“ဘဏ် ဂယက်၊ ဘဏ် သတင်းများ”
၁။ "ယခုအစိုးရ သက်တမ်းအတွင်း ဘဏ်တိုးနှုန်းအပေါ်
ဝင်ငွေခွန် လုံးဝကောက်ခံမည် မဟုတ်"
ယခုအစိုးရ သက်တမ်းအတွင်း ဘဏ်တိုးနှုန်းအပေါ် ၀င်ငွေခွန်
ကောက်ခံမည် မဟုတ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဌာန တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
ဘဏ်အတိုးနှုန်းအပေါ် ၀င်ငွေခွန် ကောက်ခံမည့်ကိစ္စမှာ
ဥပဒေအရ သတ်မှတ်ထားသည် မှန်သော်လည်း ပြည်သူလူထု
အကျိုးစီးပွားကိုရှေးရှု၍ ယခုအစိုးရ သက်တမ်းအတွင်း လုံးဝ
ကောက်ခံမည် မဟုတ်ကြောင်း တာဝန်ရှိသူများက
ပြောကြားသည်။
ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ယခုအစိုးရ
သက်တမ်းအတွင်း ဘဏ်အတိုးနှုန်းအပေါ် ၀င်ငွေခွန် လုံးဝ
ကောက်ခံမည် မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက
“ဥပဒေအရ ပြဋ္ဌာန်းထားပေမယ့် ကာလသတ်မှတ်ချက်
မရှိတာရယ်၊ ပြည်သူလူထုအကျိုး ရှေးရှုပြီးတော့ ဒါကို
မကောက်ဖို့ စီမံဘဏ္ဍာဝန်ကြီး ဌာနကနေ သိရပါတယ်” ဟု
ပြောကြားသည်။
ဘဏ်အပ်ငွေအပေါ်ရရှိသည့် ဘဏ်တိုးနှုန်းများနှင့်
ပတ်သက်၍ အတိုးနှုန်းအပေါ် ၀င်ငွေခွန်ကောက်ခံမည်
ဆိုသည့်သတင်းများ ထွက်ပေါ်ပြီးနောက် လူမှုကွန်ရက်တွင်
လည်းကောင်း၊ စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက
လည်းကောင်း၊ ပြည်သူများအကြားတွင် လည်းကောင်း
ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
***
၂။ "ပြည်တွင်း ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရ
စီစဉ်"
ပြည်တွင်း ဘဏ်အတိုးနှုန်းတွင် ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း
သတ်မှတ်ထားရာမှ ထပ်မံ လျှော့ချရန် စီစဉ်နေကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော် ဝင်းက ပြောကြားသည်။
အသေးစား၊ အလတ်စား လုပ်ငန်းများ ပြည်တွင်းဘဏ်များ
မှ ငွေကြေးအရင်းအနှီးရယူရေး အခက်အခဲဖြစ်စေသော
ဘဏ်အတိုးနှုန်းကို လျှော့ချနိုင်ရန် အစိုးရအဖွဲ့အတွင်း၌
သာမက ပြည်ထောင်စု လွှတ်တော်တွင်လည်း ဆွေးနွေး
နေသည်ဟု ပြည်ထောင်စုဝန်ကြီး က ဆိုသည်။
‘‘ဝန်ထုပ်ဝန်ပိုးတွေကို ဘယ် လောက်အထိ လျှော့ချနိုင်မလဲ
ဆိုတာကိုလည်း အလေးထား ဆွေးနွေးနေပါတယ်။ ပုဂ္ဂလိက
ကဏ္ဍလည်း အကြံပေးနိုင်ပါ တယ်’’ဟု ဖေဖော်ဝါရီ ၁၈ ရက်
တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်
ဦးကျော်ဝင်းက ပြောကြားသည်။
စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ဘဏ်အတိုးနှုန်း
သည် ပြည်သူများက ဘဏ်သို့ အပ်သည့် အပ်ငွေအပေါ်
တစ်နှစ်လျှင် အတိုး ၁၂ ရာခိုင်နှုန်း၊ ချေးငွေအပေါ်၌
၁၇ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ဦးသိန်းစိန် အစိုးရ
လက်ထက်တွင် သုံးကြိမ်တိုင် ဘဏ်အတိုးနှုန်း လျှော့ချခဲ့ပြီး
အပ်ငွေအပေါ် တစ်နှစ်လျှင်အတိုး ၈ ရာခိုင်နှုန်းကျော်နှင့်
ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း ဗဟိုဘဏ်က
သတ်မှတ်ခဲ့သည်။
- ဘဏ်အတိုးနှုန်း လျှော့ချမှုသည် ချေးငွေသာမက အများ
ပြည်သူများ၏ အပ်ငွေအပေါ် အတိုးနှုန်းကိုလည်း
လျှော့ချလေ့ရှိကြောင်း၊
- ယခင်အစိုးရလက်ထက် ဘဏ်အတိုးနှုန်း လျှော့ချမှုတွင်
လည်း ချေးငွေများသာမက အပ်ငွေအပေါ်တွင် လျှော့ချ
ခဲ့ကြောင်း၊
- ချေးငွေနှင့် အပ်ငွေအကြား ကွာဟမှုကို ၅ ရာခိုင်နှုန်းထားပြီး
အတိုးနှုန်းလျှော့ချပေးလေ့ရှိကြောင်း ကမ္ဘောဇဘဏ်
အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောသည်။
လက်ရှိ စီးပွားရေးအခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး
နေပြီး ငွေကြေးဖောင်းပွမှု များနေချိန်တွင် ဘဏ်အတိုးနှုန်း
လျှော့ချခြင်းသည် နိုင်ငံခြားငွေကြေးဈေးကွက်၊ အိမ်မြေ
ဈေးကွက်နှင့် ရွှေဈေးကွက်တို့၌ ကမောက်ကမ ဖြစ်လာမည်ကို
စိုးရိမ်ရသည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုသည်။
* မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုသည် ၂၀၁၆ တွင် ၈ ဒသမ ၉
ရာခိုင်နှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး
စောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။
* ပြည်တွင်း ဘဏ်အတိုးနှုန်းသည် ငွေကြေးဖောင်းပွမှုနှင့်
တိုက်ရိုက်ချိတ်ဆက်နေသည်။ ပြည်ပ နိုင်ငံများတွင် ဘဏ်
အတိုးနှုန်းသည် ငွေကြေးဖောင်းပွမှု၏ အထက်၌ရှိသည်။
* မြန်မာနိုင်ငံတွင် လက်ရှိဘဏ်အတိုးနှုန်းသည် ငွေကြေး
ဖောင်းပွမှုအောက် ရောက်ရှိနေပြီး ထပ်မံလျှော့ချမည်ဆိုပါက
စီးပွားရေးနှင့် သက်ဆိုင်သည့် အကျပ်အတည်းများကို
ထိန်းသိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်
ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က
အကြံပြုသည်။
လက်ရှိ ပြည်တွင်းဘဏ် အတိုးနှုန်းသည် အသေးစားနှင့်
အလတ်စားလုပ်ငန်းများအတွက် ကြီးမားသည့် အတားအဆီး
ဖြစ်ပေါ်နေပြီး အချိန်ကာလကြာမြင့်နေပြီဖြစ်သောကြောင့်
ဘဏ်အတိုးနှုန်းကို သိသာစွာ လျှော့ချရန် လိုအပ်သည်ဟု
လှိုင်သာယာစက်မှုဇုန်(၁)မှ ထုတ်ကုန်လုပ်ငန်းရှင်
တစ်ဦးကပြောသည်။
အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံ၏
ဘဏ် အတိုးနှုန်းသည် အများဆုံးဖြစ်နေသဖြင့် လျှော့ချပေး
ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များက အစိုးရကို
မကြာခဏ တောင်းဆိုခဲ့ကြသည်။
(ပြည်သိမ်း)
***
၃။ "အိမ်ခြံမြေဈေးကျဆင်းမှု ဘဏ်များ သတိထားစရာဟု
စီးပွားရေးလုပ်ငန်းရှင်အချို့ပြောကြား"
ရန်ကုန်မြို့ရှိ အိမ်ခြံမြေတန်ဖိုးသည် သုံးနှစ်အတွင်း
၂၅ ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းကြား ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့်
ဘဏ်လုပ်ငန်းရှင်များ သတိထားစရာဖြစ်လာကြောင်း စီးပွားရေး
လုပ်ငန်းရှင်အ ချို့က သုံးသပ်ပြောကြားသည်။
၂၀၀၇ ကစတင်၍ အခွန်သက်သာမှုကြောင့် ငွေကြေးခ၀ါ ချလို
သူများနှင့် ဈေးကစားသူများ အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့
သော ရန်ကုန်မြေဈေးကွက်သည် လက်ရှိတွင် အစိုးရ၏
တန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ ပိုင်ဆိုင်မှု အခွန် ကောက်ခံမည့်
လွှတ်တော်က ပြင်ဆင်မှုတို့ကြောင့် အနာဂတ်တွင် ဈေးနှုန်း
ထပ်မံကျဆင်းနိုင်မည့် အ ခြေအနေမျိုးရှိနေသည်ဟု အွန်လိုင်း
အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုဖြစ်သော
iMyanmar com အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက
ခန့်မှန်း ပြောကြားသည်။
အိမ်ခြံမြေဈေးနှုန်းများသည် စစ်အစိုးရလက်ထက် ၂၀၀၇
က စတင်၍ အခွန်နှုန်းထားအပြောင်း အလဲကြောင့်
အရောင်းအ၀ယ်မြင့် တက်လာသည်။
ထိုအချိန်မတိုင်မီ က အိမ်ခြံမြေရောင်းဝယ်ရာတွင် ၀င်ငွေရလမ်း
(ငွေဖြူ) မပြနိုင်ပါက ကျပ်သိန်း ၂၀ နှင့်အထက်ကို ၅၀ ရာခိုင်နှုန်း
ခန့်အထိ အခွန် ကောက်ခံခဲ့သည်။ ၂၀၀၇ သြဂုတ် တွင်
အခွန်နှုန်းထားကို ၁၅ ရာခိုင် နှုန်းသို့ လျှော့ချပေးပြီးနောက်ပိုင်း
အိမ်ခြံမြေဈေးကွက်တွင်အရောင်း အ၀ယ်တစ်ဟုန်ထိုး
မြင့်တက်လာ သည်။
ထို့နောက်ဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံရေးအပြောင်း
အလဲများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်ခြေ
မျှော်လင့်ပြီး အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်
ပြုလုပ်လာသည်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများအပြင်
ပြည်ပနိုင်ငံသားအချို့ကလည်း အရောင်းအ၀ယ် ၀င်လုပ်လာပြီး
ဈေးကစား ခြင်းများ ရှိသောကြောင့် ၂၀၁၄ အထိ အိမ်ခြံမြေ
ဈေးကွက်သည် ခုနစ်နှစ်အတွင်း ဈေးနှုန်းအဆပေါင်းများစွာ
မြင့်တက်ခဲ့သည်။ ရန်ကုန် အိမ်ခြံမြေဈေးနှုန်းသည် အာဆီယံ
နိုင်ငံများတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်။
အိမ်မြေတန်ဖိုးဖောင်းပွချိန်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ
က အိမ်ခြံမြေကို အာမခံအပေါင်ပစ္စည်းအနေဖြင့် ငွေချေးမှု
များစွာ ရှိခဲ့သည်။
ထို့ကြောင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် အိမ်ခြံမြေ
ဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ အိမ်ခြံမြေဈေးနှုန်း
ကျဆင်းမှုက ပြည်တွင်းဘဏ်များအတွက် အခက်အခဲများစွာ
ဖြစ်လာနိုင်သည် ပထမ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ
ဒေါက်တာစိန်မောင်က သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်များက ချေးငွေရယူရာ၌
မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုသာ အာမခံအပေါင်ပစ္စည်း
အနေဖြင့် လက်ခံရန် မြန်မာနိုင်ငံဗဟိုဘဏ်က စည်းကမ်း
သတ်မှတ်ထားသည်။ ထိုမရွှေ့ပြောင်းနိုင်သော ပစ္စည်းများသည်
အိမ်ခြံမြေများဖြစ်ပြီး လက်ရှိပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏
လက်ထဲတွင် ယင်း အာမခံအပေါင်ပစ္စည်းများ၏ တန်ဖိုး
လျော့ကျလာမှုက ဘဏ်လုပ်ငန်းရှင်များအတွက် စိုးရိမ်စရာ
ဖြစ်လာကြောင်း ပို့ကုန်၊သွင်းကုန် လုပ်ကိုင်သူတစ်ဦးက
ပြောသည်။
ပြည်တွင်းဘဏ်များက အ ပေါင်ပစ္စည်းအဖြစ် အိမ်ခြံမြေကို
လက်ခံရာတွင် မူလတန်ဖိုးထက် တစ်ဝက်ဈေးနှုန်းကိုသာ
တန်ဖိုးဖြတ်ပြီးငွေထုတ်ချေးသည်။
သို့ သော် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက အပြိုင်ငွေချေး
ပေးလိုခြင်းကြောင့် အိမ်မြေတန်ဖိုးရာဖြတ်မှုကို မူလသတ်မှတ်
သည့် ထက်ဝက်ခန့်ဈေးထက် လျှော့ချပေးရသည့်
အခြေအနေများလည်းရှိသည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်
တစ်ခုမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။
ထို့ကြောင့် * အစိုးရက အိမ် ခြံမြေဈေးနှုန်းလျှော့ချရန်
ဆောင်ရွက်မှုသည် သတိထားဖြေရှင်းရမည့် ပြဿနာတစ်ခု
ဖြစ်ကြောင်း * စီးပွားရေးပညာရှင် ဦးမြင့်က ရန်ကုန်တက္ကသိုလ်
တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ပြောကြား သည်။
ယခင်အစိုးရလက်ထက်က အိမ်ခြံမြေဈေးနှုန်းကြီးမားလာမှု
လျော့ကျစေရန် အခွန်အကောက် ဥပဒေများတွင်
အခွန်နှုန်းထား သတ်မှတ်မှု တိုးမြှင့်ခြင်းဖြင့်ကြိုးစားခဲ့သည်။
အိမ်ခြံမြေနှင့်ပတ်သက်၍ ရောင်းဝယ်ရာတွင် ပေးဆောင်
ရသည့် ၀င်ငွေခွန်ကို နှစ်စဉ်နှုန်းထားပြောင်းလဲကောက်ခံခြင်း၊
မြို့နယ်များအလိုက် အိမ် မြေ တိုက်ခန်းဈေးနှုန်း
သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံမှ တရားမ၀င် ငွေစီးဆင်းမှုကိုလည်း
တရုတ်အစိုးရက ထိန်းခြင်းကြောင့်အိမ်ခြံမြေရောင်းဝယ်ခြင်း
ဖြင့် ဈေးကစားမှုသည် ၂၀၁၄ ကစတင်လျော့ကျခဲ့သည်ဟု
အိမ် ခြံမြေ အကျိုးဆောင်အချို့ကဆို သည်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် ၂၀၁၇ နှစ်ဆန်း
တွင် အရောင်းအ၀ယ် အနည်းငယ်ပြန်ဖြစ်လာပြီး တန်ဖိုးသင့်
အိမ်ခြံမြေများ အရောင်းအ၀ယ် အနည်းငယ်ဖြစ်သည်ဟု
အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
ကျပ်သိန်း ငါးထောင်ခန့် အိမ်ခြံ မြေအချို့နှင့် ဒဂုံဆိပ်ကမ်း၊
ဒဂုံ အရှေ့ စသော ပါမစ်မြေကွက်များကို မူလပေါက်ဈေး
ထက် လျှော့ချပြီး ရောင်းချသဖြင့် အရောင်းအ၀ယ်
အနည်းငယ်ဖြစ်ကြောင်း ၎င်းတို့ ကပြောသည်။
(ပြည်သိမ်း)
credit - Eleven Media Group & 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment