Tuesday, December 8, 2015
“ကြိုဆိုသင့်တဲ့ သတင်းများ”
“ကြိုဆိုသင့်တဲ့ သတင်းများ”
၁။ "နိုင်ငံတစ်ဝန်းရှိ ကျေးရွာမြေများ မြေဌားဂရန် ရရှိရေး
လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း ကျေးရွာမြေငှားဂရန်
ထုတ်ပေးနိုင်ရေး အထူး လုပ်ငန်းအဖွဲ့မှ သတင်း ထုတ်ပြန်"
နိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာမြေများကို
မြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံတော် အစိုးရသည်
ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ
ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့်
-ကျေးလက်နေ ပြည်သူ တစ်ဦး တစ်ယောက်ချင်း
အနေဖြင့်သော် လည်းကောင်း၊
- အိမ်ထောင်စု (၁ဝဝ) (သို့မဟုတ်) ခြံကွက် (၁ဝဝ)
တစုတပေါင်းတည်း အနေဖြင့်သော် လည်းကောင်း
ကျေးရွာ မြေငှား ဂရန်ရရှိရေး လျှောက်ထား
ဆောင်ရွက်နိုင်ကြောင်း ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး
အထူးလုပ်ငန်းအဖွဲ့မှ သတင်း ထုတ်ပြန် လိုက်သည်။
ကျေးရွာမြေများကို မြေငှားဂရန် ထုတ်ပေးခြင်းအားဖြင့်
ကျေးလက် နေပြည်သူများ အတွက် ဥပဒေနှင့်အညီ
ခိုင်မာသော မြေယာ ပိုင်ဆိုင်မှုများ ရရှိလာမည်ဖြစ်ပြီး
လူနေမှု အဆင့်အတန်းလည်း တိုးတက် မြင့်မားလာမည်
ဖြစ်သည့် အပြင် ကျေးလက်နှင့် မြို့ပြ ကွာဟမှုကိုလည်း
လျှော့ချနိုင် မည်ဖြစ်ကြောင်း
တစ်ဖက်မှလည်း နိုင်ငံတော်အတွက် အခွန်ငွေများ
တိုးတက် ရရှိနိုင်မည်ဟု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး
အထူး လုပ်ငန်းအဖွဲ့သည် လုပ်ငန်းများ လျင်မြန် ချောမွေ့စွာ
ဆောင်ရွက်နိုင်ရန်
နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်
ကျေးရွာအုပ်စု မြေငှားဂရန် ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့များကို
ဖွဲ့စည်းပြီး မြို့နယ် တစ်မြို့နယ်လျှင် မြေယာမှုခင်း အရှုပ်အထွေး
မရှိသော ကျေးရွာ တစ်ရွာစီအား ရွေးချယ်၍
ရှေ့ပြေး စမ်းသပ်မှု လုပ်ငန်း (Pilot Project) အနေဖြင့်
စတင် ဆောင်ရွက်ခဲ့ရာတွင်
ပုံမှန် သမားရိုးကျ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ခြင်း
မပြုဘဲ ကျေးရွာသို့ လက်တွေ့ကွင်းဆင်းပြီး
ကျေးရွာ အိမ်ထောင်စုများက စုပေါင်း လျှောက်ထားစေလျက်
ကျေးလက် ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု အသွင်ဖြင့်
ဆောင်ရွက် ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်ခဲ့ သဖြင့် မြို့နယ် ပေါင်း (၃၃ဝ) မြို့နယ်
ရှိသည့်အနက် မြို့နယ် (၂၈၃) မြို့နယ်ရှိ ကျေးရွာ (၂၈၃) ရွာ၌
အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင်
၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ လ ၃၁ ရက်နေ့အထိ စုစုပေါင်း
မြေငှားဂရန် (၃၂,ဝ၅၇) ခုကို ထုတ်ပေး နိုင်ခဲ့သည်ဟု
သိရသည်။
*****
၂။ "အဆောက်အအုံဆိုင်ရာ ဥပဒေနှင့် ပြဋ္ဌာန်းချက်များ
မကြာမီ ထုတ်ပြန်မည်"
မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ
လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး တိကျတဲ့စည်းမျဉ်းတွေ
မရှိသေးတဲ့ အတွက် ထုတ်ပြန် ပြဋ္ဌာန်းနိုင်ဖို့ လုပ်နေတယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က
ပြောပါတယ်။
“Construction Industry တခုလုံးမှာကိုက
Safty (လုံခြုံစိတ်ချရမှု) နဲ့ ပတ်သက်ပြီး
တိကျတဲ့ Regulation (စည်းမျဉ်း) မပြဋ္ဌာန်းနိုင်သေးပါဘူး။
ဒါကြောင့် ကိုရီးယားနိုင်ငံ အစိုးရရဲ့ အကူအညီနဲ့
ကိုရီးယားအဖွဲ့အစည်းတခုက safty (လုံခြုံစိတ်ချရမှု) နဲ့
ပတ်သက်ပြီး လမ်းညွှန်ရေးဆွဲဖို့
အကူအညီ ပေးထားပါတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က ၀န်ကြီးရုံးမှာ မီဒီယာတွေနဲ့
တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
ဒီလိုစည်းမျဉ်းတွေ မရှိသေးတဲ့အတွက်
ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်သားတွေ ထိခိုက်တာ၊
အဆောက်အအုံတွေ အရည်အသွေးနဲ့ပတ်သက်လာရင်
ပိုပြီး လုံခြုံ စိတ်ချနိုင်မှာပါ။
မြန်မာနိုင်ငံအတွက် ဆောက်လုပ်ရေးဆိုင်ရာ စီမံမှု
စည်းမျဉ်းတွေကို ရေးဆွဲနေပြီး အဲဒီမှာ လုံခြုံစိတ်ချရမှု၊
အရည်အသွေးဆိုင်ရာစံ စတာတွေ ပါမယ်လို့လည်း
အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။
ပြီးတော့ အဆောက်အအုံ ပြိုကျနိုင်တဲ့
အချက် ၁၀၀ လောက်ကို ဥပဒေအနေနဲ့ ပြဋ္ဌာန်းနိုင်ဖို့
ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒါတွေကို မကြာခင်မှာ အစိုးရအဖွဲ့ကို တင်ပြီးတော့
တစ်နိုင်ငံလုံးကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
(ပိုင်စိုး)
*****
၃။ "အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများကို
အစိုးရသစ် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်"
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ် အနေဖြင့်
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများကို ဦးစားပေး
ဆောင်ရွက်ရန် လိုအပ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက
သုံးသပ် ပြောဆိုကြသည်။
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုသည် နိုင်ငံ တစ်နိုင်ငံ၏
နောက်ခံ ကျောရိုး တစ်ခုဖြစ်ပြီး၊ နိုင်ငံ တစ်နိုင်ငံ၏
အခြားသော ဖွံ့ဖြိုးမှု လှေကားထစ်များကို တက်လှမ်းနိုင်ရန်
အဓိက ကျကြောင်း House com mm
မန်နေဂျင်း ဒါရိုက်တာ Balaji Ramaswami က ပြောသည်။
''အခြေခံ အဆောက်အအုံ ဆိုတဲ့နေရာမှာ
လမ်းတံတား အဆောက်အအုံတွေ အပြင်
လျှပ်စစ်ဓာတ်အား စွမ်းအင် ထုတ်စနစ်တွေ၊
သယ်ယူ ပို့ဆောင်ရေးတွေနဲ့ ဈေးနှုန်းသင့်တင့် မျှတပြီး
ကွာလတီကောင်းတဲ့ အိမ်ရာတွေ ပါဝင်နေပါတယ်။
ဒီကဏ္ဍတွေကိုသာ မြှင့်တင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင်
နိုင်ငံဖွံ့ဖြိုးမှုကိုပါ မြှင့်တင်ရုံ သာမက မြန်မာနိုင်ငံဟာ
အအောင်မြင်ဆုံး နိုင်ငံတစ်ခု အထိ ဖြစ်သွားနိုင်ပါတယ်''ဟု
Balaji Ramaswami က ပြောသည်။
နိုင်ငံ တစ်နိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများ
အပေါ်တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခြင်းသည် နိုင်ငံ အနာဂတ်
ဖွံ့ဖြိုးမှုကို ရင်းနှီးမြှပ်နှံခြင်း ဖြစ်ပြီး၊ ယခုတက်လာမည့်
အစိုးရ အနေနှင့်လည်း ကျန်းမာရေး၊ ပညာရေးနှင့်
စီးပွားရေး ဖွံ့ဖြိုးမှုများကို အာရုံစိုက်ရမည် ဖြစ်သော်လည်း၊
နိုင်ငံအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုသည်လည်း
အလွန်အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။
''မြန်မာနိုင်ငံမှာ အိမ်တွေ အများကြီး လိုနေပါသေးတယ်။
ကျူးတွေကိုရှင်းပြီး နေရာချထားပေးရဦးမယ်။
လိုတဲ့ အိမ်ရာတွေ အတွက်ကို စီမံကိန်းတွေ စနစ်တကျ
ရေးဆွဲပြီးတော့ လူအများ အဆင်ပြေနိုင်မယ့် အထိ
အခု ဆောင်ရွက်နေတဲ့ အငှားအိမ်ရာမျိုးတွေကို ဖြေရှင်းတဲ့
ပုံစံမျိုးတွေ များများ လုပ်ပေးရဦးမယ်'' ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်း
ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
ထို့အပြင် လက်ရှိ အိမ်ရာများ ဖော်ထုတ်ပြီး၊
ပြီးဆုံးအောင် အကောင်အထည် မဖော်နိုင်သေးသည့်
အိမ်ရာများကို အမှန်တကယ် လူနေထိုင်၍ ရသည့် အခြေအနေ
ဖြစ်အောင် ဆက်လက် အကောင်အထည် ဖော်ရမည်
ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
''ဥပမာ- ဒဂုံအရှေ့တို့ ၊ ဒဂုံဆိပ်ကမ်းတို့မှာ အိမ်ရာတွေ
ချထားပေးပြီး၊ မြေကွက်တွေ ဖော်ထားပေး ပြီးတော့
ကွင်းပြင်ကြီး ဖြစ်နေတဲ့ လူမနေ အလကား ဖြစ်နေတာ၊
ဒါတွေကို စနစ်တကျ ပြန်လည် ဖော်ထုတ်ပေးရမှာ'' ဟု
ဦးသန်းဦးက ထပ်လောင်း ပြောကြားသည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော
The Richest ၀က်ဘ်ဆိုက်၏ အစီရင်ခံစာတွင်
ကမ္ဘာ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အနိမ့်ပါးဆုံး
(၁၀) နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည်။
''မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ရင်တော့
အရင်ဆုံး လုပ်ရမှာက လျှပ်စစ်ကဏ္ဍပါပဲ။ Technology တွေကို
အခြေခံထားတာက လျှပ်စစ်နဲ့ အခြေခံထားတာကိုး။
အခုကို ဓာတ်အားလိုင်း သုံးတဲ့နေရာမှာတောင်မှ
ကိန်းဂဏန်း မဖော်ပြဘဲ သုံးနေတဲ့ ဓာတ်အားလိုင်းတွေ ရှိတယ်။
အဲဒါလေးတွေ ကျွန်တော်တို့ စုစည်းလိုက်ရင်
ဒီဘက်က Power ဓာတ်အားလိုင်း ကိစ္စတွေ
အဆင်ပြေလာလိမ့်မယ်။ ပြီးတော့ လိုအပ်တဲ့ ပါဝါကိုကျတော့
သဘာဝ ဓာတ်ငွေ့နဲ့ပဲ လုပ်မလား၊ အခြား စီမံကိန်းတွေနဲ့
လုပ်မလား၊ အဲဒါမျိုးတွေနဲ့ အခြေခံ အဆောက်အအုံကို
အရင် လုပ်ရမယ်'' ဟု
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။
ထို့အပြင် နိုင်ငံတကာ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်းများ၏
နှစ်ရှည် ချေးငွေများနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများကို
ကြီးမားသည့် အခြေခံ အဆောက်အအုံများတွင်
ရင်းနှီးမြှပ်နှံပါက မိုမို ထိရောက်လာမည် ဖြစ်ကြောင်း
၎င်းက သုံးသပ် ပြောကြားသည်။
(ဖူးပွင့်သူ)
credit - Xinhua Myanmar / DVB &
messenger news journal
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment