Friday, December 18, 2015
“Yangon Stock Exchange Market (YSX)”
“Yangon Stock Exchange Market (YSX)”
(အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
အနာဂတ် မြန်မာ့စီးပွားရေးကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ
ပါဝင်ပတ်သက်လာမည့် “စတော့ဈေးကွက်” အကြောင်းကို
မိတ်ဆွေများ ဖတ်ရှု လေ့လာ ဝေဖန် သုံးသပ်နိုင်ရန် စုစည်းပြီး
တင်ပေးလိုက်ပါသည်။)
၁။ "စတော့ဈေးကွက် သတိတမန် ဉာဏ်မြေကတုတ်"
စတော့ဈေးကွက် ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာ့ စီးပွားရေး
သမိုင်းတွင် မှတ်တိုင်ကြီးတစ်ခု ဖြစ်သော်လည်း
သတိထားနိုင်ပါမှ အဓွန့်ရှည်မည်။
၂၀၁၆ တွင် နိုင်ငံရေးစနစ် နောက်တစ်ဆင့် ပြောင်းလဲမည်ကို
နိုင်ငံတကာနှင့် ပြည်တွင်းကပါ တစ်ခဲနက် လက်ခံသည့်အတွက်
နိုင်ငံရေးနှင့် အတူတကွ စီးပွားရေးလည်း ပွင့်လင်းလာတော့မည်
ဖြစ်သောကြောင့် စတော့ဈေးကွက် ဖွင့်လှစ်ခြင်းမှာ
အချိန်ကောင်းဖြစ်သည်။
ယခု Stock Exchange သည် သူကိုယ်တိုင် စတင်လည်ပတ်ခြင်း
ဖြစ်ပြီး စာရင်းဝင်မည့် ကုမ္ပဏီများသည် ဖေဖော်ဝါရီ၊
မတ်လလောက်မှ စတင် ဝင်ရောက်လာမည် ဖြစ်သည်။
မြေ၊ ရွှေနှင့် ဒေါ်လာဈေးကွက်တွင်းသို့ ရောက်လေ့ရှိသော ငွေများ၊
ဖျာအောက်တွင် ထားသော ငွေများသည် နိုင်ငံ့စီးပွားရေးကို
အထောက်အကူ မပြုသော်လည်း စတော့ဈေးကွက် မရှိသဖြင့်
ပိုလျှံငွေများ၊ စုဆောင်းငွေများသည် ထိုနေရာများသို့သာ
စီးဝင်သွားကြသည်။
စတော့ဈေးကွက် ရှိလာသည့်အတွက် မြန်မာပြည်သူပြည်သားတို့
လက်ထဲမှ ငွေများသည် စတော့ဈေးကွက် မှတစ်ဆင့် စီးပွားရေး
လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အရင်းအနှီးများ အဖြစ်သို့
ရောက်ရှိသွားမည် ဖြစ်သည်။
* ကုမ္ပဏီများက စတော့ရှယ်ယာ ရောင်းခြင်းသည် လုပ်ငန်း
တိုးချဲ့ရန် အတွက် အရင်းအနှီးရရန် မိမိကုမ္ပဏီကိုဖဲ့ပြီး
ရောင်းခြင်းဖြစ်သည်။
* စတော့ရှယ်ယာဝယ်ခြင်းသည် ငွေကုန်သည်ချင်း တူသော်လည်း
ဘဏ်အပ်ခြင်း၊ မြေ၊ ရွှေ၊ ဒေါ်လာဝယ်ခြင်းနှင့် မတူသည်မှာ
မိမိသည် သက်ဆိုင်ရာ ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သွားခြင်း ဖြစ်သည်။
* ဝယ်ယူသည့် ပမာဏပေါ်မူတည်ပြီး ကုမ္ပဏီ တစ်ထောင်ပုံတစ်ပုံ၊
တစ်သန်းပုံတစ်ပုံ စသည်ဖြင့် ပိုင်ဆိုင်သွားသည်။
* မိမိ ရှယ်ယာဝယ်ထားသော ကုမ္ပဏီမြတ် စွန်းလျှင်
မိမိမြတ်စွန်းပြီး ကုမ္ပဏီရှုံးလျင် မိမိလည်း လိုက်ရှုံးသည်။
* ကုမ္ပဏီအနေနှင့် ဘဏ်မှ ငွေချေးပြီး လုပ်ငန်းလည်ပတ်ခြင်းကဲ့သို့
ရှယ်ယာရှင်ကို ရှုံးလည်း ငွေပြန်ပေးရန်မလို။
ထို့ကြောင့်
* အလုပ်အကိုင်ကောင်းသော၊ အုပ်ချုပ်မှုကောင်းသော ကုမ္ပဏီကို
ဝယ်မိမှ မိမိရှယ်ယာများ အခြေအနေကောင်းမည်။
* အခြေအနေ ကောင်းသော ရှယ်ယာသည် အမြတ်အစွန်း
ကောင်းမည်ဖြစ်သလို ရှယ်ယာဈေးလည်း လိုက်တက်နိုင်သည်။
* ထိုရှယ်ယာများကို ကိုင်မထားချင်သောကြောင့် ပြန်ရောင်းလျှင်
ထပ်မံမြတ်စွန်းဦးမည် ဖြစ်သည်။
* ရှယ်ယာဝယ်မည့် ရှယ်ယာရှင်များအတွက် ကုမ္ပဏီများကောင်းရန်
အရေးကြီးသကဲ့သို့ စတော့ဈေးကွက် အောင်မြင်စေရန်
အတွက်လည်း ကုမ္ပဏီကောင်းများကို စစ်ဆေး ထည့်သွင်းနိုင်ရန်
အဓိကကျသည်။
* နာမည်ကောင်းသော၊ ကုန်ထုတ်လုပ်မှု ကောင်းသော၊ စီမံခန့်ခွဲ
အုပ်ချုပ်မှု ကောင်းသောကုမ္ပဏီများ ပါဝင်မှသာ စတော့
ဈေးကွက်သည် အောင်မြင်မည် ဖြစ်သည်။
* မခိုင်မာသော ကုမ္ပဏီများကို ထည့်သွင်းမိသည့်အတွက်
စတော့ဈေးကွက်တွင် စာရင်းဝင်မှ ထိုကုမ္ပဏီများ အရှုံးကြီးရှုံးလျှင်
စတော့ဝယ်မည့်သူများ လန့်ပြီး စတော့ဈေးကွက် အထိနာပေမည်။
* တစ်ကြိမ် အထိနာလျှင် နာလန်ပြန်ထူရန် ခက်ခဲသည်။
* အထူးသဖြင့် စတော့ဈေးကွက် အစတွင် ကုမ္ပဏီများများ
ဝင်စေခြင်းထက် ဆန်ခါစိပ်စိပ်ဖြင့် အကြိမ်ကြိမ် တိုက်ချပြီး
အရည်အသွေးမြင့်မြင့် လက်ရွေးစင် ဒေါင်ဒေါင်မြည်များ ကိုသာ
ထည့်သွင်းသင့်သည်။
ယခုလောလောဆယ်တွင် ကုမ္ပဏီခြောက်ခု ဝင်ခွင့်ရထားသည့်
အတွက် ခိုင်မာထက်မြက်သော ကုမ္ပဏီများ ဖြစ်မည်ဟု မျှော်လင့်
ရသည်။
ကမ္ဘောဒီးယား စတော့ဈေးကွက်သည် ၂၀၁၁ တွင်လည်းကောင်း၊
လာအို စတော့ဈေးကွက်သည် ၂၀၁၀ တွင်လည်းကောင်း
မြန်မာစတော့ ဈေးကွက်ထက် အရင် ဖွင့်လှစ်ခဲ့ကြသော်လည်း
မအောင်မြင်ကြ။
လူဦးရေ ၁၅ သန်းရှိသော ကမ္ဘောဒီးယား၏ စတော့ဈေးကွက်
ကျရှုံးရခြင်း၏ အဓိက အချက်မှာ Corporate Governance ခေါ်
ကုမ္ပဏီများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု ယန္တရား အားနည်းသောကြောင့်
ဖြစ်သည်။
*** မြန်မာကုမ္ပဏီများ အုပ်ချုပ်မှုယန္တရား၏
အားနည်းချက် တစ်ရပ်မှာ
ပိုင်ရှင်နှင့် စီမံခန့်ခွဲမှု (Ownership and Management) မကွဲခြင်း
ဖြစ်သည်။
မိသားစုကုမ္ပဏီများမှ တက်လာခြင်း ဖြစ်လျှင်
Professional ဖြစ်သည့် CEO စသူတို့ကို လွှဲအပ်ထားသော်လည်း
အမည်ခံမျှသာ ဖြစ်တတ်သည့် အတွက် ကုမ္ပဏီ လည်ပတ်ရာတွင်
ဟာကွက်များရှိလျှင် ဟိုအမျိုးငဲ့၊ သည်အမျိုးငဲ့နေရ သည့်အတွက်
အကောင်းဆုံး မဖြစ်တတ်ကြ။
ထိုသို့ အားနည်းလျှင် ကုမ္ပဏီကြီးများ ဖြစ်သည့်တိုင်
စတော့ဈေးကွက်တွင်း ဝင်မရနိုင်။
ကံစွပ်ပြီး စတော့ဈေးကွက်စာရင်း ဝင်သော်လည်း ရေရှည်မခံနိုင်။
ထိုကုမ္ပဏီများ ရေတိုအတွင်း ထိလျှင် စတော့ဈေးကွက် ကိုပါ
ဆွဲချသွားပေလိမ့်မည်။ ***
နောက်တစ်ချက်မှာ ပွင့်လင်းမြင်သာခြင်း။
*** စတော့ဈေးကွက်တွင်းရှိ ကုမ္ပဏီများသည် ပွင့်ပွင့်လင်းလင်း
မြင်မြင်သာသာ အလုပ် လုပ်ကြရသည်။ သို့မှသာ နောက်ကွယ်တွင်
အရှုပ်အရှင်းများ မရှိကြောင်း စတော့ဝယ်ယူသူများက သိပြီး
စိတ်ချလက်ချ ဝယ်ယူနိုင်မည် ဖြစ်သည်။
မြန်မာ ကုမ္ပဏီများသည် တိုးတိုးတိတ်တိတ် အလုပ်လုပ်ရသော
စီးပွားရေး ယဉ်ကျေးမှုနှင့် အသားကျနေကြသဖြင့်
စတော့ဈေးကွက်တွင်း ဝင်ရန် အခက်အခဲရှိကြမည် ဖြစ်သည်။
စတော့ဈေးကွက်ဝင် ကုမ္ပဏီ (Listed Company) တို့သည်
အများတကာ မျက်စိရှေ့တွင် နေရသည်ဖြစ်ရာ အများတကာ
သိသင့်သိထိုက်သော သတင်းတို့ကို ပေးရမည်ဖြစ်သလို
သိသင့် သိထိုက်သည်များကို မေးမြန်းသော သတင်းမီဒီယာ
တို့ကိုလည်း စိတ်ရှည်လက်ရှည် ဖြေကြားရမည်။
သတင်း သိလိုသူများကို ရှောင်ရှား နေလျှင် တစ်စုံတစ်ရာ
ဖုံးကွယ်လိုခြင်းဟု သဘောပေါက်သွားကြလျှင်
ကုမ္ပဏီ၏ စတော့ဈေးများ ထိုးကျသွားနိုင်သည်။
အမှောင်နောက်တွင် နေလိုသူများ ဦးဆောင်သော ကုမ္ပဏီသည်
မည်မျှကြီးကြီး စတော့ ဈေးကွက်ဝင်ရန် မသင့်။
မိမိ၏ စိတ် (Mindset) ကို ပြင်နိုင်မှသာ စတော့ဈေးကွက်
ဝင်သင့်သည်။ ***
စတော့ဈေးကွက် အောင်မြင်ရန်အတွက် စတော့ရှယ်ယာများ၏
ဈေးနှုန်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း ဖြစ်နေရန်လိုသည်။
တရုတ်ပြည်တွင် ရှယ်ယာဈေးနှုန်းများ ဖြစ်သင့်သည်ထက်
များစွာ ပိုနေသဖြင့် ရှယ်ယာဈေးများ ထိုးကျပြီး ဈေးကွက်
ပျက်သွားသည်ကို မြင်ခဲ့ရပြီ။
မြန်မာနိုင်ငံတွင် မြေဈေးများ ဖြစ်သင့်သည်ထက် အဆမတန်
တက်သွားသည့်အတွက် ဝယ်သူရောင်းသူ ရှားပြီး အရောင်းအဝယ်
အေးခဲသွားသည်မှာလည်း ထိုသဘောပင် ဖြစ်သည်။
စတော့ရှယ်ယာတွင်လည်း ဈေးဆွဲတင်သူများ၊ ဈေးဆွဲချသူများ
ရှိမည်ဖြစ်ရာ ဖြစ်သင့်ဖြစ်ထိုက်သောဈေး ဖြစ်ရန် ထိန်းကျောင်း
ရမည်။
Insider Trading ခေါ် အတွင်းသတင်း ရထားသူများ
လက်သိပ်ထိုး ရောင်းဝယ်ခြင်းမျိုးကိုလည်း မဖြစ်အောင်
ကာကွယ်နိုင်ရန် အရေးကြီးသည်။
* စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမည့်သူများ သည်လည်း
စတော့ရှယ်ယာ တန်ဖိုးကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန်
အရေးကြီးသည်။
* ဈေးဆွဲတင် ဆွဲချသူများနောက် လိုက်မယောင်မိစေဘဲ
ကိုယ်ပိုင်ဉာဏ်ဖြင့် အကဲဖြတ်ရမည်။
သို့မဟုတ်လျှင် စုထားဆောင်းထားသမျှ တစ်ချီတည်းနှင့်
ပါသွားမည် ဖြစ်သည်။
* မြန်မာပြည်သည် ကောလာဟလကြီးစိုးပြီး ကောလာဟလကို
ယုံလွယ်ကြ သည့်အတွက် စတော့ဈေးကွက် သည်လည်း
ထိုဒဏ်ကို ခံနိုင်ရမည်။
* သို့မဟုတ်လျှင် Facebook မှ အမျိုးအမည်မသိသူ
တစ်ယောက်က ဆွလိုက်၊ လွှင့်လိုက်သည်နှင့် အားလုံး တစ်နွယ်ငင်
တစ်စင် ပါသွားနိုင်သည်။
မြန်မာ့သမိုင်းတွင် ပထမဆုံးသော စတော့ဈေးကွက်
ပေါ်ထွန်းလာခြင်းကို ကြိုဆိုပါသည်။ စတော့ဝယ်ယူသူများ၊
စာရင်းဝင်ကုမ္ပဏီများ၊ စတော့ဈေးကွက် စီစဉ်သူများနှင့်
ကြီးကြပ်သူများအားလုံး သတိတမန် ဉာဏ်မြေကတုတ် နိုင်မှသာ
စတော့ဈေးကွက် အသက်ရှည် အောင်မြင်မည် ဖြစ်သည်။
လောဘ ရှေ့မဆောင်စေလို။
(ေဇယ်သူ)
*****
၂။ "မြန်မာ့ပထမဆုံး စတော့ရှယ်ယာဈေးကွက်လာပြီ"
မြန်မာနိုင်ငံ၏ ပထမဆုံးသော စတော့ရှယ်ယာဈေးကွက်ကို
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ
ကျောက်တုံးများနှင့် တည်ဆောက်ထားသော
သက်တမ်း ၈၀ ကျော်ရှိ အဆောက်အအုံတွင် ဒီဇင်ဘာ ၉ ရက်၌
စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှ စတင်အကောင်အထည်
ဖော်ရန် ကြိုးစားခဲ့ပြီး သုံးနှစ်ကြာမြင့်ချိန်တွင် လက်တွေ့
ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့ရှယ်ယာဈေးကွက်
(Yangon Stock Exchange Market)အတိုကောက် YSX ကို
အစိုးရက ဂျပန်ဒိုင်ဝါကုမ္ပဏီ၏ နည်းပညာအကူအညီပေးမှုများ၊
ဂျပန်အစိုးရ၏ အကူအညီများဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း
ဖြစ်သည်။
(ပြည်သိမ်း)
*****
၃။ "စတော့အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာ ထုတ်ရောင်းရန်
လတ်တလော အများပိုင် ကုမ္ပဏီ ၆ ခု ခွင့်ပြု"
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့ အိတ်ချိန်း ဖြစ်သည့်
ရန်ကုန်စတော့ အိတ်ချိန်း Yangon Stock Exchange (YSX) ကို
ဖွင့်လှစ်ပြီး ရှယ်ယာ ထုတ်ရောင်းရန် အတွက် လတ်တလော
အများပိုင် ကုမ္ပဏီ ၆ ခု ဖွင့်လှစ် ခွင့်ပြုထားကြောင်း
စတော့ အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက
ပြောကြားသည်။
အဆိုပါ ခွင့်ပြုထားသည့် ကုမ္ပဏီများသည် ပ
ထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လိမိတက် (FMI)၊
ပထမ ပုဂ္ဂလိကဘဏ်၊
Great Hor Kham Public Co,.Ltd၊
Myanmar Agribusiness Public Co,.ltd၊
မြန်မာနိုင်ငံသားများ ဘဏ်နှင့်
မြန်မာသီလဝါ အများပိုင် ကုမ္ပဏီတို့ ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။
စတော့ အိတ်ချိန်း ရှယ်ယာ ရောင်းဝယ်မှုများကို ၂၀၁၆ ခုနှစ်
မတ်လဆန်းတွင် ရောင်းဝယ်မှုများ စတင် ဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။
ရန်ကုန် စတော့ အိတ်ချိန်းကို မတည်ငွေ ကျပ် ၃၂ ဘီလီယံဖြင့်
တည်ထောင်ထားခြင်း ဖြစ်ပြီး
ဒိုင်းဝ အင်စတီကျုက ရှယ်ယာ ၃၀.၅ ရာခိုင်နှုန်း၊
မြန်မာ့ စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး
ကျန် ၁၈.၆ ရာခိုင်နှုန်းကို ဂျပန် အိတ်ချိန်း အုပ်စုက
ပိုင်ဆိုင်သည်။
ရန်ကုန် စတော့ အိတ်ချိန်းကို အဝယ်အရောင်း အော်ဒါအဖြစ်
နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ်
ဆောင်ရွက်သွားမည် ဖြစ်သည်။
*** နိုင်ငံခြားသားများ၊ နိုင်ငံခြား ကုမ္ပဏီများမှာမူ
ရန်ကုန် စတော့ အိတ်ချိန်းတွင် ရှယ်ယာဝယ်ခွင့် ရရှိမည်
မဟုတ်သကဲ့သို့
ကျပ်သိန်းတစ်ထောင်ဖိုးနှင့် အထက်
ရှယ်ယာ ဝယ်သူများသည်လည်း ပြည်ထဲရေး လက်အောက်ရှိ
ငွေကြေး ခဝါချမှု စုံစမ်းရေး အထူးအဖွဲ့၏ ငွေရလမ်း ဇစ်မြစ်
စုံစမ်း စစ်ဆေးမှုကို ခံရမည် *** ဟု
ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။
credit – the voice Myanmar/ 7day daily
& Xinhua Myanmar
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment