစ်ပိုင်းရှိတယ်။ ရွှေလုပ်ငန်းရှင်
တွေကျတော့ ဆောင်ရတဲ့အခွန် နှစ်မျိုးပဲရှိတယ်။
ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်နှစ်ခုပဲ ရှိတယ်။
သို့သော်လည်းပဲ နောက်ပိုင်းထွက်တဲ့ အထူးကုန်စည်ခွန်မှာ
တော့ သွယ်ဝိုက်တဲ့နည်းနဲ့ ပတ်သက်သွားတာပေါ့။ အဓိက
ပေးဆောင်ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်မှာ
၂၀၁၆ ခုနှစ်အထိ ကုန်သွယ်ခွန်ကို ငါးရာခိုင်နှုန်း သတ်မှတ်
ထားတာရှိတယ်။ အဲဒီကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း
သတ်မှတ်တဲ့အချိန်မှာ လက်တွေ့မှာ ကျွန်တော်တို့
လုပ်ငန်းရှင်တွေသည် ငါးရာခိုင်နှုန်းကို ၀ယ်ယူတဲ့သူဆီက
ကောက်လို့မရဘူး။ အဲဒီလို ကောက်လို့မရတဲ့ အတွက်
ကြောင့် နိုင်ငံတော်ကို ကျွန်တော်တို့ တင်ပြတယ်။
တင်ပြတဲ့အခါမှာ နိုင်ငံတော်ကနေပြီးတော့ ၂၀၁၇ ခုနှစ်
အခွန်အကောက် ဥပဒေကြမ်းမှာတော့ သုံးရာခိုင်နှုန်းဆိုပြီး
ခန့်မှန်းရေးထားတာရှိတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။
ရွှေထည်လက်ဝတ်ရတနာ ၀ယ်ယူသူများ
ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင် ကျသင့်မည့်
ပမာဏမှာ -
ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင်
ရွှေတစ်ကျပ်သား ကျပ် ၉၀၀၀၀၀ ဖြစ်ပေါ်နေပါက
ဝယ်ယူသူမှ ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်း
ကျပ် ၂၇၀၀၀ ကို ထပ်ပိုးပေးဆောင် ရမည်ဖြစ်ကြောင်း
သိရသည်။
(ဖြိုးဝေ)
***
၃။ "ကွန်ဒို နည်းဥပဒေထွက်လျှင် အခွန် ၁၀ ရာခိုင်နှုန်းထက်
မကျော်လွန်ရန် လုပ်ငန်းရှင်များ တင်ပြ"
ကွန်ဒိုမီနီယမ်နည်းဥပဒေ ထွက်ရှိလာပါက ကွန်ဒိုမီနီယမ်များ
အပေါ် အခွန်ကောက်ခံရာတွင်၁၀ ရာခိုင်နှုန်းထက် ပိုမို
ကောက်ခံ ခြင်းမပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ
တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက
ပြောသည်။
"နည်းဥပဒေ ထွက်လာရင် အမှန်တကယ် အလုပ်ဖြစ်အောင်
လို့ ၁၀ ရာခိုင်နှုန်းပဲ အခွန်ကောက်ဖို့ တင်ပြထားပါတယ်။
နိုင်ငံခြားသားကော၊ နိုင်ငံသားပါ တန်းတူညီမျှ ဖြစ်စေဖို့
အတွက်တံဆိပ်ခေါင်းနှုန်းနဲ့ အခွန်ဆောင်တဲ့နှုန်းတွေ အားလုံး
ကို ၁၀ ရာခိုင်နှုန်း မကျော်ဘဲသတ်မှတ်ပေးဖို့ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးကို အကြံပြုတင်ပြထားတယ်။ ဒါမှလည်း
ကျဆင်းနေတဲ့ ဆောက်လုပ် ရေးလောကကို ပြန်လည်
မြှင့်တင်နိုင်ဖို့ တင်ပြတာဖြစ်ပါတယ်။
ရလမ်း မဖော်ပြနိုင်တဲ့ငွေတွေကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်
တာ ကလည်း ဒီဘက်ခေတ်မှာမရှိသင့်တော့ ပါဘူး။ နိုင်ငံခြား
သားတွေကို ၃၀ ရာခိုင်နှုန်း သွားကောက်နေရင်လည်း
အလုပ်က ဖြစ်မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။
လက်ရှိ ကျင့်သုံးကောက်ခံနေသည့် အခွန်အကောက်ဥပဒေ
အရ ၀င်ငွေ ရပေါက်ရလမ်းဖော်ပြနိုင်ခြင်း မရှိလျှင်
- ကျပ်သိန်း ၃၀၀ အထိကို ၀င်ငွေခွန်အဖြစ် ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း၃၀၀ မှ ကျပ်သိန်း ၁,၀၀၀ အထိကို ၀င်ငွေခွန်
၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,၀၀၀ အထက်ကိုအရောင်းအ၀ယ်ပြုလုပ်လျှင်
ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ထားသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီး
သုံးမြို့တွင် အရောင်း အ၀ယ်ပြုလုပ်မည်ဆိုပါက
တံဆိပ်ခေါင်းခွန် အဖြစ် ခုနစ် ရာခိုင်နှုန်း ထပ်မံပေးဆောင်ရန်
လိုအပ်သည်။
အခြားမြို့များတွင်မူ တံဆိပ်ခေါင်းခွန်အဖြစ် ငါး ရာခိုင်နှုန်းသာ
ပေးဆောင် ရမည်ဖြစ်သည်။
ပြည်တွင်းဈေးကွက်အနေအထားအရ ကွန်ဒိုအဖြစ် ရောင်းဝယ်
နေသည့် အဆောက်အအုံအများစုတွင် ကျပ်သိန်း ၁,၀၀၀
အောက် ကွန်ဒိုများမှာ အနည်းငယ်သာရှိပြီး လက်ရှိ
အခွန်အကောက်ဥပဒေအရ ကောက်ခံလျက် ရှိသည့် အခွန်နှုန်း
ထားများမှာ အရောင်းအ၀ယ်အေးစက်နေသည့် ကွန်ဒိုမီနီယမ်
ဈေးကွက်အပေါ်တွင် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိနေသည်။
"အခွန်လျှော့လိုက်ရင်တော့ ၀ယ်တဲ့လူ များလာမှာဖြစ်သလို
အစိုးရဆီကို အခွန်ငွေတွေအများကြီး ရောက်သွားမှာ
ဖြစ်တယ်။ သိန်း ၁,၀၀၀ တန် အခန်းဝယ်ရင် အခွန်က
၃၇ ရာခိုင်နှုန်းဆိုတော့ သိန်း ၁,၃၇၀ လောက် ကျတဲ့သဘော
ဖြစ်နေတယ်။ ဒါကြောင့် ၀ယ်လက်တွေကမ၀ယ်ရဲတော့ဘူး"
ဟု High Way Star Construction အုပ်ချုပ်မှု ဒါရိုက်တာ
ဦးမောင်အောင်က ပြောသည်။
ယခုကောက်ခံလျက်ရှိသည့် ပြည်ထောင်စု အခွန်အကောက်
ဥပဒေကို ပထမအကြိမ်လွှတ်တော်သက်တမ်း မကုန်ဆုံးမီ
ကာလအတွင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက
အနည်းဆုံး အချိန်တစ်နှစ်ခန့် ရယူရမည်ဖြစ်သည့်အပြင်
ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း
လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကမြန်မာ တိုင်း(မ်)ကို
ပြောသည်။
"သူတို့က စာတင်ထားတာတော့ရှိတယ်။ အခွန်နှုန်းထားတွေ
တိုးတာ လျှော့တာ လုပ်မယ်ဆိုရင်ကျွန်တော်တို့က လွှတ်တော်
ကို တစ်နှစ် ကြိုတင်ထားရတယ်။ လွှတ်တော်ကိုယ်စားလှယ်
တင်မကဘူး၊ လိုအပ်ရင် Stakeholder
(ဆက်စပ်ပါဝင် ပတ်သက်နေသူတွေ)ပါ ခေါ်ရတယ်။
သင့်တော်တဲ့ အကြံပြုချက်တွေ ယူပြီးမှ ဆုံးဖြတ်ရတာ
ဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့နှုန်းထားတွေကတော့
တစ်နှစ်ကို တစ်ကြိမ်ပြန်ပြီး လေ့လာ သုံးသပ်တာတော့
ရှိပါတယ်"ဟု ၎င်းက ပြောသည်။
(ဇေယျာလင်း)
credit - 7day Daily / Eleven Media Group
& The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment