Tuesday, December 8, 2015
"တိုက်ခန်းဝယ်ရင် ဈေးဆစ်ဖို့က အဓိကလား၊ ပိုင်ဆိုင်မှု မှန်ကန်ဖို့က အဓိကလား"
"တိုက်ခန်းဝယ်ရင် ဈေးဆစ်ဖို့က အဓိကလား၊
ပိုင်ဆိုင်မှု မှန်ကန်ဖို့က အဓိကလား"
* "ဝယ်သူရဲ့ ဦးတည်ချက်က ဈေးဆစ်ဖို့၊
အကျိုးဆောင်က ပွဲဖြစ်ဖို့၊"
အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ပြုလုပ်ကြရာမှာ
ဝယ်ယူသူအများ စိတ်လောနေသည်က
ရောင်းသူခေါ်ထားတဲ့ဈေးကို အတက်နိုင်ဆုံး ဈေးဆစ်ဖို့သာ
အဓိကလို့ ထင်နေကြတယ်။
ပွဲစားဆိုသော ပုဂ္ဂိုလ်များကလည်း
အရောင်းအဝယ် ဖြစ်ဖို့ကိုသာ ဦးတည်ပြောဆိုတတ်ကြတယ်။
ပွဲစားဆိုတာကလည်း ပုထုဇဉ်ပဲလေ။
အရောင်းအဝယ်တည့်မှ ပွဲခရမှာ မဟုတ်လား။
အရောင်းအဝယ်ဆိုတာ ရောင်းသူ၊ဝယ်သူ
‘‘ လောဘလွန်ဆွဲပွဲ ’’။
ဒါကြောင့်
အရောင်းအဝယ် လုပ်ကြပြီဆိုလျှင် ‘‘လိုချင်မှုလောဘ’’ ကို
ရှေ့တန်းတင်ပြီး ရောင်းသူနဲ့ဝယ်သူများမှာ
ကိုယ်လိုရာဘက် ပါအောင် ‘‘လောဘလွန်ဆွဲပွဲ’’ ပြုလုပ်နေတာနဲ့
တူပါတယ်။
ကြည့်လေ …… အိမ်ခြံမြေရောင်းမယ့်သူကလည်း
ကာလပေါက်ဈေးထက် သူကြိုက်တဲ့ ‘‘အမြင့်ဆုံးဈေး’’ ကို
ခေါ်တယ်။
* "ရောင်းဈေးတစ်ခွန်းတည်း ပြောလို့မရ၊
ဈေးဆစ်တာက အလေ့အထ"
ဒီကြားထဲ
ပွဲစားကလည်း ဝယ်သူစိတ်ပါအောင် လှုံ့ဆော်
ပေးရသေးတယ်။
မြေရှင် ဒါမှမဟုတ် တိုက်ခန်းပိုင်ရှင်က ငွေလိုနေလို့ 
ရောင်းချင်တာကြာလှပြီ။
ဒီတော့ …. ကျောက်အရောင်းအဝယ် လုပ်သလိုပေါ့။
"ရောင်းသူတစ်ဆယ်၊ ဝယ်သူငါးကျပ် ဆိုတဲ့ စကား
ရှိတယ်လေ။ အကိုလည်း ကြိုက်နေတာပဲ
ဈေးဆစ်ကြည့်ပေါ့" … ဟု
‘‘ရေလာ မြောင်းပေး’’ ကြိုပြောထားတော့
ရောင်းသူနဲ့ ဝယ်သူ မျက်နှာချင်းဆိုင် တွေ့ရင်
‘‘ဈေးဆစ်’’ တာကတော့ မြန်မာလူမျိုးတို့ရဲ့ထုံးစံတစ်ခု
လိုတောင် ဖြစ်နေပြီလို့ ဆိုရမယ် ထင်ပါတယ်။
* "အတုမြင်၊ အတတ်သင်လာကြတဲ့ ကိုရီးယား"
မြန်မာလူမျိုးတွေရဲ့ လေသံလိုက်ပြီး၊
မြန်မာလူမျိုးတွေနဲ့ ဖက်စပ်လုပ်ကိုင်နေကြတဲ့ ကိုရီးယားလူမျိုး၊
ဂျပန်လူမျိုးတွေတောင် ဈေးဆစ်တတ်လာကြပြီ။
မှတ်မိလို့ ပြောရအုံးမယ်။
တစ်ခါက မြန်မာပိုင် မြေကွက်တစ်ကွက်ကို ကိုရီးယားလူမျိုးက
ငှားရမ်းပြီး ခြံစိုက်ပျိုး လုပ်ဖို့ အင်္ဂလိပ်လို စာချုပ်ချုပ်တဲ့အခါ
စာချုပ် စီစဉ်ပေးဖို့နဲ့ စာချုပ်ပေါ်မှာ အသိသက်သေ
လက်မှတ်ထိုးပေးဖို့ရှေ့နေခေါ်တဲ့အတွက်
ကျွန်ုပ် လိုက်ပါဆောင်ရွက်ပေးရဖူးတယ်။
စာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့အခါ ရှေ့နေဆောင်ရွက်ခ
ဘယ်လောက်ပေးရမလဲလို့ မေးတယ်၊
ကျွန်ုပ်က(နှစ်သိန်း)ပေးရမယ်လို့ ပြောတဲ့အခါ
အင်္ဂလိပ်လို ပြောနေတဲ့ ကိုရီးယားက
‘‘များတယ် ငါးသောင်း ကျပ်’’ ထားပါလို့
မြန်မာလို ပီပီသသ ပြောလိုက်တော့
ကျွန်ုပ်တောင် ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားတယ်။
သူ့ကို သဘောကျလို့ ‘‘ဟက်ဟက် ပက်ပက်’’
ရယ်မိခဲ့သေးတယ်။
သူတို့နိုင်ငံမှာ ရှေ့နေဆိုရင် အလွန်တန်ဖိုးထားတဲ့
လူမျိုးကတောင် မြန်မာပြည်လည်းရောက်လာရော
မြန်မာနည်း မြန်မာ့ဟန်၊ မြန်မာ့ထုံးစံကို လေ့လာထားပုံ
ရပါတယ်။
ရှေ့နေခ ဈေးဆစ်ဖို့ကျတော့ သွက်လိုက်တာ
ဈေးဆစ်ဖို့ အစောကြီးကတည်းက ‘‘ဗမာစကား’’
သင်ထားသလား မသိပါဘူး။
ဒါက စပ်မိလို့ ကိုယ်တွေ့လေးပြောပြတာပါ။
* "အရောင်းအ၀ယ် မလုပ်မီ
ပိုင်ဆိုင်မှု စစ်ဆေးဖို့က အဓိက"
အဲ ……. ပြောချင်တာက
*** ဝယ်သူတွေဟာ ရောင်းသူတွေထံက
ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို သေသေချာချာ
မလေ့လာရသေးဘဲနဲ့ ‘‘ ဈေးဆစ်’’ ကြတာကို တွေ့ရပါတယ်။
တကယ်တော့ အိမ်၊ ခြံ ၊မြေ / တိုက်ခန်း အရောင်းအဝယ်
ဈေးစကားမပြောမီ
ရောင်းသူရဲ့ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို
ပထမဆုံး စစ်ဆေးကြည့်ရမှာပါ။
တိုက်ခန်းဆိုရင် ကန်ထရိုက်တာထံက ဝယ်ထားတာလား။
ဒါမှမဟုတ် မြေရှင်က သူပိုင်တဲ့အခန်းကို ရောင်းတာလား။
ဒါမှမဟုတ် တိုက် မပြီးသေးဘဲနဲ့ ကြိုပွိုင့်ရောင်းတာလား
မေးမြန်းရမယ်။ ***
* "ကန်ထရိုက်တာထံက ဝယ်တဲ့ စာချုပ်လား၊
မြေရှင်ထံက ဝယ်တဲ့ စာချုပ်လား၊ ခွဲခြားပါ။"
*** ကန်ထရိုက်တာထံက တစ်ဆင့်ဝယ်တဲ့ တိုက်ခန်းဆိုရင် -
ကန်ထရိုက်တာနဲ့ ဝယ်ယူသူ တိုက်ရိုက်ချုပ်တဲ့ စာချုပ်တစ်ခုပဲ
ပေးလိမ့်မယ်။
ပြီးတော့ လူနေထိုင်ခွင့်လက်မှတ်( BCC ) မိတ္တူ ရမယ်။ ဒါဘဲ။
မြေရှင်ထံက ဝယ်တဲ့ တိုက်ခန်းဆိုရင် -
ကန်ထရိုက်တာနဲ့ မြေရှင်တို့ ချုပ်ဆိုထားတဲ့
နှစ်ဦးသဘောတူ ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့
စာချုပ်မိတ္တူ ပေးမယ်။
ပြီးမှ(BCC )မိတ္တူ ပေးမယ်။
ပြီးမှ မြေရှင်နဲ့ ဝယ်ယူသူ တိုက်ခန်းအရောင်းအဝယ်
စာချုပ်ချုပ်လိုက်ရုံပဲ။ ***
မြေရှင်ထံကတစ်ဆင့် ဝယ်ယူထားသူက
အဆင့်ဆင့်ပြန်ရောင်းတယ် ဆိုရင်တော့ အသိအမှတ်ပြုပေးဖို့
မြေရှင်လက်မှတ် ရေးထိုးခိုင်းလေ့ ရှိကြတယ်။
မြေရှင် လက်မှတ်ထိုးခ တိုက်ခန်းတန်ဖိုးရဲ့ ၁%၊ ၂ %
တောင်းလိမ့်မယ်။
ရေမီတာ၊ လျှပ်စစ်မီတာ၊ စည်ပင်အခွန်ပြေစာ၊
အခန်းငှားခ လစဉ်ပြေစာတွေကို ဝယ်ယူသူကိုပေးရမှာကတော့
ရောင်းသူရဲ့တာဝန်ပဲ။
* "ကြိုပွိုင့်အဆင့် ပြောင်းလေ၊ ကန်ထရိုက် ကြိုက်လေ"
ကြိုပွိုင့်တိုက်ခန်းတွေရဲ့ သဘောတရားကတော့
- ပထမဆုံး ကြိုပွိုင့်ဝယ်သူတွေက ကန်ထရိုက်တာထံက
တိုက်ဆောက်ဖို့ မြေမတိုင်းမီကတည်းက ဈေးနှုန်းချိုသာစွာနဲ့
ဝယ်တယ်။
- တိုက်ဆောက်လုပ်လို့ တစ်ထပ်၊ နှစ်ထပ် ရုပ်လုံးပေါ်လာရင်
အဲဒီကြိုပွိုင့်ကိုပဲ နောက်တစ်ဦးက လာဝယ်ပြန်တယ်။
- ဒီတော့ ပထမ ကြိုပွိုင့်ဝယ်ယူသူက အမြတ်တင် ရောင်းတယ်။
- ဒီတော့ ပထမဝယ်သူထားသူရဲ့ နာမည်ကနေ၊
ဒုတိယနာမည် ပြောင်းခ ကန်ထရိုက်တာကို ပေးရတယ်။
နာမည်ပြောင်းခ အနည်းဆုံး (၁၀)သိန်းလောက် ပေးရတယ်။
- တိုက်မပြီးခင် စပ်ကြား နောက်ထပ် အရောင်းအဝယ်ရှိတိုင်း၊
ကန်ထရိုက်တာက ရှေ့နည်းတူ ဆောင်ရွက်ပေးရတယ်။
- တစ်ဦးပြောင်းရင် (၁၀)သိန်း ရတဲ့ ကန်ထရိုက်တာက
ကြိုပွိုင့်စနစ် ဝယ်ယူသူပြောင်းလေ ကြိုက်လေပဲ။
- နောက်ဆုံးဝယ်ယူသူနဲ့ ကန်ထရိုက်တာနဲ့ အပြီးအပိုင်
အရောင်းအဝယ်စာချုပ် ချုပ်မှပဲ ကန်ထရိုက်တာ တာဝန်
ပြီးသွားတော့တယ်။
ဈေးကတော့ ကိုယ်ဝယ်တဲ့ ဈေးက သိန်း(၃၀၀) ဆိုပေမယ့်
ကြိုပွိုင့်ရောင်းတုန်းက ဈေးအတိုင်း
ဥပမာ- သိန်း(၁၅၀)ဆိုရင် အဲဒီဈေးနဲ့ပဲ ချုပ်ပေးတယ်။
ကန်ထရိုက်တာနဲ့ ဝယ်ယူသူ တိုက်ရိုက်စာချုပ်ရလို့
အဲဒီလိုဝယ်ထားတဲ့ တိုက်ခန်းမျိုးကို
ဝယ်သူအမည်ပေါက် တိုက်ခန်းလို့ တင်စားပြောလေ့ ရှိကြတယ်။
ဒီလိုတွေ သိနိုင်ဖို့အတွက် ဈေးဆစ်ဖို့ထက်
ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ မှန်ကန်မှု ရှိ၊မရှိ
အရင်စစ်ဆေးကြပါလို့ မှာကြားလိုက်ပါရစေ။
ခေတ္တရာ မြင့်အောင်( LL.B DML )
credit - iMyanmar House
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment