Monday, December 28, 2015

“မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို တစ်စိတ်တစ်ပိုင်း လှစ်ဟကြည့်မြင်ခြင်း”


“မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို
တစ်စိတ်တစ်ပိုင်း လှစ်ဟကြည့်မြင်ခြင်း”


မြန်မာနိုင်ငံဟု ခေါင်းစဉ်တပ်သော်လည်း ရန်ကုန်မြို့တော်ရဲ့
နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အိမ်ခြံမြေ
အကြောင်းကိုသာ အဓိကထားပြီး ဗဟုသုတအနေနဲ့
မျှဝေချင်ပါတယ်။

ကိုလိုနီခေတ်က ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ
အသန့်ရှင်းဆုံးမြို့ ဖြစ်ခဲ့ပြီး မြို့ပြတည်ဆောက်ပုံ
အနေအထားမှာလည်း အလွန်ပဲ စနစ်ကျခဲ့ကြောင်း
သိရပါတယ်။

၁၉၅၈-၁၉၆၀ ခုနှစ်တွေမှာ အိမ်စောင့်အစိုးရ
ခေတ္တအုပ်ချုပ်စဉ်က တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊
သာကေတ၊ သုဝဏ္ဏမြို့သစ် တွေကို စတင်တည်ခဲ့ပါတယ်။
အသစ်တွေကို အကွက်ရိုက်ပြီး အစိုးရဝန်ထမ်းနှင့်
မူလနေထိုင်သူ များကိုသာ ဦးစားပေး ပြန်လည် ချထား
ပေးခဲ့ပါတယ်။

ယခုတိုင် ရန်ကုန်မြို့ကြီးဟာ မြို့ပြဆိုင်ရာ ကျွမ်းကျင်ပညာရှင်
တစ်ယောက် ပြောခဲ့သလိုပဲ နာတာရှည်ရောဂါ ရခဲ့တာဟာ
၁၉၅၈-၁၉၆၀ ခုနှစ် မြို့သစ်တွေ စတည်ကတည်းကလို့
ဆိုနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့
* မြို့သစ်တည်မယ်ဆိုရင် မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်စေမယ့်
အခြေခံ အဆောက်အဦတွေကို စီမံကိန်းများမှာ ထည့်သွင်း
တည်ဆောက်ခဲ့ခြင်း မရှိတာဟာ ယခုလတ်တလော
ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့တော်ရဲ့ အထွေထွေကျပ်တည်းမှုကို
ဖြစ်စေခဲ့ပါတယ်။ *

၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရက ရန်ကုန်မြို့တော်ရဲ့
စည်ပင်ဧရိယာကို တိုးချဲ့ပြီး မြို့သစ်စီမံကိန်းတွေ အဖြစ်
ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊
လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် တွေကို ဖော်ထုတ်ပြီး
နောက်နှစ်ပိုင်းတွေမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့တွေကို ဖော်ထုတ်ခဲ့ပါတယ်။
ယင်းမြို့သစ်စီမံကိန်း များကို ဖော်ထုတ်ခဲ့တာ မှာလည်း
အရင်ခေတ်က လိုပဲ မြေကွက်တွေကို အကွက်ချပြီး
ဝန်ထမ်းတွေနဲ့ မူလနေသူများကို ပြန်လည် နေရာ
ချထားပေးခဲ့ပြီး လိုအပ်တဲ့ လျှပ်စစ်မီး၊ ရေ၊ လမ်း၊ တံတား
စသည့် အခြေခံအဆောက်အဦ တွေကို စနစ်တကျ
အကောင်အထည်ဖော် ပေးခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် လွန်ခဲ့တဲ့နှစ် ၆၀ နီးပါးက စတည်ခဲ့တဲ့
တောင်ဥက္ကလာပ မြို့နယ်မှာတောင် ယခုမှ ဖွံ့ဖြိုးခါစ
မြို့နယ်အဆင့်ပဲ ရှိပါသေးတယ်။ မြို့သစ်တည်ဖို့ လိုအပ်တဲ့
အခြေခံအဆောက်အဦတွေ ထဲကမှ မလုပ်မဖြစ်
စတင်လုပ်ရမှာက ရေဆိုးထုတ်တဲ့ ရေမြောင်းတွေပါပဲ။

* ရေမြောင်းတွေ မရှိခဲ့ခြင်းဟာ မိုးတွင်းကာလမှာ ရန်ကုန်
တစ်မြို့လုံးနီးပါး ရေကြီး ရေလျှံမှုတွေ ဖြစ်စေခဲ့ပါတယ်။ *

၁၉၉၀ ခုနှစ်နောက်ပိုင်း မြို့သစ်တွေအပြင်
* စက်မှုဇုန် ၂၀ နီးပါးကိုလည်း တိုးချဲ့ ဖော်ထုတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ယခုတိုင် ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့) မြို့သစ်တွေနဲ့
တချို့စက်မှုဇုန်တွေမှာ အခြေခံအဆောက်အဦတွေ
မပြည့်စုံလို့ မြေကွက်သက်သက် အနေအထားတွေနဲ့ပဲ
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကစားသူတွေရဲ့
ဈေးကစားရာ ကစားကွင်းတွေ ဖြစ်နေဆဲပဲ။ *

***

ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေရဲ့ မြို့ပြအိမ်ရာ
စီမံကိန်းတွေမှာ အထူးသဖြင့် မြေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု
အားနည်းချက်တွေ အများအပြား ရှိခဲ့တာကလည်း
ခေတ်မီဖွံ့ဖြိုးတဲ့ မြို့တော်အဖြစ်သို့ မရောက်ခဲ့ရခြင်းရဲ့
အကြောင်းအရင်း တစ်ရပ်ပါပဲ။

ပြီးတော့
* မြို့ပြအိမ်ရာနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်
ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်တွေ၊
ညွှန်ကြားချက်တွေမှာ သက်ဆိုင်ရာဌာနများရဲ့
ပွင့်လင်းမြင်သာမှု အားနည်းတာတွေ၊ အဂတိတရားမကင်း
တာတွေ၊ မကြာခဏ မူဝါဒ ပြောင်းလဲတာတွေကြောင့်
မြို့နေပြည်သူတွေအနေနဲ့ ဥပဒေ စည်းကမ်းလိုက်နာမှု၊
အခွန်ထမ်းဆောင်မှု၊ မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးနဲ့
တာဝန်တွေကို နားလည်သိရှိမှု အလွန်အမင်း
အားနည်းခဲ့ကြောင်း တွေ့ရပါတယ်။ *

ဥပမာပြောရရင်
လတ်တလော မီဒီယာတွေမှာ တွေ့ရတဲ့ အိုးအိမ်ဖွံ့ဖြိုးရေး
ဘဏ်မှ တာဝန်ရှိသူက သူတို့ဘဏ်ကို အိမ်ဆောက်ဖို့အတွက်
ချေးငွေရယူလိုတယ် ဆိုပြီး လျှောက်ထားသူ အိမ်ခြံမြေ
ပိုင်ရှင် တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပိုင်ဆိုင်မှု ခိုင်မာခြင်း
မရှိတာတွေ့ရတယ်လို့ ပြောပါတယ်။

အဲဒါ ဘာကိုပြသလဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က
မြို့သစ်စီမံကိန်းအရ နေထိုင်ခွင့် မြေချပါမစ် ရထားတဲ့သူတွေ
အနေနဲ့ မြေငှားဂရန် စာချုပ်အဖြစ် ပြောင်းလဲလျှောက်ထားခဲ့ခြင်း
မရှိတာ အများဆုံး ဖြစ်ပါလိမ့်မယ်။

ဒုတိယအများဆုံးက မြေပိုင်မြေတို့၊ ဂရန်မြေတို့ကို ဝယ်ထား
ပေမယ့် ကိုယ့်အမည်ပေါက် အဖြစ် ပြောင်းလဲလျှောက်တာတို့၊
သက်တမ်း တိုးတာတို့ မလုပ်ခဲ့တဲ့သူတွေ ဖြစ်ပါလိမ့်မယ်။
ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတော့ အထက်မှာ
ဖော်ပြခဲ့သလို သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့
ကြိုးနီးစနစ်လို့ပဲ ခေါ်မလား၊ ဗျူရိုကရေစီယန္တရား လို့ပဲ ခေါ်မလား၊
၎င်းတို့နဲ့ ထိတွေ့ဆက်ဆံရမှာ ပြည်သူတွေအနေနဲ့ အလွန်ပဲ
ကြောက်ကြပါတယ်။

ဘာကြောင့်ကြောက်ရသလဲ ဆိုတာကလည်း သူတို့မှာ
အကြောင်းပြချက်ကတော့ အခိုင်အလုံပါပဲ။ အဓိကတော့
ငွေကြေး မတတ်နိုင်တာပါ။ ဗဟုသုတ နည်းတာ၊ နားမလည်တာ
တွေကလည်း ကိုယ်နေတဲ့ အိမ်ခြံမြေကို ပိုင်ဆိုင်မှု ခိုင်မာစေဖို့
မလုပ်နိုင်ခဲ့ကြပါဘူး။

* စာရေးသူရဲ့ အတွေ့အကြုံကို
ဥပမာအနေနဲ့ပြောရရင် စာချုပ်တစ်ခု မှတ်ပုံတင်တဲ့အခါမှာ
ဝန်ထမ်းက စာချုပ်မှတ်ပုံတင်ကြေး ဆိုပြီး နိုင်ငံတော်သို့
တရားဝင် ပေးသွင်းရမည့်ငွေ အဖြစ် ပြေစာပေါ်မှာ
သုံးကျပ်ခြောက်ဆယ်ပြား (၃ိ-၆၀ပြား) လို့ ရေးပေမယ့်
အမှန်တကယ်မှာတော့ နေ့တစ်ဝက်လောက် လူကိုယ်တိုင်
အချိန်ပေး စောင့်ရတဲ့အပြင် ငွေသုံးသောင်းလောက်
အနည်းဆုံးကုန်ပြီး တစ်လလောက် ထပ်စောင့်ပြီးမှ
စာချုပ်က ရပါတယ်။ *

နောက် အိမ်ခြံမြေအမည်ပေါက် လျှောက်ထားလိုသူ တွေရဲ့
ကြီးမားတဲ့ အခက်အခဲကတော့ ရောင်းခွန်/ဝယ်ခွန်
ပေးဆောင်နိုင်ခြင်း မရှိတာပါပဲ။

* ပြည်တွင်းအခွန်များ ဦးစီးဌာနကလည်း အခွန်စနစ်နဲ့
ပတ်သက်တဲ့ ဥပဒေတို့၊ လုပ်ထုံးလုပ်နည်းတွေကို အခွန်ထမ်း
ပြည်သူတွေကို ပွင့်လင်း မြင်သာမှုရှိရှိနဲ့ ရှင်းပြတာတို့၊
ပညာပေးတာတို့ ခေတ်အဆက်ဆက် အားနည်းခဲ့တဲ့အပြင်
အဆုံးအဖြတ်ပေးရမယ့် စီမံ/ညွှန်ကြားရမယ့်
ရာထူးနေရာတွေမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိ၊
အတွေ့အကြုံလည်း မရှိတဲ့ မိုးကျရွှေကိုယ် ပုဂ္ဂိုလ်များကို
နေရာပေး ခန့်ထားခြင်းပါပဲ။ *

အဆိုးဆုံးကတော့ အဂတိတရား မကင်းတာတွေကို
တရားဝင် လုပ်ပိုင်ခွင့်ရထား တဲ့အလား တွင်တွင်ကျယ်ကျယ်
လုပ်ခဲ့ကြတာပါပဲ။

* အဲဒီတော့ အခွန်ထမ်းပြည်သူတွေ ဘက်ကလည်း
‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ ဆိုသလို နိုင်ငံတော်ကို တရားဝင်
အခွန်ပေးဆောင်ရ မယ့်အပြင် သူတို့ကိုပါ ပေးရမှာတွေကို
ထည့်တွက်ပြီး အခွန်ဆောင်ပြည်သူတွေကနေ
အခွန်ရှောင်ပြည်သူတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။ *

အခွန်နှုန်းထား တွေကိုလည်း တစ်နှစ်ထဲမှာကို နှစ်ကြိမ်လောက်
ပြောင်းချင်ရင် ပြောင်းနေတော့ နားလည်မှုတွေ ရှုပ်ထွေးပြီး
အိမ်ခြံမြေပိုင်ဆိုင်မှု တွေကို တရားဝင်ခိုင်မာအောင်
လုပ်ဆောင်ကြမယ့်သူတွေ နောက်ပြန် ဆုတ်စေခဲ့ပါတယ်။

အကျိုးဆက်ကတော့ အိမ်ခြံမြေတွေကို ဈေးကြီးပေးဝယ်ထားပြီး
ကိုယ်တိုင် တက်နေရပေမယ့် ကိုယ့်အမည်ပေါက်
မဟုတ်တဲ့အတွက် တရားဝင် ပိုင်ဆိုင်ပါတယ်လို့
ပြောလို့မရတဲ့အပြင် အရပ်စာချုပ်အဆင့်နဲ့သာ
သားစဉ်မြေးဆက် ဆက်ခံသွားတဲ့သူတွေလည်း များလာပါပြီ။

တချို့လည်း အမွေပြဿနာ တွေထက် တကယ်ပိုင်ဆိုင်ခွင့်
ရှိသူတွေက ဘေးရောက်ပြီး ပိုင်ဆိုင်ခွင့် မရှိတဲ့သူတွေက
အိမ်ပေါ်ရောက်နေတဲ့ အဖြစ်တွေဟာ မြန်မာနိုင်ငံရှိ မြို့ကြီး
တော်တော် များများမှာ နေရေးအတွက် ပြဿနာ
အမှုအခင်းတွေ အများကြီးရှိနေခြင်းပါပဲ။

***

လူနေတိုက်ခန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြောစရာရှိတာက
လွန်ခဲ့သော နှစ် ၃၀ ကျော်လောက်က ဆိုရင် ရန်ကုန်မြို့မှာ
အထပ်မြင့်အဆောက် အအုံဆိုလို့ ခြောက်ထပ်ထက် မပိုတဲ့
အဆောက်အအုံတွေလို Downtown လို့ခေါ်တဲ့
ခြောက်မြို့နယ်မှာပဲရှိပြီး လက်ချိုးရေတွက်လို့ ရပါတယ်။

* ၁၉၉၀ ပြည့်နှစ် လွန်မြောက်တဲ့အခါမှ မြို့တော်စည်ပင်က
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာပါ အထပ်မြင့်
အဆောက်အအုံ (ကန်ထရိုက်တိုက်) တွေကို ဆောက်လုပ်ခွင့်
ချပေးခဲ့ပါတယ်။ တစ်နှစ်၊ ၂ နှစ်အတွင်းမှာတင် အထပ်မြင့်
အဆောက်အအုံတွေ ပေါ်လာပေမယ့် ကျွမ်းကျင်ပညာရှင်တွေ၊
ကျွမ်းကျင် အင်ဂျင်နီယာတွေ ကြီးကြပ်ဆောက်လုပ်တာ
မဟုတ်ဘဲ ဆောက်ချင်သလိုတွေ ဆောက်ကြတော့
အဆောက်အအုံ အများစုဟာ အရည်အသွေးနဲ့ စံချိန်စံညွှန်း
မမီတာတွေများလာတော့ မြို့တော်ရဲ့သန့်ရှင်းသာယာလှပမှု ကို
ထိခိုက်စေခဲ့ပါတယ်။လက်တွေ့ မြင်နေရတာကတော့
၁၉၉၃/၉၄ ခုနှစ်တစ်ဝိုက်က ဆောက်ခဲ့ကြတဲ့ တာမွေမြို့နယ်က
ငါးထပ်၊ ခြောက်ထပ်တိုက်တွေ ဆိုရင် တစ်ဖက်စောင်းနေတဲ့
တိုက်တွေ တော်တော်များများ တွေ့ရပါတယ်။ *

တာဝန်ယူဆောက်လုပ်တဲ့ ကန်ထရိုက်တွေကလည်း
ငွေနည်းနည်း ရှိတာနဲ့ ဆောက်လုပ်ခွင့်ချပေးတဲ့ ဌာနဆိုင်ရာတွေ
ဆီက ဆောက်လုပ်ခွင့် တရားဝင် မရခင်မှာဘဲ
ဆောက်ကြတယ်။ တိုက်ခန်းတွေကို ဆောက်လို့ မပြီးခင်
ကြိုပွိုင့်စနစ်နဲ့ ရောင်းပြီး အကျိုးအမြတ် များများယူတဲ့စနစ်ဟာ
၁၀ စုနှစ်မက ထွန်းကားခဲ့ပါတယ်။
တိုက်ခန်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း
ယခုတိုင် ကွန်ဒိုဥပဒေ ဆိုတာကလည်း တရားဝင်
မပြဋ္ဌာန်းသေးတော့ အရောင်း/အဝယ်လုပ်ရာမှာ
နိုင်ငံတော်သို့ ပေးဆောင်ရမယ့် အခွန်တွေကို ရှောင်တိမ်းလို့
ရသလို ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်း ဆိုလို့
အရပ်ကတိ စာချုပ်တွေသာ ကိုင်ထားရသူတွေသာ
များပါတယ်။

တိုက်ခန်းမှာ နေထိုင်ရသူတွေရဲ့ လုံခြုံမှုမှာလည်း ရန်သူမျိုးငါးပါး
ဘေးမှ အချိန်မရွေး ကျရောက်လာရင် ကာကွယ်နိုင်စွမ်း
မရှိပါဘူး။ ဥပမာ အနေနဲ့ပြောရရင် မီးလောင်ရင်ပြေးဖို့
အရေးပေါ်လှေကားတွေ မပါတဲ့ အထပ်မြင့်
အဆောက်အအုံတွေမှာ နေရလို့ပါပဲ။

***

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရန်ကုန်မြို့ရဲ့ အချက်အချာနေရာ
တွေမှာ သာမက ဆင်ခြေဖုံးမြို့နယ် တွေမှာပါ
ဈေးကစားသူတွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့သူ တွေကြောင့် မြေဈေးတွေ
တစ်နှစ်ထက်တစ်နှစ် အတက်ကြမ်းခဲ့ပါတယ်။
အရပ်သားအစိုးရ တက်လာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ
ပိုမို များပြားလာပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအငှားတွေကလည်း
ပိုမို များပြားလာသလို ငှားရမ်းခ နှုန်းထားတွေကလည်း
ကမ္ဘာနဲ့ယှဉ်ပြီးတော့ ဈေးအကြီးဆုံးလို့တောင်
ဆိုရတဲ့အထိပါပဲ။

* မြေဈေးတွေကြီးရတဲ့ အဓိကအကြောင်းအရင်း တွေကတော့
ရန်ကုန်မြို့ထဲကနေ ကားနဲ့သွားမယ် ဆိုပါက မိနစ် ၂၀ လောက်
ကားမောင်းရင် ရောက်နိုင်တဲ့နေရာတွေမှာ မြို့သစ်စီမံကိန်းတွေ
ရှိပေမယ့် အခြေခံ အဆောက်အဦတွေ မရှိတော့ ဘယ်သူမှ
မနေနိုင်ကြပါဘူး။ *

မိုးတွင်းဆိုရင် ရေတွေပြည့်နေတဲ့ လယ်ကွင်းသာသာ ရှိတဲ့
မြို့သစ်ဧရိယာ အကျယ်တွေဟာ ရန်ကုန်မြေ မရှားဘူးဆိုတာ
ဖော်ပြနေပါတယ်။
ဒါပေမဲ့ ဘယ်ကရမှန်း မသိတဲ့ ငွေတွေနဲ့ ဝယ်ထားသူတွေရဲ့
လက်ထဲမှာပဲ ယခုတိုင် ဈေးက မာမာ၊ အရောင်း/အဝယ်ကအေး
မာမာအေးဖြစ်နေဆဲပါ။

***

အိမ်ခြံမြေဈေးနှင့် ငှားရမ်းခတွေ ဈေးကြီးလာတော့ စီးပွားရေး
လုပ်ငန်းရှင် အများစုဟာ မိုးကောင်ကင်ကို နယ်ချဲ့ပြီး
အထပ်မြင့် အဆောက်အအုံတွေကို တိုက်ခန်းဈေးကွက် ရှိတဲ့
မြို့နယ်တွေမှာ မြေပိုင်ရှင်တွေနဲ့ အကျိုးတူသဘောမျိုး
ဆောက်လာကြတယ်။

* သက်ဆိုင်ရာ ဌာနတွေမှာ ဆောက်လုပ်ခွင့် ခွင့်ပြုချက်နဲ့
ဆောက်ပြီးရင်လည်း လူနေထိုင်ခွင့် ခွင့်ပြုချက်တွေ ယူရတာ
အချိန်အများကြီး ပေးရတော့ ဆောက်လုပ်ခွင့် မလျှောက်ဘဲေ
ဆာက်ကြတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ဥပဒေတွေနဲ့
မညီပေမယ့် ဆောက်ပြီးတဲ့ တိုက်ခန်းတွေပေါ်မှာ
လူတွေတက်နေပြီး အရောင်း/အဝယ်တွေကိုလည်း အဆင့်ဆင့်
ရောင်းချနေတာတွေက ယခုတိုင် မြင်တွေ့နေရတုန်းပါပဲ။ *
နှစ်ပေါင်းများစွာ ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်ခဲ့တဲ့
အဆောက်အအုံတွေ၊ လူနေထိုင်ခွင့်မရှိဘဲ လူတက်နေတဲ့
တိုက်ခန်း ထောင်ချီပြီးရှိတယ်လို့ ယခုနှစ်ပိုင်းကျမှ
သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ကြေညာပြီး အရေးယူတယ်လို့
ကြားရပါတယ်။

သေချာတာကတော့ နိုင်ငံတော်ကို တရားဝင်ပေးသွင်းရမယ့်
အခွန်တွေ ဘယ်လောက်များ ဆုံးရှုံးသွားပြီလဲ ဆိုတာ
ခန့်မှန်းနိုင်ပါတယ်။

၂၀၀၈/၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်ဆိုရင် ဆောက်လုပ်ရေး
ကုမ္ပဏီကြီးတွေ အပြိုင်အဆိုင်ပေါ်လာပြီး ရန်ကုန်မြို့ရဲ့
အချက်အချာကျတဲ့ နေရာတွေမှာ အထပ်မြင့်တွေကို
ဆောက်လုပ်ခွင့်ရပြီး ကြိုပွိုင့်တွေ ရောင်းတာနဲ့တင်
အကျိုးအမြတ် အများကြီး ရခဲ့ကြပါတယ်။

* ယင်းနှစ်ပိုင်းတွေက အခွန်စနစ် အားနည်းမှုကြောင့်
လုပ်ငန်းတွေမှာ အရှုံးပြရင် အခွန် ပေးဆောင်စရာ မလိုတာကို
နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး
ကွန်ဒိုတိုက်ခန်း တစ်ခန်းကို သိန်းနှစ်ထောင်၊ သုံးထောင်နဲ့သာ
ရောင်းတယ်၊ အရှုံးပေါ်တယ်ဆိုပြီး အခွန်တိမ်းရှောင်ခြင်း
ပါပဲ။ *

***

နိဂုံးချုပ်အနေနဲ့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်
အဲဒီနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု ပေါ်မှာ အများကြီး
တည်နေသလို နိုင်ငံရေးနဲ့ စီးပွားရေးကလည်း
ဆက်စပ်နေပါတယ်။

* အိမ်ခြံမြေ ဈေးကွက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေကလည်း
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေပေါ်မှာ များစွာ တည်မှီနေသလို
ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နည်းမှန်၊ လမ်းမှန်၊ စနစ်မှန်နှင့်
အုပ်ချုပ်သူ၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသူ၊ အကောင်အထည်ဖော်သူ တွေနဲ့
စေတနာမှန်ဖို့က အဓိကကျတယ် * လို့ပဲ
သုံးသပ်တင်ပြချင်ပါတယ်။

(ဦးရန်)

credit - The Voice

No comments:

Post a Comment