Tuesday, December 8, 2015

“မြန်မာ့အိမ်ခြံမြေအပေါ် မျှော်လင့်ချက်ထားလာကြတဲ့ သတင်းများ”


“မြန်မာ့အိမ်ခြံမြေအပေါ် မျှော်လင့်ချက်ထားလာကြတဲ့
သတင်းများ” 


၁။ "ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက
ရန်ကုန်မြေဈေး မြင့်တက်နိုင်"

ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက
ရန်ကုန်မြေ ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နိုင်ကြောင်း
House com mm မန်နေဂျင်း ဒါရိုက်တာ
Mr.Balaji Ramaswami က သုံးသပ်ပြောဆိုသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး
ကောင်းမွန်လာပြီဖြစ်သော အမေရိကန်နှင့် ဥရောပ စသည့်
နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်မှု
မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းကြသည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့
ဝင်ရောက်လာမယ်ဆိုရင်တော့ မြေဈေးနှုန်း မြင့်တက်မှုကို
ရင်ဆိုင် ရနိုင်တယ်။
နိုင်ငံတကာမှာလည်း ဒီလိုပဲ။ ဒါ
ပေမဲ့ ၀ယ်လိုအားများလာပြီဆိုတာနဲ့
ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြိုင်အဆိုင် လုပ်ကိုင်
လာလိမ့်မယ်''ဟု Mr.Balaji Ramaswami က ပြောသည်။

Directorate of Investment and Company
Administration (DICA) ၏ စစ်တမ်းများအရ
ယခင်အစိုးရ လက်ထက်တွင် အိမ်ခြံမြေကဏ္ဍ၌
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏ
၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကန် ဒေါ်လာ ၄၄၀ ဒသမ ၅ သန်းမှ
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၇၈၀ ဒသမ ၇ သန်းအထိ
မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ပရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာချိန်၌
နိုင်ငံတကာလုပ်ငန်းကြီးများ၏ အတွေ့ အကြုံများ၊
နည်းပညာအားသာမှုများနှင့်
ဘဏ္ဍာရေးဆိုင်ရာ တောင့်တင်းမှုများသည် စိန်ခေါ်မှု
ဖြစ်လာ နိုင်ကြောင်း သုံးသပ်ကြသည်။

ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ ထပ်မံဝင်ရောက်ရေးသည်
နောက်တက်လာမည့် အစိုးရသစ်အတွက် စိန်ခေါ်မှုသဖွယ်
ဖြစ်နေကြောင်းလည်း သုံးသပ်ကြသည်။

''ဈေးနှုန်းတွေ၊ ၀ယ်လိုအားတွေ ယှဉ်ပြိုင်လာနိုင်တယ်။
တဖက်က ပြန်ကြည့်ရင်လည်း ရင်းနှီးမြုပ်နှံမှုနဲ့အတူ
ရလာမယ့် နည်းပညာ၊ အလုပ်အကိုင်အခွင့် အရေး၊
နိုင်ငံတကာအတွေ့အကြုံတွေတော့ ရနိုင်တယ်''
ပြည်တွင်းရှိ လုပ်ငန်းရှင်တဦးက ပြောသည်။

(မင်းဗညား)

*****

၂။ "အရောင်းအ၀ယ် နည်းသော်လည်း အိမ်ခြံမြေဈေးနှုန်း
ပိုမိုမြှင့်တက်လာဟုဆို"

ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်တွင်
အရောင်းအ၀ယ် နည်းသော်လည်း ဈေးနှုန်း
ပိုမိုမြှင့်တက်လာသည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်
အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာပြီး
နောက်ပိုင်း ယခင် အကျဘက်သို့ ဦးတည်နေသော
အိမ်ခြံမြေ ဈေးကွက်သည် ဈေးနှုန်း ပိုမိုမြှင့်တက်လာကြောင်း
သိရသည်။

“အရင်နှစ်နှစ်လောက်တုန်းက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ
ဝင်လာမယ်ဆိုပြီးတော့ အိမ်ခြံမြေလုပ်ငန်းက အရောင်းအ၀ယ်
တော်တော်သွက်ခဲ့တယ်။
ခုနောက်ပိုင်း နိုင်ငံရေး အကူးအပြောင်းပေါ် မူတည်ပြီး
အရောင်းအ၀ယ်ကတော့ ခါတိုင်းလောက် မသွက်တော့ပေမယ့်
မြေဈေး၊ အိမ်ဈေးကတော့ ပိုပြီးမြင့်လာတယ်”ဟု
ဒဂုံမြို့သစ် အရှေ့ပိုင်း ထွန်းအိမ်ခြံမြေ အကျိုးဆောင်မှ
ကိုအောင်စိန်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင်
၂၀၁၂ ခုနှစ်ခန့်က လမ်းမတန်းတွင်ရှိသော
မြေဈေး ကျပ်သိန်း (၆၀၀၀) ခန့်မှာ ယခုအခါ သိန်း (၈၀၀၀)မှ
(၃၀၀၀၀) အထိရှိနေကြောင်း သိရသည်။
ယင်းဈေးနှုန်းမှာ အဆောက်အအုံ မပါရှိဘဲ
မြေကြီး ဈေးသက်သက် ဖြစ်သည်။

“မြေကြီးက တန်ဖိုးရှိလာတယ်ပေါ့။
အခုက အစိုးရကလည်း ပြောင်းပြီ။
ရင်းနှီး မြှုပ်နှံမှုကလည်း ၀င်ရောက်လာပြီ။
မြေရှင်တွေကလည်း ပိုက်ဆံတန်ဖိုး တက်လာဖို့ကို
ကိုင်စောင့်နေသလိုပဲ။ ဒါကြောင့် အရောင်းအ၀ယ် နည်းတယ်။
နောက်ပိုင်း နိုင်ငံခြားသားတွေက လုံးခြင်းအိမ်တွေကို
ပိုစိတ်ဝင် စားလာတာလည်း ပါတယ်”ဟု မြေကွက်
အရောင်းအ၀ယ် လုပ်နေသော ဦးထွန်းထွန်းခိုင်က ဆိုသည်။

ထိုကဲ့သို့ အိမ်ခြံမြေအရောင်းအ၀ယ် နည်းရခြင်း
အကြောင်းအရင်းများတွင် မြို့စွန်များရှိ အိမ်ခြံမြေများတွင်
ကန်ထရိုက်အပ်၍ အထပ်မြင့် ဆောက်လုပ်သော စီးပွားရေး
ဈေးကွက် ထွက်ပေါ်လာခြင်းနှင့် ဆက်စပ်မှု ရှိကြောင်းလည်း
သိရသည်။

*****

၃။ "မြန်မာ့အိမ်ခြံမြေကဏ္ဍ ထိုင်းထက်ပို၍ ဖွံ့ဖြိုးလာနိုင်"

အာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC) ပါဝင်သော
နိုင်ငံများတွင် မြန်မာနိုင်ငံ၏  အိမ်ခြံမြေကဏ္ဍသည်
အခြားနိုင်ငံ များထက်ပို၍ စိတ်ဝင်စားဖွယ် ဒေသဖြစ်ကာ
ထိုင်းနိုင်ငံထက်ပို၍  ဖွံ့ဖြိုးလာနိုင်ဖွယ်ရှိကြောင်း
မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှု အသင်း MRESE 
ဥက္ကဋ္ဌဦးခင်မောင်သန်းက ယမန်နေ့က အစည်းအဝေးပွဲတွင်
သုံးသပ်ပြောသည်။

“မြန်မာနိုင်ငံက အာဆီယံအပါအ၀င် ကမ္ဘာနိုင်ငံတွေရဲ့
စိတ်ဝင်စားဖွယ် အကောင်းဆုံး ဒေသတစ်ခု ဖြစ်နေတယ်။
လာမယ့် AEC မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောက က
ထိုင်းနိုင်ငံထက်စာရင်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်”ဟု
၎င်းကပြော သည်။

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC)
ထူထောင်ရန် လုပ်ငန်းစဉ်တွင် (၉၀)ရာခိုင်နှုန်းကျော်အထိ
ပြီးစီးနေပြီ ဖြစ်သည်။

ယင်းအာဆီယံစီးပွားရေး အသိုက်အ၀န်း (AEC)ကို
လာမည့် ၂၀၁၆ခုနှစ်တွင်  စတင်ရန်ရည်ရွယ်ထား သည်။
ယင်းကဲ့သို့ အာဆီယံစီးပွားရေး  အသိုက်အ၀န်း
ပေါ်ပေါက်လာပါက မြန်မာနိုင်ငံ၏  အိမ်ခြံမြေကဏ္ဍအား 
ဒေသတွင်းနိုင်ငံများ  ထက်ပိုမို၍ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန်
အလားအလာကောင်းများ ရှိနေကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“AEC  ပေါ်လာရင် ဒေသအတွင်း ၀န်ဆောင်မှုတွေ
စီးဆင်းလာမယ်။
နိုင်ငံခြားကလူတွေ ၀င်ရောက်လာမယ်။
အဲလိုဝင် ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့
အကျိုးဆောင်တွေက ကြိုတင်ပြင်ဆင် ထားဖို့လိုတယ်”
House Com မှ အရောင်း တာဝန်ခံအရာရှိ
ဦးအောင်ကိုကိုဦးက ဆိုသည်။

ဒေသအတွင်း ဈေးကွက် အခြေအနေများအရ 
မြန်မာနိုင်ငံ၏  အိမ်ခြံမြေဈေးနှုန်းသည် အခွင့်အလမ်းများစွာ
ရှိကာ ပြည်ပနိုင်ငံများမှ ၀င်ရောက်လုပ်ကိုင်လာနိုင် ကြောင်း
MRESE  မှ ဗဟိုကော်မတီဝင် ဦးကျော်တင်က ဆိုသည်။

ယင်းကဲ့သို့ဝင် ရောက်လုပ်ကိုင်လာပါက
မြန်မာနိုင်ငံ၏ အိမ်ခြံမြေအကျိုးဆောင်များသည်
နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ရန်
လိုအပ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ် အခြေအနေများအရ
ပြောင်းလဲလာမည့် မူဝါဒအပေါ်မူတည်၍
အိမ်ခြံမြေကဏ္ဍ ပြောင်းလဲ စေနိုင်ကြောင်း
ဈေးကွက်ကျွမ်းကျင်သူများ ကလည်း သုံးသပ်ထားသည်။

(ဇေယျာဟိန်း)

credit - News Watch & messenger news journal

No comments:

Post a Comment