“ရန်ကုန်မြို့တော်စည်ပင်၏ update သတင်းများ”
၁။ "ရန်ကုန်မြို့တော် စည်ပင်ဥပဒေကို စင်ကာပူ အကူညီနဲ့
ခြောက်လအတွင်း ပြဌာန်းမည်"
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေကို
လာမည့် ၆ လတွင်းစင်ကာပူနိုင်ငံအကူညီနဲ့ အသစ်ပြန်လည်
ရေးဆွဲပြဌာန်းသွားမယ်လို့ တော်ဝင်မိသားစုဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောပါတယ်။
ကုန်သည်စက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့
စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ ဥပဒေသစ်နဲ့ပတ်သက်ပြီး
ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ဥပဒေက တော်တော်လေးကို နောက်ကျနေတဲ့အတွက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
စင်ကာပူနိုင်ငံကိုသွားရောက်စဉ်စင်ကာပူနိုင်ငံက
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို
အသစ်ပြန်ရေးဆွဲဖို့ ကူညီပေးမယ်လို့
ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေကို
အသစ်ပြန်လည်ရေးဆွဲပေးမယ့် စင်ကာပူနိုင်ငံကအဖွဲ့က
ရန်ကုန်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
အသစ်ပြန်လည်ရေးဆွဲမယ့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီဥပဒေမှာ
- ဆောက်လုပ်ရေး လုပ်ငန်းတွေ၊
- စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ငန်းစဉ်တွေ အပြင်
- တင်ဒါ စနစ်တွေပါထည့်သွင်းရေးဆွဲပေးမယ်လို့
သိရပါတယ်။
ရန်ကုန်မြို့က ဆောက်လုပ်ရေးတွေနဲ့ ပတ်သက်ပြီး
သည်ဟာ သည်လောက်လုပ်ပါ သည်ဟာဘယ်လောက်
လုပ်ပါ ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ချို့က တစ်ဦးတစ်ယောက်
တည်းနဲ့ ဆုံးဖြတ်လိုက်လို့ အများကြီး ဆက်တိုက်
ကွင်းဆက်လိုက်သွားတယ်ဆိုတဲ့ဟာတွေ ပြုပြင်ပြောင်းလဲဖို့
လိုပါပြီလို့ မှတ်ချက်ပြု ပြောကြားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေ
အသစ်ကို စင်ကာပူ ကပြင်ဆွဲမယ်။လတ်တလော စင်ကာပူ
က လာရင် စင်ကာပူ standard နဲ့ လုပ်မှာ ကျွန်တော်တို့က
စင်ကာပူ standard ကိုမမှီသေးဘူး။ လိုက်လျှောညီထွေမှု
ရှိအောင် စင်ကာပူ ဥပဒေကို ယူပြီး မြန်မာစည်ပင် ဥပဒေကို
တစ်ဆင့်ချင်း လုပ်သွားဖို့ အကြံပေးချင်တယ်လို့
ဦးကိုကိုထွေက ဆက်လက်ပြောကြားပါတယ်။
(ပို့ပို့မြင့်မွန်)
***
၂။ "စည်ပင်ပိုင်မြေပေါ်တွင် ကားပါကင်နေရာဦးသူများကို
အရေးယူမည်"
စည်ပင်ပိုင်မြေပေါ်တွင် ကားပါကင်နေရာဦးခြင်းများကို လိုက်လံ
ရှင်းလင်းနေသော်လည်း လိုက်နာမှု အားနည်းနေသည့်အတွက်
အရေးယူဆောင်ရွက်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူက
ပြောကြားသည်။
''ကားပါကင်နေရာ ဦးထားတာတွေကို ဖမ်းဆီးတာကတော့
ကြာပြီ။ ပါကင်နေရာ ဦးထားတာတွေကို ဖယ်ရှားမှုတွေကို
တောက်လျှောက်လုပ်နေတယ်။ တွေ့တာနဲ့ အရေးယူတာတွေ
လုပ်နေတယ်။ လောလောဆယ် တားဆီးထားတာတွေ၊
ဆိုင်းဘုတ်ထောင်ထားတာတွေကို ပစ္စည်းတွေ သိမ်းတာတွေ
ဆက်တိုက်လုပ်နေတယ်'' ဟု အထက်ပါ တာဝန်ရှိသူတဦးက
ပြောသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံ၊
ဆေးခန်းများ၊ ကုမ္ပဏီများး၊ စားသောက်ဆိုင်များနှင့် နေအိမ်ရှေ့
များတွင် ကားပါကင်နေရာဦးမှုများရှိနေသော်လည်း တရားဝင်
ခွင့်ပြုထားခြင်းမဟုတ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။
ယင်းသို့ ကားပါကင်နေရာဦးမှုများကို စည်ပင်မှ လိုက်လံ
ရှင်းလင်းဆောင်ရွက်နေသော်လည်း လိုက်နာမှု အားနည်းကာ
ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊
ကုမ္ပဏီများ၊ စားသောက်ဆိုင်များနှင့် နေအိမ်ရှေ့များတွင်
ကားပါကင် နေရာဦးမှုများ ရှိနေဆဲဖြစ်ကြောင်း
စည်ပင်(လမ်း/တံတား) ဒုဌာနမှူးဦးစိုးသိမ်းအောင်က
ပြောသည်။
''ဒါတွေက တရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူး။
နေရာဦးထားတာတွေ လိုက်သိမ်းတယ်။
ပြီးရင် အတားအဆီးတွေ၊ ဆိုင်းဘုတ်တွေပြန်ချကြတာပဲ။
ဘယ်နေရာမှကို တရားဝင်ပေးထားတာ မဟုတ်ဘူး။
လောလောဆယ်တော့ သိမ်းဆည်းတာပဲ လုပ်လို့
ရသေးတယ်။ နောက်ပိုင်းကျတော့ အရေးယူတာတွေ
လုပ်ရတော့မှာပေါ့'' ဟု ၎င်းက ပြောသည်။
''လမ်းတွေမှာ ကားတွေများလာတယ်။ အချို့က သူတို့ကား
တွေထားဖို့နေရာကို စည်ပင်မြေပေါ်မှာ အမိုးတွေ ဘာတွေနဲ့
သေသေချာချာကို လုပ်ထားကြတာ။ တိုက်ခန်းတိုင်း လိုလို
က ကားတွေပိုင်နေကြတော့ ကားထားဖို့ နေရာဟာ
တော်တော်ခက်ခဲနေတာတွေ့ရပါတယ်။ အချို့ဆို တခြား
နေရာတွေမှာ လစဉ်ကြေးပေးပြီး ညအိပ် ညနေထား
ကြရတယ်။ စိတ်တော့မချရဘူးပေါ့ဗျာ'' ဟု တာမွေမြို့နယ်
ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ တဦးက
ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားရန်နေရာများ
ပြန်လည်သတ်မှတ်ကာ ကားပါကင်ကြေးစနစ်တကျ
ကောက်ခံသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က
ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။
သို့သော်လည်း ကားပါကင်မြေနေရာ ပြန်လည်သတ်မှတ်ပြီး
ကားပါကင်ကြေး စနစ်တကျကောက်ခံမည့်ကိစ္စအား
ရန်ကုန်စည်ပင်သို့ တရားဝင်ညွှန်ကြားချက်များမရောက်ရှိ
သေးကြောင်း သိရသည်။
(လင်းလင်းအောင်)
***
၃။ "ကားပါကင်ပါသော အထပ်မြင့်များသာ ဆောက်လုပ်ခွင့်
ပေးမည်"
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုသည့်
ဆောက်လုပ်ခွင့် ပါမစ်များကို ရယူရာတွင် ယာဉ်ရပ်နားရန်
နေရာ ကားပါကင်ပါသည့် အထပ်မြင့် အဆောက်အအုံများ
ကိုသာ အဆိုပါ ပါမစ်ကို ချပေးမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ
သိရသည်။
၂၀၁၇ ခုနှစ်တွင် ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်
အဆောက်အအုံများ တည်ဆောက်ရန် လျှောက်ထားပါက
လုံလောက်သည့် ယာဉ်ရပ်နားရန် နေရာအကျယ်အ၀န်း
ရှိမှသာ ဆောက်လုပ်ခွင့် ပါမစ်ချပေးတော့မည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လျှောက်ထားခဲ့တဲ့ ဆောက်လုပ်ခွင့် ပါမစ်တွေ
ကတော့ ချထားပေးပြီးသား ဆိုတော့ ရပါတယ်။ ဒီနှစ်ထဲမှာ
လျှောက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေက
သတ်မှတ်ထားတဲ့ ကားပါကင် နေရာပါမှသာ ခွင့်ပြုတော့
ပါမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့် အဆောက်
အအုံများမှာ ပုံမှန်အတိုင်း တည်ဆောက်ခွင့်ရမည်
ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်အတွင်း လျှောက်ထားသည့်
အထပ်မြင့် အဆောက်အအုံများမှာ ကားပါကင် သီးသန့်
နေရာ မပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့်
အထပ်မြင့် အဆောက်အအုံများမှာ ယာဉ်ရပ်နားရန်
သီးသန့်နေရာ မရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့ သီးသန့်နေရာ
ထားရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“အခုလက်ရှိ ၈ ခွဲအထက် အထပ်မြင့်အဆောက်အအုံ
အချို့က ပါကင်နေရာ မပါဘဲ ဆောက်တာတွေ ရှိတယ်။
အထပ်မြင့် ဆိုရင်တော့ လူဦးရေများတော့ ပါကင်ရှိမှ
အဆင်ပြေတယ်။ မူဝါဒတွေ ပြောင်းလဲလိုက်ပေမယ့်
အစိုးရအနေနဲ့ မြို့ထဲမှာ နေရာလေးတွေ သတ်မှတ်ပြီး
ကားပါကင်ထားဖို့ လုပ်ပေးဖို့ လိုပါတယ်” ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက
ဆိုသည်။
တရားဝင် အဆောက်အအုံများကို
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလထိ
- အထပ်မြင့် ၃ ထပ်မှ ၈ ထပ်ခွဲထိ စုစုပေါင်း
အလုံး ၃၀၀ ကျော်နှင့်
- ၈ ထပ်ခွဲနှင့်အထက် အထပ်မြင့်အဆောက်အအုံ
၁၀၀ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
credit - Kumudra Journal / News Watch
& The Voice Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment