“ကျူး ဈေးကွက်”
၁။ "ကျူးကျော် သက်သေခံကတ် ကျပ်သိန်း နှစ်ဆယ်ခန့်
ဈေးပေါက်"
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူများကို
ထုတ်ပေးထားသည့် အသိအမှတ်ပြု စမတ်ကတ် ပေါက်ဈေး
သည် ကျပ်သိန်း နှစ်ဆယ်ခန့်အထိ ဈေးပေါက်ပြီး
အဝယ်လိုက်နေကြောင်း ကျူးကျော် စမတ်ကတ်
ကိုင်ဆောင်ထားသူများထံမှ သိရသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး
သုတေသန စီမံကိန်းကို ဆောင်ရွက်ရန် မြို့စွန်မြို့နယ်များရှိ
ကျူးကျော် နေထိုင်သူများ စာရင်း ကောက်ယူရာတွင်
သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး
တာဝန်ရှိသူများ ဦးစီး၍ အမြဲ နေထိုင်ရန် ဝယ်ယူထားသူနှင့်
ငှားရမ်းနေထိုင်သူများကို ခွဲခြားကာ စာရင်း ကောက်ယူ
ထားခြင်း ဖြစ်သည်။
ယင်းသို့ စာရင်း ကောက်ယူပြီး အသိအမှတ်ပြု စမတ်ကတ်
များကို ထုတ်ပေးကာ နေထိုင်ရန် အိမ်နေရာများကို ပြန်လည်
ချထားပေးမည်ဖြစ်သဖြင့် စမတ်ကတ် ရောင်းဝယ်မှုများ
ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကျူးကျော်စမတ်ကတ်
ကိုင်ဆောင်ထားသူများထံမှ စုံစမ်းသိရသည်။
“လာဝယ်တဲ့သူတွေက ၁၅ သိန်း၊ သိန်း ၂၀ ပေးမယ်
ပြောတယ်။ တခြားနေရာတွေမှာ ဒီထက်မက ပေးနေတယ်
ကြားတယ်။ နည်းသေးလို့ မရောင်းသေးဘူး”ဟု လာရောက်
ဈေးညှိနှိုင်းထားခံရသူ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်
ထားသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
အိမ်ရာ ပြန်လည် ချထားပေးရန် မြောက်ဒဂုံမြို့နယ်၊
ရွှေပေါက္ကံမြို့နယ်၊ ဝေဘာဂီမြို့နယ်များရှိ ကျူးကျော်နေထိုင်သူ
များကို အိမ်ထောင်စု သက်သေခံကတ်ပြား
(ကျူးကျော် စမတ်ကတ်) များကို ထုတ်ပေးထားသည်။
“ဝေဘာဂီမြို့မှာ ၂၅ သိန်း ပေါက်တယ်။ ရောင်းမယ့်သူတွေက
အဲလောက်ရရင် ရောင်းမယ်လို့ ကြားတယ်”ဟု မြောက်ဥက္ကလာ
မြို့နယ်နေ အသက် ၄၀ ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဝယ်လက်များသည် ကြိုက်ဈေးပေး ညှိနှိုင်းနေပြီး
စမတ်ကတ် ကိုင်ဆောင်ထားသူများမှာ ဥပဒေအရ အရေးယူ
ခံရမည့် အခြေအနေကြောင့် ရောင်းချရန် စဉ်းစားနေဆဲ
ဖြစ်ကြောင်း အဆိုပါ စမတ်ကတ် ကိုင်ဆောင်ထားသူများထံမှ
သိရသည်။
အစိုးရက ဖော်ဆောင်ပေးသော စီမံချက်သည် လက်တွေ့
အကောင်အထည်ဖော်ရန် အချိန်အတိအကျ မသိရှိခြင်း
ကြောင့် လက်ရှိ မြေကွက်ပေါက်ဈေးများထက် လျော့နည်း
သည့် ကျပ်သိန်း ၂၀ ကိုသာ ပေးဝယ်ခြင်းဖြစ်ပြီး ရွှေပေါက္ကံမြို့
နှင့် ဝေဘာဂီမြို့တို့တွင်သာ အဝယ်လိုက်သည့်
အခြေအနေတွင်ရှိသည်။
ထိုသို့ အမည်ပေါက်စမတ်ကတ် ရရှိသူ မိသားစုများထံမှ
လက်ဗွေများ ကောက်ယူထားပြီး အိမ်ရာရရှိသည့် အချိန်
အဆိုပါ မိသားစုကသာ တရားဝင် ထုတ်ယူရန် စည်းကမ်း
သတ်မှတ်ထားကြောင်း စမတ်ကတ် ထုတ်ပေးသူများထံမှ
သိရသည်။
ရွှေပေါက်ကံမြို့သစ်တွင် ကျူးကျော် နေထိုင်သူများကို
အိမ်ရာ ပြန်လည် ချထားပေးရေးအတွက် ကျူးကျော်
စမတ်ကတ်များ ထုတ်ပေးထားသော်လည်း စည်းကမ်းချက်
နှင့် မညီညွှတ်ဘဲ တစ်ဆင့် ပြန်လည်ရောင်းချခြင်း ကျူးလွန်မှု
ရှိနေသည်ဟု ကြားသိလာပါက ထိုသို့ ရောင်းဝယ်မှု
အခြေအနေများကို စုံစမ်းစစ်ဆေးကာ သက်ဆိုင်ရာ
မြို့နယ် အဆင့်/ ခရိုင်အဆင့် အထွေထွေ အုပ်ချုပ်ရေးရုံး
များထံ တင်ပြမည်ဖြစ်ပြီး ဌာန၏ ညွှန်ကြားချက်အတိုင်း
အရေးယူမည်ဖြစ်ကြောင်း ရွှေပေါက်ကံမြို့သစ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။
“လောလောဆယ် ဥပဒေအရ စမတ်ကတ် ပြန်ရောင်း/ဝယ်တဲ့
ကိစ္စကို ဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်ရမယ်လို့
ညွှန်ကြားချက် မရသေးဘူး။ စမတ်ကတ် စည်းကမ်းချက်ပါ
အတိုင်းဆို ရောင်း/ဝယ်ခွင့် မပြုရလို့ ဖော်ပြထားပါတယ်။
ဒီလောက်ပဲ ကျွန်တော် ပြောနိုင်ဦးမယ်”ဟု ၎င်းကဆိုသည်။
ကျူးကျော်စာရင်း ကောက်ယူမှုပြီးသည့် မြို့နယ်များတွင်
ကျူးကျော်နေထိုင်သူများကို ထုတ်ပေးထားသည့် စမတ်ကတ်
လက်လွှဲ ရောင်းချသူများကို စစ်ဆေးကာ အရေးယူ
ဆောင်ရွက်နိုင်ရန် ဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်း
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
ပြည်သူတွေအနေနှင့် ကျူးကျော်နေထိုင်သူများထံမှ
စမတ်ကတ်ကို ဝယ်ယူမှုများ တွေ့ရှိပါက သက်ဆိုင်ရာ
တိုင်း လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မရွေး
တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအနက်
မြောက်ပိုင်းခရိုင်တွင်ရှိသော လှိုင်သာယာမြို့နယ်တွင်
ကျူးကျော် အများဆုံး နေထိုင်လျက် ရှိပြီး ဒုတိယ အများဆုံး
မှာ အရှေ့ပိုင်းခရိုင်တွင်ရှိသည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်
ဖြစ်ကာ ယင်းမြို့နယ်မှ ကျူးကျော်နေထိုင်သူများကို
စမစ်ကတ်များ ထုတ်ပေးထားပြီဖြစ်ကြောင်း ကျူးကျော်
စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
ကျူးကျော်စာရင်းများ ကောက်ယူကာ ကျူးကျော်ဖြစ်ကြောင်း
အသိအမှတ် ပြုသည့် စမတ်ကတ် ထုတ်ပေးခြင်းကို ကနဦး
စီမံချက် (Pilot Project) အရ ဒဂုံ မြို့သစ် တောင်ပိုင်း
မြို့နယ်ကို စာရင်းကောက်ယူရာ အောင်မြင်ခဲ့သောကြောင့်
ခရိုင် လေးခုမှ မြို့နယ် ၁၂ ခုကို ထပ်မံ စာရင်းကောက်ယူ
မည်ဖြစ်သည်။
ရန်ကုန် တိုင်းဒေသကြီး ခရိုင် လေးခုအတွင်း တရားမဝင်
နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး ကျူးကျော်
နေထိုင်သူ ဦးရေ ၄၃၁,ဝ၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
***
၂။ "ကျူးကတ်တွေရမယ်၊ဘယ်လောက်တန်ယူမလဲ
၁၀သိန်း၊၁၂သိန်း၊သိန်း ၃၀အစားစားရှိတယ်"
ရန်ကုန်တိုင်း အစိုးရက ထုတ်ပေးတဲ့ ကျူးစာရင်းဝင်
စလစ်ကတ်တွေကို မှောင်ခို ရောင်းချမှုတွေရှိနေတယ်ဆိုတဲ့
သတင်းသဲ့သဲ့ ကြားနေရတာကြာပါပြီ။
အဲသည်လို ကျူးကတ်ရောင်းဝယ်မှုဈေးကွက်ကတော့
ဒဂုံဆိပ်ကမ်းမြို့နယ် ကျူးရပ်ကွက်မှာ ဖြစ်ပါတယ်။
“ဈေးပါပြောခဲ့လေ၊ ဘယ် လောက်ပေးနိုင်မလဲဆိုတာ၊
ဒီက ဝယ်ချင်တဲ့သူသာရှိရင် ရောင်းမယ့်သူ၊ ဝယ်မယ့်သူက
အများကြီးရှိတယ်၊ အကုန်လုံးက အဆင်မပြေကြဘူးလေ”
လို့ ဒဂုံဆိပ်ကမ်းမြို့ နယ် ကျူးကျော်ရပ်ကွက်မှာ
နေထိုင်သူ ဦးအေးမြင့် (အမည်လွှဲ) က ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် သစ်ဆိပ်မှတ်တိုင်က ကယ်ရီသမားတွေ
ကို စလစ်ကတ်နဲ့ အိမ်ဝယ်ချင်တဲ့အကြောင်း မေးလိုက်မယ်
ဆိုရင် သုံး မှတ်တိုင်လောက်ဝေးတဲ့ ၆၀ ကျူး ကျော်ရပ်ကွက်
ကို ညွှန်ပြပါလိမ့်မယ်။
သစ်ဆိပ်မှတ်တိုင်ကနေ ၁၅ မိနစ်လောက်ဆိုင်ကယ်နဲ့
သွားတဲ့အခါမှာ လမ်းမကြီးရဲ့ ဘေးမှာ ကျူးအိမ်တန်းတွေကို
တွေ့ရပါတယ်။ စရောက်ရောက်ချင်းအိမ်ထဲမှာ အမျိုးသမီး
နှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ထိုင်နေပါတယ်။
စလစ်ကတ်ဝယ်ချင်တဲ့အကြောင်း ပြောလိုက်တဲ့အခါ အိမ်ထဲ
က အမျိုးသမီးကဝယ်ချင်ရင် ဖုန်းနံပါတ်ပေးဖို့အကြောင်း၊
ဝယ်ယူနိုင်မယ့် ပမာဏကိုပြောပြီး ဈေးနှုန်းပြောခဲ့ဖို့
ပြောပါတယ်။
အိမ်ထဲက အမျိုးသားက
"ဒီ မှာက လယ်ကျူး၊ ပလပ်ကျူးနဲ့ စည်ပင်ကျူးဆိုပြီးရှိတယ်၊
လယ်ကျူးက ပိုပြီးခိုင်မာတယ်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့
ပလပ်ကျူးနဲ့ စည်ပင်ကျူးတွေလဲ ခိုင်မာတာပဲ၊လယ်ကျူးတွေ
က သိန်း ၃၀ လောက်အထိ ပေါက်တယ်လို့ တော့
ပြောကြတယ်”လို့ ပြောပါတယ်။
အစိုးရကထုတ်ပေးထားတဲ့ စလစ်ကတ်က အဖြူရောင်ရှိပြီး
နှစ်လက်မ၊ သုံးလက်မခန့်ရှိပါတယ်။ အဲဒီကတ်ပေါ်မှာ
အိမ်ထောင်ဦးစီးရဲ့ ဓာတ်ပုံနဲ့လက်ဗွေကို ဖော်ပြထားပါတယ်။
အဲသည်ရပ်ကွက်ကနေ သစ်ဆိပ်မှတ်တိုင်ရောက်တော့
ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အမျိုးသားက စလစ်နဲ့အိမ်ဝယ်
ချင်ရင် ၆၇ရပ်ကွက်ထဲမှာ အိမ်သုံးလုံးရှိ ကြောင်း
ထပ်မံပြောဆိုပါတယ်။
သစ်ဆိပ်မှတ်တိုင်ရဲ့ အနားက ကွမ်းယာဆိုင်မှာ ဆိုင်ကယ်
ကယ်ရီ သမားတွေ အများအပြား ရှိပါ တယ်။ ဆိုင်ကယ်ကယ်ရီ
သမားတွေဆီမှာ ကျူးကတ်ဝယ်ချင်တယ်လို့ ပြောလိုက်တာနဲ့
သူတို့ မိတ်ဆွေတစ်ဦးကို ခေါ်ပေးမယ်၊ ခဏစောင့်ပါလို့
ဆိုပါတယ်။
သူတို့ခေါ်ပေးတဲ့ အမျိုးသား က အသက် ၃၀ဝန်းကျင် အသား
ညိုညို အရပ်ခပ်ပုပုပါ။ သူကတော့ တခြားမဟုတ်ပါဘူး။
ကျူး ရပ်ကွက်က ရာအိမ်မှူးပါ။
သူက
"အစ်မက ဘယ်လိုမျိုး ဝယ်ချင်တာလဲ၊ ဘယ်လောက် လောက်
ပိုက်ဆံတတ်နိုင်လဲ" ဆိုပြီး မေးရင်းသစ်ဆိပ်မှတ်တိုင်ရဲ့
မလှမ်းမကမ်းက လမ်းဘေးကျူး တဲလေးတွေဆီကို
ခေါ်သွားပါတယ်။
အဲသည်ရပ်ကွက်တွေမှာ စလစ်နဲ့အိမ်ဈေးက ၁၀ပေကို
ကျပ် ၁၀သိန်းကျော်ပျမ်းမျှ ပေါက်ဈေး ရှိတယ်လို့
သိရပါတယ်။
ဘယ်ဈေးလဲ၊ ဘယ်မှာလဲ
---------------------------
မြေနေရာပေါ်မှာ ဆောက်လုပ် တဲ့ အိမ်ပေါ်မူတည်ပြီး
အိမ်ကောင်း ရင် ကောင်းသလို ဈေးနှုန်းကွာခြားတယ်။
သူက
"ဒါက ကျွန်တော်ဆောက်ထားတာတွေချည်းပဲ၊ ရပ်ကွက်ထဲ
သွားပြီး အိမ်ဝယ်ချင်တယ်ပြောလဲ ဘာမှထူးမှာမဟုတ်ဘူး၊
ကတ်ကပိတ်သွားပြီ၊ လိုချင်ရင် ကတ်ဖိုးတော့ ပေးရမယ်၊
ကျွန်တော်တို့က လူကြီးတွေနဲ့ ညှိရမှာ ဘယ်သူမှမသိစေနဲ့၊
ပြဿနာဖြစ်ရင် တစ်ပြုံကြီး ရှင်းရမှာ” လို့ ပြောတယ်။
အိမ်မပါဘဲ မြေနေရာချည်းပဲ ဝယ်မယ်ဆိုရင် ကျပ်သုံးသိန်းခန့်
ပေးရမှာဖြစ်ပြီး စလစ်ကတ်ကြေး နှစ်သိန်းပေးရမှာပါ။
“ဝယ်မယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ၊ အမှန်တော့
ကတ်က ပိတ်သွားပြီ၊ ကျွန်တော်တို့က နောက်တစ်သုတ်ထဲ ကို
ထည့်ပေးရမှာ”လို့ သူက ပြောပါ တယ်။
အဲသည်နေရာတွေမှာ ဝယ်ချင်ရင် အနည်းဆုံးလူနှစ်ယောက်
ပါရှိရမှာဖြစ်တယ်။ သက်သေအဖြစ်နဲ့ ဓာတ်ပုံရိုက်ယူပြီး
လက်ဗွေ နှိပ်ရမှာပါ။ အားလုံးပြီးရင်တော့ တရားမဝင်
စလစ်ကတ်နဲ့ မြေအပါ ဝင်ကို တရားဝင်အဖြစ် ပြောင်းလဲ
ဝယ်ယူလို့ရပြီလို့ ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းဘက်က ကျူးရပ် ကွက်တွေကို ပြီးခဲ့တဲ့
၂၀၁၆ခုနှစ်၊ ၁၂လပိုင်းမှာ မိသားစုအလိုက် ဓာတ်ပုံရိုက်၊
လက်ဗွေ နှိပ် စလစ်ကတ်တွေကို ထုတ်ပေးခဲ့တယ်လို့
သိရပါတယ်။
ကျူးကတ်ကိုင်ဆောင်ထားသူတွေဟာရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က တရားဝင်ချပေးတဲ့ နေရာမှာ ရေမီး အပြည့်နဲ့
အခမဲ့နေထိုင်ခွင့်ရမှာဖြစ်တယ်။ ကျူးကျော်တွေ ကိုယ့်ကို
ကိုယ် ရပ်တည်နိုင်တဲ့အထိ အလုပ်အကိုင်တွေလည်း ရှာဖွေ
ပေးသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် က
ပြောဆိုထားပါတယ်။
ရန်ကုန်တိုင်းမှာ ကျူးကျော် ဦးရေငါးသိန်းကျော်ရှိပါတယ်။
လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံမြို့နယ်တွေမှာ
အများဆုံး ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေးခုအနက် မြောက်ပိုင်း
ခရိုင်မှာ ရှိတဲ့ လှိုင်သာယာမြို့နယ် မှာ ကျူးကျော်အများဆုံး
နေထိုင်ပြီး ဒုတိယအများဆုံးက အရှေ့ပိုင်းခရိုင်မှာရှိ တဲ့
ဒဂုံဆိပ်ကမ်းမြို့နယ် ဖြစ်ပါ တယ်။
အစိုးရဘက်ကလည်း ကျူး ကျော်ကတ်တွေ အားလုံးထုတ်
ပေးပြီးသွားပြီဆိုရင် ကျူးကျော်တဲ ကို ဖျက်သိမ်းခိုင်းပြီး
သတ်မှတ်ထားတဲ့ နေရာကို ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာဘက်မှာ လည်း ကျူးကတ်တွေကို
ကျပ် သိန်း ၂၀အထိ ရောင်းချနေတယ် လို့ သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် သစ်ဆိပ်မှတ်တိုင်နားက ကျူးအကွက်
က ပြန်လာပြီးနောက် ညနေ ၄းဝ၀ နာရီ ခန့်မှာ ကျုးကတ်
ရောင်းတဲ့သူ က ၁၂သိန်းရရင် ရောင်းမယ်ဆိုပြီး အခုလို
ဈေးညှိပါသေးတယ်။
“လိုချင်ရင် ဈေးညှိလို့ရမယ်၊ လူကြီးပိုင်းဆိုင်ရာက အရောင်း
အဝယ်ဖြစ်ပြီးရင် သေသေချာချာ ပြောရမယ်၊ ရောင်းမှာက
ဦးလေးတို့ အိမ်ဘေးကပဲ၊ လူပျိုကြီးပါသန့် တယ်၊ ဝယ်ပြီးရင်
နေချင်ရင်လဲရတယ်၊ မနေချင်လဲရတယ်၊ မနေချင်လဲ
လူငှားတင်ထားလို့ရတယ်”
(ကျူးကျော်ကတ်ရောင်းချနေတာနဲ့ ပတ်သက်ပြီး သွားရောက်
မိတ်ဆက် မေးမြန်းခဲ့ပေမဲ့ ရပ်ကွက်နေပြည်သူတွေရော၊
အုပ်ချုပ်ရေးမှူးကပါ မသိပါဘူးလို့ ငြင်းဆိုပါတယ်။
ဒါပေမဲ့ ကျူးကတ်ဝယ် ယူလိုတယ်လို့ ပြောဆိုလိုက်ချိန်မှာ
တော့ အခုလို လိုက်လံပို့ဆောင်ပြီး ရှင်းပြတာကို
ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်)
(ဝင်းနန္ဒာ)
credit - The Voice & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment