Monday, December 28, 2015

“သိထားသင့်သော အချိန်ကာလနှင့် ဥပဒေ”


“သိထားသင့်သော အချိန်ကာလနှင့် ဥပဒေ”

ကိုဖြူ = တရားမမှုတွေရဲ့ အနိုင်အရှုံးဟာ ဘယ်အပေါ်မှာ
တည်သလဲ ပြောပြပါ။

ယူတီကေ = ဟုတ်ကဲ့။ တရားမ မှုခင်းတစ်ခုရဲ့ အနိုင်အရှုံးဟာ
သာမန်အားဖြင့်
မိမိတင်ပြတဲ့ စွဲဆိုချက်(သို့မဟုတ်) ထုချေချက်မှန်ကန်ကြောင်း၊
သက်သေတွေ၊ သက်သေခံချက်တွေ ခိုင်ခိုင်လုံလုံ တင်ပြရင်
အနိုင်ရတတ်ပါတယ်။
ဥပမာ -
ချေးငွေ ရလိုမှုမှာ ငွေချေးခဲ့ကြောင်း စာချုပ်စာတမ်းနဲ့
သက်သေတွေ ခိုင်ခိုင်လုံလုံ တင်ပြပေါ့ဗျာ။
တရားပြိုင်က ပြန်ဆပ်ပြီးပြီ ထုချေရင် ပြန်ဆပ်တဲ့ သက်သေ
ခိုင်ခိုင်လုံလုံ တင်ပြပေါ့ဗျာ။
မှန်ကန်တဲ့ဘက်က အနိုင်ရနိုင်ပါတယ်။

ကိုဖြူ = ကျွန်တော်က မောင်မဲကို သိန်း(၁ဝဝ)ချေးထားတယ်။
စာချုပ်စာတမ်းနဲ့ သက်သေအထောက်အထား နဲ့ပါ။
ပြန်မဆပ်လို့ တရားစွဲတယ်။
မောင်မဲက သိန်း(၁ဝဝ)ချေးယူခဲ့ကြောင်း၊
ပြန်မဆပ်ရသေးကြောင်း မှန်တယ်လို့ ဝန်ခံတယ်။
တရားရုံးက ကျွန်တော့်အမှုကို အနိုင်မပေးဘူးဗျာ။
ကျွန်တော့်အမှု ပလပ်လိုက်တယ်။ အံ့ရော အံ့ရော။

ယူတီကေ = ဟုတ်ကဲ့။
တရားရုံးမှာ အမှုတစ်ခုရဲ့ နိုင်ခြင်း၊ ရှုံးခြင်းဟာ သာမန်လူတွေ
ဆင်ခြင်စဉ်းစားသလို မိမိ ဘက်က မှန်ခြင်း၊ မျှတခြင်း၊ တရားခြင်း၊
ကောင်းမွန်ခြင်း စတဲ့ အချက်တွေပေါ်မှာ လုံးဝမတည်ဘူး။
(မှန်/မှား)၊ (မျှတ/မမျှတ)၊ (တရား၊ မတရား)၊ (ကောင်း၊ ဆိုး) စတဲ့
အချက်တွေနဲ့ ဘာမှမပတ်သတ်တဲ့ အခြားအကြောင်းတရား
အပေါ်မှာလည်း မှီတည်နေ တတ်ပါတယ်။
ဒီအကြောင်း ပြည်သူများ ဗဟုသုတရစေချင်လို့
ဥပမာအမှုတွေနဲ့ တင်ပြပါတယ်။
ဒီအမှုတွေဟာ တကယ်ဖြစ်ပျက် ခဲ့ပြီး တရားလို ရှုံးသွားတယ်။
သူ စွဲဆိုတဲ့အမှု ပလပ်ခံခဲ့ရတယ်။ မယုံမရှိပါနဲ့။

ဥပမာ (၁)        
လူသတ်မှုနဲ့ သေဒဏ်ကျတယ်။ အယူခံတက်တယ်။
သူ သတ်မသတ် မစဉ်းစားတော့ဘဲ အယူခံပယ်ချလိုက်တယ်။

ဥပမာ(၂)         
မိမိမကျူးလွန်ဘဲ မြို့နယ်တရားရုံးက ထောင်ဒဏ်ချတယ်။
အယူခံတက်တယ်။ သူ ကျူးလွန်ခြင်း ရှိ/မရှိ မစဉ်းစား ဘဲ
အယူခံပယ်တယ်။

ဥပမာ(၃)         
ဟိုတယ်မှာ တည်းပြီး စားသောက်သွားတယ်။
မှော်ထဲကို ခဏဆိုပြီး ပြန်သွားတယ်။
တည်းခိုခ၊ စားသောက်စရိတ် တွေ မပေးလို့ တရားစွဲတယ်။
တရားပြိုင်က တည်းခဲ့တယ်။ စားခဲ့တယ်။ ဝန်ခံတယ်။
ဒါပေမယ့် ကျွန်တော့်အမှုကို ပယ်တယ်တဲ့။

ဥပမာ(၄)         
ကိုယ် နှစ်ပေါင်း(၄ဝ)နေလာတဲ့ အိမ်ပေါ်ကနေ လူမိုက်တစ်စုက
ဆွဲချတယ်။
ပြန်ဝင်ခွင့်ရဖို့ တရားစွဲတယ်။
မတရား ဆွဲချတာ မှန်ပေမယ့် အမှုပယ်တယ်။

ဥပမာ(၅)         
ကျုပ်ကားကို ခဲနဲ့ထုလို့ မှန်ကွဲသွားတယ်။
ဒီကောင့်ကို နစ်နာကြေးရလိုမှု စွဲတယ်။
ခဲနဲ့ထုတာ ဝန်ခံတယ်။
တရား ရုံးက ကျွန်တော့်ကို အရှုံးပေးလိုက်တယ်။

ဥပမာ(၆)         
မူဆယ်က ကျွန်တော့်ကုန်တွေ သယ်သွားတဲ့ကား ကုန်တွေ
လမ်းမှာပျောက်ပျက်ကုန်လို့ လျော်ကြေးရလိုမှုစွဲ တယ်။
ပျောက်၊ ပျက်တာ ဝန်ခံတယ်။
ကျွန်တော့်အမှု ပလပ်တယ်။

ဥပမာ(၇)         
ပဲအိတ်တွေ ကုန်သည်အိမ် သွားပို့ပေးခဲ့တယ်။
ကုန်ဖိုးငွေ မရလို့ တရားစွဲတော့ ကုန်တွေရကြောင်း ဝန်ခံတယ်။
ဒါပေမဲ့ အမှုပလပ်လိုက်တယ်။

ဥပမာ(၈)         
ငွေချေးတယ်။ မဆပ်ဘူး။ တရားစွဲတယ်။
ဝန်ခံတယ်။ ခင်ဗှား အမှုလိုပဲ။ အမှုပလပ်လိုက်တယ်။

ဥပမာ(၉)         
ထန်းတော ငှားထာတာ။
တစ်နှစ်ငှားရမ်းခ ထန်းလျက်ပိဿာ (၂၅ဝ)ကျပ်နှုန်းနဲ့
(၁ဝ)နှစ်အတွက် မပေးလို့ တရား စွဲတယ်။
(၁ဝ)နှစ်အတွက် မပေးရသေးဘူးလို့ ထန်းငှားက
ဝန်ခံတယ်။
ရုံးက သုံးနှစ်အတွက်ပဲ အနိုင်ပေးလိုက်တယ်။

ဥပမာ(၁ဝ)       
လက်ထပ်မယ် ကတိပြုပြီး အခြားလူကို ယူသွားလို့
(ကတိပျက်) လျော်ကြေးရလိုမှု စွဲတယ်။
ဖောက်ဖျက် ဝန်ခံ တယ်။
ရုံးက လျော်ကြေးမပေးဘူး။ အမှုပယ်လိုက်တယ်။

ဥပမာ(၁၁)       
အလကားနေခွင့်ပေးထားတဲ့ မိတ်ဆွေတစ်ဦးကို အိမ်က
ထွက်ပါတော့ ပြောတာမရလို့ နှင်လိုမှု စွဲတယ်။
အလကား နေတာမှန်ပါတယ်။ ဝန်ခံတယ်။
အမှုကို ပလပ်လိုက်တယ်။

ဥပမာ(၁၂)       
မယားဖောက်ပြန်လို့ လင်က ကွာလိုမှု စွဲတယ်။
လင်ငယ်နဲ့ ပက်ပင်းမိတာ ထင်ရှားတယ်။
မယားက ဖောက်ပြန်ခဲ့ တာမှန်ကြောင်းဝန်ခံတယ်။
ကွာခွင့်မရဘူး။

ဥပမာ(၁၃)       
ကိုယ်ပိုင်တဲ့ မြေကွက်ကြီးထဲ ကျူးကျော်တဲ(၁၈)လုံး
ဝင်ဆောက်ထားတယ်။
ထွက်ပါပြောတာမရလို့ တရားစွဲ တယ်။
ကျူးတွေက ကျူးတာ မှန်တယ်။ ဝန်ခံတယ်။ အနိုင်မရဘူး။
အမှုပလပ်တယ်။

ဥပမာ(၁၄)       
လူကြားထဲ အသရေဖျက်တဲ့ စကားတွေပြောလို့
လျော်ကြေးရလိုမှု စွဲတယ်။
အသရေဖျက်တာ မှန်တယ်။ လျော် ကြေး မရဘူး။

ဥပမာ(၁၅)       
မြေတိုင်းကြည့်တော့ တစ်ဖက်အိမ်က (၁ဝ)ပေကျူးနေတာ
ပေါ်တယ်။
ကျူးမြေပြန်ရလိုမှုစွဲတော့ အမှုပလပ်တယ်။

* ဒီအမှုတွေမှာ ဘာကြောင့် အမှုရှုံးသွားရတာလဲ။ *

တရားရုံးမှာ ရှိတဲ့ အမှုမှန်ခြင်း၊ မှားခြင်း၊
တရားမျှတခြင်း၊ မတရားခြင်း စတဲ့ အချက်တွေထက် ကျော်လွန်ပြီး
ပြင်ပမှာ ရှိတဲ့ “ဥပဒေပြဠာန်းချက်” တစ်ရပ်ကြောင့်
ဒီလိုဖြစ်ရတာပါ။
ဒီဥပဒေပြဠာန်းချက်ကို ပြည်သူများ သိထားသင့်ပါတယ်။
သတိထား သင့်ပါတယ်။

(က) လူတွေဟာ မိမိရသင့်ရထိုက်တဲ့ သက်သာခွင့်၊ ရပိုင်ခွင့်ကို
ပေါ့ဆမှု၊ လေးတွဲ့မှု၊ ထိုင်းမှိုင်းမှု၊ ပျင်းရိမှု၊ အိပ်ချင်မူးတူး၊ အူတူတူ၊
အတတ၊ ထုံအမှုမရှိဘဲ ချက်ချင်း တောင်းရမယ်။ ဥပဒေဟာ
ငထုံ၊ ငပျင်းတွေကို အကူအညီမပေးဘူးတဲ့။
(ခ) ကိုယ့်ရပိုင်ခွင့်ကို ထိပါးလာရင် ချက်ချင်းနိုးနိုးကြားကြား၊
သွက်သွက်လက်လက်၊ တက်တက်ကြွကြွ၊ ဖျတ်ဖျတ်လတ်လတ်၊
အားစိုက်ထုတ်ပြီး ခုခံကာကွယ်ရမယ်။ တောင်းဆိုရမယ်။
ဥပဒေက ဒီလိုလူမျိုးတွေကို အကူအညီပေးတယ်တဲ့။
(ဂ) မြန်မာနိုင်ငံမှာ တည်ရှိတဲ့ တရားမျှတမှု အခွင့်အရေးတွေကို
ထကြွလုံ့လရှိသူကိုသာ ပေးအပ်တယ်။
အခွင့်အရေး တောင်းသင့်တဲ့အချိန် မတောင်းဘဲ
အိပ်ပျော်နေသူကို မပေးဘူးတဲ့။
(မရွှေမြနှင့် မောင်မိုးနှောင်းအမှု)
(ဃ) လူတွေဟာ လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တဲ့အချိန်မှာ
မပျက်မကွက် အားကြိုးမာန်တက် ပြုလုပ်ရမယ်တဲ့။
(င) ပြောသင့်တဲ့စကားကိုလည်း ပြောသင့်တဲ့အချိန်မှာ
(မှန်သည်၊ မှားသည်) ချက်ချင်းတုံ့ပြန်ပြောဆိုရမယ်တဲ့။
(စ) ပြောသင့်၊ ငြင်းသင့်တဲ့စကားကို မငြင်းခဲ့ဘဲ ဆိတ်ဆိတ်နေရင်
တစ်ဖက်လူက ပြောတာ၊ စွပ်စွဲတာကို မှန်တယ်လို့ ဝန်ခံ ရာ
ရောက်တယ်တဲ့။
(ဆိတ်ဆိတ်နေ ထောင်တန်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်ပဲ)
နောက်မှ ငြင်းလာရင် နောက်မှ အကြံရလို့
အကြံအဖန် ထုချေတာလို့ မှတ်ယူတယ်တဲ့။
ဒီဥပဒေဆိုရိုး မှတ်ယူချက်တွေကို အခြေခံပြီးတော့
ကာလစည်းကမ်းသတ် အက်ဥပဒေဆိုတာ ပြဠာန်းထားတာ
ရှိတယ်။

ဒီအက်ဥပဒေရဲ့ ပုဒ်မ-၃ မှာ
“ဤဥပဒေက သတ်မှတ်ထားတဲ့ အချိန်ကာလကျော်မှ
စွဲဆိုလာတဲ့ တရားမကြီးမှု၊ လျှောက်ထားမှု၊ အယူခံမှုတွေကို
(တစ်ဖက်အမှုသည်က မချေပပေမယ့်) တရားရုံးက ပလပ်ရမည်”
လို့ အတိအလင်း ပြဠာန်းထားတယ်။

* ဒီဥပဒေ ဟာ အမှုတစ်ခုရဲ့ (မှန်/မှား)နဲ့ ဘာမှမဆိုင်ဘူး။
* ဘယ်တရားသူကြီးကမှ မတရားပါဘူးဗျာဆိုပြီး
“ဆင်ခြင်တုံတရား” ကျင့်သုံးလို့ မရဘူး။
* ဒီဥပဒေပြဠာန်းချက်ကို ကျော်ပြီး အမှုအကြောင်း၊ တရားမျှတမှု၊
သာ နာ ညီမျှမှုတွေကို စဉ်းစားဆုံးဖြတ်လို့ မရဘူး။
* ဒီဥပဒေကို မသိနားမလည်လို့ပါဆိုပြီး ထုချေလို့လည်း
မရဘူးဗျ။

ကိုဖြူ = “အချိန်ရှိခိုက် လုံ့လစိုက်” ဆိုတာ တယ်မှန်တာပါကလား။

ယူတီကေ = ဒါကြောင့် ကာလစည်းကမ်းသတ် ဥပဒေအရ -

ဥပမာ(၁) 
သေဒဏ်ကျတဲ့အမှုဟာ (၇)ရက်အတွင်း အယူခံဝင်ရပါတယ်။ အ
ယူခံရက်ကျော်သွားရင် သူ သတ်/ မသတ် မစဉ်းစားဘဲ
ပယ်ရပါတယ်။

ဥပမာ(၂)
မြို့နယ်တရားရုံးက ထောင်ဒဏ်စီရင်ချက်အပေါ်
ခရိုင်တရားရုံးကို ရက်ပေါင်း(၃ဝ)အတွင်း အယူခံဝင်ရ ပါမယ်။
ကျော်ရင် အယူခံပယ်ပါတယ်။

ဥပမာ(၃)
ဟိုတယ်ခ၊ စားသောက်စရိတ်ရလိုမှုဟာ
တည်းခိုစားသောက်တဲ့နေ့က (၁)နှစ်အတွင်း စွဲရပါတယ်။
ကျော် ရင် မရတော့ပါဘူး။

ဥပမာ(၄) 
ဆွဲချခံရတဲ့နေ့က (၆)လအတွင်း တရားစွဲရပါတယ်။

ဥပမာ (၅) (၆) (၁၄)
(၁)နှစ်အတွင်း စွဲရပါမယ်။

ဥပမာ (၇) (၈) (၉) (၁ဝ)
(၃)နှစ်အတွင်း တရားစွဲရပါမယ်။

ဥပမာ (၁၁)(၁၂)
(၆)နှစ်အတွင်း တရားစွဲရပါမယ်။

ဥပမာ (၁၃) (၁၅)
ကျူးကျော်တဲ့နေ့ကစ၍ (၁၂)နှစ်အတွင်း စွဲရပါမယ်။

သတ်မှတ်ကာလကျော်မှ စွဲဆိုလာရင် တရားရုံးက
ခင်ဗျားမှန်တယ်။ တစ်ဖက်က မှားတယ်။
ခင်ဗျားက တရားတယ်။ တစ်ဖက်က မတရားဘူး။
ခင်ဗျားတောင်းတာ မျှတတယ်ဆိုတာကို မစဉ်းစားတော့ဘဲ
စွဲဆိုလာတဲ့အမှုကို ပယ်ချရပါတယ်ဗျာ။
တစ်ဖက်လူကလည်း တရားရုံးကို အမှုမှန်သော်လည်း
ကာလစည်းကမ်းကျော်လို့ “ပယ်တော်မူပါ” လို့ ပြောလိုက်ရုံပါပဲ။
ရုံးက ပယ်ရပါတော့တယ်။

ကိုဖြူ = ပြစ်မှုကျူးလွန်တဲ့လူတွေ၊ အဂတိလိုက်စားတဲ့လူတွေ၊
မဟုတ်မတရားတာ အကုန်လုပ်တဲ့လူတွေအ ပေါ်
တရားစွဲဖို့ အချိန်ကာလ စည်းကမ်း
ဘယ်လောက်သတ်မှတ်ထားသလဲဆရာ။

ယူတီကေ = ပြစ်မှုတွေမှာ အချိန်ကန့်သတ်ချက် မရှိပါဘူး။
ဘယ်အချိန်ဖြစ်ဖြစ် တရားစွဲလို့ရပါတယ်။
အခြေအနေ ပေးတဲ့အခါမှ တရားစွဲရင်လည်း ရပါတယ်။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

credit - U Tun Kyi

No comments:

Post a Comment