Thursday, December 10, 2015

“ရန်ကုန်မြို့တော်၏ လူဦးရေသိပ်သည်းမှုကို ဘယ်လို လျှော့ချနိုင်မလဲ နှင့် လတ်တလော ရန်ကုန် အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေ”


“ရန်ကုန်မြို့တော်၏ လူဦးရေသိပ်သည်းမှုကို ဘယ်လို
လျှော့ချနိုင်မလဲ နှင့်
လတ်တလော ရန်ကုန် အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေ”


၁။ "ရန်ကုန်မြို့၏ ပျမ်းမျှ လူဦးရေ သိပ်သည်းမှုမှာ
တစ်စတုရန်းမိုင်လျှင် ၁၆၀၀၀ ခန့် နေထိုင်ပြီး
မြို့လယ်စီးပွားရေးဇုန်နှင့် စမ်းချောင်း၊ ကြည့်မြင်တိုင်၊
ကမာရွတ်မြို့နယ်များ လူဦးရေ သိပ်သည်းမှု မြင့်မား"

ရန်ကုန်မြို့၏ ပျမ်းမျှလူဦးရေ သိပ်သည်းမှုနှုန်းမှာ
တစ်စတုရန်းမိုင်လျှင် ၁၆၀၀၀ ခန့်နေထိုင်ပြီး
မြို့လယ်စီးပွားရေးဇုန်၊ ယင်းနှင့်ဆက်စပ်နေသည့်
စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်များသည်
လူဦးရေသိပ်သည်းမှု မြင့်မားနေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၏ ရန်ကုန်မြို့တော်အား
ရေရှည်တိုးချဲ့ရန် လေ့လာချက်အရ သိရသည်။

ရန်ကုန်မြို့တွင် မြို့လယ် ဗဟိုစီးပွားရေးဇုန်သည်
လူဦးရေသိပ်သည်းမှု အမြင့်မားဆုံးဖြစ်ပြီး
မြို့လယ်ဗဟို စီးပွားရေးဇုန် နေရာရှိ မြို့နယ်များဖြစ်သော
ပန်းဘဲတန်း၊ ကျောက်တံတား မြို့နယ်များ၏
လူဦးရေ သိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင်
လူဦးရေ ၁၀၀၀၀၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။

မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော
စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော
ဇုန်နယ်မြေများသည်လည်း လူဦးရေ သိပ်သည်းမှု
မြင့်မားကြောင်း၊
ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်းဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့်
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များသည် လူဦးရေ သိပ်သည်းမှု
အနိမ့်ဆုံးဖြစ်ပြီး တစ်စတုရန်းမိုင်လျှင် လူဦးရေ ၅၀၀၀ ခန့်သာ
နေထိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ပျမ်းမျှလူဦးရေ သိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင်
၁၆၀၀၀ ခန့် နေထိုင်သဖြင့် လက်ရှိ ရန်ကုန်မြို့၏ ဧရိယာ
၃၄၀ စတုရန်းမိုင်ဖြင့် တွက်ချက်ပါက ရန်ကုန်မြို့၏
ပျမ်းမျှလူဦးရေမှာ ငါးသန်းခွဲခန့် ရှိနေကြောင်း သိရသည်။

* အထက်ပါကဲ့သို့ ရန်ကုန်မြို့၏ တစ်နေရာနှင့် တစ်နေရာ
လူဦးရေ သိပ်သည်းမှု ကွာဟနေခြင်းသည် ရန်ကုန်မြို့အတွက်
အခြေခံ အဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့်
မြို့တွင်းသွားလာမှုတို့တွင် အခက်အခဲများစွာရှိပြီး
ခရီးသွားလာမှုများမှာလည်း မြို့တွင်းကိုသာ အဓိက
ဦးတည်နေခြင်းကြောင့် ယာဉ်ကြောကျပ်တည်း သိပ်သည်းကာ
အချိန်ကြာမြင့်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
* သို့ဖြစ်၍ ယင်းသိပ်သည်းမှုများကို လျှော့ချပြီး
မြို့၏ ရေရှည်ဖွံ့ဖြိုးမှုအတွက် အရှေ့ဘက်ခြမ်းဖြစ်သော
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များတွင်
လူဦးရေ ပိုမိုသိပ်သည်းလာစေရန် ကြိုးပမ်းသင့်ကြောင်း
ယင်းလေ့လာချက် အစီရင်ခံစာတွင် အကြံပြုထားသည်။
* "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀"
အရ ရန်ကုန်မြို့ကို တိုးချဲ့ရန် မြို့သစ် ခုနစ်ခု လျာထားရာ
ယင်းမြို့သစ် ခုနစ်ခုတွင် လူဦးရေ သိပ်သည်းမှု
အနိမ့်ဆုံးဖြစ်သည့် ဒဂုံမြို့သစ် လေးမြို့နယ်သည်
ပထမဦးစားပေး အနေဖြင့် ပါဝင်ပြီး ယင်းနေရာများသည်
မဖြစ်မနေ လူဦးရေ မြှင့်တင်ပေးကာ ဖွံ့ဖြိုးအောင်
လုပ်ဆောင်ပေးသင့်သည့် နေရာများဖြစ်ကြောင်း
မြို့ပြပညာရှင် အချို့က ထောက်ပြထားသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ယင်းမြို့သစ် ခုနစ်ခုထဲမှ ပထမဦးစားပေးဖြစ်သည့်
ယင်းဒဂုံမြို့သစ် လေးမြို့နယ်ကို ကျော်၍
ဒုတိယဦးစားပေးဖြစ်သည့် ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်
(ရန်ကုန်မြို့သစ်) စီမံကိန်းကို ပထမ ဦးစားပေးအဖြစ်
ပြောင်းလဲကာ တင်ဒါခေါ်ယူခဲ့သဖြင့် ယင်းအပေါ်လည်း
ဝေဖန်မှုများ ရှိနေသည်။

ထို့ပြင်
"မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀" ၏
ရန်ကုန် အရှေ့မြောက်နယ်မြေဖွံ့ဖြိုးရေး စီမံကိန်းအရ
ဒဂုံမြို့သစ်များနှင့် ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်
ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အား
ဆက်သွယ်သည့် အမြန်ကားလမ်း၊ ရထားလမ်းများပါ
ဖော်ဆောင်ရန် အဆိုပြုထားပြီး
ယင်းမှတစ်ဆင့် သီလ၀ါအထူးစီးပွားရေးဇုန်တို့ကိုပါ
ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    
(ကျော်ထင်)

*****

၂။ "နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ အိမ် ခြံ မြေ ဈေးကွက်၌
ကျပ်သိန်း ၃၀၀ ၀န်းကျင် မြေကွက်များ အရောင်းအ၀ယ်ဖြစ်ပြီး
မြို့သစ်မြေကွက်များ အရောင်းသွက်"

နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ အိမ် ခြံ မြေ ဈေးကွက်၌
ကျပ်သိန်း ၃၀၀ ၀န်းကျင် မြေကွက်နှင့် တိုက်ခန်းများ
အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မြို့သစ် မြေကွက်များ
အရောင်းသွက်လျက် ရှိနေကြောင်း ရန်ကုန်မြို့ အိမ် ခြံ မြေ
ဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့နယ် အတွင်းရှိ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊
ထောက်ကြန့်၊ ရွှေပြည်သာ၊ သန်လျင် အစရှိသည့်
မြို့နယ်များတွင်
ကျပ်သိန်း ၁၀၀ ကျော်မှ သိန်း ၃၀၀ ၀န်းကျင် တန်ဖိုးရှိ
မြေကွက်များ အရောင်းသွက်လျက် ရှိနေသည်။
“မြေကွက် ၀ယ်တဲ့သူတွေက နေဖို့ထက်
ဈေးတက်ရင် ပြန်ရောင်းဖို့ လာဝယ်တာ များတယ်။
မြေကစားတဲ့ သဘောပေါ့။ တချို့လည်း တိုက်ခန်းတွေကို
သဘောမကျလို့ မြေကွက်ကိုပဲ တကူးတက ရှာဝယ်တဲ့
သူတွေလည်း ရှိပါတယ်။ ဒဂုံဆိပ်ကမ်းဘက်မှာဆိုရင်
ကျပ်သိန်း ၇၀ ကနေ ကျပ်သိန်း ၂၀၀ ၀န်းကျင်လောက်
မြေတွေက အရောင်းအ၀ယ်ဖြစ်တယ်။
တချို့ကဆိုရင် သိန်း ၈၀၊ ၉၀ လောက်နဲ့ မြေ၀ယ်မယ်။
နောက်ပြီး ပျဉ်ထောင်အိမ်လေး၊ ဒါမှမဟုတ် အုတ်ခံလေးနဲ့
ဆောက်ပြီး ၁၀၀ ကျော်ကျော်လောက်နဲ့
ပြန်ရောင်းတာတွေလည်း ရှိတယ်” ဟု
အိမ်ခြံမြေ ၀ယ်ရောင်းလုပ်ကိုင်လျက်ရှိသူ
ကိုဇင်မင်းက ဆိုသည်။

ရန်ကုန်မြို့ အတွင်းရှိ မြေဈေးနှုန်းများ အနေဖြင့်
- တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်နေရာများတွင်
အနည်းဆုံး ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၂၀၀၀ အထိ
လည်းကောင်း၊
- သန်လျင်မြို့နယ် အတွင်း၌လည်း အနည်းဆုံး ကျပ်သိန်း ၇၀ မှ
ကျပ်သိန်း သောင်းကျော်အထိလည်းကောင်း၊
- ထောက်ကြန့်မြို့နယ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်မှ
ကျပ်သိန်းထောင်ကျော်အထိ လည်းကောင်း ပေါက်ဈေးရှိနေကြောင်း
ရန်ကုန်မြို့ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများနှင့်
ဝက်ဘ်ဆိုက်များမှ စုံစမ်းသိရသည်။

“ဒီနှစ်ကတော့ မြေဈေးအေးတယ်။ နောက်ပြီး ဈေးလည်း
ထက်ဝက်လောက် ကျသွားတယ်။ သိန်းထောင်ကျော်တွေကတော့
လုပ်ငန်းကြီး လုပ်မယ့်သူတွေပဲ ၀ယ်ဖြစ်ပါတယ်။
မြေလာဝယ်သူတွေ အများစုကတော့
သိန်း ၁၀၀ နဲ့ ၃၀၀ ကြားတွေလောက်ပဲ အရောင်းအ၀ယ်
ပိုဖြစ်တယ်။ အကွက်အကွင်း နေရာပေါ် မူတည်ပြီးတော့
ဈေးက အမျိုးမျိုးပါပဲ။ အကွက်ပြည့်ရင်တော့ ဈေးပိုကြီးတာပေါ့။
ရာဂဏန်း မပြည့်တဲ့ မြေတွေကတော့ ပေ ၂၀၊ ၆၀
အကွက်မျိုးတွေပါပဲ” ဟု အိမ် ခြံ မြေ ၀ယ်ရောင်းလုပ်ငန်း
လုပ်ကိုင်နေသူ ကိုဇင်မင်းက ဆက်လက်ပြောကြားသည်။
ကျပ်သိန်း ၁၀၀ ၀န်းကျင်ရှိ မြေကွက်များ အနေဖြင့်
ပေ ၄၀၊ ၆၀ မဟုတ်သည့် မြေကွက်အများစု ပါရှိပြီး
ကျပ်သိန်း ၁၀၀ ကျော်တန် မြေများတွင်
ပေ ၄၀၊ ၆၀ မြေကွက်ပြည့်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် အိမ်ခြံမြေဈေးကွက် အနေဖြင့်
အရောင်းအ၀ယ် ဈေးကွက်ထက် အငှားဈေးကွက်
ပိုသွက်လျက်ရှိပြီး အိမ်အငှားဈေးကွက်၊ အိမ်ငှားဈေးနှုန်းများ
အနေဖြင့် ဈေးနှုန်းမြင့်တက်မှု ရှိနေသော်လည်း
အိမ်ခြံမြေဈေးကွက်တွင်း မြေဈေးနှုန်းများ ငြိမ်သက်လျက်
ရှိနေသည်။

မြေဈေးများ အနေဖြင့် ဈေးနှုန်းကျဆင်းမှု ရှိနေသော်လည်း
မြို့သစ်မြေကွက်များ အနေဖြင့် အနည်းငယ် အရောင်းသွက်လျက်
ရှိနေကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။

(အေးမို့မို့အောင်သူ၊ မြတ်စုနိုင်)

credit - Eleven Media Group

No comments:

Post a Comment