Sunday, February 12, 2017

“တန်ဖိုးနည်းအိမ်ရာ သတင်းစုံ”

“တန်ဖိုးနည်းအိမ်ရာ သတင်းစုံ”

၁။ "တန်ဖိုးနည်းအိမ်ရာတွေ ဒုတိယအသုတ်
ဧပြီလမှာ ရောင်းချမည်"

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး
ဦးစီးဌာနက ဆောက်လုပ်ရောင်းချတဲ့ တန်ဖိုးနည်း အိမ်ရာ
တွေကို ဒုတိယအသုတ်အဖြစ်  လာမယ့် ဧပြီလမှာ ထပ်မံ
ရောင်းချပေးမှာ ဖြစ်ပါတယ်။

ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း (၂)၊ အပိုင်း (၃) နဲ့
ကျန်စစ်မင်းအိမ်ရာ အပိုင်း(၁) က အခန်းတွေကို
ရောင်းချမှာပါ။

ပျမ်းမျှ အခန်းတန်ဖိုးတွေက ကျပ်သိန်း ၁၂၀ ခန့်ရှိမှာ
ဖြစ်တယ်။ အခန်းအကျယ်အဝန်း၊ အထပ်အနိမ့်အမြင့်ပေါ် 
မူတည်ပြီး ဈေးနှုန်းကွာခြားမှာပါ။ အထပ်မြင့်ကတော့
လေးထပ်ခန့်  ဖြစ်ပါတယ်။

- ယုဇန တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၃) က
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်က မြေဧက ၂၀ ပေါ်မှာ
တည်ဆောက်မှာပါ။
ပေ ၂၀ x ပေ ၂၀  အကျယ်အခန်းပေါင်း (မြေညီမပါ)
၁၀၄၀ ခန်း၊ ပေ ၂၀ x ပေ ၂၀ (မြေညီဆိုင်ခန်းအပါ)
အခန်းပေါင်း ၂၁၆ ခန်း၊ ၁၆ ပေ x ၂၄ ပေ အကျယ်အခန်း
ပေါင်း ၉၀ဝ ၊ စုစုပေါင်း အခန်း ၂၁၅၀  ခန်းဖြစ်ပါတယ်။

- ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာက လက်ရှိတည်ဆောက်မှု
၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပါပြီ။  မြေဧက ၉.၅ ဧကပေါ်မှာ 
၁၈ ပေ x ၁၈ ပေ  အကျယ်အဝန်းရှိ အခန်းပေါင်း
၁၂၆၀ ခန်း ဖြစ်ပါတယ်။

- ယုဇနအိမ်ရာအပိုင်း (၁) နဲ့ ( ၂) (စီမံကိန်းတစ်ဝက်) ကို
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ပထမအကြိမ် ဘဏ်အရစ်ကျ
စနစ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

- ကျန်ရှိနေသေးတဲ့ ယုဇနအိမ်ရာ အပိုင်း (၂)
(ကျန်တဲ့တစ်ဝက်) ကို လာမယ့်  ဧပြီလမှာ ကျန်စစ်မင်းနဲ့
ယုဇန အိမ်ရာ အပိုင်း (၃) တို့နဲ့ အတူ ရောင်းပေးမှာ
ဖြစ်ပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက
“တန်ဖိုးနည်းအိမ်ရာတွေက ဈေးကတော့ ပျမ်းမျှကတော့
ကျပ်သိန်း ၁၂၀ ပေါ့၊ အာရ်စီတွေချည်းပဲ ၊ ၂၂ ပေပတ်လည်
ဆိုတော့ နည်းနည်းပိုကျယ်တာပေါ့၊ ၁၂၅ သိန်းပေါ့၊
မြေညီထပ်တွေက၊ ခြောက်ခန်းတွဲလေးထပ်၊ ရှစ်ခန်းတွဲ
လေးထပ်တွေ တည်ဆောက်နေတယ်”လို့ ပြောပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်ချေးငွေ ရှစ်နှစ် အရစ်ကျ
ပေးချေတဲ့ စနစ်နဲ့ ရောင်းချခဲ့ပြီး လာမယ့် စီမံကိန်းတွေကို
တော့ ၁၅ နှစ် အရစ်ကျ ချေးငွေကို  တိုးမြှင့် ရောင်းချပေးဖို့
စီစဉ်နေတယ်လို့ သိရပါတယ်။

(ပို့ပို့မြင့်မွန်)

***

၂။ "တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှစ်ခု တည်ဆောက်ရန်
ကုမ္ပဏီ ၃၀ ကျော်ကို ပဏာမ ရွေးချယ်"

ရန်ကုန်မြို့တွင် အခန်းအရေအတွက် ထောင်ကျော်ပါဝင်မည့်
သီလ၀ါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် ကျန်စစ်သားအိမ်ရာ
စီမံကိန်း အပိုင်း-၂ ကို တည်ဆောက်ရန် တင်ဒါခေါ်ယူထား
ရာ ကုမ္ပဏီ ၃၀ ကျော်ကို ပဏာမ ရွေးချယ်ထားကြောင်း
သတင်းရရှိသည်။

ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီများထဲတွင် ယခင်က
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် လက်တွဲတည်ဆောက်
ဖူးသည့် ဆောက်လုပ်ရေး ကုမ္ပဏီများပါဝင်ပြီး နာမည်ကြီး
ဆောက်လုပ်ရေး ကုမ္ပဏီအချို့လည်းပါဝင်လာကြောင်း
သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦး စီးဌာနက အဆိုပါအိမ်ရာများကို
သြဂုတ်က တင်ဒါ ခေါ်ယူခဲ့ပြီး နောက်ဆုံးအဆင့် တင်ဒါ
ရွေးချယ်ခြင်းသည် ဧပြီအတွင်းဖြစ်လာနိုင်ဖွယ်ရှိကာ
အနည်းဆုံးကုမ္ပဏီနှစ်ခုနှင့် အများဆုံး ကုမ္ပဏီ ငါးခုကို
တည်ဆောက်လုပ်ကိုင်ခွင့်ချထားမည်ဟု သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းမှ အခန်းများကို ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချမှုများ
ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနက ကနောင်၊
ရွှေလင်ဗန်း၊ ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို
အများပြည်သူ သို့ စတင်ရောင်းချနေပြီဖြစ်သည်။

ဝင်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်ရေး တန်ဖိုးသင့်၊
တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့်
ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေမှုများ စတင်ပြုလုပ်နေပြီး
၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ အိမ်ရာဖွံ့ဖြိုးရေးကို
ငါးနှစ်စီမံကိန်းရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း
၁ ဒသမ ၈ သိန်းခန့်အကောင်အ ထည်ဖော်နိုင်ရန်
ရည်ရွယ်ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

(မိုးညို)

***

၃။ "နိုင်ငံတော်မှ အခွန်သက်သာခွင့်နှင့် မြေနေရာ ပံ့ပိုးပြီး
လုပ်ငန်းရှင်များက အကျိုးအမြတ်မယူဘဲ တည်ဆောက်ပါက
တန်ဖိုးနည်းအိမ်ရာများ အမှန်တကယ် တန်ဖိုးနည်းမည်ဟု
ဆို"

တန်ဖိုးနည်းအိမ်ရာများမှာ ကျပ်သိန်း ၁၀၀ နှင့်အထက်
တန်ဖိုးများရှိနေပြီး တန်ဖိုး မနည်းဖြစ်နေသဖြင့် နိုင်ငံတော်မှ
အခွန်သက်သာခွင့်နှင့် မြေနေရာ ပံ့ပိုးပေးပြီး
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက အကျိုးအမြတ်မယူဘဲ
ကုန်ကျစရိတ်သာယူပြီး တည်ဆောက်ပါက တန်ဖိုးနည်း
အိမ်ရာများ အမှန်တကယ် တန်ဖိုးနည်းသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ
သိရသည်။

“တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်ကရော
ကျွန်တော်တို့ရော အဆောက်အအုံတွေ ဆောက်ဖြစ်ဖို့ကိုပဲ
ရည်ရွယ်တယ်။ အကျိုးအမြတ်ကို မရည်ရွယ်ဘူး။ နိုင်ငံတော်
ဘက်က မြေကွက် မြေနေရာတွေ ပံ့ပိုးပေးမယ်။ ကျွန်တော်
တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဘက်ကလည်း အကျိုး
အမြတ်မယူဘဲ ကုန်ကျစရိတ်ပဲ ယူမယ်ဆိုရင် အဲဒီဟာက
တန်ဖိုးတကယ်နည်းသွားမယ်။ ဒါကြောင့် နံပါတ်တစ်အနေနဲ့
နိုင်ငံတော်ဘက်က ပံ့ပိုးနိုင်တာပံ့ပိုး။ ကျွန်တော်တို့ဘက်က
လည်း စေတနာနဲ့ အကျိုးအမြတ်မယူဘဲ လုပ်ဖို့။ ဒါ့အပြင်
နိုင်ငံတော်အတွက် အခွန်တွေလည်း မကောက်တော့ဘူး
ဆိုရင် တန်ဖိုးက နည်းသွားမှာ။ကျွန်တော်တို့ သေချာပေါက်
ပြောနိုင်တာက မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ
အသင်းရဲ့ အဖွဲ့ဝင်တွေက ဒီအပေါ်က အကျိုးအမြတ်ယူဖို့
မဟုတ်ဘူး။ ဈေးနှုန်းဆိုတာ သူ့အတိုင်းဖြစ်သွားလိမ့်မယ်”
ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ
အထွေထွေအတွင်းရေးမှူး ဦးတင်မောင်နိုင်က
ပြောကြားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း၏
တန်ဖိုးနည်းတိုက်ခန်းများအား တစ်ပေပတ်လည်
ကျပ် ၂၃၀၀၀ နှင့် တည်ဆောက်ရောင်းချနိုင်သည်ဟု
ဒုတိယသမ္မတ ဦးမြင့်ဆွေအား တင်ပြခဲ့ပြီး ထိုတင်ပြမှု
အပေါ် တန်ဖိုးနည်းတိုက်ခန်းဆိုပါက ၀ယ်ယူသူအပေါ်
အခွန်ကောက်ခံမည်မဟုတ်ဟု စီမံ/ဘဏ္ဍာဝန်ကြီး
ဦးကျော်ဝင်းက တုံ့ပြန်ခဲ့ကြောင်း ဇန်န၀ါရီ ၁၃ ရက်တွင်
UMFCCI တွင် ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်
ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်
UMFCCI နှင့် UMFCCI ၏ ညီနောင်အသင်းအဖွဲ့များ
တွေ့ဆုံသည့် ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊
ဆောက်လုပ်ရေးလုပ်ငန်းရှင် တော်ဝင် ဦးကိုကိုထွေးနှင့်
လုပ်ငန်းရှင်အချို့က ပြောကြားသည်။

“အဲဒီနေ့က ၀န်ကြီးရဲ့ဖြေကြားချက်ကလည်း သူလည်း
တန်ဖိုးနည်းအိမ်ရာတွေရယ် ပြည်သူတွေ အိမ်ရာရရှိရေးကို
သူတို့လည်း စေတနာရှိပါတယ်။
ဒါကြောင့် အခွန်အကောက်တွေကို သုညအထိ ချနိုင်အောင်
သူကြိုးစားပေးမယ်လို့ ကတိပေးသွားပါတယ်။ ဒါကြောင့်မို့
ဝန်ကြီးဆီက တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်တဲ့အမိန့်ကို
မကြာခင်ထွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
ဟု ဦးတင်မောင်နိုင်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်
အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ စုစုပေါင်း
အိမ်ရာ ၁ ဒသမ ၈ သိန်းအထိ အကောင်အထည်ဖော်
တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနသည် တန်ဖိုးနည်း အခန်းပေါင်း ၂၂၀၀ စတင်
ရောင်းချရန်ရှိပြီး ထပ်မံလိုအပ်သည့် နေအိမ်ခန်းများကို
လည်း တည်ဆောက်ဖြည့်ဆည်းသွားရန်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နီလာ)

credit - Kumudra Journal / 7day Daily
& Eleven Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment