“မကြာမီ စတင်တော့မည့် အနောက်တောင်မြို့သစ်စီမံကိန်း
နှင့် တတ်ရိပ်ပြလာသည် ဆိုသော ဒလနှင့် သန်လျင်
အိမ်ခြံမြေဈေးကွက်”
၁။ "ရန်ကုန်မြို့သစ် စီမံကိန်း၏ အနောက်တောင် မြို့သစ်
စီမံကိန်း စတင်တော့မည်ဖြစ်ပြီး ထန်းတပင်မြို့သစ် စီမံကိန်း
ကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေကာ ရန်ကုန်မြို့
ဟန်ချက်ညီ တိုးတက်စေရေး မြို့စွန်မြို့နယ်များ ဖွံ့ဖြိုး
တိုးတက်ရန် ပိုမိုလုပ်ကိုင်ဖို့ လိုအပ်နေဟုဆို"
ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ အနောက်တောင်မြို့သစ်
စီမံကိန်း စတင်တော့မည်ဖြစ်ပြီး ထန်းတပင်မြို့သစ် စီမံကိန်း
ကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေကာ ရန်ကုန်မြို့
ဟန်ချက်ညီ တိုးတက်စေရေး မြို့စွန်မြို့နယ်များ ဖွံ့ဖြိုး
တိုးတက်ရေး ပိုမိုလုပ်ကိုင်ရန် လိုအပ်လာနေသည်ဟု
ပြည်တွင်းအိမ်ခြံမြေ ၀က်ဘ်ဆိုက်ဖြစ်သည့်
House com mm က သြဂုတ် ၅ ရက်တွင်
သတင်းထုတ်ပြန်သည်။
နှစ်စဉ်တိုးတက်လာနေသည့် ရန်ကုန်မြို့နေ လူဦးရေနှင့်
လိုက်ဖက်မှုရှိပြီး သာယာလှပသော မြို့တော်ကြီးတစ်ခုအဖြစ်
ဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များအားလုံး
ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လိုအပ်လာပြီး
ရန်ကုန်မြို့စွန်ရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပိုမို
လုပ်ကိုင်ရန် လိုအပ်လာနေခြင်းနှင့် ပတ်သက်၍ အကြံပြုသည့်
ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်
တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူအချို့ကို မေးမြန်းကာ ထုတ်ပြန်ထားသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ၂၀၄၀
စီမံကိန်းကို အခြေခံပြီး မြို့သစ်ခုနစ်မြို့နယ် တိုးချဲ့ရန် လျာထား
စီမံကိန်း ရေးဆွဲထားပါတယ်။ ဒါ့အပြင် ရေပေးဝေမှု၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေး၊
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတို့ကို ကဏ္ဍအလိုက် သီးခြား
လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ထန်းတပင် မြို့သစ်စီမံကိန်း
ကို ကုလသမဂ္ဂနှင့် ပူးပေါင်းရေးဆွဲနေပြီး အနောက်တောင်မြို့သစ်
စီမံကိန်းကိုလည်း အရင်လွှတ်တော်က အတည်ပြုပြီးတဲ့အတွက်
မကြာမီစတင်တော့မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု
ဌာန၊ မြို့ပြစီမံကိန်း ဌာနခွဲ ဌာနခွဲမှူး ဒေါ်စောစန္ဒာဦးက
ပြောကြားသည်။
မြို့စွန်ရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ
လုပ်ဆောင်ရန် လိုအပ်နေသော်လည်း ဘက်ဂျက်လိုအပ်ချက်
ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောကြားထားပြီး ဦးဖြိုးမင်းသိန်း၏
ပြောကြားချက်အရ ရန်ကုန်တိုင်းအတွက် စုစုပေါင်းအသုံးစရိတ်
ကျပ်ဘီလျံ ၄၀ မှ အဆိုပါ မြို့စွန်ရှိမြို့နယ် ၁၂ မြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်အဖြစ် ၁၅ ရာခိုင်နှုန်း
ခြောက်ဘီလျံကျပ်ခန့် လျာထားကြောင်း သိရသည်ဟုလည်း
အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အစိုးရသစ်အနေနဲ့ မြို့စွန်ရှိ မြို့နယ် ၁၂ ခုရဲ့ ဟန်ချက်ညီတဲ့
တိုးတက်မှုကို ပြုလုပ်ဖို့ ရည်ရွယ်လာတဲ့အခါမှာ ငွေကြေးတစ်ရပ်
လိုအပ်လာခြင်းက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
ဒီလိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက်
public-Private-Partnership (PPP) စနစ်၊
Build-Operate-Transfer (BOT) စတဲ့စနစ်တွေကို ကောင်းမွန်
စနစ်တွေအဖြစ် ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
Public နဲ့ Private Sector တို့ ပူးပေါင်းလုပ်ဆောင်ချက်တွေ
ဖြစ်တဲ့ မန္တလေး-မူဆယ် အမြန်လမ်းမကြီး၊ မြန်မာပလာဇာနဲ့
Lake Suites တို့ဆိုရင်လည်း ကောင်းမွန်အောင်မြင်တဲ့
ပူးတွဲလုပ်ဆောင်မှုတွေ ဖြစ်ပါတယ်” ဟု Housecommm ၏
Managing Director ဖြစ်သူ Mr. NiteshKhirwal ကဆိုသည်။
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ
ရန်ကုန်မြို့ကို မြို့တိုးချဲ့ရန်
- ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊
- ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်)
၂၁၇၁၆ ဧက၊
- သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
- ဒလမြို့သစ် ၁၅၁၇၃ ဧက၊
- ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊
- မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
- လှည်းကူးမြို့သစ် ၆၉၃၃ ဧကစုစုပေါင်း ၁၁၈၇၃၂ ဧက
လျာထားကြောင်း ယခင်အစိုးရ လက်ထက်က ထုတ်ပြန်ခဲ့သည်။
ယင်းစီမံကိန်းများမှ ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို
ဦးစွာအကောင်အထည်ဖော်ရန် ယခင်အစိုးရက တင်ဒါခေါ်ယူခဲ့ပြီး
၎င်းတို့သက်တမ်း မကုန်ဆုံးမီ လပိုင်းအလိုတွင် ကုမ္ပဏီသုံးခုအား
ခွဲဝေလုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။
ရန်ကုန်မြို့သည် ပုံမှန်လူဦးရေ တိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး
လက်ရှိလူဦးရေ ငါးသန်းကျော် နေထိုင်ကာ လာမည့် ၂၀၄၀ တွင်
လူဦးရေ ၁၀ သန်းနီးပါးအထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး
ရန်ကုန်မြို့၏ ဧရိယာသည် ၁၉၈၈ ခုနှစ်တွင် ၈၄ စတုရန်းမိုင်မှ
ယခု စတုရန်းမိုင် ၃၀၀ ကျော်ဖြစ်လာကြောင်း သိရသည်။
(ဖြိုးဝေ)
***
၂။ "တတ်ရိပ်ပြလာနေသည့် ဒလအိမ်ခြံမြေဈေးကွက်"
၂၀၂၀ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည့် ဒလတံတား
စီမံကိန်း အခြေအနေသေချာလာပြီးနောက် စီမံကိန်းကို လာမည့်
နှစ်တွင် စတင်တော့မည်ဟု သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း
ဒလအိမ်ခြံမြေဈေးကွက်မှာ မကြာမီနှစ်ပိုင်းများအတွင်း
အတတ်ဘက်သို့ ပိုမိုဦးတည်လာနိုင်ကြောင်း အိမ်ခြံမြေ
ကျွမ်းကျင်သူများနှင့် အကျိုးဆောင်များမှ သုံးသပ်
ပြောကြားကြသည်။
ဒလတံတားတည်ဆောက်လာမည့် အခြေအနေနှင့် စပ်လျင်၍
စီမံကိန်းဧရိယာများနှင့်နီးစပ်ရာ ရွပ်ကွက် လမ်းပိုင်းများအတွင်း
မြို့တွင်းအနေအထားနှင့် နည်းတူ စီးပွားရေး အကွက်အကွင်း
ကောင်းမွန်လာနိုင်ခြင်းနှင့်အိမ်ခြံမြေ ဈေးကွက်ပြောင်းလဲ
ဖြစ်ထွန်းလာနိုင်မှု အခြေအနေများကြောင့် စိတ်ဝင်စားသူများ
များပြားနေသည့် အခြေအနေတွေ့ရသည်။
"လတ်တလောမှာ ၀ယ်ထားပြီးအကွက်တွေ တော်တော်များများ
ရှိနေပါတယ်။ စီမံကိန်းမသေချာခင် လွန်ခဲ့တဲ့ ၂၀၁၄ ၀န်းကျင်
လောက်ကတည်းက တချို့တွေ ၀ယ်ထားတာတွေ တချို့လည်း
မသေချာသေးတဲ့ စီမံကိန်းဆိုတော့ ပြန်ရောင်း
ဖြစ်တာတွေရှိတယ်။ ခုတော့ စီမံကိန်းက သေချာနေပြီဆိုတော့
အချိန်ကို စောင့်ကြည့်ရင်း မြေကိုင်ထားတဲ့သူတွေအတွက်တော့
ကြိုက်ဈေး အခြေအနေတစ်ခု ရလာတာပေါ့။
လောလောဆယ်တော့ နေရာကောင်း လမ်းကောင်းခြံကွက်ကျယ်
တွေဆိုရင် သိန်း ၁၀၀၀ လောက်ထိ ပေါက်ဈေးရှိနေပါတယ်။
လတ်တလောတော့ ကြိုက်ရောင်းကြိုက်ဝယ်အနေအထား
ပါပဲ။ လမ်းသွယ်လေးတွေထဲမှာတော့ သိန်း ၃၀၀ ကနေ
၈၀၀ ကြား လမ်းအခြေအနေနဲ့စီးပွားရေး အကွက်အကွင်း
ကောင်းမှုအပေါ် မူတည်ပြီး ပေါက်ဈေးအမျိုးမျိုး ဖြစ်နေတယ်။
အများစုကတော့ ဈေးကောင်းလာနိုင်မှန်း သိနေကြတော့
မရောင်းကြပဲ လက်ရှိ အခြေအနေထက် မတန်တဆ တောင်းတာ
တွေလည်း ရှိတယ်။ ဈေးကတော့ အကျမရှိပဲပိုတတ်လာဖို့ပဲ
များပါတယ်။ ဒါပေမယ့် နောင်နှစ်တွေမှာတော့ ဒီထက်ဈေး
ပိုကောင်းလာလိမ့်မယ် ထင်ပါတယ်" ဟု ဒလမြို့နေ အိမ်ခြံမြေ
အရပ်အကျိုးဆောင်တစ်ဦးဖြစ်သူကိုဝင်းထွန်းက
Property com mm သတင်းမီဒီယာသို့ ပြောကြားသည်။
ဒလ တံတားကို သံမဏိကြိုးဆိုင် လေးလမ်းသွား တံတားကြီး
အဖြစ် လာမည့်နှစ်တွင်စတင် တည်ဆောက်မည်ဖြစ်ကာ
အရှည်ပေအားဖြင့် ပင်မတံတားအရှည် ၁၉၃၆ ပေနှင့်
တံတားအရှည်စုစုပေါင်း၆၁၄၃ ပေ ရှိမည်ဖြစ်သည်။ စီမံကိန်း
ဧရိယာအတွင်း ပါဝင်နေသည့် အိမ်ထောင်စု ၆၅ စုအားလည်း
လျော်ကြေးငွေ ပေးအပ်ထားပြီးဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနမှ
သတင်းထုတ်ပြန်ထားချက်များအရ တန်ချိန် ၁၅၀၀၀ ခန့်ရှိ
သင်္ဘောကြီးများ ရေလမ်းကင်းလွတ်စွာ သွားလာနိုင်ရန်
အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၅၂၅ ပေ
ထားရှိ ဆောက်လုပ်သွားမည်ဖြစ်ကာ ယာဉ်တစ်စင်းချင်း
ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်းသိရသည်။
***
၃။ "သန်လျင်တံတားသစ်ဆောက်ရန် ပြင်ဆင်နေ"
ပဲခူးမြစ်ကိုဖြတ်သန်းပြီး ရန်ကုန်မြို့ အနောက်တောင်ပိုင်း
သန်လျင်နှင့် သာကေတမြို့နယ်များကိုဆက်သွယ်ထားသည့်
သန်လျင်တံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်
နေခြင်းကြောင့်တံတားသစ်တစ်စင်း ထပ်မံတည်ဆောက်မည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
"တံတားအသစ်ဆောက်ဖို့က ဂျပန်က ဆောက်ပေးမှာဆိုတော့
အခုချေးငွေယူတဲ့အဆင့်တော့ရောက်နေပြီ။ မကြာခင်မှာ
စဆောက်တော့မှာပါ။ အခုတံတား အဟောင်းရဲ့ ဘေးမှာပဲ
ဆောက်မှာ။လက်ရှိ ကားတွေပိတ်နေတာကိုလည်း အဆင့်လိုက်
ဖြေရှင်းနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
လက်ရှိတံတားဟောင်းကိုမူတိုင်းဒေသ ကြီးအစိုးရအဖွဲ့က
ပြုပြင်ထိန်းသိမ်းမည် ဖြစ်သည်။ ၁၉၉၃ ခုနှစ်က ဆောက်လုပ်
ပြီးစီးခဲ့သော သန်လျင်တံတားမှာ နှစ်ပေါင်း ၂၀ ကျော်
သက်တမ်းရှိနေပြီဖြစ်သည်။
(မြတ်ငြိမ်းအေး)
***
၎။ "တံတားသစ် သတင်းကြောင့် သန်လျင် မြေကွက်ဈေးလှုပ်"
သန်လျင်တံတားသစ် ထပ်မံတည်ဆောက်ဖို့ ရှိတယ်ဆိုတဲ့
သတင်းကြောင့် သန် လျင်ဘက်က မြေဈေးတွေ လှုပ်ခတ်
နိုင်တယ်လို့ အကျိုးဆောင် တချို့က ပြောပါ တယ်။
သီလဝါ စီးပွားရေးဇုန်ကြောင့် မြေဈေး မြင့်ခဲ့တဲ့ သန်လျင်မြို့မှာ
ထပ်ပြီး ဈေးလှုပ်ခတ်လာနိုင်တယ် လို့ ပြောကြတာပါ။
ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက
“စီမံကိန်းလုပ်ဆောင်ဖို့ သတင်းပဲရှိ သေးတာပါ၊ မသေချာ
သေးပါဘူး၊ ဒါပေမဲ့ ဈေးကွက်တော့ လှုပ်ခတ်လာနိုင်တယ်၊
သန်လျင်မှာက သီလဝါလဲရှိနေတော့ဈေးကွက်ပြန်ဆူ
လာနိုင်တယ်”လို့ ပြောပါ တယ်။
လက်ရှိ မှာ သန်လျင်အောင်ချမ်းသာရှိ ပါမစ်မြေ ပေ ၈၀
ပတ်လည် အိမ်ပါကို ကျပ်သိန်း ၃၅၀ဝ နဲ့ ခေါ်ဈေးရှိပါတယ်။
ဥယျာဉ်မြေတစ်ကွက် အိမ်အပါကို (အိမ်သန့်ရင်)
ကျပ်သိန်း ၁၀ဝ၀ ကျော် ရှိပါ တယ်။ ကျောက်တန်းလမ်းမတန်း
အနီး နေရာတွေမှာ တစ်ဧကဂရန်မြေ ကို ကျပ် သိန်း ၃၀ဝဝ
ဝန်းကျင်ရှိတယ် လို့ သိရပါ တယ်။
ပုဇွန်တောင်မြို့နယ်ရှိ အကျိုးဆောင် ဒေါ်တင်ကြိုင်က
“သီလဝါမှာ မြေတစ်ဧကကို သိန်း ၃၀ဝ၀ လောက် ရှိတယ်၊
တစ်ဧက ကို အငှားတောင် ၁၃ သိန်း လောက်ရှိတယ်၊
ဒီထက် ဈေးတက်လာနိုင်ခြေရှိတယ်”လို့ ပြောပါတယ်။
သန်လျင်တံတားအသစ် စီမံကိန်းသာ တကယ်လုပ်ဆောင်ခဲ့ရင်
မြေဈေး ကွက် ရော အငှားဈေးကွက်ပါ ရိုက်ခတ်မှု
ရှိလာနိုင်တယ်လို့ သိ ရပါတယ်။
(အေးမွန်)
credit - Eleven Media Group / Property Media Team /
The Myanmar Times & Kumudra Journal
No comments:
Post a Comment