Sunday, December 27, 2015
"ရန်ကုန်မြို့လယ်ကို ဘယ်လို ခွဲထုတ်မလဲ"
"ရန်ကုန်မြို့လယ်ကို ဘယ်လို ခွဲထုတ်မလဲ"
ရန်ကုန်မြို့၏ အကျယ်အ၀န်းသည် ၁၉၈၈ ခုနှစ် မတိုင်မီက
စတုရန်းမိုင် ၈၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင်
စတုရန်းမိုင် ၂၄၀ ခန့်အထိ ရှိလာပြီး အဆိုပါ ကာလအတွင်း
ရန်ကုန်မြို့၏ အကျယ်အ၀န်းမှာ သုံးဆခန့်အထိ
ဖြစ်လာခဲ့သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆက်လက် တိုးချဲ့ခဲ့ရာ
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်၏ စုစုပေါင်း
ဧရိယာမှာ ၃၀၆ စတုရန်းမိုင်အထိ ရှိလာခဲ့သည်။
လူဦးရေ အနေဖြင့် ၁၉၈၃ ခုနှစ်တွင် သုံးသန်းခန့်သာ ရှိခဲ့ရာမှ
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းအရ လူဦးရေ ၅ဒသမ၂ သန်း
အထိ တိုးပွားလာခဲ့သည်။ ယင်းစာရင်းမှာ အတည်တကျ ပုံစံ၁၀
ဖြင့် နေထိုင်သည့် သူများသာ ဖြစ်ပြီး ပုံစံ ၁၀ မရှိသူများနှင့်
ယာယီလာရောက် နေထိုင်သူများ ပေါင်းလိုက်ပါက စုစုပေါင်း
ခြောက်သန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဆက်စပ်နေသည့်
နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်ရုံ၊
အလုပ်ရုံများစွာ ပေါ်ပေါက်လာခြင်းကြောင့် ကျေးလက်
ဒေသများမှာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်သို့ ပြောင်းရွှေ့ ပျံ့နှံ့
လာခဲ့ကြသည်။
လူဦးရေတိုးနှုန်း အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း
၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တိုးပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏
လူဦးရေတိုးနှုန်းမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက်
နှစ်ဆခန့် မြင့်မားလျက် ရှိနေသည်။
■ လူဦးရေ တိုးပွားမှု မြန်ဆန်သည့် ရန်ကုန်
ရန်ကုန်မြို့၏ လူဦးရေ တိုးနှုန်းနှင့် ဆက်လက်တိုးပွားမည် ဆိုပါက
နောက်ထပ် ၂၅ နှစ်အတွင်း လူဦးရေ ၁၀ သန်းခန့်သို့ ရောက်ရှိ
လာနိုင်ကြောင်း ခန့်မှန်းထားသည်။ လူဦးရေ ယခုထက် နှစ်ဆခန့်
ရှိလာမည်ဟု ခန့်မှန်းထားခြင်းဖြစ်ပြီး လာမည့် ၂၀၄၄ ခုနှစ်တွင်
လူဦးရေ ၁၂ သန်းကျော်အထိ တိုးပွားနိုင်သည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခန့်မှန်း
တွက်ချက်ထားသည်။
ရန်ကုန်မြို့၏ လက်ရှိ လူဦးရေအရ တစ်နေရာနှင့် တစ်နေရာ
နေထိုင်မှုနှုန်းများ မတူညီကြဘဲ ကွာခြားနေကြောင်း၊
အထူးသဖြင့် ရန်ကုန်မြို့လယ်ဖြစ်သော ကျောက်တံတား၊
ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသောနေရာများတွင်
နေထိုင်သူဦးရေ များစွာ သိပ်သည်းလာပြီး တစ်စတုရန်းမိုင်လျှင်
လူဦးရေ တစ်သိန်းအထိ နေထိုင်လာကြကြောင်း၊
ယင်းနှင့် ဆက်စပ်၍ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော
ဇုန်နယ်မြေများသည်လည်း လူဦးရေ သိပ်သည်းမှု မြင့်မားကြောင်း၊
ထို့ပြင် များစွာသော အလုပ်အကိုင်များသည်လည်း မြို့လယ်တွင်
တည်ရှိနေခြင်းကြောင့် လူများ၊ ကားများမှာ မြို့လယ်သို့သာ
အဓိက ဦးတည်လာကြသည်။
■ ခွဲထုတ်ဖို့ လိုလာတဲ့ ရန်ကုန် မြို့လယ်
သို့ဖြစ်ရာ ရန်ကုန်မြို့လယ်၏ သိပ်သည်းမှုမှာ သိသာစွာ
မြင့်မားနေပြီး ရှုပ်ထွေးနေကာ ယင်းနှင့် ဆက်စပ်၍ ယာဉ်ကြော
ပိတ်ဆို့မှုများလည်း ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိသည်။
ထို့အတွက် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းမှုကို
ခွဲထုတ်ရန်အတွက် မဖြစ်မနေ လိုအပ်လာသည်ဟု
ပညာရှင်များက ထောက်ပြခဲ့ကြသည်။
ဆင်ခြေဖုံးမြို့နယ်များ၊ မြို့လယ်မှ အလှမ်းဝေးမြို့နယ်များ၊
မြို့သစ်များမှ စားဝတ်နေရေး၊ အလုပ်အကိုင်အတွက် မြို့လယ်သို့
နေ့စဉ်ဦးတည် သွားလာနေကြရသည်။
ဘတ်စ်ကားလမ်းကြောင်းများသည်လည်း စီးပွားရေးအရ
တွက်ခြေကိုက်စေရန် မြို့လယ်အခြေပြု လမ်းကြောင်းများသို့သာ
ပြေးဆွဲမှုခြင်းကြောင့် မြို့လယ်သို့ စုံပြုံတိုးခဲ့ကြသဖြင့်
ယာဉ်ကြောပိတ်ဆို့မှုများမှာ ဆိုးရွားလာသည်။
သို့ဖြစ်ရာ ယင်းသို့မြို့လယ်သို့ စုပြုံတိုးနေသည့်
အလုပ်အကိုင်များကို ဒုတိယ မြို့လယ်သို့ ခွဲထုတ်လိုက်ခြင်း၊
ဘတ်စ်ကား လမ်းကြောင်းများကို ခွဲထုတ်လိုက်ခြင်းအားဖြင့်
မြို့လယ်၏ သိပ်သည်းမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့လယ်ကို ခွဲထုတ်ရန် စဉ်းစားရာတွင်
လှိုင်သာယာကဲ့သို့ ဆင်ခြေဖုံး နေရာသို့လည်း ခွဲထုတ်လို့မရ၊
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လျာထားသည့် ကြည့်မြင်တိုင်
တစ်ဖက်ကမ်းကဲ့သို့ နေရာများသည်လည်း အဆင်မပြေနိုင်။
လက်ရှိ စီးပွားရေး အချက်အချာ နေရာများနှင့်လည်း
ချိတ်ဆက်မှုများစွာ အလှမ်းမဝေးနိုင်သည့် နေရာအား
စဉ်းစားခဲ့သည်။
သို့ဖြစ်၍ မြို့လယ်ဗဟို စီးပွားရေးဇုန်ကို ခွဲထုတ်ရန် ရန်ကုန်
မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မနယ်မြေကို
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အဖြစ် ရွေးချယ်ခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ၂၀၁၄ နှစ်ဆန်းပိုင်းက
တင်ပြခဲ့သည်။
■ ကနဦး မြေ ၃၆ ဧကကျော်မှာ လုပ်ဆောင်မယ်
ရန်ကုန်မြို့၏ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်အား
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ
မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် ဟိုတယ်၊
ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များ၊
အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့်
ရုံးခန်း အဆောက်အအုံနေရာများ ပါဝင်မည်ဟု သိရသည်။
ထို့ပြင် ယင်းနေရာများသို့ ပြေးဆွဲမည့် သီးသန့်ဘတ်စ်ကား
လမ်းကြောင်းများလည်း ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ရည်မှန်းထားသည်။
သို့သော် မြေ ၃၆ ဧက ဆိုသည်မှာ နည်းပါးသည့်ပမာဏ ဖြစ်သည်။
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ယင်းအကျယ်အ၀န်း
လောက်နှင့်တော့ အကောင်အထည်ဖော်ရန် ကျဉ်းမြောင်း
လှမည်ဟု ထင်မြင်မိသည်။
အဘယ်ကြောင့်ဆိုသော် တညင်းကုန်း ပြည်ပပို့ကုန်
ဟင်းသီးဟင်းရွက်နှင့် လက်ကားဈေးကြီးကို တစ်ခုတည်းကိုပင်
တညင်းကုန်းရှိ မြေ ၈၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည်
ဖြစ်ရာ ယခုစီမံကိန်း လုပ်ဆောင်လျှင်လည်း ဖိဖိစီးစီးဖြင့်
လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။
■ အခြေခံပြည်သူ အများစုနဲ့ နီးစပ်တဲ့ စီမံကိန်းဖြစ်ဖို့လည်း
လိုတယ်
ထိုသို့ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်ကို အကောင်အထည်
ဖော်သော်လည်း အခြေခံ ပြည်သူများနှင့် သက်ဆိုင်ခြင်း မရှိသည့်
လုပ်ငန်းများသာ ဖြစ်နေပါကလည်း အကျိုးရှိနိုင်မည်
မဟုတ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
“ပြည်သူ အများစုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆိုရင်တော့
တော်သေးတာပေါ့။ ရေပေါ်ဆီ လူတန်းစားတွေအတွက် ဆိုရင်တော့
အကျိုးမရှိနိုင်ဘူး။ ဒါကြောင့် ဒုတိယ မြို့လယ် စီးပွားရေးဇုန်မှာ
လုပ်မယ့် လုပ်ငန်းတွေကိုလည်း စဉ်းစားဖို့ လိုတယ်။
အခု မရမ်းကုန်းမှာ လုပ်မယ့် စီမံကိန်း ဈေးဝယ်စင်တာတွေပါမယ်
ပြောတယ်။ ဈေးဝယ်တဲ့ဆိုတဲ့ နေရာမှာလည်း
အရမ်းအကောင်းစားကြီးတွေလား။ လူထုတွေ ပါဝင်ပတ်သက်နိုင်တဲ့
ဆိုင်တွေ ဖြစ်ရဲ့လားဆိုတာ အရေးကြီးပါတယ်။ ဒါမှလည်း
လူတန်းစားပေါင်စုံ ဖြန့်ထုတ်နိုင်မှာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်
မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က သုံးသပ်သည်။
■ ကြန့်ကြာနေတဲ့ ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်
ယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ်
နှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့်
ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ
ခဲ့သည်။ အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင်
စတင်အကောင်အထည်ဖော်ရန် မှန်းထားခဲ့သော်လည်း တင်ဒါ
ရွေးချယ်မှု အပိုင်းတွင် ကြန့်ကြာခဲ့သဖြင့် ယခုထိ ဘာမှ
ဖြစ်မလာသေး။ ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှ စတင် တင်ဒါခေါ်ခဲ့သော
စီမံကိန်း ယခု ၂၀၁၅ နှစ်ကုန်ပိုင်းအထိ ဘာမှ ဖြစ်မလာသည့်
သဘော။
တင်ဒါ ရွေးချယ်မှုအပိုင်း တစ်ဖက်တွင်လည်း မြေပိုင်ဆိုင်မှုများ၊
ယင်းဧရိယာအတွင်း ပါဝင်သည့် မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများ
ပြောင်းရွှေ့ခြင်း ကိစ္စအတွက် အငြင်းပွားမှု စသည့်ပြဿနာ
များကြောင့် အကောင်အထည်ဖော်ရန် ကြန့်ကြာနေရခြင်းလည်း
ဖြစ်သည်။
သို့သော် ယခု မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများလည်း မင်္ဂလာဒုံ
ပုလဲသို့ ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်၍ အကောင်အထည်ဖော်ရန်
နီးလာချိန်တွင် ယင်းစီမံကိန်း တင်ဒါနှင့် ပတ်သက်၍ ကန့်ကွက်မှု
တစ်ခု ပေါ်ပေါက်လာခဲ့သည်။
လက်ရှိစီမံကိန်း တင်ဒါအား First Myanmar Construction
ကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ်သည်။
■ စီမံကိန်း တင်ဒါ ပြန်စိစစ်ပေးဖို့ တောင်းဆို
ယင်းစီမံကိန်းအတွက် တင်ဒါမှာ နိုင်ငံတော်အတွက်
ကျပ်ဘီလျံပေါင်းများစွာ နစ်နာသဖြင့် ပြန်လည် စိစစ်ပေးပါရန်
တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Pattko Global Development
ကုမ္ပဏီက ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေ
ဥယျာဉ်တွင် ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့သည်။
ယင်းကုမ္ပဏီက ၎င်းတို့ အနေဖြင့် တင်ဒါအောင်မြင်ခဲ့သည့်
First Myanmar Construction ကုမ္ပဏီထက် မြေငှားရမ်းမှုများ
ပိုပေးခဲ့သည့် အနေအထားအပေါ် ၎င်းတို့အား မရွေးချယ်ခဲ့ခြင်း
အပေါ် ယင်းတင်ဒါအား နိုင်ငံတကာက စစ်ဆေးခဲ့သည့် ပုံစံအတိုင်း
ပြန်လည်စစ်ပေးရန် တောင်းဆိုခဲ့သည့်အတွက် စီမံကိန်း
ဖော်ဆောင်ရန် နှောင့်နှေးသည့် အချက်တစ်ချက် ဖြစ်ပေါ်
လာခဲ့သည်။
■ အငြင်းပွားဖွယ် တင်ဒါကိစ္စ ဖြေရှင်းမယ်
ယင်းကိစ္စအပေါ် ဖြေရှင်းပေးမည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ ဦးခင်လှိုင်က
ပြောကြားထားပြီး တင်ဒါနှင့် ပတ်သက်သည့် ကန့်ကွက်သည့်
ကုမ္ပဏီထံမှ လိုအပ်သော စာရွက်စာတမ်းများကို
တောင်းခံထားသည်ဟု ဆိုသည်။
ယင်းသို့ အငြင်းပွားဖွယ် တင်ဒါကိစ္စများအပေါ် ဖြေရှင်းရန်မှာ
အချိန်ယူရမည့် ကိစ္စ ဖြစ်သဖြင့် စီမံကိန်း အခြေအနေမှာ
ထပ်မံကြန့်ကြာနိုင်မည့် သဘောဖြစ်နေသည်။
■ ဒုတိယ မြို့လယ် စီးပွားရေးဇုန် အလားအလာ
ယင်းသို့ အငြင်းပွားဖွယ် တင်ဒါကိစ္စများ ရှိနေသော်လည်း
အဆိုပါ စီမံကိန်းအား ၂၀၁၆ ခုနှစ်အတွင်း ဖော်ဆောင်နိုင်ရန်
စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။
အမှန်အားဖြင့် ဆိုပါက လက်ရှိ သိပ်သည်း ကျပ်တည်းမှု များပြား
နေသော ရန်ကုန် မြို့လယ်၏ အခြေအနေအား ရန်ကုန်မြို့နေ
လူထု သည်းမခံနိုင်တော့။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့်
ခရီးသွား ပြည်သူများ နေ့စဉ် ဒုက္ခများစွာ ခံနေရသည်။ မြို့လယ်သို့
အချိန်များစွာပေး၍ လာနေရသည်။ ကားပေါ်၊ လမ်းပေါ်တွင်သာ
တန်ဖိုးရှိလှသော အချိန်များစွာ ကုန်ဆုံးနေရသည်။
မိုးလင်းသည်နှင့် အိမ်ကထွက်၊ မိုးချုပ်မှသာ အိမ်သို့ ပြန်ရောက်သည့်
အတွက် မိသားစုကိုလည်း အချိန်မပေးနိုင်၊ တစ်ခါတစ်ရံ အိမ်မှ
မိသားစုများနှင့် တစ်ပတ်လုံး မတွေ့ရသည့် သူများပင် ရှိနေသည်။
သို့ဖြစ်၍ ယင်းစီမံကိန်းအား အမြန် အကောင်အထည်ဖော်ရန်
လိုအပ်နေပြီး ၂၀၁၆ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဟု
ပြောကြားထားသဖြင့် နောက် အစိုးရသစ်အား စောင့်ဆိုင်းနေသည့်
ပုံစံ ဖြစ်သည်။
■ ဒဂုံမြို့သစ်တွေလည်း ဒုတိယ မြို့လယ် စီးပွားရေးဇုန်
ဖြစ်နိုင်ခြေ ရှိတယ်
ဒုတိယ မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွက် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်သို့ တင်ပြခဲ့စဉ်က ယခု လျာထားသည့် ရန်ကုန်
မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် မင်းဓမ္မနယ်မြေတင် မကဘဲ
ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်များဖြစ်သော ဒဂုံမြို့သစ်
လေးမြို့နယ်တွင်လည်း အကောင်အထည်ဖော်ပေးရန်
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ တင်ပြခဲ့မှုကို
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောတူခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရန်ကုန်မြို့၏
ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ခွဲထုတ်ရန် မင်းဓမ္မ စီမံကိန်း
တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဒဂုံမြို့သစ် လေးမြို့နယ်ကိုပါ
လုပ်ဆောင်ပေးရန် တင်ပြခဲ့ခြင်းလည်း ဖြစ်သည်။
“မြို့လယ်ဗဟို စီးပွားရေးဇုန်ကို မြို့သစ်တွေကို ခွဲထုတ်လိုက်မှ
လုပ်ငန်းတွေလည်း လိုက်လာမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း
လျော့နည်းသွားမယ်။
ဥပမာ-အခု ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုများတဲ့ နေရာတွေမှာ
ပါတဲ့ ယုဇန ပလာဇာ၊ မင်္ဂလာဈေးလို နေရာမျိုးကို ဒဂုံမြို့သစ်ကို
ခွဲထုတ်လိုက်မယ်ဆိုရင် လုပ်ငန်းတွေ အဲဒီမှာ ဖြစ်သွားမယ်။
ဒါဆိုရင် ယာဉ်ကြောပိတ်ဆို့မှုလည်း သက်သာသွားမှာပေါ့” ဟု
ဦးကျော်က သုံးသပ်ပြောကြားသည်။
လွန်ခဲ့သည့် နှစ် ၂၀ ခန့် ကတည်းက စတင်အကောင်အထည်
ဖော်ခဲ့သည့် ဒဂုံမြို့သစ် လေးမြို့နယ်၏ လူဦးရေ သိပ်သည်းမှုနှုန်းမှာ
တစ်စတုရန်းမိုင်လျှင် ၅၀၀၀ ခန့်သာ နေထိုင်နေကြပြီး
ရန်ကုန်မြို့၏ လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံးနေရာဖြစ်သည်။
ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု
လိုအပ်ချက်များကြောင့် ယင်းနေရာများသို့ လူဦးရေ ဖြန့်ကြက်နိုင်မှု
အားနည်းပြီး အထူးသဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း
စသည်တို့တွင် လူဦးရေ သိသာစွာ နည်းပါးနေသည်။
သို့ဖြစ်ရာ ဒဂုံမြို့သစ် လေးမြို့နယ်တွင် ယခင် လျာထားခဲ့သည့်
ဘူတာကြီး စီမံကိန်းလည်း လုပ်ဆောင်ဖြစ်မည် ဆိုပါက
ဒုတိယ မြို့လယ် စီးပွားရေးဇုန် အတွက်လည်း များစွာ
အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
ထို့ပြင် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြေလွတ်များသည် မြို့ပြ အဖြစ်သို့
ပြောင်းလဲပြီးသား မြေများ ဖြစ်သောကြောင့် စီမံကိန်းများ
လုပ်ဆောင်ရန် လွယ်ကူပြီး ယင်းနေရာတွင် စီမံကိန်း
ဖော်ဆောင်နိုင်သည့် မြေဧက ၁၇၀၀၀ ခန့် ရှိနေသည်ဟု
သိရသည်။
■ ဒီစီမံကိန်းက နိုင်ငံတော်အတွက် မနစ်နာဖို့လည်း လိုတယ်
ဒုတိယ ဗဟိုစီးပွားရေးဇုန် တင်ဒါတွင် အငြင်းပွားနေသည့် ကိစ္စကို
ကြည့်လိုက်ပါက ကန့်ကွက်သည့် Pattko Global Development
ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction
ကုမ္ပဏီထက် မြေငှားရမ်းမှု ပိုပေးခဲ့သော်လည်း ၎င်းကို မရွေးသည့်
ကိစ္စဖြင့် အငြင်းပွားနေခြင်းဖြစ်သည်။
ယင်းအခြေအနေကို ပြန်လည် ခြုံငုံကြည့်လိုက်ပါက နိုင်ငံတော်
အတွက်လည်း ရသင့်ရထိုက်သည့် အခွန်အခ နှုန်းထားများ ရရှိရေး၊
သတ်မှတ်နှုန်းထားထက် လျော့နည်းစွာ မရရှိရေးတို့သည်လည်း
အရေးကြီးလှသည်။
ထို့ပြင် ယင်းစီမံကိန်းမှ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ မည်မျှ
ဆောင်နိုင်မည့် ကိစ္စကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇)
ဦးခင်လှိုင်က ပြောကြားသည်။
“ငွေကြေးအင်အား စာရင်းတွေအရ ဒီစီမံကိန်းအတွက် နှစ် ၇၀
ငှားမယ်ဆိုလည်း နှစ် ၇၀ အတွက်ကို ရေရှည် Plan ဆွဲခိုင်းဖို့
လိုတယ်။ ၁၀ နှစ်ပြည့်ရင် ငှားခ ဘယ်လောက်ဆိုပြီး။
ဒီငှားခဈေးက နစ်နာရင် တိုင်းပြည်အတွက်လည်း နစ်နာတယ်။
ဒါတွေလည်း တွက်ချက်ရမယ်။ ပြီးတော့ ဒီကနေ အခွန်
ဘယ်လောက်ရမလဲ။ အခု လောလောဆယ်မှာက
နှစ်တိုအတွက်ပဲ ကြည့်ကြတယ်” ဟု ဦးခင်လှိုင်က
ပြောကြားသည်။
(ကျော်ထင်)
credit - Eleven Media Group
(စာကြွင်း)
မူရင်း ဆောင်းပါးအားအနည်းငယ် ချုံထားကြောင်း
ဝန်ခံပါသည်။
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment