Sunday, February 5, 2017

“လုပ်စား ကျူး တို့၏ သတင်းများ”

“လုပ်စား ကျူး တို့၏ သတင်းများ”

၁။ "လယ်သမားဟု ဆိုသူများက ရွှေလင်ပန်း စက်မှုဇုန်ရှိ
ဆောက်လုပ်ဆဲ စက်ရုံများရှေ့တွင် တဲထိုး၍ ကရုဏာကြေး
သိန်းရာနှင့်ချီ တောင်းခံမှုများရှိနေ"

လယ်သမားဟု ဆိုသူများက ရွှေလင်ပန်း စက်မှုဇုန်ရှိ
ဆောက်လုပ်ဆဲစက်ရုံများ ရှေ့တွင်တဲထိုးကာ ကရုဏာကြေး
အဖြစ် သိန်းရာချီ တောင်းခံမှုများရှိနေကြောင်း
စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ရဲ့ ဇုန်တွေမှာ မြေကွက်အလွတ်တွေ ရှိတယ်။
တဲတွေဝင်ထိုးပြီး ကျူးကြတယ်။ ဖယ်ချင်တယ်ဆိုရင်
ကရုဏာကြေး ပေးဆိုပြီးပြောတယ်။ကရုဏာကြေး မဟုတ်ဘူး။
အမှန်က မိုက်ကြေးခွဲတာ။ အခု အဆောက်အအုံတစ်ခု
လုပ်မယ်။ အဲဒီလိုဆောက်ရင် လာပိတ်ပြီး တဲဆောက်တယ်။
ဝင်လို့လည်းမရ ထွက်လို့လည်းမရ။ ၀င်ချင် ထွက်ချင်ရင်
ငါတို့ ကိုပိုက်ဆံပေးဆိုပြီး လုပ်တယ်။ သူတို့က လယ်သမားလို့
ပြောတယ်။ လယ်သမား ဟုတ်ချင်မှလည်း ဟုတ်မယ်။
အထောက်အထားလည်း မရှိဘူး။ ရဲစခန်းမှာ အမှုဖွင့်လည်း
သူတို့က အေးဆေးပဲ။ သူတို့က ပြန်တောင်ပြောသေးတယ်”
ဟု ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အထွေထွေ
အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ထိုသို့ ပြုလုပ်မှုများမှာ ရွှေလင်ပန်း စက်မှုဇုန်တွင် များစွာ
ရှိကြောင်း၊ ကရုဏာကြေးအဖြစ် သိန်း ၁၅၀ ခန့် တောင်းဆို
ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြေကွက် ၄၂၆ ဆိုရင် အရှေ့မှာ တဲလာထိုးထားလို့ အထဲမှာ
ယန္တရားခြောက်စီး ရပ်ထားတယ်။ ယန္တရားတစ်စီးကို တစ်ရက်
ငှားခ ငါးသိန်းနဲ့ ရှစ်သိန်းကြား ရှိတယ်။ အဲဒါ ခြောက်စီးဆို
သိန်း ၃၀ ဗျာ။ တစ်လကို လုပ်ငန်းရှင်က သိန်း ၉၀၀၊ ၁၀၀၀
နစ်နာနေပြီ။ ဒီနစ်နာမှုတွေကို အစိုးရက ဘာလုပ်ပေးမှာလဲ။
ဘာအကာအကွယ် ပေးမှာလဲ။ ပြည်တွင်း လုပ်ငန်းရှင်တွေ
ဒီလိုဒုက္ခရောက်တာ နိုင်ငံတော်က ဘာလုပ်ပေးမှာလဲ” ဟု
ဦးနေလင်းဇင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များက
သက်ဆိုင်ရာရဲစခန်း၊ ခရိုင်ရဲစခန်း၊ ၀န်ကြီးဌာနများထံ
အကြောင်းကြားစာ ပေးပို့သော်လည်း တစ်စုံတစ်ရာ
လာရောက် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ လည်ပတ်လျက်ရှိသည့် စက်ရုံများနှင့် တည်ဆောက်
လျက်ရှိသည့် စက်ရုံမြေကွက်များမှာ ယခင်က မိမိတို့ပိုင်ဆိုင်
ခဲ့သည့် လယ်မြေများဖြစ်သဖြင့် ထိုသို့ တဲထိုးနေထိုင်ခြင်း
ဖြစ်ကြောင်း၊ လယ်မြေများကို ယခင်အစိုးရများ လက်ထက်
က သိမ်းယူခဲ့ပြီး လျော်ကြေးရရှိခြင်း မရှိကြောင်း တဲထိုး
နေထိုင်ကာ ကရုဏာကြေး တောင်းခံနေသူအချို့က
ဆိုသည်။

“အကုန်လုံး ဒီလိုပဲလုပ်နေလို့ ကျွန်တော်တို့လည်း ခုမှ
ကရုဏာကြေးတောင်းတာ။ ဒါက ကျွန်တော်တို့ လယ်ယာ
မြေပါ။ ဘိုးစဉ်ဘောင်ဆက် လုပ်လာတာ။ ကျွန်တော်တို့
တောင်သူလယ်သမားတွေက အခုလို လုပ်လိုက်ရင်
အဆင်ပြေသွားကြတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့
လည်း အသနားခံတာပေါ့။ ကျွန်တော်တို့မြေတွေကို
နိုင်ငံတော်က သိမ်းသွားတာ။ ဘယ်နှခုနှစ်က သိမ်းလဲတော့
အတိအကျ မသိဘူး။ အဲဒီတုန်းက လျော်ကြေးတော့
မရဘူး။ သီးနှံဖျက်ဆီးစရိတ် နှစ်သောင်းပေးတယ်။ အခုလို
တဲထိုးနေတာက ကျွန်တော်တို့ ကရုဏာကြေး
သိန်း ၂၀၀ လိုချင်လို့ပါ” ဟု တဲထိုးနေထိုင်နေသည့်
ကုလား (ခေါ်) ထိန်လင်းက ပြောကြားသည်။

လက်ရှိတွင် လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန်ထဲတွင်
ဆောက်လုပ်စ အဆောက်အအုံရှေ့တွင် တဲထိုးပိတ်ဆို့ကာ
ကရုဏာကြေး တောင်းခံမှု နှစ်ခု ရှိကြောင်း သိရသည်။

(ရှိုင်းလင်းအောင်)

***

၂။ "နေပြည်တော်မှာ အခပေး ကျူးလုပ်နေသူတွေ ရှိနေ"

နေပြည်တော်မှာ လယ်ယာသိမ်းခံ တောင်သူတွေနဲ့ ကျူးကျော်
သူတွေရဲ့ ပြဿနာကို စည်ပင်က ပြန်လည် ဖြေရှင်းပေးမယ်
ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ပိုက်ဆံပေးပြီး
ကျူးကျော်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစံ(၇)နဲ့ လယ်ယာပိုင်ဆိုင်မှု သေချာတဲ့ တောင်သူဆီက
ပိုက်ဆံတတ်နိုင်သူက ဝယ်လိုက်ပြီး အဲသည် လယ်ယာ
မြေကွက်တွေကို လူနေအကွက်ရိုက်ပြီး ပြန်လည် ရောင်းချတာ
ဖြစ်ပါတယ်။

ရောင်းတဲ့အခါ မှာ ပေ ၄၀x ၆၀ လို မြေကွက်မျိုးကို
ကျပ် ၁၅ သိန်းလောက်နဲ့ ရောင်းတာကြောင့် ဝယ်သူတွေက
လည်း စွန့်ပြီး ဝယ်ယူထားကြတာပါ။

ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက
ဦးကျော်စွာမြင့်က
“တချို့ကလဲ မသမာတဲ့နည်းနဲ့ ဝယ်နေကြတယ်၊
တရားဝင်ချထားတဲ့ ဈေးနဲ့မဝယ်ဘဲနဲ့ ဈေးပေါတဲ့ အကွက်ကို
ဝယ်တယ်၊ အကွက်များ ပြန်ပေးမလား၊ လျော်ကြေးများ
ပြန်ပေးမလားဆိုတဲ့ ဆန္ဒနဲ့ ကျူးနေကြတယ်။
တစ်နည်းအားဖြင့် ပိုက်ဆံပေးပြီး ကျူးတာနဲ့
မပေးဘဲ ကျူးတာပဲ ကွာပါတယ်” လို့ ပြောပါတယ်။

လယ်ယာမြေပေါ်မှာ အိမ်ဆောက်ပြီး နေတာကြောင့်
နိုင်ငံတော်က လယ်ယာသိမ်းပြီး အကွက်အစားထိုး ပြန်ပေး
မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံပေးပြီး ကျူးကျော်
ဘဝကို တမင်ဖန်တီး ယူနေတဲ့သူ အချို့ ရှိနေတယ်လို့
သိရပါတယ်။

* ပုံစံ(၇)နဲ့ လယ်ယာမြေကို ပိုင်ဆိုင်မှု ရှိနေရင်တောင်
အဲသည်လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဓနိမြေပေါ်မှာ လူနေခွင့်
မရှိဘဲ တစ်ဖက်ရပ်တဲ့ (လယ်စောင့်တဲ) သာ
ထိုးခွင့်ရှိပါတယ်။

* မြေအမျိုးအစားမှာ လယ်နဲ့ယာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။
လူနေထိုင်ခွင့် မရှိတာကြောင့် ယာမြေကို အခြားနည်းနဲ့
အသုံးချဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးကောင်စီမှာ
ပြန်လည် လျှောက်ထားတာမျိုးတွေ ရှိတယ်။

* အဲသည်လို လျှောက်တဲ့မြေတွေကို တကယ်အသုံးချလို့
မရတော့ဘူးဆိုတာ စိုက်ပျိုးရေးဌာနက အဆင့်ဆင့်
စစ်ဆေးပါတယ်။

* လယ်ယာစိုက်ပျိုးလို့ မရတော့ဘဲ လူနေထိုင်မှုနဲ့
နီးစပ်နေတယ်။
ဘယ်လိုမှ စိုက်ပျိုးလို့ အဆင်မပြေတဲ့ မြေမျိုး ဖြစ်တယ်ဆိုတဲ့
အဆင့်ဆင့် ထောက်ခံချက်တွေ ရ လာရင်တော့ အခြားမြေ
အဖြစ် အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။

***

၃။ "ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း
ကောက်ယူမှု တတိယမြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်း
မြို့နယ်တွင် စတင်ကောက်ယူ"

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်း ကောက်ယူမှု တတိယ
မြောက်မြို့နယ်အဖြစ် ဒဂုံမြောက်ပိုင်းမြို့နယ်တွင် စတင်
ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ရပ်ကွက် ၂၀ အတွင်းရှိ
ကျူးကျော်များအား အဖွဲ့လေးဖွဲ့ခွဲကာ ဇန်န၀ါရီ ၉ ရက်မှစ၍
စာရင်းကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“စာရင်းကောက်တဲ့နေရာမှာ ရပ်ကွက်အပိုင် အုပ်ချုပ်ရေး
အာဏာပိုင် အဖွဲ့အစည်းက သူတို့နေထိုင်ရာ ရပ်ကွက်မှာ
ဘယ်သူက ကျူးကျော်တယ်။ ဘယ်သူက မကျူးကျော်ဆိုပြီး
နေအိမ်အမျိုးအစားကို သတ်မှတ်ပြီးတော့ စာရင်းယူပြီးတော့
စလစ်တွေကိုပေးတယ်။ အဲဒီကပေးလာတဲ့ စလစ်စာရွက်
တွေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ကျူးကျော်စလစ်ရတဲ့
သူတွေက လာရောက်ပြီး စာရင်းရေးသွင်းရတယ်။
သတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ် ငါးလပိုင်း ၂၅ ရက်နောက်မှ
လာတဲ့ ကျူးတွေကိုတော့ ကျူးစာရင်းအဖြစ် မသတ်မှတ်
တော့ဘူး။
အချို့ကြတော့ ကိုယ်ပိုင်ခြံတွေရှိတယ်။ ကိုယ်ပိုင်အထောက်
အထား ပြည့်စုံစွာရှိနေရဲ့သားနဲ့ ကျူးစာရင်းစလစ်တွေ
ရလာတယ်။ ဒါတွေကို စစ်ရတဲ့အခါ အများကြီးပေါ်လာတယ်။
လယ်ပိုင်ရှင်တွေကတော့ လယ်ပိုင်ရှင်လို့ပဲ အမည်ခံမယ်၊
ကျူးစာရင်းလို့ အမည်မခံဘူးဆိုပြီးတော့ ကျူးစာရင်းမသွင်းဘူး
ဆိုတဲ့ သူတွေလည်းရှိတယ်။
မိမိကိုယ်တိုင် ကျူးမှာမနေဘဲနဲ့ အောက်ခြေကနေ ပေးလိုက်တဲ့
စလစ်တွေနဲ့ ထပ်လာပြီးတော့မှ ၀င်လာတဲ့ဟာတွေရှိတယ်။
မိသားစုတစ်အိမ်ထဲမှာ ငါးဦးရှိပြီးတော့ စလစ်သုံးခုရတာတွေ
ရှိတယ်။ အဖီဆွဲပြီးတော့ စလစ်ယူထားတာတွေရှိတယ်။
အချို့ကျူးမဟုတ်ဘဲနဲ့ ကျူးဆိုပြီး ၀င်လာတာရှိတယ်။
ဆိပ်ကမ်းမြို့နယ်မှာ ကျူးကျော်နေထိုင်သူ ၁၅၀၀၀ ကျော်
စာရင်းကောက် ပြီးသွားပြီ” ဟု ကျူးကျော်နေထိုင်သူများ
စာရင်းကောက်ယူရေး စီမံချက်တွင် စေတနာ့ဝန်ထမ်းအဖြစ်
ဆောင်ရွက်နေသူ ဦးမြင့်စိုးက ပြောကြားသည်။

“လက်ရှိမြောက်ဒဂုံမှာ ရပ်ကွက် ၂၀ ကောက်မှာဖြစ်တယ်။
ကောက်တဲ့နေရာမှာ Target ထားထားတာက သုံးထောင်
အထိပဲဖြစ်တယ်။ လက်ရှိအိမ်ထောင်စုက ၉၄၃ အိမ်ထောင်စု
ပြီးသွားပြီ။ လူဦးရေဆိုရင် ၃၄၄၅ ဦး အထိ ပြီးသွားပါပြီ။
စာရင်းကောက်ယူတဲ့အဖွဲ့က အားလုံးရှစ်ဖွဲ့ ရှိပါတယ်။
မြောက်ဒဂုံမှာ လေးဖွဲ့၊ ရွာသာကြီးမှာ နှစ်ဖွဲ့၊ အရှေ့ဒဂုံမှာ
နှစ်ဖွဲ့ ဖြစ်ပါတယ်။ တချို့တွေက အမှန်အတိုင်း မပြောတာ
တွေလည်းရှိတယ်။ အခုစာရင်းကောက်တာနဲ့လည်း
မပြီးသေးပါဘူး။ အစိုးရအဖွဲ့က ဆင်းပြီးစစ်ဦးမှာ” ဟု
စေတနာ့ဝန်ထမ်း မနန္ဒာဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းကောက်ယူမှု
ဒုတိယမြို့နယ်အဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂၀၁၆ ခုနှစ်
ဒီဇင်ဘာ ၁၂ ရက်က စတင်ကောက်ယူခဲ့ပြီး ကျူးကျော်ဦးရေ
၁၆၀၀၀ အထိကောက်ယူ ရရှိခဲ့ကြောင်း သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှု၏ ပထမဆုံး Pilot Project
အနေဖြင့် စက်တင်ဘာ ၂ ရက်မှ ၂၀ ရက်အထိ ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်တွင် စတင်ကောက်ယူခဲ့ရာ နည်းပညာပိုင်း
ဆိုင်ရာ အခက်အခဲများနှင့် ကျူးကျော်အသစ် ထပ်မံတိုးပွား
လာသည့် အခြေအနေများ၊ အချို့ချမ်းသာသည့် ပုံသဏ္ဍာန်
ရှိသူများက ကျူးကျော်အဖြစ် လာရောက်စာရင်းပေးသွင်း
မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူမှု
စီမံချက်အနေဖြင့်
- အရှေ့ပိုင်းခရိုင်တွင် ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊
ဒဂုံအရှေ့၊ မြောက်ဥက္ကလာပ၊ သာကေတမြို့နယ်
များတွင် လည်းကောင်း၊
- အနောက်ပိုင်းခရိုင်တွင် မရမ်းကုန်းနှင့် အလုံမြို့နယ်များ၌
လည်းကောင်း၊
- တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်း၊
ဒလမြို့နယ်များ၌ လည်းကောင်း၊
- မြောက်ပိုင်းခရိုင်တွင် ရွှေပြည်သာနှင့် လှိုင်သာယာ
မြို့နယ်များ၌ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသနစီမံကိန်း၊
ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေး စီမံချက်အား
၂၀၁၆ စက်တင်ဘာမှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး
၂၀၁၇ ခုနှစ်မတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်းလည်း
သိရသည်။

(ဆန်းထူးအောင်)

credit - Eleven Media Group & The Modern

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment