Monday, December 28, 2015

“အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု နှင့် ဆက်စပ် သတင်း”


“အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု နှင့်
ဆက်စပ် သတင်း”


၁။ "အိမ်ခြံမြေလောကမှ အကြီးကျယ်ဆုံး လိမ်လည်မှုတစ်ခု
(သို့) ဇာတ်လမ်းဇာတ်ကွက်သစ်တွေ ကြားက နစ်မွန်းနေရဆဲ
ဖြစ်တဲ့ အမေ့လျော့ခံဘဝများ"

၁၉၆၂ ခုနှစ် မတိုင်ခင်က
အာရှတိုက်ရဲ့အကောင်းဆုံးဆိုတဲ့လေဆိပ် တစ်ခုထဲမှာ
ပါဝင်ခဲ့တဲ့မင်္ဂလာဒုံလေဆိပ်ကြီး ၊
စင်ကာပူကို တည်ထောင်ဖို့ အတွက် ရန်ကုန်မြို့ကို လာရောက်
လေ့လာခဲ့ရတဲ့စင်ကာပူရဲ့ ခေါင်ကိုင်ဖခင်ကြီး လီကွမ်ယူ တို့
အကြောင်း ယနေ့ခေတ် လူငယ်တွေကို ပြောပြမယ်ဆိုရင်
အိပ်ရာ ဝင်ပုံပြင်တစ်ခုလို စိတ်ကူးယဉ်ဇာတ်လမ်းတွေ လို့
ထင်နေကြမှာ ဖြစ်ပါတယ်။

လွှဲမှားတဲ့ စီမံခန့်ခွဲမှု့တွေကြား နှစ်ပေါင်း ၅၀ ကျော်ပိတ်မိနေတဲ့  
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းရဲ့ ထိုးနှက်ချက် ၊
များပြားလှတဲ့   တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဖြစ်နေတဲ့
ပြည်တွင်းစစ်မီးကြောင့် ဇာတိနေရပ် စွန့်ခွာ ပြီး
မြို့တက်လုပ်ကိုင်စားသောက်ရတဲ့ ဆင်းရဲသား ပြည်သူတွေ
အတွက် စားရေး၊ ဝတ်ရေး ၊ နေရေး ဆင်းရဲနိမ့်ကျ မှုတွေ
အများအပြားရှိနေဆဲဖြစ်ပါတယ်။

စားရေး ၊ ဝတ်ရေး ၊ နေရေးမှာ အရေးကြီးဆုံးက
ကျောတစ်နေရာချစရာ နေရာတစ်နေရာ ရဖို့
ဘယ်လောက်အရေးကြီးတယ် ဆိုတာ အားလုံး သိရှိကြပါတယ်။

နေရေး အခက်အခဲ ဖြစ်နေတဲ့ပြည်သူတွေ အတွက် မကြာခဏ
ဆိုသလို ခေတ်အဆက်ဆက်မှာ ကယ်တင်ရှင်ဆိုသူတွေ
ပေါ်လာတတ်ပေမယ့် နောက်ဆုံးမှာ တော့ အလိမ်အညာ
ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘဲ အဆုံးသတ်ခဲ့ရပြီး
သုမနကျောက ဒဏ်ရာတွေထပ်ပြီး တိုးလာတာဘဲ ရှိပါတယ်။

ကျောတစ်ခင်းစာ အတွက် နေစရာရဖို့ ပွဲစားအဆင့်ဆင့်နဲ့
သက်ဆိုင်ရာ အာဏာပိုင် အချို့ကို လိုင်းဝင်ရတာတွေ
ရှိလာတယ့် အပြင် ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အတွက်
ဆင်းရဲသား အိမ်ရာတွေ ဖော်ထုတ်မယ် ဆိုပြီးတော့လည်း
အဖွဲ့အစည်းအသီးသီးက သုမန တွေ ဆီက ရသလောက်
ငွေညှစ်ယူပြီး အဆုံးသတ်မှာ ထွတ်ပြေးသွားကြတဲ့
ကယ်တင်ရှင် အတုအယောင်တွေ သာ တစ်နေ့ တစ်ခြား
ပိုမိုများပြားလာတာ တွေ့နေရတယ်။

အာဏာလက်ဝယ်ရှိသူတွေက လိမ်လည်သူတွေကို
ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်၊
သူဌေး သင်္ဘော မှောက်တာ ပြသနာ မရှိပေမယ့်
သူတောင်းစားခွက်ပျောက်တာ ပိုအဖြစ် ဆိုးနေတဲ့ဘဝတွေမှာ
ဆင်းရဲသားပြည်သူတွေဆီက လိမ်လည်ယူနေကြတာကတော့
ဘယ်လိုမှကိုခွင့်လွှတ်ပေးလို့ မရသလို ပျက်စီးသွားတဲ့
ဘဝတွေ အတွက်လည်း ကိုယ်ချင်းစာ တရားလေး နဲ့
ကူညီပေးဖို့လိုပါတယ်။

လတ်တလော ပူပူနွေးနွေး ပြောရမယ် ဆိုရင်
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရဘက်က ဘူဒိုဇာတွေ ၊
ယူနီဖောင်းဆင်တူ ဝတ်ထားတယ့် လူတွေ နဲ့ ဖျတ်သိမ်းခံခဲ့ရတဲ့
ရတနာအောင် ကျေးရွာ ဆိုတဲ့ နာမည်လှလှ လေးနဲ
့မြို့သစ်တစ်ခုရဲ့ဇာတ်လမ်းလေးကတော့
ဇာတ်လမ်း အဆုံးသတ်မှာ မြေကွက်ဝယ်ယူထားမိကြတဲ့
ဆင်းရဲသား ပြည်သူတွေသာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို
လိမ်လည်ထွတ်ပြေးနေတဲ့ အဖွဲ့အစည်းအမည်ခံပုဂ္ဂိုလ်တွကို
လည်း မြေကွက်ပိုင်ရှင်တွေ က တရားစွဲဆိုဖို့ လုပ်နေရပါတယ်။

တွယ်ရာမဲ့ဘ၀ လေးတွေ ပြိုကွဲသွားပါတယ် ဆိုတဲ့
ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပေမယ့်
ပေ ၄၀ အကျယ် ပေ ၆၀ အကျယ် မြေကွက်ပေါင်း ၅၅၀၀
ကျော်ကို ခပ်တည်တည်အကွက်ရိုက် ရောင်းချပြီး
သုမနတွေ အားလုံးကို ဒုက္ခတွင်းထဲမှာ ထားခဲ့ကြပါတယ်။

ဒီလိုမျိုး အစိုးရပိုင်မြေတွေကို ခပ်တည်တည်နဲ့ အကွက်ပေါင်း
၅၅၀၀ ကျော်ထိ ရိုက်ရောင်းစားရဲတဲ့   လူတွေရဲ့ဇက လည်း
မသေးတဲ့ အပြင် တစ်နှစ်ကျော် ပစ်ထားပြီး ပြသနာကြီးလာမှ
လာဖြေရှင်းတဲ့  အာဏာပိုင်တွေကိုလည်း အားလုံးက
မေးခွန်းထုတ်နေ ဆဲ ဖြစ်ပေမယ့်၊
ရောင်းသွားတယ့် သူတွေက ငွေထုတ်ပိုက်ပြီး လစ်သွားကြပြီး
ဖြစ်ပါတယ်။

ကျန်တာကတော့ ကျန်တဲ့လူတွေ ရှင်းရမှာ ဖြစ်ပေမယ့်
ငွေကြေး ၊ ဓန အင်အားနည်းလို့ တန်ဖိုးနည်း မြေကွက်ကို
ဝယ်ထားရတဲ့   ပြည်သူတွေ အတွက်ကတော့ ဘယ်လိုမှ
ပြန်လည်နလန်ထူစရာ မရှိပါဘူး၊ သင်ခန်းစာ တစ်ခု ရပေမယ့်
ဒီသင်ခန်းစာ တစ်ခု အတွက် သုမန တွေ အကြားမှာ
ပြန်လည်ပေးဆပ်လိုက်ရတဲ့ ဘဝ ပေါင်း ထောင်နဲ့ ချီတဲ့
မိသားစုတွေရဲ့ မနက်ဖြန်ကတော့ ဘယ်လိုတွေ
ဖြစ်လာနိုင်မယ်ဆိုတာ မတွေးရဲအောင်ပါဘဲ ။

အမြန်လမ်မကြီးဘေး မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံက
အစိုးရပိုင် မြေကွက်ဧကတစ်ထောင်ကျော်ပေါ်မှာ
သမ္မတ ဦးသိန်းစိန်ပုံပါတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး
ဆင်းရဲသားပပျောက်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ မြေကွက်ပေါင်း
၅၅၀၀ ကျော်ကို ရိုက်ရောင်းစားခဲ့ကြတယ့် အပြင်
မြေကွက်ဝယ်ခဲ့သူတွေကိုလည်း ခပ်တည်တည်နဲ့ အစိုးရက
ထုတ်ပေးထားတယ့် စလစ်လိုလို ၊ဂရန်လိုလို အသိအမှတ်ပြု
ကဒ်ပြားတွေနဲ့ အဖွဲ့အစည်းအမည်ခံပြီး ရောင်းစားနေကြတာ
တစ်နှစ်ဝန်းကျင်လောက်ထိ ကြာမြင့်ခဲ့ပြီး
ဘယ်အာဏာပိုင် အဖွဲ့အစည်းမှလည်း လာတားတာမရှိလို့
အရဲစွန့်ဝယ်ခဲ့တဲ့ ပြည်သူတွေဟာ
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ မြေပိုင်ရှင် အစိုးရဘက်က
သူ့မြေကို သူပြန်သိမ်းပြီး ခြံစည်းရိုးခတ် ပြီးဖြစ်သလို ၊
မြေကွက်တွေကိုရောင်းစားခဲ့တဲ့ ငြိမ်းချမ်းရေး အမည်ခံ
အဖွဲ့အစည်းကဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း
ကြက်ပျောက် ဌက်ပျောက်ဆိုသလို ပျောက်ခြင်း မလှ
ပျောက်ကုန်တဲ့ အတွက် မြေဝယ်ထား မိတဲ့   ပြည်သူတွေ
ကတော့ စာရွက်စာတမ်းတွေ ကိုင်ပြီး ဘယ်သူ့ကို
အရေးဆိုလို့ ဆိုရမှန်း မသိဖြစ်ကုန်ကြပါတယ် ။

“ဘုန်းဘုန်းက ဘုန်းကြီးကျောင်းဆောက်ချင်လို့ ဒကာတွေ
လှုထားတဲ့ ပိုက်ဆံနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက် ပေါင်း ၂၀ ကို
တစ်ကွက် ၁၀ သိန်းနဲ့ဘုန်းဘုန်းသူတို့ဆီက ဝယ်လိုက်တာ ၊
အခုအစိုးရ ကသူတို့မြေဆိုပြီးလာ ဖျက်တော့ ပလုံတာပေါ့ ၊
ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့တွေက သမ္မတကြီး ဓာတ်ပုံနဲ့
ဆိုင်းဘုတ်တွေထောင် ၊ ဆင်းရဲသား မြို့သစ်ဆိုပြီး ပြောတဲ့
အပြင် စာရွက်စာတမ်းပိုင်ဆိုင်မှု အထောက်အထားတွေပါ
တံဆိပ်တုံးတွေနဲ့ ထုပြီး ရောင်းတော့ ဝယ်လိုက်မိတာပါ ၊
အခုမှ အစိုးရပိုင်မြေဆိုပြီး ဆိုင်းဘုတ်လာထောင်
ဖျက်သိမ်းတော့ နားမလည်တော့ပါဘူး ၊ ဒီလူတွေကို အခုလို
တစ်နှစ်လောက်အထိ အာဏာပိုင်တွေက
လက်ပိုက်ကြည့်နေခဲ့ပြီး အခုမှ လာရှင်းတော့ အားလုံး
နစ်နာတာပေါ့ ၊ ဘုန်းဘုန်းကို ရောင်းလိုက်တဲ့ လူတွေကတော့
အခုလာဖျက်တဲ့နေ့ရောက်ရော တစ်ယောက်မှ ရှာလို့
မတွေ့တော့ဘူး ၊ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး
မြေကွက်ပေါင်း ၂၀ ကျော် ၀ယ်ယူထားတယ့် ဘုန်းတော်ကြီး
ဦးဇာဂရ က လည်း ခံစားချက်ကို ပြောပြပါတယ်။

ဇာတ်လမ်းဇာတ်ကွက်မျိုးစုံ နဲ့ လူတွေအကြိုက် မြေကွက်တွေ၊
တိုက်ခန်းတွေ ကို လိမ်မည့် လူတွေ အနေနဲ့ အခုနောက်ပိုင်းမှာ
ကြိုတင်ပြင်ဆင်မှု မျိုးစုံ နဲ့ အထင်တကြီးဖြစ်စေဖို့ ပြောဆို
နေထိုင် ဝတ်ဆင်မှု တွေနဲ့ ဟောက်စား ခြောက်စားပြီး
လိမ်လည်လာသလို ၊
ပြင်ပပေါက်ဈေးထက် ချိုသာတယ့် ဈေးနှုန်း ၊
စာရွက်စာတမ်းအထောက်အထားတွေ နဲ့ လိမ်လည်ကြပေမယ့်
အခုနောက်ပိုင်းမှာတော့ လူချမ်းသာတွေ ထက်
နေစရာ အိမ်ရာမရှိတဲ့ ဆင်းရဲသားတွေဘက်ကို
ဦးတည်လိမ်လည်လာတာတွေ တွေ့ရပါတယ်။

ဥပဒေ ကြောင်းအရ အမှုတည်ဆောက်ရတာကြောင့်
ချက်ခြင်း အရေးယူဖို့ ခက်တဲ့ အမှုမျိုးဖြစ်တဲ့အပြင်
လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ၊ တင်ပြမှု့ အဆင့်ဆင့်ကြောင့်
အချိန်နှောင်းမှ အာဏာပိုင်တွေဘက်ကအရေးယူခဲ့ရတယ့်
ဖြစ်စဉ်တွေ ၊
အများကြိုက်စကားလုံးတွေ နဲ့ ချိုသာတဲ့ ဈေးနှုန်းတွေကို
နှစ်သက်သဘောကျတဲ့ မြန်မာလူ့အဖွဲ့အစည်းက
ဆင်းရဲသား ပြည်သူတွေ ကို ပစ်မှတ်ထားပြီး
လိမ်လည်လာကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုးဇာတ်လမ်းတွေက မကြာခဏ ဖြစ်လေ့ ဖြစ်ထ ရှိပြီး
အချိန်အနည်းငယ် အကြာမှာ လူတွေက မေ့သွားတတ်
ကြပေမယ့် တကယ်ခံစားခဲ့ရတယ့် မြေကွက်ပိုင်ရှင်တွေ ၊
အလိမ်ခံရတယ့် သူတွေ ၊ မြေကွက်တွေကို ဈေးချိုချိုနဲ့ ရလို့
ဝယ်ဖို့ အတွက် အတိုးကြီးကြီင်္းနဲ့ ငွေယူမြေဝယ်ထားတဲ့
သူတွေ အပြင် မရှိမဲ့ ရှိမဲ့    ငွေလေးတွေနဲ့ ဝယ်ပြီးနေနေတဲ့  
ဆင်းရဲသားပြည်သူတွေ ကတော့ နောက်ဆုံးမှာ
သွားစရာလာစရာ နေရာ မရှိတဲ့ ဘဝတွေမို့ လမ်းဘေးမှာ
တဲထိုးပြီး အာဏာပိုင်တွေဘက်က လာဖျက်မယ့် အချိန်ကို
ကျီးလန့်စားစား နေရ တယ့် နောက်ကျော မလုံတဲ့
ဘဝကို သာ ရောက်လို့သွား ပါတော့တယ်။

(ကိုချစ်ခင်)

***
(အထက်ပါ ဆောင်းပါးနှင့် ပတ်သက်သည့် ဆက်စပ်သတင်း)

၂။ "လှည်းကူးမြို့နယ်မှ မြေကော်စက်ဖြင့် နေအိမ်ဖယ်ရှား
ခံရသူများ နေရာပြန်ရရေး ဒီချုပ်ကို အကူအညီတောင်း"

လှည်းကူးမြို့နယ် ရတနာအောင်ကျေးရွာသစ်ရှိ ဖယ်ရှားခံခဲ့ရသည့်
နေအိမ်များအနက် ပြည်သူသုံးရာကျော်က နေရာများ
ပြန်လည်ရရှိရန် သမ္မတနှင့် ၀န်ကြီးချုပ်တို့ထံ အသနားခံစာ
တင်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား အကူအညီ
တောင်းခံခဲ့ကြောင်း သတင်းရရှိ သည်။

ရန်ကုန်-နေပြည်တော်အ မြန်လမ်းဘေးရှိ မြေဧကများပေါ်တွင်
KNU/KNLA (PC) က ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ဟု
ဆိုကာ ပေ ၄၀×၆၀ မြေကွက်များကို ၂၀၁၄ ကစတင်
ရောင်းချခဲ့သည်။

သို့သော် ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်တွင် ယင်းမြေကွက်များပေါ်၌
ဆောက်လုပ်ထားသည့် နေအိမ်များကို သက်ဆိုင်ရာက
မြေကော်စက်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက်
နေထိုင်သူများက မြေနေရာပြန်လည်ရရှိရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဒီဇင်ဘာ ၁၈ ရက်တွင်
လာရောက်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

“KNU/KNLA (PC) ကနေ ကျေးရွာသစ်တည်ထောင်ပေးမယ်ဆိုပြီး
မြေကွက်တွေရောင်း တယ်။
အဲဒီမြေကွက်တွေကို ပြည်သူတွေက ၀ယ်နေတယ်။
အခုအဲ ဒီမြေကွက်တွေကို ဌာနပိုင်ဆိုပြီး ဖယ်ရှားပစ်တယ်။
ပိုက်ဆံနဲ့ ၀ယ် နေတဲ့သူတို့တွေက ကျူးကျော်မ ဟုတ်ဘူး။
စာချုပ်စာတမ်းတွေနဲ့ ပိုက်ဆံပေးဝယ်ယူပြီး နေထိုင်နေ တဲ့သူတွေ။
အဲဒါကြောင့် ဒီကိစ္စကို နိုင်ငံတော်သမ္မတကြီးက အရေး ယူ
ဆောင်ရွက်ပေးပါလို့ ဦးလေး တို့က စာရေးပေးလိုက်တယ်” ဟု
ဒီချုပ် (ဗဟို)တောင်သူလယ်သ မားရေးရာကော်မတီအဖွဲ့ဝင်
ဦးစိုးလေးက ပြောကြားသည်။

အသနားခံစာကို နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊
ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၊
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေး
ကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု
ကော်မတီ၊ ဗဟိုတောင်သူလယ်သမားရေးရာကော်မတီနှင့်
နိုင်ငံတကာအဖွဲ့အစည်းသုံးခုထံသို့   ပူးတွဲပေးပို့မည်ဖြစ်ကြောင်း
၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်က လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနပိုင်မြေဧက ကိုးရာ ကျော်ပေါ်ရှိ အိမ်ခြေတစ်ထောင်
ကျော် ဖယ်ရှားခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောကြားထားသော်လည်း ဒေသခံများကမူ
ရတနာအောင်ကျေး ရွာသစ်ကို ရဲတပ်ဖွဲ့ဝင်များနှင့် ခန့်မှန်း
လူအင်အား ကိုးရာကျော်တို့က မြေကော်စက် ရှစ်စီးဖြင့်
အိမ် ခြေ ရှစ်ထောင်ခန့်ကို ဖျက်ဆီးခဲ့ သည်ဟု ဆိုသည်။

ဒေသခံများက ၎င်းတို့အနေ ဖြင့် KNU/KNLA (PC) ထံမှ
စာချုပ်များဖြင့် မြေကွက်တစ်ကွက် လျှင် ကျပ် ခုနစ်သိန်းမှ
၁၅ သိန်း ပေးကာ ၀ယ်ယူထားသည့်အ တွက် ကျူးကျော်များ
မဟုတ်ဘဲ KNU/KNLA (PC) က တာဝန်ယူမှု မရှိ၍
ဆုံးရှုံးနစ်နာခြင်းဖြစ်ကြောင်းဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကို ရောင်းတဲ့ အချိန်က KNU/KNLA (PC) က
တာဝန်ခံဗိုလ်မှူးစောတဗွေကိုယ်တိုင် စလစ်ထုတ်ပေးပြီး
ရောင်းခဲ့တာ။ အဲဒါအပြင် သမ္မတဓာတ်ပုံပါတဲ့ ဗီနိုင်းအကြီးကြီးနဲ့
ရတနာ အောင်ကျေးရွာသစ်ထူထောင်မယ့် အကြောင်း
စိုက်ထူထားတာ။ သမ္မတဓာတ်ပုံပါလို့ ယုံကြည်ပြီး
ဝယ်ခဲ့တာ” ဟု ဒေသခံဦးဖက်တီး က ပြောသည်။
နေအိမ်များ ဖယ်ရှားသည့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်
အထိ KNU/KNLA (PC) အဖွဲ့အစည်းမှ တာဝန်ရှိသူများ
အဆိုပါကျေးရွာ၌ရှိနေပြီး ရဲတပ် ဖွဲ့ရောက်ရှိလာချိန်မှ
ထွက်ခွာခဲ့ကြောင်း ဒေသခံများက 7Day Daily အား
ပြောကြားသည်။

“ကျွန်တော်တို့ နေအိမ်တွေ ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ရောက်လာတော့
ဗိုလ်မှူးစောတဗွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးမှ သူတို့ထွက်သွားတာ။
တကယ်ဆိုရင် အဲဒီမြေတွေကို ရောင်းထားတဲ့
ဗိုလ်မှူးစောတဗွေကို ရဲတပ်ဖွဲ့က ဘာလို့မဖမ်းတာလဲ။
သမ္မတဦးသိန်းစိန်ဓာတ်ပုံအလွဲသုံးစားလုပ်ထားတဲ့ သူကို
ဘာလို့လွှတ်ပေးလိုက်တာလဲ” ဟု
ဒေသခံ  ကိုသက်လင်းထွန်းက ဆို သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဌာနပိုင်
မြေတွင် ကျူးကျော်ဆောက်လုပ်နေကြောင်း
မကြာသေးမီလပိုင်းကစ၍ ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း
မြေကွက်များအား လွန်ခဲ့သည့် တစ်နှစ်ကျော် ကတည်းက
ရောင်းချနေခြင်းကို သက်ဆိုင်ရာက တားမြစ်ချက်
မထုတ်ပြန်ခဲ့၍ ယခုကဲ့သို့ နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း
ဒေသခံများက ပြောကြားသည်။

(ထက်အာကာ၊ ထက်မြက်)

credit - iMyanmarHouse & 7daydaily

No comments:

Post a Comment