Monday, December 28, 2015
“အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု နှင့် ဆက်စပ် သတင်း”
“အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု နှင့်
ဆက်စပ် သတင်း”
၁။ "အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု
(သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲ
ဖြစ်တဲ့ အမေ့လျော့ခံဘဝများ"
၁၉၆၂ ခုနှစ် မတိုင်ခင်က
အာရှတိုက်ရဲ့အကောင်းဆုံးဆိုတဲ့လေဆိပ် တစ်ခုထဲမှာ
ပါဝင်ခဲ့တဲ့မင်္ဂလာဒုံလေဆိပ်ကြီး ၊
စင်ကာပူကို တည်ထောင်ဖို့ အတွက် ရန်ကုန်မြို့ကို လာရောက်
လေ့လာခဲ့ရတဲ့စင်ကာပူရဲ့ ခေါင်ကိုင်ဖခင်ကြီး လီကွမ်ယူ တို့
အကြောင်း ယနေ့ခေတ် လူငယ်တွေကို ပြောပြမယ်ဆိုရင်
အိပ်ရာ ဝင်ပုံပြင်တစ်ခုလို စိတ်ကူးယဉ်ဇာတ်လမ်းတွေ လို့
ထင်နေကြမှာ ဖြစ်ပါတယ်။
လွှဲမှားတဲ့ စီမံခန့်ခွဲမှု့တွေကြား နှစ်ပေါင်း ၅၀ ကျော်ပိတ်မိနေတဲ့
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းရဲ့ ထိုးနှက်ချက် ၊
များပြားလှတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဖြစ်နေတဲ့
ပြည်တွင်းစစ်မီးကြောင့် ဇာတိနေရပ် စွန့်ခွာ ပြီး
မြို့တက်လုပ်ကိုင်စားသောက်ရတဲ့ ဆင်းရဲသား ပြည်သူတွေ
အတွက် စားရေး၊ ဝတ်ရေး ၊ နေရေး ဆင်းရဲနိမ့်ကျ မှုတွေ
အများအပြားရှိနေဆဲဖြစ်ပါတယ်။
စားရေး ၊ ဝတ်ရေး ၊ နေရေးမှာ အရေးကြီးဆုံးက
ကျောတစ်နေရာချစရာ နေရာတစ်နေရာ ရဖို့
ဘယ်လောက်အရေးကြီးတယ် ဆိုတာ အားလုံး သိရှိကြပါတယ်။
နေရေး အခက်အခဲ ဖြစ်နေတဲ့ပြည်သူတွေ အတွက် မကြာခဏ
ဆိုသလို ခေတ်အဆက်ဆက်မှာ ကယ်တင်ရှင်ဆိုသူတွေ
ပေါ်လာတတ်ပေမယ့် နောက်ဆုံးမှာ တော့ အလိမ်အညာ
ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘဲ အဆုံးသတ်ခဲ့ရပြီး
သုမနကျောက ဒဏ်ရာတွေထပ်ပြီး တိုးလာတာဘဲ ရှိပါတယ်။
ကျောတစ်ခင်းစာ အတွက် နေစရာရဖို့ ပွဲစားအဆင့်ဆင့်နဲ့
သက်ဆိုင်ရာ အာဏာပိုင် အချို့ကို လိုင်းဝင်ရတာတွေ
ရှိလာတယ့် အပြင် ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အတွက်
ဆင်းရဲသား အိမ်ရာတွေ ဖော်ထုတ်မယ် ဆိုပြီးတော့လည်း
အဖွဲ့အစည်းအသီးသီးက သုမန တွေ ဆီက ရသလောက်
ငွေညှစ်ယူပြီး အဆုံးသတ်မှာ ထွတ်ပြေးသွားကြတဲ့
ကယ်တင်ရှင် အတုအယောင်တွေ သာ တစ်နေ့ တစ်ခြား
ပိုမိုများပြားလာတာ တွေ့နေရတယ်။
အာဏာလက်ဝယ်ရှိသူတွေက လိမ်လည်သူတွေကို
ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်၊
သူဌေး သင်္ဘော မှောက်တာ ပြသနာ မရှိပေမယ့်
သူတောင်းစားခွက်ပျောက်တာ ပိုအဖြစ် ဆိုးနေတဲ့ဘဝတွေမှာ
ဆင်းရဲသားပြည်သူတွေဆီက လိမ်လည်ယူနေကြတာကတော့
ဘယ်လိုမှကိုခွင့်လွှတ်ပေးလို့ မရသလို ပျက်စီးသွားတဲ့
ဘဝတွေ အတွက်လည်း ကိုယ်ချင်းစာ တရားလေး နဲ့
ကူညီပေးဖို့လိုပါတယ်။
လတ်တလော ပူပူနွေးနွေး ပြောရမယ် ဆိုရင်
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရဘက်က ဘူဒိုဇာတွေ ၊
ယူနီဖောင်းဆင်တူ ဝတ်ထားတယ့် လူတွေ နဲ့ ဖျတ်သိမ်းခံခဲ့ရတဲ့
ရတနာအောင် ကျေးရွာ ဆိုတဲ့ နာမည်လှလှ လေးနဲ
့မြို့သစ်တစ်ခုရဲ့ဇာတ်လမ်းလေးကတော့
ဇာတ်လမ်း အဆုံးသတ်မှာ မြေကွက်ဝယ်ယူထားမိကြတဲ့
ဆင်းရဲသား ပြည်သူတွေသာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို
လိမ်လည်ထွတ်ပြေးနေတဲ့ အဖွဲ့အစည်းအမည်ခံပုဂ္ဂိုလ်တွကို
လည်း မြေကွက်ပိုင်ရှင်တွေ က တရားစွဲဆိုဖို့ လုပ်နေရပါတယ်။
တွယ်ရာမဲ့ဘ၀ လေးတွေ ပြိုကွဲသွားပါတယ် ဆိုတဲ့
ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပေမယ့်
ပေ ၄၀ အကျယ် ပေ ၆၀ အကျယ် မြေကွက်ပေါင်း ၅၅၀၀
ကျော်ကို ခပ်တည်တည်အကွက်ရိုက် ရောင်းချပြီး
သုမနတွေ အားလုံးကို ဒုက္ခတွင်းထဲမှာ ထားခဲ့ကြပါတယ်။
ဒီလိုမျိုး အစိုးရပိုင်မြေတွေကို ခပ်တည်တည်နဲ့ အကွက်ပေါင်း
၅၅၀၀ ကျော်ထိ ရိုက်ရောင်းစားရဲတဲ့ လူတွေရဲ့ဇက လည်း
မသေးတဲ့ အပြင် တစ်နှစ်ကျော် ပစ်ထားပြီး ပြသနာကြီးလာမှ
လာဖြေရှင်းတဲ့ အာဏာပိုင်တွေကိုလည်း အားလုံးက
မေးခွန်းထုတ်နေ ဆဲ ဖြစ်ပေမယ့်၊
ရောင်းသွားတယ့် သူတွေက ငွေထုတ်ပိုက်ပြီး လစ်သွားကြပြီး
ဖြစ်ပါတယ်။
ကျန်တာကတော့ ကျန်တဲ့လူတွေ ရှင်းရမှာ ဖြစ်ပေမယ့်
ငွေကြေး ၊ ဓန အင်အားနည်းလို့ တန်ဖိုးနည်း မြေကွက်ကို
ဝယ်ထားရတဲ့ ပြည်သူတွေ အတွက်ကတော့ ဘယ်လိုမှ
ပြန်လည်နလန်ထူစရာ မရှိပါဘူး၊ သင်ခန်းစာ တစ်ခု ရပေမယ့်
ဒီသင်ခန်းစာ တစ်ခု အတွက် သုမန တွေ အကြားမှာ
ပြန်လည်ပေးဆပ်လိုက်ရတဲ့ ဘဝ ပေါင်း ထောင်နဲ့ ချီတဲ့
မိသားစုတွေရဲ့ မနက်ဖြန်ကတော့ ဘယ်လိုတွေ
ဖြစ်လာနိုင်မယ်ဆိုတာ မတွေးရဲအောင်ပါဘဲ ။
အမြန်လမ်မကြီးဘေး မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံက
အစိုးရပိုင် မြေကွက်ဧကတစ်ထောင်ကျော်ပေါ်မှာ
သမ္မတ ဦးသိန်းစိန်ပုံပါတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး
ဆင်းရဲသားပပျောက်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ မြေကွက်ပေါင်း
၅၅၀၀ ကျော်ကို ရိုက်ရောင်းစားခဲ့ကြတယ့် အပြင်
မြေကွက်ဝယ်ခဲ့သူတွေကိုလည်း ခပ်တည်တည်နဲ့ အစိုးရက
ထုတ်ပေးထားတယ့် စလစ်လိုလို ၊ဂရန်လိုလို အသိအမှတ်ပြု
ကဒ်ပြားတွေနဲ့ အဖွဲ့အစည်းအမည်ခံပြီး ရောင်းစားနေကြတာ
တစ်နှစ်ဝန်းကျင်လောက်ထိ ကြာမြင့်ခဲ့ပြီး
ဘယ်အာဏာပိုင် အဖွဲ့အစည်းမှလည်း လာတားတာမရှိလို့
အရဲစွန့်ဝယ်ခဲ့တဲ့ ပြည်သူတွေဟာ
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ မြေပိုင်ရှင် အစိုးရဘက်က
သူ့မြေကို သူပြန်သိမ်းပြီး ခြံစည်းရိုးခတ် ပြီးဖြစ်သလို ၊
မြေကွက်တွေကိုရောင်းစားခဲ့တဲ့ ငြိမ်းချမ်းရေး အမည်ခံ
အဖွဲ့အစည်းကဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း
ကြက်ပျောက် ဌက်ပျောက်ဆိုသလို ပျောက်ခြင်း မလှ
ပျောက်ကုန်တဲ့ အတွက် မြေဝယ်ထား မိတဲ့ ပြည်သူတွေ
ကတော့ စာရွက်စာတမ်းတွေ ကိုင်ပြီး ဘယ်သူ့ကို
အရေးဆိုလို့ ဆိုရမှန်း မသိဖြစ်ကုန်ကြပါတယ် ။
“ဘုန်းဘုန်းက ဘုန်းကြီးကျောင်းဆောက်ချင်လို့ ဒကာတွေ
လှုထားတဲ့ ပိုက်ဆံနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက် ပေါင်း ၂၀ ကို
တစ်ကွက် ၁၀ သိန်းနဲ့ဘုန်းဘုန်းသူတို့ဆီက ဝယ်လိုက်တာ ၊
အခုအစိုးရ ကသူတို့မြေဆိုပြီးလာ ဖျက်တော့ ပလုံတာပေါ့ ၊
ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့တွေက သမ္မတကြီး ဓာတ်ပုံနဲ့
ဆိုင်းဘုတ်တွေထောင် ၊ ဆင်းရဲသား မြို့သစ်ဆိုပြီး ပြောတဲ့
အပြင် စာရွက်စာတမ်းပိုင်ဆိုင်မှု အထောက်အထားတွေပါ
တံဆိပ်တုံးတွေနဲ့ ထုပြီး ရောင်းတော့ ဝယ်လိုက်မိတာပါ ၊
အခုမှ အစိုးရပိုင်မြေဆိုပြီး ဆိုင်းဘုတ်လာထောင်
ဖျက်သိမ်းတော့ နားမလည်တော့ပါဘူး ၊ ဒီလူတွေကို အခုလို
တစ်နှစ်လောက်အထိ အာဏာပိုင်တွေက
လက်ပိုက်ကြည့်နေခဲ့ပြီး အခုမှ လာရှင်းတော့ အားလုံး
နစ်နာတာပေါ့ ၊ ဘုန်းဘုန်းကို ရောင်းလိုက်တဲ့ လူတွေကတော့
အခုလာဖျက်တဲ့နေ့ရောက်ရော တစ်ယောက်မှ ရှာလို့
မတွေ့တော့ဘူး ၊ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး
မြေကွက်ပေါင်း ၂၀ ကျော် ၀ယ်ယူထားတယ့် ဘုန်းတော်ကြီး
ဦးဇာဂရ က လည်း ခံစားချက်ကို ပြောပြပါတယ်။
ဇာတ်လမ်းဇာတ်ကွက်မျိုးစုံ နဲ့ လူတွေအကြိုက် မြေကွက်တွေ၊
တိုက်ခန်းတွေ ကို လိမ်မည့် လူတွေ အနေနဲ့ အခုနောက်ပိုင်းမှာ
ကြိုတင်ပြင်ဆင်မှု မျိုးစုံ နဲ့ အထင်တကြီးဖြစ်စေဖို့ ပြောဆို
နေထိုင် ဝတ်ဆင်မှု တွေနဲ့ ဟောက်စား ခြောက်စားပြီး
လိမ်လည်လာသလို ၊
ပြင်ပပေါက်ဈေးထက် ချိုသာတယ့် ဈေးနှုန်း ၊
စာရွက်စာတမ်းအထောက်အထားတွေ နဲ့ လိမ်လည်ကြပေမယ့်
အခုနောက်ပိုင်းမှာတော့ လူချမ်းသာတွေ ထက်
နေစရာ အိမ်ရာမရှိတဲ့ ဆင်းရဲသားတွေဘက်ကို
ဦးတည်လိမ်လည်လာတာတွေ တွေ့ရပါတယ်။
ဥပဒေ ကြောင်းအရ အမှုတည်ဆောက်ရတာကြောင့်
ချက်ခြင်း အရေးယူဖို့ ခက်တဲ့ အမှုမျိုးဖြစ်တဲ့အပြင်
လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ၊ တင်ပြမှု့ အဆင့်ဆင့်ကြောင့်
အချိန်နှောင်းမှ အာဏာပိုင်တွေဘက်ကအရေးယူခဲ့ရတယ့်
ဖြစ်စဉ်တွေ ၊
အများကြိုက်စကားလုံးတွေ နဲ့ ချိုသာတဲ့ ဈေးနှုန်းတွေကို
နှစ်သက်သဘောကျတဲ့ မြန်မာလူ့အဖွဲ့အစည်းက
ဆင်းရဲသား ပြည်သူတွေ ကို ပစ်မှတ်ထားပြီး
လိမ်လည်လာကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုးဇာတ်လမ်းတွေက မကြာခဏ ဖြစ်လေ့ ဖြစ်ထ ရှိပြီး
အချိန်အနည်းငယ် အကြာမှာ လူတွေက မေ့သွားတတ်
ကြပေမယ့် တကယ်ခံစားခဲ့ရတယ့် မြေကွက်ပိုင်ရှင်တွေ ၊
အလိမ်ခံရတယ့် သူတွေ ၊ မြေကွက်တွေကို ဈေးချိုချိုနဲ့ ရလို့
ဝယ်ဖို့ အတွက် အတိုးကြီးကြီင်္းနဲ့ ငွေယူမြေဝယ်ထားတဲ့
သူတွေ အပြင် မရှိမဲ့ ရှိမဲ့ ငွေလေးတွေနဲ့ ဝယ်ပြီးနေနေတဲ့
ဆင်းရဲသားပြည်သူတွေ ကတော့ နောက်ဆုံးမှာ
သွားစရာလာစရာ နေရာ မရှိတဲ့ ဘဝတွေမို့ လမ်းဘေးမှာ
တဲထိုးပြီး အာဏာပိုင်တွေဘက်က လာဖျက်မယ့် အချိန်ကို
ကျီးလန့်စားစား နေရ တယ့် နောက်ကျော မလုံတဲ့
ဘဝကို သာ ရောက်လို့သွား ပါတော့တယ်။
(ကိုချစ်ခင်)
***
(အထက်ပါ ဆောင်းပါးနှင့် ပတ်သက်သည့် ဆက်စပ်သတင်း)
၂။ "လှည်းကူးမြို့နယ်မှ မြေကော်စက်ဖြင့် နေအိမ်ဖယ်ရှား
ခံရသူများ နေရာပြန်ရရေး ဒီချုပ်ကို အကူအညီတောင်း"
လှည်းကူးမြို့နယ် ရတနာအောင်ကျေးရွာသစ်ရှိ ဖယ်ရှားခံခဲ့ရသည့်
နေအိမ်များအနက် ပြည်သူသုံးရာကျော်က နေရာများ
ပြန်လည်ရရှိရန် သမ္မတနှင့် ၀န်ကြီးချုပ်တို့ထံ အသနားခံစာ
တင်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား အကူအညီ
တောင်းခံခဲ့ကြောင်း သတင်းရရှိ သည်။
ရန်ကုန်-နေပြည်တော်အ မြန်လမ်းဘေးရှိ မြေဧကများပေါ်တွင်
KNU/KNLA (PC) က ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ဟု
ဆိုကာ ပေ ၄၀×၆၀ မြေကွက်များကို ၂၀၁၄ ကစတင်
ရောင်းချခဲ့သည်။
သို့သော် ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်တွင် ယင်းမြေကွက်များပေါ်၌
ဆောက်လုပ်ထားသည့် နေအိမ်များကို သက်ဆိုင်ရာက
မြေကော်စက်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက်
နေထိုင်သူများက မြေနေရာပြန်လည်ရရှိရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဒီဇင်ဘာ ၁၈ ရက်တွင်
လာရောက်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
“KNU/KNLA (PC) ကနေ ကျေးရွာသစ်တည်ထောင်ပေးမယ်ဆိုပြီး
မြေကွက်တွေရောင်း တယ်။
အဲဒီမြေကွက်တွေကို ပြည်သူတွေက ၀ယ်နေတယ်။
အခုအဲ ဒီမြေကွက်တွေကို ဌာနပိုင်ဆိုပြီး ဖယ်ရှားပစ်တယ်။
ပိုက်ဆံနဲ့ ၀ယ် နေတဲ့သူတို့တွေက ကျူးကျော်မ ဟုတ်ဘူး။
စာချုပ်စာတမ်းတွေနဲ့ ပိုက်ဆံပေးဝယ်ယူပြီး နေထိုင်နေ တဲ့သူတွေ။
အဲဒါကြောင့် ဒီကိစ္စကို နိုင်ငံတော်သမ္မတကြီးက အရေး ယူ
ဆောင်ရွက်ပေးပါလို့ ဦးလေး တို့က စာရေးပေးလိုက်တယ်” ဟု
ဒီချုပ် (ဗဟို)တောင်သူလယ်သ မားရေးရာကော်မတီအဖွဲ့ဝင်
ဦးစိုးလေးက ပြောကြားသည်။
အသနားခံစာကို နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊
ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၊
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေး
ကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု
ကော်မတီ၊ ဗဟိုတောင်သူလယ်သမားရေးရာကော်မတီနှင့်
နိုင်ငံတကာအဖွဲ့အစည်းသုံးခုထံသို့ ပူးတွဲပေးပို့မည်ဖြစ်ကြောင်း
၎င်းက ဆိုသည်။
ဒီဇင်ဘာ ၁၇ ရက်က လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနပိုင်မြေဧက ကိုးရာ ကျော်ပေါ်ရှိ အိမ်ခြေတစ်ထောင်
ကျော် ဖယ်ရှားခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောကြားထားသော်လည်း ဒေသခံများကမူ
ရတနာအောင်ကျေး ရွာသစ်ကို ရဲတပ်ဖွဲ့ဝင်များနှင့် ခန့်မှန်း
လူအင်အား ကိုးရာကျော်တို့က မြေကော်စက် ရှစ်စီးဖြင့်
အိမ် ခြေ ရှစ်ထောင်ခန့်ကို ဖျက်ဆီးခဲ့ သည်ဟု ဆိုသည်။
ဒေသခံများက ၎င်းတို့အနေ ဖြင့် KNU/KNLA (PC) ထံမှ
စာချုပ်များဖြင့် မြေကွက်တစ်ကွက် လျှင် ကျပ် ခုနစ်သိန်းမှ
၁၅ သိန်း ပေးကာ ၀ယ်ယူထားသည့်အ တွက် ကျူးကျော်များ
မဟုတ်ဘဲ KNU/KNLA (PC) က တာဝန်ယူမှု မရှိ၍
ဆုံးရှုံးနစ်နာခြင်းဖြစ်ကြောင်းဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ကို ရောင်းတဲ့ အချိန်က KNU/KNLA (PC) က
တာဝန်ခံဗိုလ်မှူးစောတဗွေကိုယ်တိုင် စလစ်ထုတ်ပေးပြီး
ရောင်းခဲ့တာ။ အဲဒါအပြင် သမ္မတဓာတ်ပုံပါတဲ့ ဗီနိုင်းအကြီးကြီးနဲ့
ရတနာ အောင်ကျေးရွာသစ်ထူထောင်မယ့် အကြောင်း
စိုက်ထူထားတာ။ သမ္မတဓာတ်ပုံပါလို့ ယုံကြည်ပြီး
ဝယ်ခဲ့တာ” ဟု ဒေသခံဦးဖက်တီး က ပြောသည်။
နေအိမ်များ ဖယ်ရှားသည့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်
အထိ KNU/KNLA (PC) အဖွဲ့အစည်းမှ တာဝန်ရှိသူများ
အဆိုပါကျေးရွာ၌ရှိနေပြီး ရဲတပ် ဖွဲ့ရောက်ရှိလာချိန်မှ
ထွက်ခွာခဲ့ကြောင်း ဒေသခံများက 7Day Daily အား
ပြောကြားသည်။
“ကျွန်တော်တို့ နေအိမ်တွေ ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ရောက်လာတော့
ဗိုလ်မှူးစောတဗွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးမှ သူတို့ထွက်သွားတာ။
တကယ်ဆိုရင် အဲဒီမြေတွေကို ရောင်းထားတဲ့
ဗိုလ်မှူးစောတဗွေကို ရဲတပ်ဖွဲ့က ဘာလို့မဖမ်းတာလဲ။
သမ္မတဦးသိန်းစိန်ဓာတ်ပုံအလွဲသုံးစားလုပ်ထားတဲ့ သူကို
ဘာလို့လွှတ်ပေးလိုက်တာလဲ” ဟု
ဒေသခံ ကိုသက်လင်းထွန်းက ဆို သည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဌာနပိုင်
မြေတွင် ကျူးကျော်ဆောက်လုပ်နေကြောင်း
မကြာသေးမီလပိုင်းကစ၍ ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း
မြေကွက်များအား လွန်ခဲ့သည့် တစ်နှစ်ကျော် ကတည်းက
ရောင်းချနေခြင်းကို သက်ဆိုင်ရာက တားမြစ်ချက်
မထုတ်ပြန်ခဲ့၍ ယခုကဲ့သို့ နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း
ဒေသခံများက ပြောကြားသည်။
(ထက်အာကာ၊ ထက်မြက်)
credit - iMyanmarHouse & 7daydaily
“တန်ဖိုးသင့်အိမ်ရာ အရောင်း/အငှား သတင်းများနှင့် ရေရှည်မှာ တန်ဖိုးသင့် အိမ်ရာများ အတွက် မြေနေရာအခက်အခဲ ရှိလာမည်ဟုဆို”
“တန်ဖိုးသင့်အိမ်ရာ အရောင်း/အငှား သတင်းများနှင့်
ရေရှည်မှာ တန်ဖိုးသင့် အိမ်ရာများ အတွက်
မြေနေရာအခက်အခဲ ရှိလာမည်ဟုဆို”
၁။ "တန်ဖိုးသင့်အိမ်ရာများ မြေနေရာအခက်အခဲ
ရေရှည်ပြဿနာဟု ဆို"
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြများ၌ တန်ဖိုးသင့်
လူနေအိမ်ရာ လိုအပ်ချက်နှင့်အတူ ထိုအိမ်ရာများ
ဆောက်လုပ်ရန် မြေ နေ ရာ လိုအပ်ချက်သည် ရေရှည်
ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။
“ရေရှည်မှာ ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတော့
ဒေသအစိုးရကလည်း သူ့ရဲ့Responsibility(တာဝန်ယူမှု)
အနေနဲ့ မြေကို လျာထား ပေးရမယ်။
ဗဟိုအစိုးရကလည်း လိုအပ်တဲ့မြေနေရာတွေကို
ပြန်သိမ်းယူနိုင်ရမယ်။
မြို့ထဲမှာဆို လွတ်လပ်လမ်းတွေ အများကြီး ပဲ။
Land Use (မြေအသုံးချမှု) ကို သေသေချာချာ မသုံးထားဘဲနဲ့
အဆောက်အအုံတချို့ မည်ကာမတ္တ အဆောက်အအုံ လေး
ဆောက်ပြီး တချို့ကပစ်ထားတဲ့ ဟာမျိုးတွေ။
ဒီလိုမြေမျိုးကို ပြန်ပြီးသိမ်းယူနိုင်ခွင့် ရှိရမယ်။
သိမ်းယူနိုင်ခွင့် ရှိတဲ့အပြင် အဲဒီအပေါ်မှာ ဖွံ့ဖြိုးရေး
လုပ်ငန်းတွေလုပ်တဲ့ အခါမှာ တန်ဖိုးသင့်တင့်တဲ့ အိမ်ရာတွေ
ပါရမယ်။ ဒီနည်းနဲ့ ဖြေရှင်းမှ ရေရှည်မှာ ရှင်းလို့ရပါမယ်”ဟု
ဒေါ်မိုးသီတာက ပြောဆိုသည်။
လက်ရှိအချိန်၌ အစိုးရ၏ အရံမြေ (Reserve Land) အဖြစ်
ထားရှိသည့် မြေနေရာများသည် တန်ဖိုးနည်းနှင့်
တန်ဖိုးသင့်တင့် အိမ် ရာ များ ဆောက်လုပ်ရန်အတွက်
ရှားပါးနေပြီဖြစ်ကြောင်း၊
မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက်သည် လူဦးရေတိုးနှုန်းနှင့်
နှိုင်းယှဉ်ပါက နှစ်စဉ်တနှစ်လျှင် ၇သိန်းဝန်းကျင် ရှိနေကြောင်း
လည်း ၎င်းက ဆက်ပြောသည်။
ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့်
တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်အား ၀င်ရောက်နိုင်ရေးသည်
မြေဈေးကြီးမြင့်မှုနှင့်ထပ်တူ အခက်အခဲရှိနေမှုနှင့်ပတ်သက်ပြီး
မြနန္ဒာ ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးအေးလင်းက -
“တန်ဖိုးနည်းဖို့ ဆိုတာကြီးက မြေအလကားရမှပဲရမှာ၊
ရန်ကုန်မှာက မြေဈေးကြီးနေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
အဓိကကတော့ မြေရာခန့်ခွဲတဲ့ အပိုင်းမှာ အစိုးရက
ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို မြေအလကား ပေးပြီးတော့မှ
square feet လည်း သင့်တင့်သလောက်ပေါ့။
square feet ကျယ်မယ်ဆိုလည်း မလုပ်နိုင်ဘူး။
ဒါတွေက လုပ်ငန်းရှင်တွေကြီးပဲ၊ Risk(စွန့်စားမှု) ယူပြီး
လုပ်လို့မရဘူးပေါ့။ အစိုးရက ပံ့ပိုးမှု အများကြီး လိုပါတယ်”
ဟု ပြောသည်။
ယခုအချိန်တွင် ဆောက်လုပ်နေသည့် တန်ဖိုးနည်းနှင့်
တန်ဖိုးသင့် အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုနေကြသူများသည်
ပြည်တွင်း လုပ်ငန်းရှင်များ ဖြစ်ကြပြီး နိုင်ငံခြားသားများနှင့်
ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း
ဒေါ်မိုးသီတာက ပြောဆိုသည်။
တန်ဖိုးနည်း အိမ်ရာများနှင့် တန်ဖိုးသင့်တင့် အိမ်ရာများအတွက်
ပြည်ပရင်းနှီးမြှုပ်နှံသူများ ၀င်လာစေရန် ဖိတ်ခေါ်နေသော်လည်း
လက်ရှိ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ
အခြေအနေသည် ရပ်တန့်သလောက်နီးပါး ဖြစ်နေသည်ဟု
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပြောဆိုကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းများ၌ ယခင်က တိုက်ခန်းများ
ဆောက်လုပ်သည့်အခါ ကြိုပွိုင့်ရောင်းရခြင်းမှ ၅၀ ရာခိုင်နှုန်း
အထက်ထိ အရင်းနှီးရခဲ့သော်လည်း ယခုအချိန်တွင်
ကြိုပွိုင့်ရောင်းရချမှုမှ ၂၅ရာခိုင်နှုန်းရဖို့ပင် မလွယ်ကူတော့သည့်
အခြေအနေဖြစ်ကြောင်း၊ အရင်းအနှီး မြန်မြန်ရရှိရန်အတွက်
ဈေးကွက်တွင် လျှော့၍ရောင်းချနေရသည့် အခြေအနေ
ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များက
ပြောဆိုကြသည်။
(သစ်နေမိုး)
***
၂။ "ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ဆောက်မည့်
အခန်းပေါင်း ၁၂၀၀ ပါဝင်သော အငှားအိမ်ရာအား
တစ်လတစ်ခါ အိမ်ငှားခပေးသွင်းစေကာ
သင့်တင့်သောနှုန်းထားဖြင့် ငှားရမ်းမည်ဟုဆို"
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်
အမှတ် (၂ )လမ်းမကြီးနှင့် မဟာဗန္ဓုလမ်းထောင့်တွင်
အကောင်အထည်ဖော်မည့် အခန်းပေါင်း ၁၂၀၀ ပါဝင် သော
အငှားအိမ်ရာစီမံကိန်းအား တစ်လတစ်ခါ
အိမ်ငှားခပေးသွင်းသည့်စနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါအိမ်ရာအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
အစီအစဉ်ဖြင့် မြေ ၁၂ ဒသမ ၅၃၄ ဧကတွင် မကြာမီ
စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာငှာရမ်းရာတွင် စည်းကမ်းသတ်မှတ်ချက်များဖြင့်
ငှာရမ်းမည်ဖြစ်ပြီး အိမ်ရာမ၀ယ်နိုင်သူများအတွက်
ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အမှန်တကယ်အိမ်ရာ
မ၀ယ်နိုင်ကြောင်း ထောက်ခံပေးသူများကိုသာ ငှားရမ်းမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ပြောကြားသည်။
မည်သည့်ဈေးနှုန်းဖြင့် ငှားရမ်းမည်ဆိုသည်ကို ဆွေးနွေးနေပြီး
သင့်တင့်သောဈေးနှုန်းဖြင့် ငှားရမ်းပေးမည်ဟု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိုသည်။
ယင်းအိမ်ရာကို လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း
အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ်
ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း လျှောက်လွှာများ ၀ယ်ယူ
လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာရှိ အခန်းပေါင်း ၁၂၀၀ ခန်းတွင် တစ်ခန်းလျှင်
အိပ်ခန်းတစ်ခု၊ အိမ်သာရေချိုးခန်းများ ပါဝင်မည်ဖြစ်ပြီး
အကျယ်အ၀န်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေ ရှိမည်
ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်ထားသည့် အခန်းအရေအတွက်များပါက
မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း၊ အဆိုပါအိမ်ရာ
လျှောက်သူများအနေဖြင့် အိမ်ရာပိုင်ဆိုင်မှုမရှိကြောင်း
ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိရမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ထုတ်ပြန်ထားသည်။
အဆိုပါ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ၂၀ ဘီလျံ ထောက်ပံ့ခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ နယ်မှပြောင်းရွှေ့အခြေချလာသူဦးရေ
မြင့်တက်လာပြီး မြင့်မားလာသည့် အိမ်ခြံမြေဈေးနှုန်းများကြောင့်
အိမ်ပိုင်ရန် များစွာအလှမ်းဝေးနေကြောင်း၊
ထို့ပြင် ၀င်ငွေနည်းပြည်သူများအတွက် ရည်ရွယ်သည်ဟုဆိုသော
တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများသည်လည်း
အနည်းဆုံးကျပ်သိန်း ၁၁၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်
အထိ ရှိနေသဖြင့် အခြေခံပြည်သူများ ၀ယ်ယူရန် မတတ်နိုင်ပေ။
သို့ဖြစ်ရာ အိမ်ဝယ်ရန်မတတ်နိုင်သူများအတွက် အငှားအိမ်ရာများ
ဖော်ဆောင်၍ အငှားချထားပေးရန် ပြီးခဲ့သည့်နှစ်များက
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်အချို့က
တင်ပြမှုများရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင်မှ စတင်အကောင်အထည်
ဖော်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊
သို့သော် ယခုဖော်ဆောင်မည့် အခန်းအရေအတွက်မှာ
၁၂၀၀ သာရှိနေသဖြင့်လုံလောက်မှု မရှိနိုင်ဘဲ
မဲနှိုက်သည့်စနစ်ဖြင့်သာ သွားရမည့်ပုံစံဖြစ်ကြောင်း သိရသည်။
(ကျော်ထင်)
***
၃။ "စည်ပင်က ဆောက်လုပ်နေသည့် ရွှေပြည်သာမြို့နယ်ရှိ
တိုက်ခန်းပေါင်း ၁၉၂ ခန်းကို အနိမ့်ဆုံး ကျပ် ၁၀၉ သိန်းမှ
အမြင့်ဆုံး ကျပ် ၁၇၄ သိန်း သတ်မှတ်ထားပြီး လက်ငင်းစနစ်ဖြင့်
ရောင်းချမည်"
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ဆောက်လုပ်နေသည့် ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်းပေါင်း
၁၉၂ ခန်းကို အနိမ့်ဆုံး ၁၀၉ သိန်းမှ အမြင့်ဆုံး ၁၇၄ သိန်းကျပ်
သတ်မှတ်ထားပြီး လက်ငင်းစနစ်ဖြင့် ရောင်းချပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
ဒီဇင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ဆောက်လုပ်နေသည့် ရွှေပြည်သာမြို့နယ် စက်မှုလမ်းနှင့်
ပိတောက်လမ်းထောင့်ရှိ
ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် RC အဆောက်အအုံ လေးလုံး၊
၄၉၀ စတုရန်းပေ (၁၄ ပေ ၃၅ ပေ)ရှိ အခန်းပေါင်း ၁၉၂ ခန်းကို
ရောင်းချရန် ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လျှောက်လွှာများ
ရောင်းချသွားမည်ဖြစ်ပြီး ၀ယ်ယူသူ များပြားပါက မဲစနစ်ဖြင့်
ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ တိုက်ခန်းများအတွက်
Level 1 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၇၄ သိန်း၊
Level 2 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၅၄ သိန်း၊
Level 3 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၄၄ သိန်း၊
Level 4 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၃၃ သိန်း၊
Level 5 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၂၂ သိန်းနှင့်
Level 6 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၀၉ သိန်းဖြင့်
ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
credit - Irrawaddy Publishing Group &
Eleven Media Group
"အိမ်တက်မင်္ဂလာအကြောင်း သိကောင်းစရာ"
"အိမ်တက်မင်္ဂလာအကြောင်း သိကောင်းစရာ"
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင်
အိမ်အဆောက်အဦသစ်များကို ဆောက်လုပ်ပြီးစီးသည့်အခါ
‘အိမ်တက်မင်္ဂလာ’ ပြုလုပ်လေ့ရှိကြသည်။
အနောက်နိုင်ငံများ၌ မိမိတို့နှင့်နီးစပ်ရာ ဆွေမျိုးညီအကို
မောင်နှမ မိတ်ဆွေများကိုဖိတ်၍ အစားအသောက်မျိုးစုံဖြင့်
ဧည့်ခံခြင်း၊ဧည့်သည်များက လက်ဆောင်ပစ္စည်းများ
ပေးခြင်းဖြင့် ပါတီပွဲများ ပြုလုပ်ကြပါသည်။
* အိမ်တက်မင်္ဂလာဆိုရာ၌
အမှန်မှာ အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ပါ၊
နေရာသစ်ကိုသာ အဓိကဆိုလိုပါသည်။ *
အိမ်တက်မင်္ဂလာပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ
မိမိတို့၏ အိမ်နီးချင်းများနှင့် ရင်းနှီးအောင်ပင့်ဖိတ်ကျွေးမွေး၍
မိတ်ဖွဲ့ခြင်း၊
မိမိတို့ဤနေရာသစ်သို့ ပြောင်းရွေ့နေထိုင်ကြောင်းကို
အသိပေးခြင်းတစ်မျိုးပင်ဖြစ်ပါသည်။
မိမိတို့မြန်မာနိုင်ငံမှာမူ များသောအားဖြင့် နံနက်အခါ၌
- မိမိတို့နေရာသစ်အိမ်သို့
ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်ခြင်း၊
- လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊
- ဖိတ်ထားသော ဧည့်သည်တို့အား ဧည့်ခံကျွေးမွေးခြင်း၊
- ပရိတ်တရားတော်တို့ကို နာယူခြင်း၊
- သတ္တ၀ါတို့ကို အမျှပေးဝေခြင်း၊ သာဓုခေါ်ခြင်းစသည်ဖြင့်
ဒါန သီလကောင်းမှုအဖြာဖြာတို့ကို အမြတ်တနိုး
ပြုလုပ်လေ့ရှိကြပါသည်။
တချို့ကမူ ညနေချမ်းအခါ၌
- သံဃာတော်များကိုပင့်၍
- သရဏဂုံသီလ ဆောက်တည်ကြလျက် အန္တရာယ်ကင်း
ပရိတ်နာခြင်း၊
- လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊
- ရေစက်ချအမျှဝေခြင်း စသည်ဖြင့် အိမ်တက်မင်္ဂလာပွဲ
ဆင်နွှဲကြပါသည်။
* အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ သံဃာတော်များက
အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်း၍
ကျက်သရေမင်္ဂလာအဖြာဖြာ တိုးတက်ကြစေရန်
မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ပုဗ္ဗဏှသုတ်စသော
ပရိတ်တော်များကို ဟောကြားကြပါသည်။ *
သီရိလင်္ကာနိုင်ငံ၌မူ
အသစ်ဆောက်လုပ်ထားသောအိမ်ကို မိမိတို့မနေထိုင်မီ
ဆွမ်းစသည် တာဝန်ယူလျက်ဝါတွင်းသုံးလပတ်လုံး
သံဃာတော်များကို မိမိတို့အိမ်သစ်၌ သီတင်းသုံးစေပြီး
နေ့စဉ်ပရိတ်တရားနာယူကြ၍
ဝါကျွတ်သောအခါ ကထိန်သင်္ကန်းကိုပါ
ဆက်ကပ်လိုက်ကြသည်ဟု သိရပါသည်။
မိမိတို့ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏ ဤအစဉ်အလာများသည်
ကောင်းမြတ်သော ဓလေ့ထုံးစံများပင်ဖြစ်ပါသည်။
* မိမိတို့နေထိုင်မည့်နေရာသစ်၌ မိမိတို့၏ပကတိမျက်စိဖြင့်
မမြင်နိုင်သော နတ်စသောပုဂ္ဂိုလ်တို့ရှိကြ၏၊
ထိုပုဂ္ဂိုလ်တို့နှင့် ရင်းနှီးဖို့ရန်ကား စားသောက်ဖွယ်ရာတို့ဖြင့်
ပင့်ဖိတ်ကျွေးမွေး၍ မဖြစ်နိုင်သောကြောင့်
ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေရ၏။ *
ဤအမျှပေးဝေခြင်းသည်ပင်
သူတို့နှင့် ရင်းနှီးအောင်မိတ်ဆွေဖွဲ့ခြင်း တစ်မျိုးဖြစ်၏၊
ဤအချက်သည် အိမ်တက်မင်္ဂလာပြုလုပ်ရာ၌ အဓိက
လိုအပ်ချက်ဖြစ်ပါသည်။
***
ဘုရားရှင် ပါဋလိရွာ၌ သီတင်းသုံတော်မူနေစဉ်
မဂဓနိုင်ငံကို အစိုးရသော အဇာသတတ်မင်းကြီး၏
အမတ်ကြီးများဖြစ်ကြသော
သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် ပါဋလိရွာငယ်ကို
မြို့ကွက်ချ၍ မြို့သစ်တည်ထောင်နေကြ၏။
ထိုအခါ
နတ်တို့သည်လည်း ပါဋလိရွာက အိမ်ရာတို့ကို သိမ်းပိုက်လျက်
ရှိကြကုန်၏၊
တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော
ရပ်ကွက်၌ အထက်တန်းစားမင်းနှင့် အမတ်ကြီးတို့
အိမ်ဆောက်ရန် စိတ်ညွတ်ကြကုန်၏။
တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သောအရပ်၌
အလတ်တန်းစားမင်းနှင့် အမတ်တို့အိမ်ဆောက်ရန်
စိတ်ညွတ်ကြကုန်၏။
တန်ခိုးနည်းသောနတ်တို့ အိမ်ရာသိမ်းပိုက်သောရပ်ကွက်၌
အောက်တန်းစားမင်းနှင့် အမတ်တို့ အိမ်ဆောက်ရန်
စိတ်ညွတ်ကြကုန်၏။
ဘုရားရှင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ထိုအခြေအနေများကို
မြင်တော်မူ၍
“ အာနန္ဒာ..မဂဓတိုင်းသား အမတ်ကြီးများဖြစ်သော
သုနိဓနှင့် ၀ဿကာရ ပုဏ္ဏားတို့သည်
ပါဋလိရွာ၌ မြို့တည်ဆောက်နေသည်မှာ တာဝတိံသာနတ်တို့နှင့်
တိုင်ပင်၍ တည်ဆောက်နေကြသကဲ့သို့ ဖြစ်ချေ၏” လို့
မိန့်တော်မူလေ၏။
သုနိဓနှင့် ၀ဿကာရပုဏ္ဏားတို့သည် ထိုတည်ဆောက်ဆဲမြို့၌
ဘေးအန္တရာယ် ကင်းရှင်း၍ ကျက်သရေမင်္ဂလာ
တိုးပွားစေရန်အလို့ငှါ
ဘုရားရှင်နှင့်တကွ သံဃာတော်များကို ပင့်ဖိတ်ကြလေသည်။
ဘုရားအမှူးရှိသော သံဃာတော်များသည် အမတ်ကြီးတို့၏
အိမ်သစ်သို့ ကြွတော်မူကြ၍ ဆွမ်းဘုဉ်းပေးတော်မူသည်။
ဆွမ်းကိစ္စပြီးတော်မူသောအခါ ဘုရားရှင်က…
“ * ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌
အိမ်ရာဆောက်လုပ်နေထိုင်၏၊
ထိုနေရာသစ်၌ သီလရှိ၍ ကိုယ်နှုတ်နှလုံး စောင့်သုံးလျက်
မြတ်သော အကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင်
ထိုအရပ်၌ရှိကြသော နတ်တို့အား အလှူ၏အဖို့ဘာဂကို
အမျှဝေရာ၏၊
ဤသို့အမျှဝေသည်ရှိသော် နတ်တို့သည် ပူဇော်ခံရသဖြင့်
ထိုအမျှဝေသူကို ပြန်လည်ပူဇော်ကြကုန်၏၊ ပြန်လည်၍
မြတ်နိုးကြကုန်၏၊
မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့
နတ်တို့သည် ထိုအမျှဝေသူကို စောင့်ရှောက်ကုန်၏၊
နတ်တို့စောင့်ရှောက် ခံရသောသူသည် အခါခပ်သိမ်း
ကောင်းခြင်းမင်္ဂလာတို့ကိုသာ မြင်ရလေ၏ * ” လို့
အိမ်တက်မင်္ဂလာတရားကို ဟောကြားတော်မူခဲ့ပါသည်။
သို့ဖြစ်၍ ...
* အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲလှူဒါန်းခြင်းသည်
ဘုရားရှင်လက်ထက်တော်ကတည်းက စတင်၍
ယနေ့တိုင်အောင်လက်ခံကျင့်သုံလျက်ရှိသော
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုတစ်ရပ် ပင်ဖြစ်ပါသည်။ *
အနောက်နိုင်ငံတချို့၏ အိမ်တက်မင်္ဂလာပွဲ
ဆင်နွှဲကျင်းပခြင်းသည် သူတို့၏ယဉ်ကျေးမှု
ဓလေ့ထုံးစံမျှသာဖြစ်၍
ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများ၏ အိမ်တက်မင်္ဂလာပွဲသည်ကား
ယဉ်ကျေးမှုဓလေ့ထုံးစံကို
ဘာသာရေးဖြင့် အနားကွပ်ပေးသောပွဲဟု ဆိုနိုင်ပါတော့သည်။
(အရှင်ဃောသိတ ဘိုကလေး)
credit - ခြူးပန်းအိမ် ဓမ္မစာပေ via Myanmar News Group
“သိထားသင့်သော အချိန်ကာလနှင့် ဥပဒေ”
“သိထားသင့်သော အချိန်ကာလနှင့် ဥပဒေ”
ကိုဖြူ = တရားမမှုတွေရဲ့ အနိုင်အရှုံးဟာ ဘယ်အပေါ်မှာ
တည်သလဲ ပြောပြပါ။
ယူတီကေ = ဟုတ်ကဲ့။ တရားမ မှုခင်းတစ်ခုရဲ့ အနိုင်အရှုံးဟာ
သာမန်အားဖြင့်
မိမိတင်ပြတဲ့ စွဲဆိုချက်(သို့မဟုတ်) ထုချေချက်မှန်ကန်ကြောင်း၊
သက်သေတွေ၊ သက်သေခံချက်တွေ ခိုင်ခိုင်လုံလုံ တင်ပြရင်
အနိုင်ရတတ်ပါတယ်။
ဥပမာ -
ချေးငွေ ရလိုမှုမှာ ငွေချေးခဲ့ကြောင်း စာချုပ်စာတမ်းနဲ့
သက်သေတွေ ခိုင်ခိုင်လုံလုံ တင်ပြပေါ့ဗျာ။
တရားပြိုင်က ပြန်ဆပ်ပြီးပြီ ထုချေရင် ပြန်ဆပ်တဲ့ သက်သေ
ခိုင်ခိုင်လုံလုံ တင်ပြပေါ့ဗျာ။
မှန်ကန်တဲ့ဘက်က အနိုင်ရနိုင်ပါတယ်။
ကိုဖြူ = ကျွန်တော်က မောင်မဲကို သိန်း(၁ဝဝ)ချေးထားတယ်။
စာချုပ်စာတမ်းနဲ့ သက်သေအထောက်အထား နဲ့ပါ။
ပြန်မဆပ်လို့ တရားစွဲတယ်။
မောင်မဲက သိန်း(၁ဝဝ)ချေးယူခဲ့ကြောင်း၊
ပြန်မဆပ်ရသေးကြောင်း မှန်တယ်လို့ ဝန်ခံတယ်။
တရားရုံးက ကျွန်တော့်အမှုကို အနိုင်မပေးဘူးဗျာ။
ကျွန်တော့်အမှု ပလပ်လိုက်တယ်။ အံ့ရော အံ့ရော။
ယူတီကေ = ဟုတ်ကဲ့။
တရားရုံးမှာ အမှုတစ်ခုရဲ့ နိုင်ခြင်း၊ ရှုံးခြင်းဟာ သာမန်လူတွေ
ဆင်ခြင်စဉ်းစားသလို မိမိ ဘက်က မှန်ခြင်း၊ မျှတခြင်း၊ တရားခြင်း၊
ကောင်းမွန်ခြင်း စတဲ့ အချက်တွေပေါ်မှာ လုံးဝမတည်ဘူး။
(မှန်/မှား)၊ (မျှတ/မမျှတ)၊ (တရား၊ မတရား)၊ (ကောင်း၊ ဆိုး) စတဲ့
အချက်တွေနဲ့ ဘာမှမပတ်သတ်တဲ့ အခြားအကြောင်းတရား
အပေါ်မှာလည်း မှီတည်နေ တတ်ပါတယ်။
ဒီအကြောင်း ပြည်သူများ ဗဟုသုတရစေချင်လို့
ဥပမာအမှုတွေနဲ့ တင်ပြပါတယ်။
ဒီအမှုတွေဟာ တကယ်ဖြစ်ပျက် ခဲ့ပြီး တရားလို ရှုံးသွားတယ်။
သူ စွဲဆိုတဲ့အမှု ပလပ်ခံခဲ့ရတယ်။ မယုံမရှိပါနဲ့။
ဥပမာ (၁)
လူသတ်မှုနဲ့ သေဒဏ်ကျတယ်။ အယူခံတက်တယ်။
သူ သတ်မသတ် မစဉ်းစားတော့ဘဲ အယူခံပယ်ချလိုက်တယ်။
ဥပမာ(၂)
မိမိမကျူးလွန်ဘဲ မြို့နယ်တရားရုံးက ထောင်ဒဏ်ချတယ်။
အယူခံတက်တယ်။ သူ ကျူးလွန်ခြင်း ရှိ/မရှိ မစဉ်းစား ဘဲ
အယူခံပယ်တယ်။
ဥပမာ(၃)
ဟိုတယ်မှာ တည်းပြီး စားသောက်သွားတယ်။
မှော်ထဲကို ခဏဆိုပြီး ပြန်သွားတယ်။
တည်းခိုခ၊ စားသောက်စရိတ် တွေ မပေးလို့ တရားစွဲတယ်။
တရားပြိုင်က တည်းခဲ့တယ်။ စားခဲ့တယ်။ ဝန်ခံတယ်။
ဒါပေမယ့် ကျွန်တော့်အမှုကို ပယ်တယ်တဲ့။
ဥပမာ(၄)
ကိုယ် နှစ်ပေါင်း(၄ဝ)နေလာတဲ့ အိမ်ပေါ်ကနေ လူမိုက်တစ်စုက
ဆွဲချတယ်။
ပြန်ဝင်ခွင့်ရဖို့ တရားစွဲတယ်။
မတရား ဆွဲချတာ မှန်ပေမယ့် အမှုပယ်တယ်။
ဥပမာ(၅)
ကျုပ်ကားကို ခဲနဲ့ထုလို့ မှန်ကွဲသွားတယ်။
ဒီကောင့်ကို နစ်နာကြေးရလိုမှု စွဲတယ်။
ခဲနဲ့ထုတာ ဝန်ခံတယ်။
တရား ရုံးက ကျွန်တော့်ကို အရှုံးပေးလိုက်တယ်။
ဥပမာ(၆)
မူဆယ်က ကျွန်တော့်ကုန်တွေ သယ်သွားတဲ့ကား ကုန်တွေ
လမ်းမှာပျောက်ပျက်ကုန်လို့ လျော်ကြေးရလိုမှုစွဲ တယ်။
ပျောက်၊ ပျက်တာ ဝန်ခံတယ်။
ကျွန်တော့်အမှု ပလပ်တယ်။
ဥပမာ(၇)
ပဲအိတ်တွေ ကုန်သည်အိမ် သွားပို့ပေးခဲ့တယ်။
ကုန်ဖိုးငွေ မရလို့ တရားစွဲတော့ ကုန်တွေရကြောင်း ဝန်ခံတယ်။
ဒါပေမဲ့ အမှုပလပ်လိုက်တယ်။
ဥပမာ(၈)
ငွေချေးတယ်။ မဆပ်ဘူး။ တရားစွဲတယ်။
ဝန်ခံတယ်။ ခင်ဗှား အမှုလိုပဲ။ အမှုပလပ်လိုက်တယ်။
ဥပမာ(၉)
ထန်းတော ငှားထာတာ။
တစ်နှစ်ငှားရမ်းခ ထန်းလျက်ပိဿာ (၂၅ဝ)ကျပ်နှုန်းနဲ့
(၁ဝ)နှစ်အတွက် မပေးလို့ တရား စွဲတယ်။
(၁ဝ)နှစ်အတွက် မပေးရသေးဘူးလို့ ထန်းငှားက
ဝန်ခံတယ်။
ရုံးက သုံးနှစ်အတွက်ပဲ အနိုင်ပေးလိုက်တယ်။
ဥပမာ(၁ဝ)
လက်ထပ်မယ် ကတိပြုပြီး အခြားလူကို ယူသွားလို့
(ကတိပျက်) လျော်ကြေးရလိုမှု စွဲတယ်။
ဖောက်ဖျက် ဝန်ခံ တယ်။
ရုံးက လျော်ကြေးမပေးဘူး။ အမှုပယ်လိုက်တယ်။
ဥပမာ(၁၁)
အလကားနေခွင့်ပေးထားတဲ့ မိတ်ဆွေတစ်ဦးကို အိမ်က
ထွက်ပါတော့ ပြောတာမရလို့ နှင်လိုမှု စွဲတယ်။
အလကား နေတာမှန်ပါတယ်။ ဝန်ခံတယ်။
အမှုကို ပလပ်လိုက်တယ်။
ဥပမာ(၁၂)
မယားဖောက်ပြန်လို့ လင်က ကွာလိုမှု စွဲတယ်။
လင်ငယ်နဲ့ ပက်ပင်းမိတာ ထင်ရှားတယ်။
မယားက ဖောက်ပြန်ခဲ့ တာမှန်ကြောင်းဝန်ခံတယ်။
ကွာခွင့်မရဘူး။
ဥပမာ(၁၃)
ကိုယ်ပိုင်တဲ့ မြေကွက်ကြီးထဲ ကျူးကျော်တဲ(၁၈)လုံး
ဝင်ဆောက်ထားတယ်။
ထွက်ပါပြောတာမရလို့ တရားစွဲ တယ်။
ကျူးတွေက ကျူးတာ မှန်တယ်။ ဝန်ခံတယ်။ အနိုင်မရဘူး။
အမှုပလပ်တယ်။
ဥပမာ(၁၄)
လူကြားထဲ အသရေဖျက်တဲ့ စကားတွေပြောလို့
လျော်ကြေးရလိုမှု စွဲတယ်။
အသရေဖျက်တာ မှန်တယ်။ လျော် ကြေး မရဘူး။
ဥပမာ(၁၅)
မြေတိုင်းကြည့်တော့ တစ်ဖက်အိမ်က (၁ဝ)ပေကျူးနေတာ
ပေါ်တယ်။
ကျူးမြေပြန်ရလိုမှုစွဲတော့ အမှုပလပ်တယ်။
* ဒီအမှုတွေမှာ ဘာကြောင့် အမှုရှုံးသွားရတာလဲ။ *
တရားရုံးမှာ ရှိတဲ့ အမှုမှန်ခြင်း၊ မှားခြင်း၊
တရားမျှတခြင်း၊ မတရားခြင်း စတဲ့ အချက်တွေထက် ကျော်လွန်ပြီး
ပြင်ပမှာ ရှိတဲ့ “ဥပဒေပြဠာန်းချက်” တစ်ရပ်ကြောင့်
ဒီလိုဖြစ်ရတာပါ။
ဒီဥပဒေပြဠာန်းချက်ကို ပြည်သူများ သိထားသင့်ပါတယ်။
သတိထား သင့်ပါတယ်။
(က) လူတွေဟာ မိမိရသင့်ရထိုက်တဲ့ သက်သာခွင့်၊ ရပိုင်ခွင့်ကို
ပေါ့ဆမှု၊ လေးတွဲ့မှု၊ ထိုင်းမှိုင်းမှု၊ ပျင်းရိမှု၊ အိပ်ချင်မူးတူး၊ အူတူတူ၊
အတတ၊ ထုံအမှုမရှိဘဲ ချက်ချင်း တောင်းရမယ်။ ဥပဒေဟာ
ငထုံ၊ ငပျင်းတွေကို အကူအညီမပေးဘူးတဲ့။
(ခ) ကိုယ့်ရပိုင်ခွင့်ကို ထိပါးလာရင် ချက်ချင်းနိုးနိုးကြားကြား၊
သွက်သွက်လက်လက်၊ တက်တက်ကြွကြွ၊ ဖျတ်ဖျတ်လတ်လတ်၊
အားစိုက်ထုတ်ပြီး ခုခံကာကွယ်ရမယ်။ တောင်းဆိုရမယ်။
ဥပဒေက ဒီလိုလူမျိုးတွေကို အကူအညီပေးတယ်တဲ့။
(ဂ) မြန်မာနိုင်ငံမှာ တည်ရှိတဲ့ တရားမျှတမှု အခွင့်အရေးတွေကို
ထကြွလုံ့လရှိသူကိုသာ ပေးအပ်တယ်။
အခွင့်အရေး တောင်းသင့်တဲ့အချိန် မတောင်းဘဲ
အိပ်ပျော်နေသူကို မပေးဘူးတဲ့။
(မရွှေမြနှင့် မောင်မိုးနှောင်းအမှု)
(ဃ) လူတွေဟာ လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တဲ့အချိန်မှာ
မပျက်မကွက် အားကြိုးမာန်တက် ပြုလုပ်ရမယ်တဲ့။
(င) ပြောသင့်တဲ့စကားကိုလည်း ပြောသင့်တဲ့အချိန်မှာ
(မှန်သည်၊ မှားသည်) ချက်ချင်းတုံ့ပြန်ပြောဆိုရမယ်တဲ့။
(စ) ပြောသင့်၊ ငြင်းသင့်တဲ့စကားကို မငြင်းခဲ့ဘဲ ဆိတ်ဆိတ်နေရင်
တစ်ဖက်လူက ပြောတာ၊ စွပ်စွဲတာကို မှန်တယ်လို့ ဝန်ခံ ရာ
ရောက်တယ်တဲ့။
(ဆိတ်ဆိတ်နေ ထောင်တန်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်ပဲ)
နောက်မှ ငြင်းလာရင် နောက်မှ အကြံရလို့
အကြံအဖန် ထုချေတာလို့ မှတ်ယူတယ်တဲ့။
ဒီဥပဒေဆိုရိုး မှတ်ယူချက်တွေကို အခြေခံပြီးတော့
ကာလစည်းကမ်းသတ် အက်ဥပဒေဆိုတာ ပြဠာန်းထားတာ
ရှိတယ်။
ဒီအက်ဥပဒေရဲ့ ပုဒ်မ-၃ မှာ
“ဤဥပဒေက သတ်မှတ်ထားတဲ့ အချိန်ကာလကျော်မှ
စွဲဆိုလာတဲ့ တရားမကြီးမှု၊ လျှောက်ထားမှု၊ အယူခံမှုတွေကို
(တစ်ဖက်အမှုသည်က မချေပပေမယ့်) တရားရုံးက ပလပ်ရမည်”
လို့ အတိအလင်း ပြဠာန်းထားတယ်။
* ဒီဥပဒေ ဟာ အမှုတစ်ခုရဲ့ (မှန်/မှား)နဲ့ ဘာမှမဆိုင်ဘူး။
* ဘယ်တရားသူကြီးကမှ မတရားပါဘူးဗျာဆိုပြီး
“ဆင်ခြင်တုံတရား” ကျင့်သုံးလို့ မရဘူး။
* ဒီဥပဒေပြဠာန်းချက်ကို ကျော်ပြီး အမှုအကြောင်း၊ တရားမျှတမှု၊
သာ နာ ညီမျှမှုတွေကို စဉ်းစားဆုံးဖြတ်လို့ မရဘူး။
* ဒီဥပဒေကို မသိနားမလည်လို့ပါဆိုပြီး ထုချေလို့လည်း
မရဘူးဗျ။
ကိုဖြူ = “အချိန်ရှိခိုက် လုံ့လစိုက်” ဆိုတာ တယ်မှန်တာပါကလား။
ယူတီကေ = ဒါကြောင့် ကာလစည်းကမ်းသတ် ဥပဒေအရ -
ဥပမာ(၁)
သေဒဏ်ကျတဲ့အမှုဟာ (၇)ရက်အတွင်း အယူခံဝင်ရပါတယ်။ အ
ယူခံရက်ကျော်သွားရင် သူ သတ်/ မသတ် မစဉ်းစားဘဲ
ပယ်ရပါတယ်။
ဥပမာ(၂)
မြို့နယ်တရားရုံးက ထောင်ဒဏ်စီရင်ချက်အပေါ်
ခရိုင်တရားရုံးကို ရက်ပေါင်း(၃ဝ)အတွင်း အယူခံဝင်ရ ပါမယ်။
ကျော်ရင် အယူခံပယ်ပါတယ်။
ဥပမာ(၃)
ဟိုတယ်ခ၊ စားသောက်စရိတ်ရလိုမှုဟာ
တည်းခိုစားသောက်တဲ့နေ့က (၁)နှစ်အတွင်း စွဲရပါတယ်။
ကျော် ရင် မရတော့ပါဘူး။
ဥပမာ(၄)
ဆွဲချခံရတဲ့နေ့က (၆)လအတွင်း တရားစွဲရပါတယ်။
ဥပမာ (၅) (၆) (၁၄)
(၁)နှစ်အတွင်း စွဲရပါမယ်။
ဥပမာ (၇) (၈) (၉) (၁ဝ)
(၃)နှစ်အတွင်း တရားစွဲရပါမယ်။
ဥပမာ (၁၁)(၁၂)
(၆)နှစ်အတွင်း တရားစွဲရပါမယ်။
ဥပမာ (၁၃) (၁၅)
ကျူးကျော်တဲ့နေ့ကစ၍ (၁၂)နှစ်အတွင်း စွဲရပါမယ်။
သတ်မှတ်ကာလကျော်မှ စွဲဆိုလာရင် တရားရုံးက
ခင်ဗျားမှန်တယ်။ တစ်ဖက်က မှားတယ်။
ခင်ဗျားက တရားတယ်။ တစ်ဖက်က မတရားဘူး။
ခင်ဗျားတောင်းတာ မျှတတယ်ဆိုတာကို မစဉ်းစားတော့ဘဲ
စွဲဆိုလာတဲ့အမှုကို ပယ်ချရပါတယ်ဗျာ။
တစ်ဖက်လူကလည်း တရားရုံးကို အမှုမှန်သော်လည်း
ကာလစည်းကမ်းကျော်လို့ “ပယ်တော်မူပါ” လို့ ပြောလိုက်ရုံပါပဲ။
ရုံးက ပယ်ရပါတော့တယ်။
ကိုဖြူ = ပြစ်မှုကျူးလွန်တဲ့လူတွေ၊ အဂတိလိုက်စားတဲ့လူတွေ၊
မဟုတ်မတရားတာ အကုန်လုပ်တဲ့လူတွေအ ပေါ်
တရားစွဲဖို့ အချိန်ကာလ စည်းကမ်း
ဘယ်လောက်သတ်မှတ်ထားသလဲဆရာ။
ယူတီကေ = ပြစ်မှုတွေမှာ အချိန်ကန့်သတ်ချက် မရှိပါဘူး။
ဘယ်အချိန်ဖြစ်ဖြစ် တရားစွဲလို့ရပါတယ်။
အခြေအနေ ပေးတဲ့အခါမှ တရားစွဲရင်လည်း ရပါတယ်။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - U Tun Kyi
“မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို တစ်စိတ်တစ်ပိုင်း လှစ်ဟကြည့်မြင်ခြင်း”
“မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို
တစ်စိတ်တစ်ပိုင်း လှစ်ဟကြည့်မြင်ခြင်း”
မြန်မာနိုင်ငံဟု ခေါင်းစဉ်တပ်သော်လည်း ရန်ကုန်မြို့တော်ရဲ့
နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အိမ်ခြံမြေ
အကြောင်းကိုသာ အဓိကထားပြီး ဗဟုသုတအနေနဲ့
မျှဝေချင်ပါတယ်။
ကိုလိုနီခေတ်က ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ
အသန့်ရှင်းဆုံးမြို့ ဖြစ်ခဲ့ပြီး မြို့ပြတည်ဆောက်ပုံ
အနေအထားမှာလည်း အလွန်ပဲ စနစ်ကျခဲ့ကြောင်း
သိရပါတယ်။
၁၉၅၈-၁၉၆၀ ခုနှစ်တွေမှာ အိမ်စောင့်အစိုးရ
ခေတ္တအုပ်ချုပ်စဉ်က တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊
သာကေတ၊ သုဝဏ္ဏမြို့သစ် တွေကို စတင်တည်ခဲ့ပါတယ်။
အသစ်တွေကို အကွက်ရိုက်ပြီး အစိုးရဝန်ထမ်းနှင့်
မူလနေထိုင်သူ များကိုသာ ဦးစားပေး ပြန်လည် ချထား
ပေးခဲ့ပါတယ်။
ယခုတိုင် ရန်ကုန်မြို့ကြီးဟာ မြို့ပြဆိုင်ရာ ကျွမ်းကျင်ပညာရှင်
တစ်ယောက် ပြောခဲ့သလိုပဲ နာတာရှည်ရောဂါ ရခဲ့တာဟာ
၁၉၅၈-၁၉၆၀ ခုနှစ် မြို့သစ်တွေ စတည်ကတည်းကလို့
ဆိုနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့
* မြို့သစ်တည်မယ်ဆိုရင် မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်စေမယ့်
အခြေခံ အဆောက်အဦတွေကို စီမံကိန်းများမှာ ထည့်သွင်း
တည်ဆောက်ခဲ့ခြင်း မရှိတာဟာ ယခုလတ်တလော
ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့တော်ရဲ့ အထွေထွေကျပ်တည်းမှုကို
ဖြစ်စေခဲ့ပါတယ်။ *
၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရက ရန်ကုန်မြို့တော်ရဲ့
စည်ပင်ဧရိယာကို တိုးချဲ့ပြီး မြို့သစ်စီမံကိန်းတွေ အဖြစ်
ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊
လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် တွေကို ဖော်ထုတ်ပြီး
နောက်နှစ်ပိုင်းတွေမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့တွေကို ဖော်ထုတ်ခဲ့ပါတယ်။
ယင်းမြို့သစ်စီမံကိန်း များကို ဖော်ထုတ်ခဲ့တာ မှာလည်း
အရင်ခေတ်က လိုပဲ မြေကွက်တွေကို အကွက်ချပြီး
ဝန်ထမ်းတွေနဲ့ မူလနေသူများကို ပြန်လည် နေရာ
ချထားပေးခဲ့ပြီး လိုအပ်တဲ့ လျှပ်စစ်မီး၊ ရေ၊ လမ်း၊ တံတား
စသည့် အခြေခံအဆောက်အဦ တွေကို စနစ်တကျ
အကောင်အထည်ဖော် ပေးခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် လွန်ခဲ့တဲ့နှစ် ၆၀ နီးပါးက စတည်ခဲ့တဲ့
တောင်ဥက္ကလာပ မြို့နယ်မှာတောင် ယခုမှ ဖွံ့ဖြိုးခါစ
မြို့နယ်အဆင့်ပဲ ရှိပါသေးတယ်။ မြို့သစ်တည်ဖို့ လိုအပ်တဲ့
အခြေခံအဆောက်အဦတွေ ထဲကမှ မလုပ်မဖြစ်
စတင်လုပ်ရမှာက ရေဆိုးထုတ်တဲ့ ရေမြောင်းတွေပါပဲ။
* ရေမြောင်းတွေ မရှိခဲ့ခြင်းဟာ မိုးတွင်းကာလမှာ ရန်ကုန်
တစ်မြို့လုံးနီးပါး ရေကြီး ရေလျှံမှုတွေ ဖြစ်စေခဲ့ပါတယ်။ *
၁၉၉၀ ခုနှစ်နောက်ပိုင်း မြို့သစ်တွေအပြင်
* စက်မှုဇုန် ၂၀ နီးပါးကိုလည်း တိုးချဲ့ ဖော်ထုတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ယခုတိုင် ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့) မြို့သစ်တွေနဲ့
တချို့စက်မှုဇုန်တွေမှာ အခြေခံအဆောက်အဦတွေ
မပြည့်စုံလို့ မြေကွက်သက်သက် အနေအထားတွေနဲ့ပဲ
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကစားသူတွေရဲ့
ဈေးကစားရာ ကစားကွင်းတွေ ဖြစ်နေဆဲပဲ။ *
***
ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေရဲ့ မြို့ပြအိမ်ရာ
စီမံကိန်းတွေမှာ အထူးသဖြင့် မြေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု
အားနည်းချက်တွေ အများအပြား ရှိခဲ့တာကလည်း
ခေတ်မီဖွံ့ဖြိုးတဲ့ မြို့တော်အဖြစ်သို့ မရောက်ခဲ့ရခြင်းရဲ့
အကြောင်းအရင်း တစ်ရပ်ပါပဲ။
ပြီးတော့
* မြို့ပြအိမ်ရာနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်
ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်တွေ၊
ညွှန်ကြားချက်တွေမှာ သက်ဆိုင်ရာဌာနများရဲ့
ပွင့်လင်းမြင်သာမှု အားနည်းတာတွေ၊ အဂတိတရားမကင်း
တာတွေ၊ မကြာခဏ မူဝါဒ ပြောင်းလဲတာတွေကြောင့်
မြို့နေပြည်သူတွေအနေနဲ့ ဥပဒေ စည်းကမ်းလိုက်နာမှု၊
အခွန်ထမ်းဆောင်မှု၊ မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးနဲ့
တာဝန်တွေကို နားလည်သိရှိမှု အလွန်အမင်း
အားနည်းခဲ့ကြောင်း တွေ့ရပါတယ်။ *
ဥပမာပြောရရင်
လတ်တလော မီဒီယာတွေမှာ တွေ့ရတဲ့ အိုးအိမ်ဖွံ့ဖြိုးရေး
ဘဏ်မှ တာဝန်ရှိသူက သူတို့ဘဏ်ကို အိမ်ဆောက်ဖို့အတွက်
ချေးငွေရယူလိုတယ် ဆိုပြီး လျှောက်ထားသူ အိမ်ခြံမြေ
ပိုင်ရှင် တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပိုင်ဆိုင်မှု ခိုင်မာခြင်း
မရှိတာတွေ့ရတယ်လို့ ပြောပါတယ်။
အဲဒါ ဘာကိုပြသလဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က
မြို့သစ်စီမံကိန်းအရ နေထိုင်ခွင့် မြေချပါမစ် ရထားတဲ့သူတွေ
အနေနဲ့ မြေငှားဂရန် စာချုပ်အဖြစ် ပြောင်းလဲလျှောက်ထားခဲ့ခြင်း
မရှိတာ အများဆုံး ဖြစ်ပါလိမ့်မယ်။
ဒုတိယအများဆုံးက မြေပိုင်မြေတို့၊ ဂရန်မြေတို့ကို ဝယ်ထား
ပေမယ့် ကိုယ့်အမည်ပေါက် အဖြစ် ပြောင်းလဲလျှောက်တာတို့၊
သက်တမ်း တိုးတာတို့ မလုပ်ခဲ့တဲ့သူတွေ ဖြစ်ပါလိမ့်မယ်။
ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတော့ အထက်မှာ
ဖော်ပြခဲ့သလို သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့
ကြိုးနီးစနစ်လို့ပဲ ခေါ်မလား၊ ဗျူရိုကရေစီယန္တရား လို့ပဲ ခေါ်မလား၊
၎င်းတို့နဲ့ ထိတွေ့ဆက်ဆံရမှာ ပြည်သူတွေအနေနဲ့ အလွန်ပဲ
ကြောက်ကြပါတယ်။
ဘာကြောင့်ကြောက်ရသလဲ ဆိုတာကလည်း သူတို့မှာ
အကြောင်းပြချက်ကတော့ အခိုင်အလုံပါပဲ။ အဓိကတော့
ငွေကြေး မတတ်နိုင်တာပါ။ ဗဟုသုတ နည်းတာ၊ နားမလည်တာ
တွေကလည်း ကိုယ်နေတဲ့ အိမ်ခြံမြေကို ပိုင်ဆိုင်မှု ခိုင်မာစေဖို့
မလုပ်နိုင်ခဲ့ကြပါဘူး။
* စာရေးသူရဲ့ အတွေ့အကြုံကို
ဥပမာအနေနဲ့ပြောရရင် စာချုပ်တစ်ခု မှတ်ပုံတင်တဲ့အခါမှာ
ဝန်ထမ်းက စာချုပ်မှတ်ပုံတင်ကြေး ဆိုပြီး နိုင်ငံတော်သို့
တရားဝင် ပေးသွင်းရမည့်ငွေ အဖြစ် ပြေစာပေါ်မှာ
သုံးကျပ်ခြောက်ဆယ်ပြား (၃ိ-၆၀ပြား) လို့ ရေးပေမယ့်
အမှန်တကယ်မှာတော့ နေ့တစ်ဝက်လောက် လူကိုယ်တိုင်
အချိန်ပေး စောင့်ရတဲ့အပြင် ငွေသုံးသောင်းလောက်
အနည်းဆုံးကုန်ပြီး တစ်လလောက် ထပ်စောင့်ပြီးမှ
စာချုပ်က ရပါတယ်။ *
နောက် အိမ်ခြံမြေအမည်ပေါက် လျှောက်ထားလိုသူ တွေရဲ့
ကြီးမားတဲ့ အခက်အခဲကတော့ ရောင်းခွန်/ဝယ်ခွန်
ပေးဆောင်နိုင်ခြင်း မရှိတာပါပဲ။
* ပြည်တွင်းအခွန်များ ဦးစီးဌာနကလည်း အခွန်စနစ်နဲ့
ပတ်သက်တဲ့ ဥပဒေတို့၊ လုပ်ထုံးလုပ်နည်းတွေကို အခွန်ထမ်း
ပြည်သူတွေကို ပွင့်လင်း မြင်သာမှုရှိရှိနဲ့ ရှင်းပြတာတို့၊
ပညာပေးတာတို့ ခေတ်အဆက်ဆက် အားနည်းခဲ့တဲ့အပြင်
အဆုံးအဖြတ်ပေးရမယ့် စီမံ/ညွှန်ကြားရမယ့်
ရာထူးနေရာတွေမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိ၊
အတွေ့အကြုံလည်း မရှိတဲ့ မိုးကျရွှေကိုယ် ပုဂ္ဂိုလ်များကို
နေရာပေး ခန့်ထားခြင်းပါပဲ။ *
အဆိုးဆုံးကတော့ အဂတိတရား မကင်းတာတွေကို
တရားဝင် လုပ်ပိုင်ခွင့်ရထား တဲ့အလား တွင်တွင်ကျယ်ကျယ်
လုပ်ခဲ့ကြတာပါပဲ။
* အဲဒီတော့ အခွန်ထမ်းပြည်သူတွေ ဘက်ကလည်း
‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ ဆိုသလို နိုင်ငံတော်ကို တရားဝင်
အခွန်ပေးဆောင်ရ မယ့်အပြင် သူတို့ကိုပါ ပေးရမှာတွေကို
ထည့်တွက်ပြီး အခွန်ဆောင်ပြည်သူတွေကနေ
အခွန်ရှောင်ပြည်သူတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။ *
အခွန်နှုန်းထား တွေကိုလည်း တစ်နှစ်ထဲမှာကို နှစ်ကြိမ်လောက်
ပြောင်းချင်ရင် ပြောင်းနေတော့ နားလည်မှုတွေ ရှုပ်ထွေးပြီး
အိမ်ခြံမြေပိုင်ဆိုင်မှု တွေကို တရားဝင်ခိုင်မာအောင်
လုပ်ဆောင်ကြမယ့်သူတွေ နောက်ပြန် ဆုတ်စေခဲ့ပါတယ်။
အကျိုးဆက်ကတော့ အိမ်ခြံမြေတွေကို ဈေးကြီးပေးဝယ်ထားပြီး
ကိုယ်တိုင် တက်နေရပေမယ့် ကိုယ့်အမည်ပေါက်
မဟုတ်တဲ့အတွက် တရားဝင် ပိုင်ဆိုင်ပါတယ်လို့
ပြောလို့မရတဲ့အပြင် အရပ်စာချုပ်အဆင့်နဲ့သာ
သားစဉ်မြေးဆက် ဆက်ခံသွားတဲ့သူတွေလည်း များလာပါပြီ။
တချို့လည်း အမွေပြဿနာ တွေထက် တကယ်ပိုင်ဆိုင်ခွင့်
ရှိသူတွေက ဘေးရောက်ပြီး ပိုင်ဆိုင်ခွင့် မရှိတဲ့သူတွေက
အိမ်ပေါ်ရောက်နေတဲ့ အဖြစ်တွေဟာ မြန်မာနိုင်ငံရှိ မြို့ကြီး
တော်တော် များများမှာ နေရေးအတွက် ပြဿနာ
အမှုအခင်းတွေ အများကြီးရှိနေခြင်းပါပဲ။
***
လူနေတိုက်ခန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြောစရာရှိတာက
လွန်ခဲ့သော နှစ် ၃၀ ကျော်လောက်က ဆိုရင် ရန်ကုန်မြို့မှာ
အထပ်မြင့်အဆောက် အအုံဆိုလို့ ခြောက်ထပ်ထက် မပိုတဲ့
အဆောက်အအုံတွေလို Downtown လို့ခေါ်တဲ့
ခြောက်မြို့နယ်မှာပဲရှိပြီး လက်ချိုးရေတွက်လို့ ရပါတယ်။
* ၁၉၉၀ ပြည့်နှစ် လွန်မြောက်တဲ့အခါမှ မြို့တော်စည်ပင်က
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာပါ အထပ်မြင့်
အဆောက်အအုံ (ကန်ထရိုက်တိုက်) တွေကို ဆောက်လုပ်ခွင့်
ချပေးခဲ့ပါတယ်။ တစ်နှစ်၊ ၂ နှစ်အတွင်းမှာတင် အထပ်မြင့်
အဆောက်အအုံတွေ ပေါ်လာပေမယ့် ကျွမ်းကျင်ပညာရှင်တွေ၊
ကျွမ်းကျင် အင်ဂျင်နီယာတွေ ကြီးကြပ်ဆောက်လုပ်တာ
မဟုတ်ဘဲ ဆောက်ချင်သလိုတွေ ဆောက်ကြတော့
အဆောက်အအုံ အများစုဟာ အရည်အသွေးနဲ့ စံချိန်စံညွှန်း
မမီတာတွေများလာတော့ မြို့တော်ရဲ့သန့်ရှင်းသာယာလှပမှု ကို
ထိခိုက်စေခဲ့ပါတယ်။လက်တွေ့ မြင်နေရတာကတော့
၁၉၉၃/၉၄ ခုနှစ်တစ်ဝိုက်က ဆောက်ခဲ့ကြတဲ့ တာမွေမြို့နယ်က
ငါးထပ်၊ ခြောက်ထပ်တိုက်တွေ ဆိုရင် တစ်ဖက်စောင်းနေတဲ့
တိုက်တွေ တော်တော်များများ တွေ့ရပါတယ်။ *
တာဝန်ယူဆောက်လုပ်တဲ့ ကန်ထရိုက်တွေကလည်း
ငွေနည်းနည်း ရှိတာနဲ့ ဆောက်လုပ်ခွင့်ချပေးတဲ့ ဌာနဆိုင်ရာတွေ
ဆီက ဆောက်လုပ်ခွင့် တရားဝင် မရခင်မှာဘဲ
ဆောက်ကြတယ်။ တိုက်ခန်းတွေကို ဆောက်လို့ မပြီးခင်
ကြိုပွိုင့်စနစ်နဲ့ ရောင်းပြီး အကျိုးအမြတ် များများယူတဲ့စနစ်ဟာ
၁၀ စုနှစ်မက ထွန်းကားခဲ့ပါတယ်။
တိုက်ခန်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း
ယခုတိုင် ကွန်ဒိုဥပဒေ ဆိုတာကလည်း တရားဝင်
မပြဋ္ဌာန်းသေးတော့ အရောင်း/အဝယ်လုပ်ရာမှာ
နိုင်ငံတော်သို့ ပေးဆောင်ရမယ့် အခွန်တွေကို ရှောင်တိမ်းလို့
ရသလို ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်း ဆိုလို့
အရပ်ကတိ စာချုပ်တွေသာ ကိုင်ထားရသူတွေသာ
များပါတယ်။
တိုက်ခန်းမှာ နေထိုင်ရသူတွေရဲ့ လုံခြုံမှုမှာလည်း ရန်သူမျိုးငါးပါး
ဘေးမှ အချိန်မရွေး ကျရောက်လာရင် ကာကွယ်နိုင်စွမ်း
မရှိပါဘူး။ ဥပမာ အနေနဲ့ပြောရရင် မီးလောင်ရင်ပြေးဖို့
အရေးပေါ်လှေကားတွေ မပါတဲ့ အထပ်မြင့်
အဆောက်အအုံတွေမှာ နေရလို့ပါပဲ။
***
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မြို့ရဲ့ အချက်အချာနေရာ
တွေမှာ သာမက ဆင်ခြေဖုံးမြို့နယ် တွေမှာပါ
ဈေးကစားသူတွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့သူ တွေကြောင့် မြေဈေးတွေ
တစ်နှစ်ထက်တစ်နှစ် အတက်ကြမ်းခဲ့ပါတယ်။
အရပ်သားအစိုးရ တက်လာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ
ပိုမို များပြားလာပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအငှားတွေကလည်း
ပိုမို များပြားလာသလို ငှားရမ်းခ နှုန်းထားတွေကလည်း
ကမ္ဘာနဲ့ယှဉ်ပြီးတော့ ဈေးအကြီးဆုံးလို့တောင်
ဆိုရတဲ့အထိပါပဲ။
* မြေဈေးတွေကြီးရတဲ့ အဓိကအကြောင်းအရင်း တွေကတော့
ရန်ကုန်မြို့ထဲကနေ ကားနဲ့သွားမယ် ဆိုပါက မိနစ် ၂၀ လောက်
ကားမောင်းရင် ရောက်နိုင်တဲ့နေရာတွေမှာ မြို့သစ်စီမံကိန်းတွေ
ရှိပေမယ့် အခြေခံ အဆောက်အဦတွေ မရှိတော့ ဘယ်သူမှ
မနေနိုင်ကြပါဘူး။ *
မိုးတွင်းဆိုရင် ရေတွေပြည့်နေတဲ့ လယ်ကွင်းသာသာ ရှိတဲ့
မြို့သစ်ဧရိယာ အကျယ်တွေဟာ ရန်ကုန်မြေ မရှားဘူးဆိုတာ
ဖော်ပြနေပါတယ်။
ဒါပေမဲ့ ဘယ်ကရမှန်း မသိတဲ့ ငွေတွေနဲ့ ဝယ်ထားသူတွေရဲ့
လက်ထဲမှာပဲ ယခုတိုင် ဈေးက မာမာ၊ အရောင်း/အဝယ်ကအေး
မာမာအေးဖြစ်နေဆဲပါ။
***
အိမ်ခြံမြေဈေးနှင့် ငှားရမ်းခတွေ ဈေးကြီးလာတော့ စီးပွားရေး
လုပ်ငန်းရှင် အများစုဟာ မိုးကောင်ကင်ကို နယ်ချဲ့ပြီး
အထပ်မြင့် အဆောက်အအုံတွေကို တိုက်ခန်းဈေးကွက် ရှိတဲ့
မြို့နယ်တွေမှာ မြေပိုင်ရှင်တွေနဲ့ အကျိုးတူသဘောမျိုး
ဆောက်လာကြတယ်။
* သက်ဆိုင်ရာ ဌာနတွေမှာ ဆောက်လုပ်ခွင့် ခွင့်ပြုချက်နဲ့
ဆောက်ပြီးရင်လည်း လူနေထိုင်ခွင့် ခွင့်ပြုချက်တွေ ယူရတာ
အချိန်အများကြီး ပေးရတော့ ဆောက်လုပ်ခွင့် မလျှောက်ဘဲေ
ဆာက်ကြတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ဥပဒေတွေနဲ့
မညီပေမယ့် ဆောက်ပြီးတဲ့ တိုက်ခန်းတွေပေါ်မှာ
လူတွေတက်နေပြီး အရောင်း/အဝယ်တွေကိုလည်း အဆင့်ဆင့်
ရောင်းချနေတာတွေက ယခုတိုင် မြင်တွေ့နေရတုန်းပါပဲ။ *
နှစ်ပေါင်းများစွာ ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်ခဲ့တဲ့
အဆောက်အအုံတွေ၊ လူနေထိုင်ခွင့်မရှိဘဲ လူတက်နေတဲ့
တိုက်ခန်း ထောင်ချီပြီးရှိတယ်လို့ ယခုနှစ်ပိုင်းကျမှ
သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ကြေညာပြီး အရေးယူတယ်လို့
ကြားရပါတယ်။
သေချာတာကတော့ နိုင်ငံတော်ကို တရားဝင်ပေးသွင်းရမယ့်
အခွန်တွေ ဘယ်လောက်များ ဆုံးရှုံးသွားပြီလဲ ဆိုတာ
ခန့်မှန်းနိုင်ပါတယ်။
၂၀၀၈/၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်ဆိုရင် ဆောက်လုပ်ရေး
ကုမ္ပဏီကြီးတွေ အပြိုင်အဆိုင်ပေါ်လာပြီး ရန်ကုန်မြို့ရဲ့
အချက်အချာကျတဲ့ နေရာတွေမှာ အထပ်မြင့်တွေကို
ဆောက်လုပ်ခွင့်ရပြီး ကြိုပွိုင့်တွေ ရောင်းတာနဲ့တင်
အကျိုးအမြတ် အများကြီး ရခဲ့ကြပါတယ်။
* ယင်းနှစ်ပိုင်းတွေက အခွန်စနစ် အားနည်းမှုကြောင့်
လုပ်ငန်းတွေမှာ အရှုံးပြရင် အခွန် ပေးဆောင်စရာ မလိုတာကို
နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး
ကွန်ဒိုတိုက်ခန်း တစ်ခန်းကို သိန်းနှစ်ထောင်၊ သုံးထောင်နဲ့သာ
ရောင်းတယ်၊ အရှုံးပေါ်တယ်ဆိုပြီး အခွန်တိမ်းရှောင်ခြင်း
ပါပဲ။ *
***
နိဂုံးချုပ်အနေနဲ့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်
အဲဒီနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု ပေါ်မှာ အများကြီး
တည်နေသလို နိုင်ငံရေးနဲ့ စီးပွားရေးကလည်း
ဆက်စပ်နေပါတယ်။
* အိမ်ခြံမြေ ဈေးကွက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေကလည်း
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေပေါ်မှာ များစွာ တည်မှီနေသလို
ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နည်းမှန်၊ လမ်းမှန်၊ စနစ်မှန်နှင့်
အုပ်ချုပ်သူ၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသူ၊ အကောင်အထည်ဖော်သူ တွေနဲ့
စေတနာမှန်ဖို့က အဓိကကျတယ် * လို့ပဲ
သုံးသပ်တင်ပြချင်ပါတယ်။
(ဦးရန်)
credit - The Voice
"လှည်းကူးမြို့နယ်အတွင်း နိုင်ငံပိုင် မြေပေါ်တွင် ငြိမ်းချမ်းရေး အဖွဲ့အစည်း အမည်ခံ၍ အကွက်ရိုက် ရောင်းချမှုများရှိနေ"
"လှည်းကူးမြို့နယ်အတွင်း နိုင်ငံပိုင် မြေပေါ်တွင် ငြိမ်းချမ်းရေး
အဖွဲ့အစည်း အမည်ခံ၍ အကွက်ရိုက် ရောင်းချမှုများရှိနေ"
လှည်းကူးမြို့နယ်အတွင်းရှိ နိုင်ငံပိုင် မြေကွက်လွတ်များပေါ်တွင်
ငြိမ်းချမ်းရေး ရယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက
နေရာချထားပေးသည်ဟုဆိုကာ အကွက်ရိုက်ရောင်းချမှုများ
ရှိလာသည့် အတွက် သက်ဆိုင်ရာက တားဆီးနေရသည်ဟု
လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းအောင်က
ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေတွေ ကို ကျူးသမားတွေက
ငြိမ်းချမ်းရေးအဖွဲ့ တွေကိုခေါ်လာပြီးနေစရာမရှိလို့ပါဆိုပြီး
တစ်စတစ်စ ၀င်ကျုးလာတာ။ ဒီဇင်ဘာ ၁၂ ရက်
နောက်ဆုံးထားပြီး ဖယ်ပေးဖို့ စာထုတ်ထားပါတယ်။
ရက်ကျော်သွားလို့ မဖယ်ဘူး ဆိုရင်တော့ ဌာနအစီအစဉ်နဲ့
ဖယ်သွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းတာကတော့ အကွက်ပေါင်း ၂,၅၀၀ လောက်ရှိမယ်။
လက်လွှဲလက်ပြောင်းနဲ့ ရောင်းစားနေကြ တာ" ဟု
၎င်းကပြောသည်။
အဆိုပါ မြေကွက်ရောင်းချမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်
မြေပေါ်တွင် ကျုးကျော်နေထိုင်ကာကျောက်တိုင်များ
စိုက်ထူခြင်း၊ တဲထိုးခြင်းများ ပြုလုပ်လာသည့်အတွက်
နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားပစ္စည်းများကို ဖယ်ရှား
ရှင်းလင်း၍ ၎င်းမြေပေါ်မှ ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံး ထား
ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနက
စာထုတ်ပြန် ထားသည်။
နိုင်ငံတော်ပိုင် မြေဖြစ်သဖြင့်သတ်မှတ် ထားသည့်ရက်အတွင်း
အကြောင်းကြား စာကို လိုက်နာရန် ပျက်ကွက်သူများကို
တည်ဆဲဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း
စိုက်ပျိုးရေးဦးစီးဌာနက အသိပေးထားသည့်အပြင်
မြေပိုင်ဆိုင်မှု တည်နေရာအနေအထားအရ
မြောက်ဘက် တွင် ရန်ကုန် မန္တလေး အမြန်လမ်းမကြီး၊
တောင်ဘက်တွင် သာယာကုန်းကျေးရွာ၊
အရှေ့ဘက်တွင် ကံ့ကော်ကျွန်ကျေးရွာနှင့် စခမ်းကြီးကျေးရွာ၊
အနောက်ဘက်တွင်ကျောက်အိုင်ကျေးရွာတို့ရှိပြီး
အကျယ် အ၀န်းအားဖြင့် စုစုပေါင်း ၁,၆၀၈ ဒသမ ၈၂ ဧကရှိ
သည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။
"တကယ်နေတာက လူ ၅၀ လောက်ပဲ ရှိတယ်။
တကယ်နေတဲ့လူလည်း တော်တော်နည်းပါတယ်။
ဈေးအချောင်ရတယ် ဆိုပြီး ၀ယ်တဲ့သူတွေများတယ်။
ဘာ အထောက်အထားမှ မရှိဘဲနဲ့ ၀ယ်နေကြတယ်။
သေသေချာချာ စုံစမ်းကြည့်တော့ ကေအင်န်ယူပြောလိုက်၊
ကေအင်န်အယ်လ်အေ ပြောလိုက်။
ထားဝယ် ငြိမ်းချမ်းရေး အဖွဲ့လို့ပြောလိုက်နဲ့ ယုံပြီး
ဝယ်တဲ့လူတွေ အများကြီးဖြစ်နေတယ်"ဟု
အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းအောင်ကပြောသည်။
ရတနာအောင်ကျေးရွာသစ်ဟု အမည် တွင်နေသော
အဆိုပါနေရာမှာရန်ကုန်- မန္တလေး အမြန်လမ်းမကြီး
ဘေးတွင်ရှိ၍ စခမ်းကြီးကျေးရွာအုပ်စုတွင် ပါဝင်ပြီး
စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေပေါ်တွင် တည်ရှိသည်ဟု
သိရသည်။
အဆိုပါ မြေကွက်များအနီးရှိ သာယာကုန်းကျေးရွာ မှ
ဦးစောသာမွှေးဆိုသူက ကရင်အမျိုးသား အစည်းအရုံးအဖွဲ့က
နေရာချထားပေးသည်ဟုဆိုကာ ကျပ် ၃၀,၀၀၀ မှ
ကျပ် ၅၀,၀၀၀ နှုန်းဖြင့်ပေ ၄၀၊ ပေ ၆၀ အကွက်များရိုက်၍
၂၀၁၅ ခုနှစ်၊ ဇွန်လတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး
လက်ရှိအချိန်ထိ မြေကွက်ပေါင်း ၅,၅၀၀ ကျော် ရောင်းချခဲ့ပြီး
ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဦးစောသာမွှေးမှာ ထွတ်ပြေးတိမ်းရှောင်နေဆဲ
ဖြစ်သည့်အတွက် အမည်အလွဲသုံးစားပြုမှုဖြင့် ဖမ်းဆီး နိုင်ရန်
ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရ နှင့် ငြိမ်းချမ်းရေးရယူ
ထားသည့် ကရင် အမျိုးသားအစည်းအရုံးက
ဗိုလ်မှူးစောနဂါးက ပြောသည်။
"ကျွန်တော်တို့ အဖွဲ့အစည်းနာမည်ကို သုံးပြီး
အစိုးရမြေတွေကို
အကွက်ရိုက် ရောင်းစားသွားတဲ့အတွက် အခုတွေ့ရင်
ရှင်းတောင်ပစ်ချင်တယ်။
အခု ကျွန်တော်တို့ ရောက်နေတာကလည်းစောသာမွှေးက
ကျွန်တော်တို့ အဖွဲ့နာမည်သုံးပြီး လုပ်သွား တဲ့အတွက်
ဝင်ထိန်းပေးတဲ့သဘောပါ။ အဖွဲ့လည်းနာမည်ပျက်ပါတယ်။
ကျွန်တော် မြေတစ်ကွက်မှ ရောင်းထားတာ မရှိပါဘူး။
လက်ရှိနေတဲ့သူတွေ၊ ၀ယ်ထားပြီးတဲ့သူတွေ
ဘ၀ပျက်စီးကုန်မှာစိုးလို့ လာနေပေးတဲ့ သဘောပါ" ဟု
၎င်းက ပြောသည်။
ယင်းမြေကွက်များကို ၀ယ်ယူထားသူအများစုမှာ
ရန်ကုန်၊ ပဲခူး၊ မန္တလေးမြို့များမှ လာရောက်ဝယ်ယူခြင်းဖြစ်ပြီး
မြေကွက် ဈေးနှုန်းသက်သာသဖြင့် လာရောက် မေးမြန်း
စုံစမ်းသူများရှိသလို အမှန်တကယ်
နေအိမ်အခက်ခဲရှိတဲ့အတွက်
လာရောက် ၀ယ်ယူထားကြသူများလည်း ရှိသည်ဟု
မြေကွက်ဝယ်ယူထားသည့် မြန်မာ့မီးရထား
အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဒေါ်လှမြင့်က
ပြောသည်။
"၀န်ထမ်းလုပ်သက် တစ်လျှောက်လုံး မှာ အစိုးရဆီက
မြေကွက်မျှော်လင့်ခဲ့ပေ မယ့် မရခဲ့ပါဘူး။
ဒီမှာမြေကွက်တွေကို
ဈေးပေါပေါနဲ့ ရောင်းပေးတယ်လို့ ကြားတဲ့ အတွက်
ဝယ်လိုက်တာပါ။ နေစရာလည်း မရှိပါဘူး။ ဖယ်ပေးဖို့
အစိုးရဘက်က သတိ ပေးစာ ထုတ်ထားတဲ့ အတွက်လည်း
နေရ တာ ခပ်လန့်လန့်ပါ။
အစိုးရကလည်းနေရာထိုင်ခင်းမရှိတဲ့ ကျွန်မတို့လို
ဝန်ထမ်းတွေအတွက် စဉ်းစားပေးစေချင်ပါတယ်။
ကျွန်မတစ်ကွက်တည်း ၀ယ်ထားတာပါ " ဟု
၎င်းကပြောသည်။
လှည်းကူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင်
စခမ်းကြီး ကျေးရွာအုပ်စု အတွင်းရှိ
ကွင်းအမှတ် (၉၇၈) တွင် ၉၃၈ ဒသမ ၉၃ ဧကနှင့်
ဘန့်ဘွေးကုန်းနှင့် သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ
ကွင်းအမှတ် (၉၈၂) တွင် ၆၆၉ ဒသမ ၈၉
စုစုပေါင်း မြေဧက၁၆၀၈ ဒသမ ၈၂ ပေါ်တွင် ကျုးကျော်
နေထိုင်သူများကို ဖယ်ရှားပေးရန် သတိပေးစာထုတ်ပြန်ခဲ့ပြီး
ဖြစ်သည့်အပြင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ
ကလည်း အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် နှိုးဆော်ထားပြီး
ဖြစ်သည်ဟု သိရသည်။
မြေကွက်ဈေးနှုန်းများ ချိုသာသည့်အတွက် အနယ်နယ်
အရပ်ရပ်က မြေကွက် ၀ယ်ယူရန် လာရောက်မေးမြန်းသူ
များပြားလာနေပြီး မြေကွက်များကို အဆင့် ဆင့် လက်လွှဲ
လက်ပြောင်း ရောင်းချမှုကြောင့် မြေကွက်ဈေးနှုန်းများ
မြင့်တက်လာနေသည့်အပြင်
လူတစ်ဦး လျှင် ၁၀ ကွက်မှ ၁၅ ကွက်ခန့်အထိ
ဝယ်ယူထားသူ များလည်း ရှိသည်ဟု
မြေကွက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးနန္ဒက ပြောသည်။
"ကျွန်တော်ကတော့ လေးကွက်ဝယ်ထားတယ်။
အရင်ကတော့ မိသားစုလိုက် လာနေဖို့ပါပဲ။
အခုတော့ အခြေအနေကမတည်ငြိမ်တော့ အရင်းရရင်ပဲ
ပြန်ထုတ်မှာ ပါ။ အဆင့်ဆင့် ၀ယ်ထားရတော့ မြေကွက်
တစ်ကွက်ကို ခြောက်သိန်းလောက်ကျတယ်" ဟု
၎င်းကပြောသည်။
(ဇေယျာလင်း)
credit - The Myanmar Times
(စာကြွင်း)
အိမ်ခြံမြေ မိတ်ဆွေများ -
ရောင်းမှား/၀ယ်မှား မဖြစ်ရလေအောင်
သတိပေးရန်အတွက် တင်ပေးနေခြင်းသာ ဖြစ်ပါတယ်။
မည်သူ့ အကျိုးစီးပွါးကိုမှ နှောင့်ယှက်လိုခြင်း မရှိပါ။
ယခုဖြစ်နေသည့် အဖြစ်အပျက်များကို နမူနာယူပြီး
တွေးဆ ဆင်ခြင်ခြင်းဖြင့် ရောင်းမှား/၀ယ်မှား အဖြစ်များမှ
ကင်းဝေးကြပါစေ။
“အိမ်ခြံမြေ လမ်းဆုံ”
Sunday, December 27, 2015
"ရန်ကုန်မြို့လယ်ကို ဘယ်လို ခွဲထုတ်မလဲ"
"ရန်ကုန်မြို့လယ်ကို ဘယ်လို ခွဲထုတ်မလဲ"
ရန်ကုန်မြို့၏ အကျယ်အ၀န်းသည် ၁၉၈၈ ခုနှစ် မတိုင်မီက
စတုရန်းမိုင် ၈၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်
စတုရန်းမိုင် ၂၄၀ ခန့်အထိ ရှိလာပြီး အဆိုပါ ကာလအတွင်း
ရန်ကုန်မြို့၏ အကျယ်အ၀န်းမှာ သုံးဆခန့်အထိ
ဖြစ်လာခဲ့သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆက်လက် တိုးချဲ့ခဲ့ရာ
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်၏ စုစုပေါင်း
ဧရိယာမှာ ၃၀၆ စတုရန်းမိုင်အထိ ရှိလာခဲ့သည်။
လူဦးရေ အနေဖြင့် ၁၉၈၃ ခုနှစ်တွင် သုံးသန်းခန့်သာ ရှိခဲ့ရာမှ
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းအရ လူဦးရေ ၅ဒသမ၂ သန်း
အထိ တိုးပွားလာခဲ့သည်။ ယင်းစာရင်းမှာ အတည်တကျ ပုံစံ၁၀
ဖြင့် နေထိုင်သည့် သူများသာ ဖြစ်ပြီး ပုံစံ ၁၀ မရှိသူများနှင့်
ယာယီလာရောက် နေထိုင်သူများ ပေါင်းလိုက်ပါက စုစုပေါင်း
ခြောက်သန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဆက်စပ်နေသည့်
နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်ရုံ၊
အလုပ်ရုံများစွာ ပေါ်ပေါက်လာခြင်းကြောင့် ကျေးလက်
ဒေသများမှာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်သို့ ပြောင်းရွှေ့ ပျံ့နှံ့
လာခဲ့ကြသည်။
လူဦးရေတိုးနှုန်း အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း
၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တိုးပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏
လူဦးရေတိုးနှုန်းမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက်
နှစ်ဆခန့် မြင့်မားလျက် ရှိနေသည်။
■ လူဦးရေ တိုးပွားမှု မြန်ဆန်သည့် ရန်ကုန်
ရန်ကုန်မြို့၏ လူဦးရေ တိုးနှုန်းနှင့် ဆက်လက်တိုးပွားမည် ဆိုပါက
နောက်ထပ် ၂၅ နှစ်အတွင်း လူဦးရေ ၁၀ သန်းခန့်သို့ ရောက်ရှိ
လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လူဦးရေ ယခုထက် နှစ်ဆခန့်
ရှိလာမည်ဟု ခန့်မှန်းထားခြင်းဖြစ်ပြီး လာမည့် ၂၀၄၄ ခုနှစ်တွင်
လူဦးရေ ၁၂ သန်းကျော်အထိ တိုးပွားနိုင်သည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခန့်မှန်း
တွက်ချက်ထားသည်။
ရန်ကုန်မြို့၏ လက်ရှိ လူဦးရေအရ တစ်နေရာနှင့် တစ်နေရာ
နေထိုင်မှုနှုန်းများ မတူညီကြဘဲ ကွာခြားနေကြောင်း၊
အထူးသဖြင့် ရန်ကုန်မြို့လယ်ဖြစ်သော ကျောက်တံတား၊
ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသောနေရာများတွင်
နေထိုင်သူဦးရေ များစွာ သိပ်သည်းလာပြီး တစ်စတုရန်းမိုင်လျှင်
လူဦးရေ တစ်သိန်းအထိ နေထိုင်လာကြကြောင်း၊
ယင်းနှင့် ဆက်စပ်၍ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော
ဇုန်နယ်မြေများသည်လည်း လူဦးရေ သိပ်သည်းမှု မြင့်မားကြောင်း၊
ထို့ပြင် များစွာသော အလုပ်အကိုင်များသည်လည်း မြို့လယ်တွင်
တည်ရှိနေခြင်းကြောင့် လူများ၊ ကားများမှာ မြို့လယ်သို့သာ
အဓိက ဦးတည်လာကြသည်။
■ ခွဲထုတ်ဖို့ လိုလာတဲ့ ရန်ကုန် မြို့လယ်
သို့ဖြစ်ရာ ရန်ကုန်မြို့လယ်၏ သိပ်သည်းမှုမှာ သိသာစွာ
မြင့်မားနေပြီး ရှုပ်ထွေးနေကာ ယင်းနှင့် ဆက်စပ်၍ ယာဉ်ကြော
ပိတ်ဆို့မှုများလည်း ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိသည်။
ထို့အတွက် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းမှုကို
ခွဲထုတ်ရန်အတွက် မဖြစ်မနေ လိုအပ်လာသည်ဟု
ပညာရှင်များက ထောက်ပြခဲ့ကြသည်။
ဆင်ခြေဖုံးမြို့နယ်များ၊ မြို့လယ်မှ အလှမ်းဝေးမြို့နယ်များ၊
မြို့သစ်များမှ စားဝတ်နေရေး၊ အလုပ်အကိုင်အတွက် မြို့လယ်သို့
နေ့စဉ်ဦးတည် သွားလာနေကြရသည်။
ဘတ်စ်ကားလမ်းကြောင်းများသည်လည်း စီးပွားရေးအရ
တွက်ခြေကိုက်စေရန် မြို့လယ်အခြေပြု လမ်းကြောင်းများသို့သာ
ပြေးဆွဲမှုခြင်းကြောင့် မြို့လယ်သို့ စုံပြုံတိုးခဲ့ကြသဖြင့်
ယာဉ်ကြောပိတ်ဆို့မှုများမှာ ဆိုးရွားလာသည်။
သို့ဖြစ်ရာ ယင်းသို့မြို့လယ်သို့ စုပြုံတိုးနေသည့်
အလုပ်အကိုင်များကို ဒုတိယ မြို့လယ်သို့ ခွဲထုတ်လိုက်ခြင်း၊
ဘတ်စ်ကား လမ်းကြောင်းများကို ခွဲထုတ်လိုက်ခြင်းအားဖြင့်
မြို့လယ်၏ သိပ်သည်းမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့လယ်ကို ခွဲထုတ်ရန် စဉ်းစားရာတွင်
လှိုင်သာယာကဲ့သို့ ဆင်ခြေဖုံး နေရာသို့လည်း ခွဲထုတ်လို့မရ၊
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လျာထားသည့် ကြည့်မြင်တိုင်
တစ်ဖက်ကမ်းကဲ့သို့ နေရာများသည်လည်း အဆင်မပြေနိုင်။
လက်ရှိ စီးပွားရေး အချက်အချာ နေရာများနှင့်လည်း
ချိတ်ဆက်မှုများစွာ အလှမ်းမဝေးနိုင်သည့် နေရာအား
စဉ်းစားခဲ့သည်။
သို့ဖြစ်၍ မြို့လယ်ဗဟို စီးပွားရေးဇုန်ကို ခွဲထုတ်ရန် ရန်ကုန်
မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မနယ်မြေကို
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အဖြစ် ရွေးချယ်ခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ၂၀၁၄ နှစ်ဆန်းပိုင်းက
တင်ပြခဲ့သည်။
■ ကနဦး မြေ ၃၆ ဧကကျော်မှာ လုပ်ဆောင်မယ်
ရန်ကုန်မြို့၏ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်အား
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ
မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် ဟိုတယ်၊
ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များ၊
အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့်
ရုံးခန်း အဆောက်အအုံနေရာများ ပါဝင်မည်ဟု သိရသည်။
ထို့ပြင် ယင်းနေရာများသို့ ပြေးဆွဲမည့် သီးသန့်ဘတ်စ်ကား
လမ်းကြောင်းများလည်း ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ရည်မှန်းထားသည်။
သို့သော် မြေ ၃၆ ဧက ဆိုသည်မှာ နည်းပါးသည့်ပမာဏ ဖြစ်သည်။
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ယင်းအကျယ်အ၀န်း
လောက်နှင့်တော့ အကောင်အထည်ဖော်ရန် ကျဉ်းမြောင်း
လှမည်ဟု ထင်မြင်မိသည်။
အဘယ်ကြောင့်ဆိုသော် တညင်းကုန်း ပြည်ပပို့ကုန်
ဟင်းသီးဟင်းရွက်နှင့် လက်ကားဈေးကြီးကို တစ်ခုတည်းကိုပင်
တညင်းကုန်းရှိ မြေ ၈၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည်
ဖြစ်ရာ ယခုစီမံကိန်း လုပ်ဆောင်လျှင်လည်း ဖိဖိစီးစီးဖြင့်
လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။
■ အခြေခံပြည်သူ အများစုနဲ့ နီးစပ်တဲ့ စီမံကိန်းဖြစ်ဖို့လည်း
လိုတယ်
ထိုသို့ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်ကို အကောင်အထည်
ဖော်သော်လည်း အခြေခံ ပြည်သူများနှင့် သက်ဆိုင်ခြင်း မရှိသည့်
လုပ်ငန်းများသာ ဖြစ်နေပါကလည်း အကျိုးရှိနိုင်မည်
မဟုတ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
“ပြည်သူ အများစုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆိုရင်တော့
တော်သေးတာပေါ့။ ရေပေါ်ဆီ လူတန်းစားတွေအတွက် ဆိုရင်တော့
အကျိုးမရှိနိုင်ဘူး။ ဒါကြောင့် ဒုတိယ မြို့လယ် စီးပွားရေးဇုန်မှာ
လုပ်မယ့် လုပ်ငန်းတွေကိုလည်း စဉ်းစားဖို့ လိုတယ်။
အခု မရမ်းကုန်းမှာ လုပ်မယ့် စီမံကိန်း ဈေးဝယ်စင်တာတွေပါမယ်
ပြောတယ်။ ဈေးဝယ်တဲ့ဆိုတဲ့ နေရာမှာလည်း
အရမ်းအကောင်းစားကြီးတွေလား။ လူထုတွေ ပါဝင်ပတ်သက်နိုင်တဲ့
ဆိုင်တွေ ဖြစ်ရဲ့လားဆိုတာ အရေးကြီးပါတယ်။ ဒါမှလည်း
လူတန်းစားပေါင်စုံ ဖြန့်ထုတ်နိုင်မှာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်
မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က သုံးသပ်သည်။
■ ကြန့်ကြာနေတဲ့ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်
ယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ်
နှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့်
ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ
ခဲ့သည်။ အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင်
စတင်အကောင်အထည်ဖော်ရန် မှန်းထားခဲ့သော်လည်း တင်ဒါ
ရွေးချယ်မှု အပိုင်းတွင် ကြန့်ကြာခဲ့သဖြင့် ယခုထိ ဘာမှ
ဖြစ်မလာသေး။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှ စတင် တင်ဒါခေါ်ခဲ့သော
စီမံကိန်း ယခု ၂၀၁၅ နှစ်ကုန်ပိုင်းအထိ ဘာမှ ဖြစ်မလာသည့်
သဘော။
တင်ဒါ ရွေးချယ်မှုအပိုင်း တစ်ဖက်တွင်လည်း မြေပိုင်ဆိုင်မှုများ၊
ယင်းဧရိယာအတွင်း ပါဝင်သည့် မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများ
ပြောင်းရွှေ့ခြင်း ကိစ္စအတွက် အငြင်းပွားမှု စသည့်ပြဿနာ
များကြောင့် အကောင်အထည်ဖော်ရန် ကြန့်ကြာနေရခြင်းလည်း
ဖြစ်သည်။
သို့သော် ယခု မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများလည်း မင်္ဂလာဒုံ
ပုလဲသို့ ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်၍ အကောင်အထည်ဖော်ရန်
နီးလာချိန်တွင် ယင်းစီမံကိန်း တင်ဒါနှင့် ပတ်သက်၍ ကန့်ကွက်မှု
တစ်ခု ပေါ်ပေါက်လာခဲ့သည်။
လက်ရှိစီမံကိန်း တင်ဒါအား First Myanmar Construction
ကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်သည်။
■ စီမံကိန်း တင်ဒါ ပြန်စိစစ်ပေးဖို့ တောင်းဆို
ယင်းစီမံကိန်းအတွက် တင်ဒါမှာ နိုင်ငံတော်အတွက်
ကျပ်ဘီလျံပေါင်းများစွာ နစ်နာသဖြင့် ပြန်လည် စိစစ်ပေးပါရန်
တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Pattko Global Development
ကုမ္ပဏီက ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေ
ဥယျာဉ်တွင် ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့သည်။
ယင်းကုမ္ပဏီက ၎င်းတို့ အနေဖြင့် တင်ဒါအောင်မြင်ခဲ့သည့်
First Myanmar Construction ကုမ္ပဏီထက် မြေငှားရမ်းမှုများ
ပိုပေးခဲ့သည့် အနေအထားအပေါ် ၎င်းတို့အား မရွေးချယ်ခဲ့ခြင်း
အပေါ် ယင်းတင်ဒါအား နိုင်ငံတကာက စစ်ဆေးခဲ့သည့် ပုံစံအတိုင်း
ပြန်လည်စစ်ပေးရန် တောင်းဆိုခဲ့သည့်အတွက် စီမံကိန်း
ဖော်ဆောင်ရန် နှောင့်နှေးသည့် အချက်တစ်ချက် ဖြစ်ပေါ်
လာခဲ့သည်။
■ အငြင်းပွားဖွယ် တင်ဒါကိစ္စ ဖြေရှင်းမယ်
ယင်းကိစ္စအပေါ် ဖြေရှင်းပေးမည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ ဦးခင်လှိုင်က
ပြောကြားထားပြီး တင်ဒါနှင့် ပတ်သက်သည့် ကန့်ကွက်သည့်
ကုမ္ပဏီထံမှ လိုအပ်သော စာရွက်စာတမ်းများကို
တောင်းခံထားသည်ဟု ဆိုသည်။
ယင်းသို့ အငြင်းပွားဖွယ် တင်ဒါကိစ္စများအပေါ် ဖြေရှင်းရန်မှာ
အချိန်ယူရမည့် ကိစ္စ ဖြစ်သဖြင့် စီမံကိန်း အခြေအနေမှာ
ထပ်မံကြန့်ကြာနိုင်မည့် သဘောဖြစ်နေသည်။
■ ဒုတိယ မြို့လယ် စီးပွားရေးဇုန် အလားအလာ
ယင်းသို့ အငြင်းပွားဖွယ် တင်ဒါကိစ္စများ ရှိနေသော်လည်း
အဆိုပါ စီမံကိန်းအား ၂၀၁၆ ခုနှစ်အတွင်း ဖော်ဆောင်နိုင်ရန်
စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။
အမှန်အားဖြင့် ဆိုပါက လက်ရှိ သိပ်သည်း ကျပ်တည်းမှု များပြား
နေသော ရန်ကုန် မြို့လယ်၏ အခြေအနေအား ရန်ကုန်မြို့နေ
လူထု သည်းမခံနိုင်တော့။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့်
ခရီးသွား ပြည်သူများ နေ့စဉ် ဒုက္ခများစွာ ခံနေရသည်။ မြို့လယ်သို့
အချိန်များစွာပေး၍ လာနေရသည်။ ကားပေါ်၊ လမ်းပေါ်တွင်သာ
တန်ဖိုးရှိလှသော အချိန်များစွာ ကုန်ဆုံးနေရသည်။
မိုးလင်းသည်နှင့် အိမ်ကထွက်၊ မိုးချုပ်မှသာ အိမ်သို့ ပြန်ရောက်သည့်
အတွက် မိသားစုကိုလည်း အချိန်မပေးနိုင်၊ တစ်ခါတစ်ရံ အိမ်မှ
မိသားစုများနှင့် တစ်ပတ်လုံး မတွေ့ရသည့် သူများပင် ရှိနေသည်။
သို့ဖြစ်၍ ယင်းစီမံကိန်းအား အမြန် အကောင်အထည်ဖော်ရန်
လိုအပ်နေပြီး ၂၀၁၆ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဟု
ပြောကြားထားသဖြင့် နောက် အစိုးရသစ်အား စောင့်ဆိုင်းနေသည့်
ပုံစံ ဖြစ်သည်။
■ ဒဂုံမြို့သစ်တွေလည်း ဒုတိယ မြို့လယ် စီးပွားရေးဇုန်
ဖြစ်နိုင်ခြေ ရှိတယ်
ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွက် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်သို့ တင်ပြခဲ့စဉ်က ယခု လျာထားသည့် ရန်ကုန်
မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် မင်းဓမ္မနယ်မြေတင် မကဘဲ
ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်များဖြစ်သော ဒဂုံမြို့သစ်
လေးမြို့နယ်တွင်လည်း အကောင်အထည်ဖော်ပေးရန်
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ တင်ပြခဲ့မှုကို
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောတူခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရန်ကုန်မြို့၏
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ခွဲထုတ်ရန် မင်းဓမ္မ စီမံကိန်း
တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဒဂုံမြို့သစ် လေးမြို့နယ်ကိုပါ
လုပ်ဆောင်ပေးရန် တင်ပြခဲ့ခြင်းလည်း ဖြစ်သည်။
“မြို့လယ်ဗဟို စီးပွားရေးဇုန်ကို မြို့သစ်တွေကို ခွဲထုတ်လိုက်မှ
လုပ်ငန်းတွေလည်း လိုက်လာမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း
လျော့နည်းသွားမယ်။
ဥပမာ-အခု ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုများတဲ့ နေရာတွေမှာ
ပါတဲ့ ယုဇန ပလာဇာ၊ မင်္ဂလာဈေးလို နေရာမျိုးကို ဒဂုံမြို့သစ်ကို
ခွဲထုတ်လိုက်မယ်ဆိုရင် လုပ်ငန်းတွေ အဲဒီမှာ ဖြစ်သွားမယ်။
ဒါဆိုရင် ယာဉ်ကြောပိတ်ဆို့မှုလည်း သက်သာသွားမှာပေါ့” ဟု
ဦးကျော်က သုံးသပ်ပြောကြားသည်။
လွန်ခဲ့သည့် နှစ် ၂၀ ခန့် ကတည်းက စတင်အကောင်အထည်
ဖော်ခဲ့သည့် ဒဂုံမြို့သစ် လေးမြို့နယ်၏ လူဦးရေ သိပ်သည်းမှုနှုန်းမှာ
တစ်စတုရန်းမိုင်လျှင် ၅၀၀၀ ခန့်သာ နေထိုင်နေကြပြီး
ရန်ကုန်မြို့၏ လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံးနေရာဖြစ်သည်။
ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု
လိုအပ်ချက်များကြောင့် ယင်းနေရာများသို့ လူဦးရေ ဖြန့်ကြက်နိုင်မှု
အားနည်းပြီး အထူးသဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း
စသည်တို့တွင် လူဦးရေ သိသာစွာ နည်းပါးနေသည်။
သို့ဖြစ်ရာ ဒဂုံမြို့သစ် လေးမြို့နယ်တွင် ယခင် လျာထားခဲ့သည့်
ဘူတာကြီး စီမံကိန်းလည်း လုပ်ဆောင်ဖြစ်မည် ဆိုပါက
ဒုတိယ မြို့လယ် စီးပွားရေးဇုန် အတွက်လည်း များစွာ
အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
ထို့ပြင် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြေလွတ်များသည် မြို့ပြ အဖြစ်သို့
ပြောင်းလဲပြီးသား မြေများ ဖြစ်သောကြောင့် စီမံကိန်းများ
လုပ်ဆောင်ရန် လွယ်ကူပြီး ယင်းနေရာတွင် စီမံကိန်း
ဖော်ဆောင်နိုင်သည့် မြေဧက ၁၇၀၀၀ ခန့် ရှိနေသည်ဟု
သိရသည်။
■ ဒီစီမံကိန်းက နိုင်ငံတော်အတွက် မနစ်နာဖို့လည်း လိုတယ်
ဒုတိယ ဗဟိုစီးပွားရေးဇုန် တင်ဒါတွင် အငြင်းပွားနေသည့် ကိစ္စကို
ကြည့်လိုက်ပါက ကန့်ကွက်သည့် Pattko Global Development
ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction
ကုမ္ပဏီထက် မြေငှားရမ်းမှု ပိုပေးခဲ့သော်လည်း ၎င်းကို မရွေးသည့်
ကိစ္စဖြင့် အငြင်းပွားနေခြင်းဖြစ်သည်။
ယင်းအခြေအနေကို ပြန်လည် ခြုံငုံကြည့်လိုက်ပါက နိုင်ငံတော်
အတွက်လည်း ရသင့်ရထိုက်သည့် အခွန်အခ နှုန်းထားများ ရရှိရေး၊
သတ်မှတ်နှုန်းထားထက် လျော့နည်းစွာ မရရှိရေးတို့သည်လည်း
အရေးကြီးလှသည်။
ထို့ပြင် ယင်းစီမံကိန်းမှ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ မည်မျှ
ဆောင်နိုင်မည့် ကိစ္စကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇)
ဦးခင်လှိုင်က ပြောကြားသည်။
“ငွေကြေးအင်အား စာရင်းတွေအရ ဒီစီမံကိန်းအတွက် နှစ် ၇၀
ငှားမယ်ဆိုလည်း နှစ် ၇၀ အတွက်ကို ရေရှည် Plan ဆွဲခိုင်းဖို့
လိုတယ်။ ၁၀ နှစ်ပြည့်ရင် ငှားခ ဘယ်လောက်ဆိုပြီး။
ဒီငှားခဈေးက နစ်နာရင် တိုင်းပြည်အတွက်လည်း နစ်နာတယ်။
ဒါတွေလည်း တွက်ချက်ရမယ်။ ပြီးတော့ ဒီကနေ အခွန်
ဘယ်လောက်ရမလဲ။ အခု လောလောဆယ်မှာက
နှစ်တိုအတွက်ပဲ ကြည့်ကြတယ်” ဟု ဦးခင်လှိုင်က
ပြောကြားသည်။
(ကျော်ထင်)
credit - Eleven Media Group
(စာကြွင်း)
မူရင်း ဆောင်းပါးအားအနည်းငယ် ချုံထားကြောင်း
ဝန်ခံပါသည်။
“ရန်ကုန်စတော့အိတ်ချိန်းကြောင့် အိမ်ခြံမြေဈေးကွက် ဘာဖြစ်လာမလဲ?”
“ရန်ကုန်စတော့အိတ်ချိန်းကြောင့် အိမ်ခြံမြေဈေးကွက်
ဘာဖြစ်လာမလဲ?”
"ရန်ကုန်စတော့အိတ်ချိန်း ပေါ်လာခဲ့သည့်အတွက်
အိမ်ခြံမြေ၊ ဒေါ်လာနှင့် ရွှေဈေးကွက်တို့မှ ရင်းနှီးမြှုပ်နှံမှုများ
လတ်တလောတွင် ရွေ့လာနိုင်စရာ မရှိသေးကြောင်း
စီးပွားရေး ပညာရှင်များ သုံးသပ်"
ရန်ကုန်စတော့အိတ်ချိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင်
ဖွင့်လှစ်ခဲ့ပြီး အများပိုင် ကုမ္ပဏီ ခြောက်ခုကို ရွေးချယ်လိုက်ကာ
လာမည့် မတ်လတွင် ရှယ်ယာများ ရောင်းချသွားမည်ဟု
သတင်း ထုတ်ပြန်ခဲ့မှု အပေါ်
လက်ရှိကာလတွင် အများသူငါ ရင်းနှီး မြှုပ်နှံနေကြသည့်
အိမ်ခြံမြေ၊ ဒေါ်လာနှင့် ရွှေဈေးကွက်တို့မှ ရင်းနှီးမြှုပ်နှံမှုများ
ရုတ်တရက် ရွေ့လာနိုင်စရာ အကြောင်း မရှိသေးကြောင်း
စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
“ * စတော့အိတ်ချိန်းက အခုမှ စမှာလေ။
စဖွင့်ဖွင့်ချင်း အရောင်းအ၀ယ်တွေ ဘာတွေက
ဒီလောက်အထိ ဖြစ်လာနိုင်စရာတော့ မရှိသေးဘူး။
တကယ် လက်တွေ့မှာတော့ ဒါကြီးက အများကြီး လုပ်ရဦးမှာ။
နောက်သုံးလမှာ ရှယ်ယာ ထုတ်ရောင်းမယ် ဆိုပေမယ့်
ရှယ်ယာ ထုတ်ရောင်းတယ်ဆိုတာ စတော့အိတ်ချိန်းနဲ့ ဘာမှ
မဆိုင်သေးပါဘူး။
Stock Exchange ရဲ့သဘော သဘာဝကကျတော့
ရောင်းပြီးသား ရှယ်ယာကို Trade လုပ်တာ။
ရှယ်ယာ ထုတ်ရောင်းတယ်ဆိုတာ ကုမ္ပဏီက
ထုတ်ရောင်းတာပါ။
ကျွန်တော့် အမြင်ကတော့
Stock Exchange ကြောင့်တော့
နောက်ခြောက်လလောက်အတွင်း
အိမ်ခြံမြေ ဈေးကွက်ကို ထိခိုက်စရာ မရှိသေးသလို
အခြားဒေါ်လာဈေးလို ရွှေဈေးတို့လည်း
ထိခိုက်စရာ မရှိသေးဘူးလို့ မြင်ပါတယ် * ” ဟု
ဘဏ္ဍာရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း)
ဦးစိုးသိန်းက ပြောကြားသည်။
စတော့အိတ်ချိန်းတွင် ရှယ်ယာများကို စတင်ရောင်းချမည့်
အများပိုင် ကုမ္ပဏီများကို ရွေးချယ်ရာတွင်
FMI၊ သီလ၀ါ အများပိုင် ကုမ္ပဏီ၊
Great HOR KHAN Public Co., Ltd၊ MAPCO စသည့်
ကုမ္ပဏီ လေးခုနှင့်အတူ
First Privat Bank နှင့် Myanmar Citizen Bank တို့ကို
ရွေးချယ်ထားကြောင်း သိရသည်။
“ဒီကုမ္ပဏီ ခြောက်ခုထဲမှာ လူအများ စိတ်ဝင်စားတဲ့ ကုမ္ပဏီ
ဘယ်နှစ်ခုရှိမလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုမယ်။
ဥပမာ သီလ၀ါဆိုရင် လူစိတ်ဝင်စားမှု မြင့်တယ်။
နောက်တစ်ခုက FMI တို့၊ First Private Bank တို့လည်း
ရှိတယ်။
ဒီအထဲမှာတော့ First Private Bank ကတော့ ထူးခြားတာပေါ့။
ဘာကြောင့် ထူးခြားလဲ ဆိုတော့ ပထမ အချက်က
ဘဏ်လုပ်ငန်းကိုပဲ သီးသန့်လုပ်တယ်။
အခြားလုပ်ငန်း မလုပ်ဘူး။
သူက သီလ၀ါမှာလည်း အစုရှယ်ယာရှင် တစ်ယောက်အနေနဲ့
ပါနေတယ်လို့ ထင်တယ်။
နောက်တစ်ခုက ဘဏ်လုပ်ငန်း ကျွမ်းကျင်သူက
ဦးဆောင်တယ်။
နံပါတ်သုံးက အခွန်မှန်မှန်ဆောင်သော လုပ်ငန်းဖြစ်တယ်။
ဒါက စိတ်ဝင်စားစရာ ကောင်းတယ်။
ဒါပေမဲ့ အိမ်ခြံမြေက ရင်းနှီးမြှုပ်နှံမှုတွေ အရွေ့အပြောင်း
ဖြစ်မယ်ဆိုတော့ လောလောလတ်လတ် အခြေအနေမှာတော့
သိပ်မဖြစ်နိုင်သေးဘူး။
မတ်လလောက်မှာမှ စပြီးရောင်းမယ် ဆိုတော့
မတ်လဆိုတာ လာမယ့် အစိုးရပေါ့နော်။
အပြောင်းအလဲ ဖြစ်နိုင်သလားဆိုတော့ စောဦးမယ်
ထင်တယ်” ဟု
ဒေါက်တာ အောင်ကိုကို ( စီးပွားရေးပေါ်လစီ)က
ပြောကြားသည်။
အမှန်တွင် Property market /Commodity market /
Stock share market / Bond Market /
Money Market စသည့်
ဈေးကွက်များမှာ တစ်ခုမှတစ်ခုသို့ လှည့်ပတ် ရင်းနှီးနေသည့်
သဘာဝရှိပြီး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း
မည်သည့်ဘက်တွင် ရင်းနှီးမြှုပ်နှံလျှင် ၎င်းတို့အတွက်
အကျိုးအမြတ်ရမည်ကို ချိန်ဆနေသူများသာ ဖြစ်ကြောင်းနှင့်
Stock Exchange ပေါ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ
ရန်ကုန် စတော့အိတ်ချိန်း၏ အောင်မြင်မှုကို လိုက်ပြီး
ရွေ့သွားနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
လက်ရှိအချိန်တွင် ရှယ်ယာ ရောင်းချနိုင်မှုပင်
မစသေးသည့်အတွက် အိမ်ခြံမြေ ဈေးကွက် အပေါ်တွင်
ရိုက်ခတ်မှု အများကြီး မရှိနိုင်သေးကြောင်း၊
သို့သော် ရေရှည်တွင် ရင်းနှီးမြှုပ်နှံမှုများ ရွေ့သွားနိုင်ကြောင်း၊
အလားတူ အိမ်ခြံမြေတွင် ရင်းနှီး မြှုပ်နှံမှုများလည်း
တုန့်နှေးသွားနိုင်ကြောင်း သုံးသပ်ပါသည်။
“ကျွန်တော် ပြောချင်တာက အိမ်ခြံမြေက နဂိုကတည်းက
ကျနေပြီးသားလေ။
အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှုကို လူတွေက အခုထိ စောင့်ကြည့်
နေကြတုန်းပဲ။
ဒါပေမဲ့ တစ်ခုရှိတာက တစ်ခုက ဖွံ့ဖြိုးလာရင်
နောက်တစ်ခုကတော့ တုန့်နှေးသွားနိုင်တာပေါ့။
အရင်တုန်းကတော့ Stock က မရှိတော့ ကားဘက်
လှည့်တယ်။
ကားက အခြေအနေ မကောင်းတော့ အိမ်ခြံမြေဘက်
လှည့်တယ်။
အိမ်ခြံမြေက အခုအချိန်မှာ ရပ်သလောက် ဖြစ်သွားပြီ” ဟု
ဦးစိုးသိန်းက ဆက်လက်သုံးသပ် ပြောကြားသည်။
ပြီးခဲ့သည့် ကာလအတွင်း ဒေါ်လာ ဈေးတက်လာခြင်းမှာမူ
အိမ်ခြံမြေမှ ငွေများ ဒေါ်လာဘက် ရောက်သွားသည်ဟု
ပြောရန်မဖြစ်နိုင်ကြောင်း၊
ဒေါ်လာ ဈေးတက်ခြင်းမှာ သူ့အကြောင်းနှင့်သူ ဖြစ်ကြောင်း၊
နိုင်ငံတကာတွင် စီးပွားရေး အခွင့်အလမ်း အတွက်
ရင်းနှီး မြှုပ်နှံနိုင်သည့် ဈေးကွက် အများ
လက်ရှိ ကာလအထိ မြန်မာနိုင်ငံတွင် ထိုကဲ့ ဈေးကွက်များ
ပြည့်ပြည့်စုံစုံ မရှိသေးသည့်အတွက် ရှိသည့် ဈေးကွက်တွင်
ဝင်ကစားရသည့် အတွက် ဈေးအပြောင်းအလဲ ဖြစ်ခဲ့သည်လည်း
ရှိကြောင်း၊
နောက်ပိုင်းကာလတွင် ရွေးချယ်စရာ ပိုပြီးများပြားလာသည့်
အခြေအနေမျိုးတော့ ရှိလာကြောင်း
စီးပွားရေး ပညာရှင်တို့က ဆိုသည်။
“ * Stock Exchange ပေါ်လာရင်တော့
တချို့ ရင်းနှီးမြှုပ်နှံမှုတွေ ရွေ့သွားနိုင်တယ်။
ဒါပေမဲ့ ရင်းတဲ့သူကတော့ အိမ်ခြံမြေမှာ ရင်းတာပို ကိုက်မလား၊
Stock Exchange မှာ ရင်းတာ ပိုကိုက်မလား၊
သူ့ဘာသာသူ တွက်မှာပေါ့။
ဒါကလည်း တကယ် ကောင်းကောင်း လည်ပတ်နိုင်တဲ့
Stock Exchange တစ်ခု ဖြစ်လာမှ အဲဒီလို စဉ်းစားမှာပါ။
ပေါ်ကာစမှာတော့ ရှယ်ယာတွေ များများစားစား
ထုတ်ရောင်းနိုင်မှာ မဟုတ်သေးဘူး။
ဘယ်လောက်မှလည်း များများစားစား Trade လုပ်နိုင်မှာ
မဟုတ်ပါဘူး။
ဒါကြောင့် တစ်နှစ်လောက် အတွင်းမှာ
Stock Exchange ကြောင့်တော့ အိမ်ခြံမြေ ဈေးတွေ
အပြောင်းအလဲ သိပ်မဖြစ်နိုင်ဘူးလို့ မြင်တယ်။
ဒါပေမဲ့ သူကလည်း ဘယ်လိုဖြစ်လာမလဲ။
ဆိုပါတော့ အဲဒီအိမ်ခြံမြေ ပူဖောင်းက ပေါက်သွားမလား၊
ပိန်သွားမ လားဆိုတာမျိုး စဉ်းစားစရာ ရှိတယ်။
နောက်အစိုးရရဲ့ မူဝါဒ အပေါ်မှာလည်း မူတည်မယ်။
အဲဒီအပေါ်မှာ မူတည်ပြီး ဒီဈေးကွက်က ထပ်ကျရင်လည်း
ကျမယ်။
သို့မဟုတ် ပြန်လှုပ်ချင်လည်း လှုပ်လာမယ်။
Stock Exchange ကြောင့်တော့ ဒီလောက် မလှုပ်နိုင်ဘူး။
အဲဒီအခု ရွေးခံထားရတဲ့ ကုမ္ပဏီ ခြောက်ခုက သူ့ရှယ်ယာတွေ
အကုန် ထုတ်ရောင်းရင်တောင်
ဒီလောက် ပမာဏမများနိုင်ဘူး * ” ဟု
ဦးစိုးသိန်း က ပြောကြားသည်။
ယင်းကဲ့သို့ အနေအထားများကြောင့် အိမ်ခြံမြေ ဈေးနှုန်းသည်
နောင်တက်လာမည့် အစိုးရသစ်၏ မူဝါဒနှင့်
ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ၀င်ရောက်လာခြင်း၊
မလာခြင်းပေါ်တွင်သာ
များစွာ မူတည်နေမည် ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
“အခု ရွေးချယ်ထားတာ ခြောက်ခုပေါ့။
ဒီမှာရင်းမှာ ဆိုရင်လည်း ကုမ္ပဏီတွေရဲ့ လမ်းညွန် စာတမ်းကို
ကြည့်ပြီးတော့မှ ရင်းကြတာကိုး။
အမှန်အတိုင်းပြောရင် မြန်မာတွေ အနေနဲ့ အတွေ့အကြုံလည်း
သိပ်မရှိသေးဘူး။
ဒီအကောင်က ဘယ်အကောင်က အမြတ်ကောင်းမလဲ။
ဆန်စပါး ကုမ္ပဏီကပဲ အမြတ်ကောင်း မလား။
FMI ကပဲ အမြတ်ကောင်း မလား။
များသောအားဖြင့်တော့ Stock share က divident ကို
မျှော်တာ မဟုတ်ဘူး။
သူ့ရဲ့ Prospect ကို ကြည့်ပြီးတော့မှ သူ့ရဲ့ share value
တက်တဲ့ အပေါ်မှာမှ လူတွေက ရင်းကြတာကို။
ဒါကြောင့် ဘယ်ဈေးကွက်ကိုမှ သက်ရောက်မှု
မရှိနိုင်သေးဘူးလို့ မြင်ပါတယ်။
အိမ်ခြံမြေရော၊ ရွှေရော၊ ဒေါ်လာရော အဲဒီအပေါ်မှာ ဘယ်လိုမှ
မထိခိုက်နိုင်သေးဘူး” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ
ဦးမြင့်သောင်းက ပြောကြားသည်။
အလားတူ ရွှေဈေးကွက်နှင့် ဒေါ်လာ ဈေးကွက် အပေါ်တွင်လည်း
ရေတိုကာလအတွင်း သက်ရောက်မှု အများအပြား
မရှိနိုင်သေးကြောင်း စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်အရ
သိရသည်။
“သေချာတာ တစ်ခုကတော့ နောင်တက်လာမယ့် အစိုးရက
ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းအောင်၊
ပုဂ္ဂလိက ကဏ္ဍ အားကောင်းအောင် လုပ်မှာတော့ သေချာတယ်။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မိနီဖက်စတိုထဲမှာလည်း
အဲဒီလိုပဲ ရေးထားတယ်။
clean and efficient government ဖော်ဆောင်မယ်လို့
ပြောထားတယ်။
နောက်တစ်ခုက အိမ်ခြံမြေနဲ့ ပတ်သက်ရင်
ဈေးနှုန်း (Price) မြင့်တက်တာမျိုးထက်၊
တက်ချင်းတက်ပါက တန်ဖိုး (Value) ပိုပြီး
မြင့်တက်သွားတာမျိုးသာ ဖြစ်လာနိုင်တယ်” ဟု
ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က
ပြောကြားသည်။
အလားတူ တိုင်းပြည်စီးပွားရေး ပေါ်လစီ
ကောင်းမွန်သောကြောင့်
ထုတ်လုပ်မှု ကဏ္ဍ တိုးတက်လာပါက
မြန်မာနိုင်ငံ၏ နိုင်ငံတကာ ငွေကြေးဈေးကွက်တွင်
ရှိသင့်ရှိထိုက်သည့် နှုန်းတစ်ခုသို့ ရောက်သွားမည် ဖြစ်ကြောင်း၊
ပြီးခဲ့သည့် ကာလကဲ့သို့ မျှော်လင့်ချက် ကြီးမားစွာ တစ်ဟုန်ထိုး
တက်သွားမည့် အခြေအနေမျိုးဖြစ်ရန်
အခွင့်အလမ်း နည်းသွားမည်ဖြစ်ကြောင်း
ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
(အငယ်ထွေး)
credit - Eleven Media Group
Friday, December 18, 2015
“လတ်တလော အိမ်ခြံမြေသတင်းများနှင့် ရန်ကုန်မြို့၏ မြို့ရှောင်လမ်းကို ဖောက်လုပ်ရန် စီစဉ်နေပြီဟုဆို”
“လတ်တလော အိမ်ခြံမြေသတင်းများနှင့် ရန်ကုန်မြို့၏
မြို့ရှောင်လမ်းကို ဖောက်လုပ်ရန် စီစဉ်နေပြီဟုဆို”
၁။ "KNU ရောင်းချမြေပေါ် က နေအိမ်တွေ ဖယ်ရှားပေးဖို့
အမိန့်ထုတ်"
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့
အမြန်လမ်းမကြီးကြားမှာရှိတဲ့ မြေကွက်တွေကို
KNU ကရင်အမျိုးသားအစည်းအရုံးထံကနေ
ဝယ်ယူထားသူတွေက လက်ရှိ နေအိမ်ဆောက်လုပ်နေတာကို
ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာ
ထုတ်ထားပါတယ်။
အဲဒီမြေကွက်တွေဟာ ဆင်းရဲသားတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့
အကောင်အထည်ဖော်တဲ့ စီမံကိန်းဆိုပြီး
ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ငွေကျပ် သုံးသိန်းနဲ့
KNU က ရောင်းချထားတာဖြစ်တယ်လို့ မြေကွက်တစ်ကွက်
ဝယ်ယူ ထားတဲ့ ဦးစိန်သောင်းက ပြောပါတယ်။
"သမ္မတကြီး ခွင့်ပြုချက်နဲ့ ကေအဲန်ယူကနေပြီး မြေကွက်တွေကို
ဖော်ဆောင်တယ်လို့ သူကရေးထားတာလေ၊
၂၅.၂.၂ဝ၁၄ ကစပြီး ဆိုင်းဘုတ်မှာ အဲ့အတိုင်းတင်တာပေါ့နော်၊
ဒါဘယ်မြေမှန်း မသိဘူးလေ၊ သူတို့က စိုက်ပျိုးရေးမြေလို့သာ
ပြောတာ ဒီနေရာက မြက်တောင် မပေါက်ပါဘူးဗျာ၊
ကေအဲန်ယူက အကွက်ရိုက်ပြီး ကျနော်တို့ကို ရောင်းတာ၊
ရောင်းတော့ ကျနော်တို့ကလည်း ဝယ်တာပေါ့၊
၎ဝ x ၆ဝ တစ်ကွက်ကို ၃ သိန်းလေ၊ အိမ်ခြံမြေမရှိတဲ့သူတွေ
ရက်ကွက်ကနေ အိမ်ခြံမြေမရှိကြောင်း ထောက်ခံချက်ယူပြီး
ကေအဲန်ယူအဖွဲ့ မှာ လျှောက်လွှာတင်တာပေါ့"
KNU က ရောင်းချထားတဲ့ မြေကွက်တွေဟာ
ဧကတစ်ထောင်ကျော်လောက်ရှိပြီး ၀ယ်ယူထားသူတွေထဲက
တချို့ဟာ နေအိမ်ဆောက်လုပ်နေထိုင်နေကြပြီး
တချို့ကခြံစည်းရိုးတွေ ခတ်ထားပြီးဖြစ်တာကြောင့် ဒီနေရာကနေ
မဖယ်ရှားခိုင်းဖို့ နိုင်ငံတော်သမ္မတဆီကို မနေ့က အသနားခံစာ
တင်ထားတယ်လို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်တဲ့ သတိပေးစာမှာတော့
အဲဒီမြေနေရာဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း
ဦးစီးဌာနကပိုင်တဲ့ မြေနေရာဖြစ်တာကြောင့်
မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ မဖယ်ရှားပေးဘူးဆိုရင်
ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့လည်း
ပါရှိတယ်လို့ သိရပါတယ်။
*****
၂။ "ရွေးကောက်ပွဲအလွန် မန္တလေး အိမ်ခြံမြေ
အရောင်းအဝယ်ပြန်ဖြစ်"
မန္တလေးအိမ်ခြံမြေဈေး ကွက်သည် တစ်နှစ်ကျော်
ငြိမ် သက်နေရာမှ ရွေးကောက်ပွဲကျင်း ပပြီး နောက်ပိုင်းမှ စ၍
အရောင်း အဝယ်ပြန်ဖြစ်လာကြောင်း မန္တ လေးအိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းများမှ သ တင်းရရှိသည်။
နိုင်ငံရေး၊ စီးပွားရေး မတည် ငြိမ်မှုများကြောင့် တစ်နှစ်ကျော်ကြာ
အေးစက်နေသည့် မန္တလေး အိမ်ခြံမြေဈေးကွက်သည်
နိုဝင် ဘာလလယ်ခန့်မှ စတင်ကာ အ ရောင်းအဝယ်
ပြန်ဖြစ်လာသည် ဟု မန္တလေးတိုင်းအိမ်ခြံမြေကိုယ် စားလှယ်များ
ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်က
ပြောကြားသည်။
‘‘၂၀၁၅ တစ်နှစ်လုံးလိုလို အေးနေရာကနေ အခုရက်ပိုင်း
အတွင်းမှာ ပြန်အသက်ဝင်လာ တယ်။ လာမေးတဲ့သူတွေ
များ လာတယ်။ အရောင်းအဝယ်ပြန်စ တက်လာတယ်။
အရင်တုန်းက ဘယ်လိုဖြစ်မယ်မှန်း မသိလို့ စောင့်ကြည့်ဆဲ
ကာလကနေ အခု နိုင်ငံရေးမှာ အဖြေတစ်ခု
ထွက်သွားပြီဖြစ်တဲ့အတွက် ပြန်လှုပ် ရှားလာတဲ့ သဘောပေါ့’’ဟု
၎င်း က ပြောသည်။
နိုဝင်ဘာအတွင်း တစ်နိုင်ငံ လုံးရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပနိုင်ခြင်းနှင့်အတူ
ရွေး ကောက်ပွဲ၌ ဒီချုပ်ပါတီအနိုင်ရရှိ ခဲ့ခြင်း၊
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ အစည်းအချို့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ခြင်းတို့ကြောင့်
စီးပွားရေးလုပ်ငန်းရှင်များက ပြန်လည်ဝယ်ယူလာကြခြင်း
ဖြစ်သည်ဟု အိမ်ခြံမြေအ ရောင်းအဝယ်ကျွမ်းကျင်သူ
တစ် ဦးက ပြောသည်။
လက်ရှိ မန္တလေးအိမ်ခြံမြေ ဈေးကွက်တွင် မြို့ထဲ၊ မြို့သစ်၊
သိပ္ပံလမ်းဝန်းကျင်ရှိ မြေကွက် များဝယ်ယူမှုရှိနေပြီး
ကျပ်သိန်း သုံးထောင်၊ ငါးထောင်၊ တစ် သောင်းခွဲမှ
သုံးသောင်းကျော် ဈေးနှုန်းရှိသော မြေကွက်များ၊
နယ်ဘက်မှ သိန်းရာကျော်တန် အကွက်များ အရောင်းအဝယ်
ဖြစ်နေကြောင်း
ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ
ဦးနေလင်းအောင်က ပြောသည်။
(ချမ်းဇော်အောင်)
*****
၃။ "ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်ရန်
ဒလ၊ သန်လျင် စသည့်နေရာများကို ဖြတ်သန်း၍
မြို့ရှောင်လမ်း ဖောက်လုပ်သွားရန် စီစဉ်နေ"
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်း
သွားလာနိုင်ရန် ဒလ၊ သန်လျင် စသည့်မြို့နယ်များကို ဖြတ်သန်း၍
မြို့ရှောင်လမ်း ဖောက်လုပ်ရန် စီစဉ်နေကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
လမ်းနှင့်တံတားဌာနမှ ဌာနမှူး ဦးတင်မောင်ကြည်၏
ပြောကြားချက်အရ သိရသည်။
* ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို ရာနှုန်းပြည့်
လျှော့ချနိုင်ရန်အတွက် မြို့တွင်းပတ်လမ်း၊
မြို့ပြင်ပတ်လမ်း (မြို့ရှောင်လမ်း)များ ဖောက်လုပ်ရန်
လိုအပ်လာမည်ဖြစ်ပြီး မြို့တွင်းပတ်လမ်းများ အနေဖြင့်
လက်ရှိ လမ်းများပေါ်တွင် နှစ်ထပ်လမ်းများ ဆောက်လုပ်သွားရန်
ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့်လည်း
ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ *
နှစ်ထပ်လမ်းများ အနေဖြင့်
ရန်ကုန်မြို့ ကမ်းနားလမ်းမှ ဗိုလ်တထောင်ဘုရားလမ်း-
ပုဇွန်တောင်-စက်ဆန်း-ဝေဇယန္တာလမ်း-
ယင်းမှတစ်ဆင့် မြောက်ဥက္ကလာပ စသည့်နေရာများကို ဖြတ်သန်း၍
ပတ်သွားမည့်လမ်းများ ဖောက်လုပ်ရန် စီစဉ်ထားပြီး
စုစုပေါင်း အရှည် ၅၄ ကီလိုမီတာ ရှိမည်ဖြစ်ကာ
ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့်
ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
မြို့ရှောင်လမ်း အနေဖြင့် မကြာမီ ဆောက်လုပ်တော့မည့်
ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းနှင့် ချိတ်ဆက်၍
ဒလ၊ သန်လျင်မြို့နယ်များကို ဖြတ်သန်းကာ ဖောက်လုပ်သွားမည်
ဖြစ်ပြီး ယင်းမှတစ်ဆင့် ဒဂုံဆိပ်ကမ်း၊ ပဲခူးမြစ်လမ်း စသည်တို့ကိုပါ
ချိတ်ဆက်ဖောက်လုပ်နိုင်မည် ဖြစ်ကာ စုစုပေါင်း ကီလိုမီတာ ၁၀၀
ခန့်ရှိမည်ဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ
၁ ဒသမ ၂ ဘီလျံခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းမြို့ရှောင်လမ်းတွင် မီးပွိုင့် လုံးဝရှိမည် မဟုတ်ဘဲ
အမြန်သွားလာနိုင်မည်ဖြစ်ပြီး ယင်းအတွက် လက်ရှိလမ်းများကို
ချဲ့ထွင်ခြင်းများ လုပ်ဆောင်သွားရမည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းအတွက် ကုန်ကျစရိတ် များပြားသည့်အတွက်
ချက်ချင်းလုပ်ဆောင်ရန် မလွယ်ကူဘဲ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံလိုသူများကို ခေါ်ယူလုပ်ကိုင်ခွင့် ပြုသွားမည့်
အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါ နှစ်ထပ်လမ်း၊ မြို့ရှောင်လမ်းများမှ
သွားလာပါက လမ်းအသုံးပြုခ ကောက်ခံသင့် မကောက်ခံသင့်
ဆက်လက်ဆုံးဖြတ် သွားရမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၃၀ ရက်အထိ စာရင်းများအရ ရန်ကုန်မြို့တွင်
ယာဉ်အစီးရေ စုစုပေါင်း ၅၀၀၃၈၂ စီး ရှိသည်ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်သည့်
စာရင်းများအရ သိရပြီး တိုးပွားလာသည့် ယာဉ်များနှင့်
ယာဉ်ကြောပိတ်ဆို့မှုများအတွက် ခုံးကျော်တံတားများမှာ
ပြေလည်စေနိုင်မည် မဟုတ်ဘဲ နှစ်ထပ်လမ်းများ၊ မိုးပျံလမ်းများ
ဆောက်လုပ်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိဘဏ္ဍာရေး အခြေအနေများအရ
ခုံးကျော်တံတားများကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု
လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့ရှောင်လမ်းများ ဖြတ်သန်းဖောက်လုပ်မည့်
ဒလ၊ သန်လျင်မြို့နယ်များသည် ရန်ကုန်မြို့ကို တိုးချဲ့ရန်
လျာထားသည့် မြို့နယ်များလည်း ဖြစ်သည်။
(ကျော်ထင်)
credit - RFA / 7day daily & Eleven Media Group
"အိမ်မြေ၀ယ်လျှင်အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ"
"အိမ်မြေ၀ယ်လျှင်အထူး သတိပြုရမည့်
စာရွက်စာတမ်း အတုများ"
တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ
"တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေတယ်လို့
ဖတ်လိုက်ရ တယ်'' ဟု မိတ်ဆွေတစ်ဦးက စတင်
ဆွေးနွေးလာပါသည်။
''ဟုတ်တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ
မြို့ပြ လူဦးရေထူထပ်လာကြတော့ မြို့ပြ ဆင်ခြေဖုံး
နေရာတွေကို
တရား မဝင် ကျူးကျော်နေထိုင်သူတွေများ လာကြတယ်။
တချို့နေရာဆိုရင် ရွာကြီးတစ်ရွာအခြေအနေမျိုး
ရောက်နေကြတယ်''
''နိုင်ငံတော်အစိုးရက တော့ မြို့ပြစီမံကိန်းတွေ
လုပ်ပေး နေတယ် မဟုတ်လား''
''အဲဒီမြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့
အားနည်းချက်ကိုရယူပြီး အ ရောင်းအဝယ်
တရားမဝင်လုပ်နေကြ တာပဲ။
အခု ဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါး လျှော့ချရေးကို
အလေးထားတဲ့ အနေနဲ့
ကျေးရွာ မြေငှား ဂရန် ထုတ်ပေးနိုင်ရေး
အထူး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလို့
မြေငှား ဂရန်တွေ ထုတ်ပေးနေတယ်လေ''
''မြေခွန်ပြေစာအတုတွေ ပေါ်နေဆိုလားပဲ''ဟု
မိတ်ဆွေက ပြောပြန်သည်။
''အတုကတော့ မြေခွန်ပြေ စာတစ်ခုတည်း မဟုတ်ဘူး။
မြေချ ပါမစ်အတု၊ မြေဂရန်အတုတွေ လည်းရှိတာပဲ''
''အဲဒါ ဘယ်လိုခွဲခြားမလဲ''
''အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့
ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့
စာရွက်နမူနာပုံစံ တော့ မရှိဘူးပေါ့။
ဒါပေမယ့် ဒီမြေ ကွက်ပြေစာကို ထုတ်ပေးတယ်ဆို တဲ့
သက်ဆိုင်ရာရုံးဌာနကို မေး မြန်းစုံစမ်းလို့ရတယ်''
''မြေကိုဝယ်မယ်ဆိုရင် မြေစာရင်း ဦးစီးဌာနကို
စုံစမ်းရ မယ်ပေါ့ ဟုတ်လား''
''ကျေးရွာနဲ့မြို့ပြဆင်ခြေ ဖုံးနေရာတွေမှာတော့
နီးစပ်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းလို့ရ တယ်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ
စတဲ့ တရား ဝင်ဌာနဆိုင်ရာတွေမှာ သွား ရောက်စုံစမ်းပြီး
ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်''
''ဒါဆိုရင် သက်ဆိုင်ရာ ဌာနက
အတုအစစ်ခွဲခြားပေးတယ်ပေါ့''
''ဒီသဘောပေါ့လေ၊
တင် ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊
မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ ခြင်း
ရှိ မရှိ၊ စိစစ်ပေးတယ်''
''သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း
မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ် ရှိသလား''
''မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့
မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်မယ် ထင်တယ်။
မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြ ဆင်ခြေဖုံးမြို့နယ်တစ်ခု မှ
မြေဂရန်ရှိပြီး မြေကွက်တစ် ကွက် ကို ဝယ်လိုက်တယ်။
နောက်မှာ မြေကွက်သွားကြည့်တော့ အ ခြားလူတွေ
နေကြတာကို တွေ့ရတယ်။
ဒါနဲ့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွားပြီး
စုံစမ်း တော့
ဒီမြေဂရန်ဟာ မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက
ထုတ် ပေးထားတဲ့ မြေဂရန် စာချုပ် မဟုတ် ဘူးလို့
ပြန်ကြားစာရခဲ့ တယ်။
ဒီမှာပဲ သူ့ကို လိမ်လည် ရောင်းချတယ်ဆိုပြီး တရားစွဲလို့
ရောင်းချသူတွေ ထောင်ဒဏ်ကျခံ ခဲ့ရတယ်။
ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ်တယ်''
''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်
ဘယ်လိုလုပ် မလဲ''
''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့
ဝယ်သူ က အဆုံးရှုံးခံရမှာပေါ့''
''မြေချပါမစ် နှစ်ခုထပ်နေ မယ်၊
မြေဂရန်နှစ်ခုထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို
တရားဝင်အသိအမှတ်ပြုမလဲ''
''ဒါလည်းမကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။
*** မြေချပါမစ်နှစ်ခု၊ မြေဂရန်နှစ်ခုထပ်နေမယ်ဆိုရင်
သက်ဆိုင်ရာ ဌာနက စိစစ်ပြီး အမှန်တကယ်ထုတ်ပေးထားတဲ့
စာရွက်စာတမ်းကို အတည်ပြု ကြောင်းနဲ့
မမှန်မကန်ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက် ကြောင်း
ကြေညာ မှတ်တမ်းတင် ပေးမှာဖြစ်တယ် ***''
''ဒီလိုဆိုတော့လည်း မြေ မဝယ်မီမှာ သေချာစုံစမ်းသင့် တယ်''
''ဟုတ်တယ်၊ ဒါနဲ့ပတ် သက်လို့ ဗဟုသုတအဖြစ် ပြောရ ရင်
နေ့စဉ်ထုတ် သတင်းစာ တစ် စောင်မှာ
မြို့ပြစီမံကိန်းနှင့် မြေစီ မံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက
အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုးရှိတယ်''
- မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊
မြေကွက်အမှတ် (xx) အား ဦး ... အမည်ပေါက်
မြေချ ပါမစ် တင်ပြပြီး၊
ဦး ... မှ အမှုတွဲ အမှတ် (x) ဖြင့် ဂရန် လျှောက်ထားရာ
မြေငှားစာချုပ်အမှတ် ဖြင့် (xxx) နေ့တွင်
၎င်းအမည်ပေါက် မြေငှား စာချုပ် (ဂရန်) ထုတ်ယူ
သွားပြီးဖြစ်ပါသည်။
- အဆိုပါ မြေကွက်ကိုပင်
ပါမစ်အမည်ပေါက်ဦး ... ထံမှ ဝယ်ယူထားသူ
ဒေါ်... မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက် ထား
လာ သည်။
- မြေကွက်တစ်ကွက်တည်း ကို
မြေချပါမစ် နှစ်စောင်ထွက်နေ သဖြင့်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ ရာ
မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ
ပထမ ဦး ... တင်ပြ သော မြေချပါမစ်မှာ ၄င်းဦးစီးဌာနမှ
ထုတ်ပေးထားသော ပါမစ်မ ဟုတ်ကြောင်း ပြန်ကြားလာသဖြင့်
ဦး ... ထံသို့ ထုတ်ယူသွားသော မြေငှား စာချုပ်မူရင်းအား
ဌာနသို့ ပြန်လည်အပ်နှံရန် သုံးကြိမ်တိုင် တိုင်
အကြောင်းကြားပြီးဖြစ်သော် လည်း
ဌာနသို့ လာရောက်အပ်နှံ ခြင်းမရှိပါသဖြင့်
မြေဂရန် လျှောက်ထား ရယူသွားသော
မြေငှားစာချုပ်အ မှတ် (x) ဦး ... အမည်ပေါက်
မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ
ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာ အပ်ပါသည်'' လို့
ဖော် ပြ ကြော်ငြာပေးပါတယ်''
''ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့လိုပြီပေါ့''
''မှန်တယ် သူငယ်ချင်း၊
ခိုင်မာတဲ့ အထောက်အထားဟုတ် မဟုတ်သေချာစုံစမ်းစစ်ဆေးပြီးမှ
ဝယ်သင့်တယ်။
ဒါမှမဟုတ်ရင် ဆုံးရှုံးမှု များနဲ့ ရင်ဆိုင်နိုင်ပြီး
မလို လားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ် လာနိုင်လို့
မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ် ချင်း''
ထီယု (ဥပဒေအတိုင်ပင်ခံ)
credit - Zaygwet Journal
“Yangon Stock Exchange Market (YSX)”
“Yangon Stock Exchange Market (YSX)”
(အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
အနာဂတ် မြန်မာ့စီးပွားရေးကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ
ပါဝင်ပတ်သက်လာမည့် “စတော့ဈေးကွက်” အကြောင်းကို
မိတ်ဆွေများ ဖတ်ရှု လေ့လာ ဝေဖန် သုံးသပ်နိုင်ရန် စုစည်းပြီး
တင်ပေးလိုက်ပါသည်။)
၁။ "စတော့ဈေးကွက် သတိတမန် ဉာဏ်မြေကတုတ်"
စတော့ဈေးကွက် ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာ့ စီးပွားရေး
သမိုင်းတွင် မှတ်တိုင်ကြီးတစ်ခု ဖြစ်သော်လည်း
သတိထားနိုင်ပါမှ အဓွန့်ရှည်မည်။
၂၀၁၆ တွင် နိုင်ငံရေးစနစ် နောက်တစ်ဆင့် ပြောင်းလဲမည်ကို
နိုင်ငံတကာနှင့် ပြည်တွင်းကပါ တစ်ခဲနက် လက်ခံသည့်အတွက်
နိုင်ငံရေးနှင့် အတူတကွ စီးပွားရေးလည်း ပွင့်လင်းလာတော့မည်
ဖြစ်သောကြောင့် စတော့ဈေးကွက် ဖွင့်လှစ်ခြင်းမှာ
အချိန်ကောင်းဖြစ်သည်။
ယခု Stock Exchange သည် သူကိုယ်တိုင် စတင်လည်ပတ်ခြင်း
ဖြစ်ပြီး စာရင်းဝင်မည့် ကုမ္ပဏီများသည် ဖေဖော်ဝါရီ၊
မတ်လလောက်မှ စတင် ဝင်ရောက်လာမည် ဖြစ်သည်။
မြေ၊ ရွှေနှင့် ဒေါ်လာဈေးကွက်တွင်းသို့ ရောက်လေ့ရှိသော ငွေများ၊
ဖျာအောက်တွင် ထားသော ငွေများသည် နိုင်ငံ့စီးပွားရေးကို
အထောက်အကူ မပြုသော်လည်း စတော့ဈေးကွက် မရှိသဖြင့်
ပိုလျှံငွေများ၊ စုဆောင်းငွေများသည် ထိုနေရာများသို့သာ
စီးဝင်သွားကြသည်။
စတော့ဈေးကွက် ရှိလာသည့်အတွက် မြန်မာပြည်သူပြည်သားတို့
လက်ထဲမှ ငွေများသည် စတော့ဈေးကွက် မှတစ်ဆင့် စီးပွားရေး
လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အရင်းအနှီးများ အဖြစ်သို့
ရောက်ရှိသွားမည် ဖြစ်သည်။
* ကုမ္ပဏီများက စတော့ရှယ်ယာ ရောင်းခြင်းသည် လုပ်ငန်း
တိုးချဲ့ရန် အတွက် အရင်းအနှီးရရန် မိမိကုမ္ပဏီကိုဖဲ့ပြီး
ရောင်းခြင်းဖြစ်သည်။
* စတော့ရှယ်ယာဝယ်ခြင်းသည် ငွေကုန်သည်ချင်း တူသော်လည်း
ဘဏ်အပ်ခြင်း၊ မြေ၊ ရွှေ၊ ဒေါ်လာဝယ်ခြင်းနှင့် မတူသည်မှာ
မိမိသည် သက်ဆိုင်ရာ ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သွားခြင်း ဖြစ်သည်။
* ဝယ်ယူသည့် ပမာဏပေါ်မူတည်ပြီး ကုမ္ပဏီ တစ်ထောင်ပုံတစ်ပုံ၊
တစ်သန်းပုံတစ်ပုံ စသည်ဖြင့် ပိုင်ဆိုင်သွားသည်။
* မိမိ ရှယ်ယာဝယ်ထားသော ကုမ္ပဏီမြတ် စွန်းလျှင်
မိမိမြတ်စွန်းပြီး ကုမ္ပဏီရှုံးလျင် မိမိလည်း လိုက်ရှုံးသည်။
* ကုမ္ပဏီအနေနှင့် ဘဏ်မှ ငွေချေးပြီး လုပ်ငန်းလည်ပတ်ခြင်းကဲ့သို့
ရှယ်ယာရှင်ကို ရှုံးလည်း ငွေပြန်ပေးရန်မလို။
ထို့ကြောင့်
* အလုပ်အကိုင်ကောင်းသော၊ အုပ်ချုပ်မှုကောင်းသော ကုမ္ပဏီကို
ဝယ်မိမှ မိမိရှယ်ယာများ အခြေအနေကောင်းမည်။
* အခြေအနေ ကောင်းသော ရှယ်ယာသည် အမြတ်အစွန်း
ကောင်းမည်ဖြစ်သလို ရှယ်ယာဈေးလည်း လိုက်တက်နိုင်သည်။
* ထိုရှယ်ယာများကို ကိုင်မထားချင်သောကြောင့် ပြန်ရောင်းလျှင်
ထပ်မံမြတ်စွန်းဦးမည် ဖြစ်သည်။
* ရှယ်ယာဝယ်မည့် ရှယ်ယာရှင်များအတွက် ကုမ္ပဏီများကောင်းရန်
အရေးကြီးသကဲ့သို့ စတော့ဈေးကွက် အောင်မြင်စေရန်
အတွက်လည်း ကုမ္ပဏီကောင်းများကို စစ်ဆေး ထည့်သွင်းနိုင်ရန်
အဓိကကျသည်။
* နာမည်ကောင်းသော၊ ကုန်ထုတ်လုပ်မှု ကောင်းသော၊ စီမံခန့်ခွဲ
အုပ်ချုပ်မှု ကောင်းသောကုမ္ပဏီများ ပါဝင်မှသာ စတော့
ဈေးကွက်သည် အောင်မြင်မည် ဖြစ်သည်။
* မခိုင်မာသော ကုမ္ပဏီများကို ထည့်သွင်းမိသည့်အတွက်
စတော့ဈေးကွက်တွင် စာရင်းဝင်မှ ထိုကုမ္ပဏီများ အရှုံးကြီးရှုံးလျှင်
စတော့ဝယ်မည့်သူများ လန့်ပြီး စတော့ဈေးကွက် အထိနာပေမည်။
* တစ်ကြိမ် အထိနာလျှင် နာလန်ပြန်ထူရန် ခက်ခဲသည်။
* အထူးသဖြင့် စတော့ဈေးကွက် အစတွင် ကုမ္ပဏီများများ
ဝင်စေခြင်းထက် ဆန်ခါစိပ်စိပ်ဖြင့် အကြိမ်ကြိမ် တိုက်ချပြီး
အရည်အသွေးမြင့်မြင့် လက်ရွေးစင် ဒေါင်ဒေါင်မြည်များ ကိုသာ
ထည့်သွင်းသင့်သည်။
ယခုလောလောဆယ်တွင် ကုမ္ပဏီခြောက်ခု ဝင်ခွင့်ရထားသည့်
အတွက် ခိုင်မာထက်မြက်သော ကုမ္ပဏီများ ဖြစ်မည်ဟု မျှော်လင့်
ရသည်။
ကမ္ဘောဒီးယား စတော့ဈေးကွက်သည် ၂၀၁၁ တွင်လည်းကောင်း၊
လာအို စတော့ဈေးကွက်သည် ၂၀၁၀ တွင်လည်းကောင်း
မြန်မာစတော့ ဈေးကွက်ထက် အရင် ဖွင့်လှစ်ခဲ့ကြသော်လည်း
မအောင်မြင်ကြ။
လူဦးရေ ၁၅ သန်းရှိသော ကမ္ဘောဒီးယား၏ စတော့ဈေးကွက်
ကျရှုံးရခြင်း၏ အဓိက အချက်မှာ Corporate Governance ခေါ်
ကုမ္ပဏီများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု ယန္တရား အားနည်းသောကြောင့်
ဖြစ်သည်။
*** မြန်မာကုမ္ပဏီများ အုပ်ချုပ်မှုယန္တရား၏
အားနည်းချက် တစ်ရပ်မှာ
ပိုင်ရှင်နှင့် စီမံခန့်ခွဲမှု (Ownership and Management) မကွဲခြင်း
ဖြစ်သည်။
မိသားစုကုမ္ပဏီများမှ တက်လာခြင်း ဖြစ်လျှင်
Professional ဖြစ်သည့် CEO စသူတို့ကို လွှဲအပ်ထားသော်လည်း
အမည်ခံမျှသာ ဖြစ်တတ်သည့် အတွက် ကုမ္ပဏီ လည်ပတ်ရာတွင်
ဟာကွက်များရှိလျှင် ဟိုအမျိုးငဲ့၊ သည်အမျိုးငဲ့နေရ သည့်အတွက်
အကောင်းဆုံး မဖြစ်တတ်ကြ။
ထိုသို့ အားနည်းလျှင် ကုမ္ပဏီကြီးများ ဖြစ်သည့်တိုင်
စတော့ဈေးကွက်တွင်း ဝင်မရနိုင်။
ကံစွပ်ပြီး စတော့ဈေးကွက်စာရင်း ဝင်သော်လည်း ရေရှည်မခံနိုင်။
ထိုကုမ္ပဏီများ ရေတိုအတွင်း ထိလျှင် စတော့ဈေးကွက် ကိုပါ
ဆွဲချသွားပေလိမ့်မည်။ ***
နောက်တစ်ချက်မှာ ပွင့်လင်းမြင်သာခြင်း။
*** စတော့ဈေးကွက်တွင်းရှိ ကုမ္ပဏီများသည် ပွင့်ပွင့်လင်းလင်း
မြင်မြင်သာသာ အလုပ် လုပ်ကြရသည်။ သို့မှသာ နောက်ကွယ်တွင်
အရှုပ်အရှင်းများ မရှိကြောင်း စတော့ဝယ်ယူသူများက သိပြီး
စိတ်ချလက်ချ ဝယ်ယူနိုင်မည် ဖြစ်သည်။
မြန်မာ ကုမ္ပဏီများသည် တိုးတိုးတိတ်တိတ် အလုပ်လုပ်ရသော
စီးပွားရေး ယဉ်ကျေးမှုနှင့် အသားကျနေကြသဖြင့်
စတော့ဈေးကွက်တွင်း ဝင်ရန် အခက်အခဲရှိကြမည် ဖြစ်သည်။
စတော့ဈေးကွက်ဝင် ကုမ္ပဏီ (Listed Company) တို့သည်
အများတကာ မျက်စိရှေ့တွင် နေရသည်ဖြစ်ရာ အများတကာ
သိသင့်သိထိုက်သော သတင်းတို့ကို ပေးရမည်ဖြစ်သလို
သိသင့် သိထိုက်သည်များကို မေးမြန်းသော သတင်းမီဒီယာ
တို့ကိုလည်း စိတ်ရှည်လက်ရှည် ဖြေကြားရမည်။
သတင်း သိလိုသူများကို ရှောင်ရှား နေလျှင် တစ်စုံတစ်ရာ
ဖုံးကွယ်လိုခြင်းဟု သဘောပေါက်သွားကြလျှင်
ကုမ္ပဏီ၏ စတော့ဈေးများ ထိုးကျသွားနိုင်သည်။
အမှောင်နောက်တွင် နေလိုသူများ ဦးဆောင်သော ကုမ္ပဏီသည်
မည်မျှကြီးကြီး စတော့ ဈေးကွက်ဝင်ရန် မသင့်။
မိမိ၏ စိတ် (Mindset) ကို ပြင်နိုင်မှသာ စတော့ဈေးကွက်
ဝင်သင့်သည်။ ***
စတော့ဈေးကွက် အောင်မြင်ရန်အတွက် စတော့ရှယ်ယာများ၏
ဈေးနှုန်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း ဖြစ်နေရန်လိုသည်။
တရုတ်ပြည်တွင် ရှယ်ယာဈေးနှုန်းများ ဖြစ်သင့်သည်ထက်
များစွာ ပိုနေသဖြင့် ရှယ်ယာဈေးများ ထိုးကျပြီး ဈေးကွက်
ပျက်သွားသည်ကို မြင်ခဲ့ရပြီ။
မြန်မာနိုင်ငံတွင် မြေဈေးများ ဖြစ်သင့်သည်ထက် အဆမတန်
တက်သွားသည့်အတွက် ဝယ်သူရောင်းသူ ရှားပြီး အရောင်းအဝယ်
အေးခဲသွားသည်မှာလည်း ထိုသဘောပင် ဖြစ်သည်။
စတော့ရှယ်ယာတွင်လည်း ဈေးဆွဲတင်သူများ၊ ဈေးဆွဲချသူများ
ရှိမည်ဖြစ်ရာ ဖြစ်သင့်ဖြစ်ထိုက်သောဈေး ဖြစ်ရန် ထိန်းကျောင်း
ရမည်။
Insider Trading ခေါ် အတွင်းသတင်း ရထားသူများ
လက်သိပ်ထိုး ရောင်းဝယ်ခြင်းမျိုးကိုလည်း မဖြစ်အောင်
ကာကွယ်နိုင်ရန် အရေးကြီးသည်။
* စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမည့်သူများ သည်လည်း
စတော့ရှယ်ယာ တန်ဖိုးကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန်
အရေးကြီးသည်။
* ဈေးဆွဲတင် ဆွဲချသူများနောက် လိုက်မယောင်မိစေဘဲ
ကိုယ်ပိုင်ဉာဏ်ဖြင့် အကဲဖြတ်ရမည်။
သို့မဟုတ်လျှင် စုထားဆောင်းထားသမျှ တစ်ချီတည်းနှင့်
ပါသွားမည် ဖြစ်သည်။
* မြန်မာပြည်သည် ကောလာဟလကြီးစိုးပြီး ကောလာဟလကို
ယုံလွယ်ကြ သည့်အတွက် စတော့ဈေးကွက် သည်လည်း
ထိုဒဏ်ကို ခံနိုင်ရမည်။
* သို့မဟုတ်လျှင် Facebook မှ အမျိုးအမည်မသိသူ
တစ်ယောက်က ဆွလိုက်၊ လွှင့်လိုက်သည်နှင့် အားလုံး တစ်နွယ်ငင်
တစ်စင် ပါသွားနိုင်သည်။
မြန်မာ့သမိုင်းတွင် ပထမဆုံးသော စတော့ဈေးကွက်
ပေါ်ထွန်းလာခြင်းကို ကြိုဆိုပါသည်။ စတော့ဝယ်ယူသူများ၊
စာရင်းဝင်ကုမ္ပဏီများ၊ စတော့ဈေးကွက် စီစဉ်သူများနှင့်
ကြီးကြပ်သူများအားလုံး သတိတမန် ဉာဏ်မြေကတုတ် နိုင်မှသာ
စတော့ဈေးကွက် အသက်ရှည် အောင်မြင်မည် ဖြစ်သည်။
လောဘ ရှေ့မဆောင်စေလို။
(ေဇယ်သူ)
*****
၂။ "မြန်မာ့ပထမဆုံး စတော့ရှယ်ယာဈေးကွက်လာပြီ"
မြန်မာနိုင်ငံ၏ ပထမဆုံးသော စတော့ရှယ်ယာဈေးကွက်ကို
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ
ကျောက်တုံးများနှင့် တည်ဆောက်ထားသော
သက်တမ်း ၈၀ ကျော်ရှိ အဆောက်အအုံတွင် ဒီဇင်ဘာ ၉ ရက်၌
စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှ စတင်အကောင်အထည်
ဖော်ရန် ကြိုးစားခဲ့ပြီး သုံးနှစ်ကြာမြင့်ချိန်တွင် လက်တွေ့
ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့ရှယ်ယာဈေးကွက်
(Yangon Stock Exchange Market)အတိုကောက် YSX ကို
အစိုးရက ဂျပန်ဒိုင်ဝါကုမ္ပဏီ၏ နည်းပညာအကူအညီပေးမှုများ၊
ဂျပန်အစိုးရ၏ အကူအညီများဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း
ဖြစ်သည်။
(ပြည်သိမ်း)
*****
၃။ "စတော့အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာ ထုတ်ရောင်းရန်
လတ်တလော အများပိုင် ကုမ္ပဏီ ၆ ခု ခွင့်ပြု"
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့ အိတ်ချိန်း ဖြစ်သည့်
ရန်ကုန်စတော့ အိတ်ချိန်း Yangon Stock Exchange (YSX) ကို
ဖွင့်လှစ်ပြီး ရှယ်ယာ ထုတ်ရောင်းရန် အတွက် လတ်တလော
အများပိုင် ကုမ္ပဏီ ၆ ခု ဖွင့်လှစ် ခွင့်ပြုထားကြောင်း
စတော့ အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက
ပြောကြားသည်။
အဆိုပါ ခွင့်ပြုထားသည့် ကုမ္ပဏီများသည် ပ
ထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လိမိတက် (FMI)၊
ပထမ ပုဂ္ဂလိကဘဏ်၊
Great Hor Kham Public Co,.Ltd၊
Myanmar Agribusiness Public Co,.ltd၊
မြန်မာနိုင်ငံသားများ ဘဏ်နှင့်
မြန်မာသီလဝါ အများပိုင် ကုမ္ပဏီတို့ ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။
စတော့ အိတ်ချိန်း ရှယ်ယာ ရောင်းဝယ်မှုများကို ၂၀၁၆ ခုနှစ်
မတ်လဆန်းတွင် ရောင်းဝယ်မှုများ စတင် ဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။
ရန်ကုန် စတော့ အိတ်ချိန်းကို မတည်ငွေ ကျပ် ၃၂ ဘီလီယံဖြင့်
တည်ထောင်ထားခြင်း ဖြစ်ပြီး
ဒိုင်းဝ အင်စတီကျုက ရှယ်ယာ ၃၀.၅ ရာခိုင်နှုန်း၊
မြန်မာ့ စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး
ကျန် ၁၈.၆ ရာခိုင်နှုန်းကို ဂျပန် အိတ်ချိန်း အုပ်စုက
ပိုင်ဆိုင်သည်။
ရန်ကုန် စတော့ အိတ်ချိန်းကို အဝယ်အရောင်း အော်ဒါအဖြစ်
နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ်
ဆောင်ရွက်သွားမည် ဖြစ်သည်။
*** နိုင်ငံခြားသားများ၊ နိုင်ငံခြား ကုမ္ပဏီများမှာမူ
ရန်ကုန် စတော့ အိတ်ချိန်းတွင် ရှယ်ယာဝယ်ခွင့် ရရှိမည်
မဟုတ်သကဲ့သို့
ကျပ်သိန်းတစ်ထောင်ဖိုးနှင့် အထက်
ရှယ်ယာ ဝယ်သူများသည်လည်း ပြည်ထဲရေး လက်အောက်ရှိ
ငွေကြေး ခဝါချမှု စုံစမ်းရေး အထူးအဖွဲ့၏ ငွေရလမ်း ဇစ်မြစ်
စုံစမ်း စစ်ဆေးမှုကို ခံရမည် *** ဟု
ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။
credit – the voice Myanmar/ 7day daily
& Xinhua Myanmar
Subscribe to:
Posts (Atom)