Saturday, August 6, 2016

“ယနေ့ ဆောက်လုပ်ရေး လောက အခြေအနေနှင့် ဝေဖန်သုံးသပ်မှုများ”

“ယနေ့ ဆောက်လုပ်ရေး လောက အခြေအနေနှင့်
ဝေဖန်သုံးသပ်မှုများ”

၁။ "နေ၀င်ချိန် နီးကပ်လာသော ဆောက်လုပ်ရေး လောက"

သတင်းစာ ဂျာနယ်များ ရေဒီယို ရုပ်မြင်သံကြားများတွင်
ပြီးခဲ့သည့်နှစ်က လူအများစု မက်မောအားကျဝယ်ယူချင်သည်
အထိ ဆွဲဆောင် လာသော ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်း
ကြော်ငြာဈေးကွက်များယခုရက်ပိုင်းအတွင်း တွေ့မြင်ရမှု
နည်းပါးလာပြီဖြစ်သည်။

ဆောက်လုပ်သူ ၀ယ်ယူသူနှင့် အသားကျခဲ့သည့် ရန်ကုန်မြို့မှ
အဆင့်မြင့် ကွန်ဒိုတိုက်ခန်းဈေးကွက်မှာဝယ်လိုအား လျော့ကျ
လာမှုနှင့်အတူ ဈေးကွက် အကျပိုင်းသို့ ၂၀၁၅ နှစ်ကုန် ၂၀၁၆
နှစ်သစ်တွင် စတင်လာခဲ့သည်မှာအဆိုးဆုံး အခြေ အနေသို့
ရောက်ရှိလာပြီဖြစ်သည်။

ကြိုပွိုင့် စနစ်ဖြင့် အရစ်ကျ ရောင်းချသည့် ကွန်ဒိုတိုက်ခန်းများ
အား စရံငွေပေးသွင်းနေမှုကိုအဆုံးခံသူများ အထိပင်ရှိလာပြီး
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် အကျပ်ရိုက်လျှက်
ရှိသည်။

တချို့က ဆောက်နေတုန်း ကြိုပွိုင့်ချထားလိုက်တယ် ကြားထဲ
မြတ်တာနဲ့ ပြန်ရောင်းမယ်ဆိုစိတ်ကူးကြရင်းရောင်းလို့ မထွက်
တော့ ဒီဘက်က ကုမ္ပဏီကို ငွေဆက်သွင်းဖို့ အကျပ်ရိုက်ကုန်
တာဟုနာမည်ရဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက လက်ရှိ
အခြေအနေကိုပြောသည်.။

ဝယ်လိုအား အတုဖြင့် ဈေးကွက်ကို ရောင်းချလာခြင်းကြောင့်
ယနေ့ ဆောက်လုပ်ရေးလောက၏ အခြေအနေသည် အဆိုးဆုံး
အခြေအနေကိုရောက်ရှိလာခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ဆောက်လုပ်နေသည့် ကွန်ဒို စီမံကိန်းများ
တည်ဆောက်နေသည့်ထိပ်သီးဆောက်လုပ်ရေး ကုမ္ပဏီ
အချို့တွင် အစိုးရထံမှ ရယူထားသည့် အကြွေးများ ၊ ပြင်ပ
မှရယူထားသည့် အကြွေးများမှာ ဘီလီယံနှင့်ချီပြီး ရှိနေသဖြင့်
လုပ်ငန်းများဆက်လက် လည်ပတ်ရန်အခက်အခဲ
ရှိနေပြီဖြစ်သည်။

အခုဖြစ်နေတဲ့ အခြေအနေက လွန်ခဲ့တဲ့ ၁၅နှစ်လောက်က
တရုတ်နိုင်ငံမှာ ငွေကြေး ကျပ်တည်းတဲ့ကာလကဖြစ်ဖူးတဲ့
အခိုက်အတန့်နဲ့ နည်းနည်းဆင်တယ် ဟုစီးပွားရေး ပညာရှင်
ဦးလှမောင်က ယနေ့ဆောက်လုပ်ရေး လောကကို
ရည်ညွန်းပြောဆိုသည်။

အရောင်းအဝယ်များ ရပ်ဆိုင်းနေခြင်း၊ လုပ်ငန်းရှင်နှင့်မြေရှင်များ
အကြား ချုပ်ဆိုထားသည့်စာချုပ်စာတမ်းများ ပျက်ပြယ်ရမည့်
အခြေအနေများနှင့်အတူ စီမံကိန်းများ ပြီးစီးရန် သတ်မှတ်ထား
သည့်အချိန် မမီနိုင်သဖြင့် ဆောက်လုပ်ရေးလောကအခြေအနေ
ဆိုးရွားနေကြောင်းNewGenerationဆောက်လုပ်ရေးကုမ္ပဏီမှ
ဦးဉာဏ်သစ်လှိုင်က ပြောသည်။

လုပ်ငန်း လည်ပတ်မှုအားနည်းပြီး အရောင်းအ၀ယ် ရပ်ဆိုင်း
လာချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရှိ
ဆောက်လုပ်နေသည့် အဆောက်အအုံများထဲမှ မူအားဖြင့်
ခွင့်ပြုထားသည့်အထပ်မြင့် အဆောက်အအုံ ၁၄၀ကျော်ကို
ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်းခဲ့သောကြောင့် ပိုမိုအထိ
နာစေခဲ့ပြီဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ အခြေ အနေကျဆင်းနေတဲ့
အချိန်မှာ ပြိုလဲ တဲ့အဆင့်မဖြစ်အောင် ထပ်ပြီး ထိုးနှက်တာမျိုး
မလုပ်ဖို့လိုတယ် ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက
မှတ်ချက်ပြုသည်။

မူအားဖြင့် ခွင့်ပြုထား သည့် အထပ်မြင့်ဆောက်လုပ်ရေး
လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် ရန်ကုန်မြို့တွင် ကြိုပွိုင့်ကွန်ဒို
ဈေးကွက် ရပ်ဆိုင်း နေသည့် သဘော ဖြစ်ပေါ်နေကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် အစိုးရ လက်ထက်က အလုံးအရင်းဖြင့်
တည်ဆောက်ခဲ့သည့်ငါးပွက်ရာ ငါးစာချ ဆောက်လုပ်ရေးလုပ်ငန်း
များအပေါ် အစိုးရသစ်က ပြန်လည်ထိန်းချုပ်ရန် ပြင်ဆင်လာခဲ့
ခြင်းဖြစ်သည်။

‘‘စည်းလွတ်ဝါးလွတ်ဖြစ်နေတာတွေ တစ်ပုံကြီး။ ဥပဒေ
အထက်ကနေ အရင်အစိုးရလက်ထက်တုန်းက ခွင့်ပြုခံခဲ့ရတဲ့
အဆောက်အအုံတွေ အများကြီး။ ဝန်ကြီးချုပ်ရဲ့ အခုစီမံချက်ကို
ကြိုဆိုပါတယ်’’ဟု ဓနမြေဆောက်လုပ်ရေး လုပ်ငန်းရှင်
ဦးဝင်းလှိုင် ကဆိုသည်။

ကြိုပွိုင့်တိုက်ခန်းများ အ ရာင်းအဝယ်ရပ်သွားချိန်၊ အိမ်ခြံမြေ
ဈေးကွက် ကျဆင်းနေချိန် အတွင်း ယခုအထပ်မြင့်စီမံကိန်း
များကို စစ်ဆေးမည်ဆိုသည့် ဂယက်မှာ အိမ်ဈေးထပ်မံ
ကျဆင်းရန်တွန်းအားပေးစေနိုင်သည့် အချက်ဖြစ်ကြောင်း
အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ရန်ကုန်တွင် ကွန်ဒိုများအလုံးအရင်းဖြင့်
တည်ဆောက်ခြင်းမှာငွချေးယူရန်ဗန်းပြလုပ်ကိုင်သည့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ ပေါ်ထွက်လာပြီး အများစုက
အခြားစီးပွားရေး လုပ်ငန်းများမှ ခေတ်ကောင်းသောကြောင့်
ကူးပြောင်းလာသူများလည်းရှိသဖြင့် ဆောက်လုပ်ရေး
လုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရသည် ဟု
မမြင့်မိုရ် ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

‘‘ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ဈေးကွက် အခက်အခဲတော့
စတွေ့နေပြီ’’ ဟုဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း
ဗဟိုအလုပ်အမှုဆောင်တစ်ဦး က ပြောသည်။

(နေးရှင်းမြန်မာ)

***

၂။ "ဈေးကျပြီး အဝယ်မရှိတော့တဲ့ အခြေအနေရောက်
အထပ်မြင့်အိမ်ရာများ"

မူအားဖြင့်ခွင့်ပြုထားတဲ့ အဆောက်အအုံတွေဆိုင်းငံ့တာ၊ 
စစ်ဆေးပြီးအထပ်လျှော့ချလိုက်တာတွေနဲ့ ပတ်သက်ပြီးအထပ်မြင့်
တိုက်ခန်းဈေးကွက်သိသိ သာသာကျဆင်းသွားတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ဆီကသိရပါ တယ်။

"အဆောက်အအုံတွေ ဆိုင်းငံ့ခံရတုန်းက အရောင်းအဝယ်က
ဒီလောက်မသိသာဘူး၊အခုရက်ပိုင်းကျတော့ အရင်ခွင့်ပြုထားတဲ့
အထပ်တွေထက်ထက်ဝက်လောက်လျှော့တဲ့ သတင်းတွေကြောင့်  
ပိုပြီးအရောင်းအေးတယ်၊ အထပ်မြင့်လေ မဝယ်လေနဲ့ဝယ်ထားပြီး
ကြိုပွိုင့်တွေကို အရင်းအတိုင်းရောင်းတာတွေပါရှိလာတယ်လို့
အံ့ထူးဆောက်လုပ်ရေးကမန်နေဂျာကိုမင်းမင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီတို့က ပြီးခဲ့တဲ့ မေလအတွင်းမှာ (ကိုးထပ်နဲ့အထက်)
ပါမစ်ကြီးကျပြီး အဆောက်အအုံ ၆၄ လုံးနဲ့ မူအားဖြင့် ခွင့်ပြုထားတဲ့
အဆောက်အအုံ ၁၈၅ လုံးကို ယာယီဆောက်လုပ်ခွင့်
ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပါမစ်ကြီးကျပြီးအဆောက်အအုံထဲက ၁၂ လုံးကို
အထပ်လျှော့ချခဲ့ပြီး ကျန်တဲ့အဆောက်အအုံ ၅၂ လုံးကိုတော့
ဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။ မူအားဖြင့် ခွင့်ပြုထားတဲ့
အဆောက်အအုံတွေကိုတော့ လိုက်လံစစ်ဆေးမှုတွေ
ပြုလုပ်လျက်ရှိပါ တယ်။

အထပ်မြင့် အဆောက်အအုံဈေးကွက်တွေကတော့ လက်ရှိမှာ
အရောင်းပိုင်းသာရှိနေပြီး အဝယ်ဘက်မှာတော့ စိတ်ဝင်စားမှု
နည်းပါးနေပါတယ်။

အခုသတ်မှတ်ထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချခံရတဲ့  
အထပ်မြင့်တွေနဲ့ ပတ်သက်ပြီးဝယ်ယူထားတဲ့ အခန်းပိုင်ရှင်တွေနဲ့  
ဆောက်လုပ်ရေးလုပ်ငန်းတွေအကြား ဖြေရှင်းမှုတွေပြုလုပ်
လျက်ရှိပြီး အများစုကတော့ ငွေပြန်အမ်းတာနဲ့အစားထိုးအခန်း
ပြန်ပေးတာတွေ ပြုလုပ်ကြရဖို့များနေတယ်လို့လည်း သိရပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ အထပ်ထက်လျှော့ချဆောက်လုပ်ခွင့်
ရရှိတဲ့ကန်ထရိုက်တွေအနေနဲ့ လက်ရှိမှာအထပ်ထပ်တက်တာ
မျိုးမပြုလုပ်ဘဲအတွင်းပိုင်း ဆောက်လုပ်မှုတွေကို   ဦးစားပေး
ဆောက်လုပ်နေကြရတယ်လို့ သိရပါတယ်။

Kabar Aye Executive ကအုပ်ချုပ်မှုဒါရိုက်တာကိုဉာဏ်ကလည်း  
လက်ရှိဆောက်လုပ်မှုအနေနဲ့  အတွင်းပိုင်းဆောက်လုပ်မှုတွေကို
လုပ်ဆောင်နေတယ်၊ အထပ်မြင့်အနေနဲ့က အရင်သတ်မှတ်ထား
တာထက်လျော့ကျသွားတော့အခုချိန်မှာ အထပ်မြင့် ထပ်မတက်
သေးဘူးလို့ ပြောပါတယ်။

အဆင့်မြင့်တိုက်ခန်းတွေရဲ့ လက်ရှိဈေးနှုန်းတွေကတော့
ကျပ်သိန်း ၁၈၀ဝ ဝန်းကျင်ကနေ ကျပ်သိန်း ၅၀ဝ၀ လောက်
အထိဈေးကွက်ရှိနေပြီး ကြိုပွိုင့်နဲ့ရောင်းချတဲ့ အခန်းတွေ
များတယ်လို့  သိရပါတယ်။

အထပ်မြင့်အဆောက်အအုံဆောက်လုပ်တဲ့ ကန်ထရိုက်  
အများစုကလက်ရှိမှာ ပြည်တွင်းနဲ့ ပြည်ပဖက်စပ်ဆောက်လုပ်တဲ့
လုပ်ငန်းတွေများတာကြောင့် လက်ရှိမှာအဆောက်အအုံ
ဆောက်လုပ်ခွင့်ရပ်ဆိုင်းခံထားရတဲ့အတွက် နိုင်ငံခြား
ရင်းနှီးမြှပ်နှံမှုတွေပါ တုံ့ဆိုင်းသွားစေတဲ့
အခြေအနေရှိတယ်လို့   ဆိုကြပါတယ်။

ဒါအပြင် ဈေးကွက်အတွင်း ပြည်တွင်းကဆောက်လုပ်တဲ့
လုပ်ငန်းတွေအနေနဲ့လည်း ဘဏ်ချေးငွေတွေနဲ့ လုပ်ငန်း
ဆောင်ရွက်နေတာတွေရှိတာကြောင့်ဈေးကွက်ကျဆင်းတာ
တွေရှိနေပေမဲ့ ကန်ထရိုက်တွေဘက်က ဈေးနှုန်းကို
အပြင်ဈေးနဲ့ ကိုက်ညီအောင်လျှော့ချဖို့  အခက်ကြုံနေရ
တယ်လို့လည်း   သိရပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

***

၃။ "ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်းသည့်
ဂယက်ကြောင့် ဆက်စပ်လုပ်ငန်းများ အခက်တွေ့"

ရန်ကုန်တစ်မြို့လုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်း
ထားသဖြင့် ၎င်းနှင့် ဆက်စပ်သည့် လုပ်ငန်းအများစု၌ ဂယက်
ရိုက်ခတ်မှုကြုံနေကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း အများစုသည် အုတ်သဲကျောက်များကို
ချက်ချင်းငွေရှင်းစနစ်ဖြင့် ဝယ်ယူခြင်းမဟုတ်ဘဲ တစ်လချင်းစီ
ငွေရှင်းစနစ်ဖြင့် ဝယ်ယူထားသဖြင့် လက်ရှိတွင် အုတ်သဲကျောက်
ဒိုင်များသို့ ငွေသွင်းနိုင်ခြင်း မရှိကြောင်း ပုဇွန်တောင်မြို့နယ်
စိန်သုံးလုံး အုတ်သဲကျောက်ရောင်းဝယ်ရေးပိုင်ရှင်
ဦးမြတ်ကလေးက ပြောသည်။

‘‘ကျွန်တော်တို့ဆီ အရင် တစ်နေ့ကို အုတ်ကား၊ သဲကားအမှာက
၁၀ စီးအထက်မှာရှိတယ်။ အခု တစ်နေ့ကို သုံးစီးတောင် မပြည့်
ချင်တော့ဘူး။ အကြွေးယူထားတဲ့ လုပ်ငန်းရှင်တချို့လည်း
ငွေလာမသွင်းနိုင်တော့ဘူး’’ဟု ဦးမြတ်ကလေးက ဆိုသည်။

ရန်ကုန်မြို့၏ စီးပွားရေး လုပ်ငန်းများထဲတွင် ဆောက်လုပ်ရေးနှင့်
ဆက်စပ်သည့်လုပ်ငန်းမှာ အမြောက်အမြားရှိနေပြီး အစိုးရ၏
လက်ရှိအထပ်မြင့်များနှင့်ပတ် သက်သည့် မူဝါဒကြောင့်
အားလုံးကို ရိုက်ခတ်မှုရှိနေကြောင်း MKT ဆောက်လုပ်ရေး
ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

‘‘ပိုင်ရိုက်တဲ့လုပ်ငန်းတွေ အလုပ်မရှိလို့ ရပ်ထားရတာ အများကြီးပဲ။
အုတ်သဲကျောက်လုပ်ငန်းတွေလည်း ဘယ်သူမှ အခြေအနေ
မကောင်းဘူး’’ဟု ဦးမျိုးမြင့် က ဆိုသည်။

ဗိသုကာ ဒီဇိုင်းရေးဆွဲမှုအပိုင်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊
အလူမီနီယံ အစရှိသည့် လုပ်ငန်းများပါ အခြေအနေမကောင်းဘဲ
ရပ်နားထားရသည်များလည်းရှိ ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ ကုမ္ပဏီဆို နိုင်ငံခြားကနေ ဓာတ်လှေကားက အစ
ဝယ်ပြီးမှာထားတာ။ ငွေက တစ်ဝက်ရှင်းပြီးပြီ။ တစ်ဝက်ထပ်ချေဖို့
အခက်အခဲ ဖြစ်နေတယ်။လုပ်ငန်းခွင်ကလည်း ဆက်ဆောက်
ရမှာလား၊ ရပ်ထားရမှာလား ဘာမှကို သေသေချာချာ ရေရေရာရာ
မသိရသေးဘူး’’ဟု ၎င်းက ဆိုသည်။

ရပ်ကွက်များအတွင်း မြေရှင်နှင့်အခန်းပေးအခန်းယူတည်ဆောက်
သည့် ကန်ထရိုက်များမှာ လည်း ထပ်မံအသစ်ဆောက်လုပ်ရန်
ဈေးကွက် မရှိသောကြောင့် ရပ်ဆိုင်းထားသည့် သဘောရှိ
သည်ဟု ကန်ထရိုက်တာအချို့က ဆိုသည်။

ပိုင်ရိုက်ခြင်းနှင့် မြေသား စမ်းသပ်ခြင်း လုပ်ငန်းများလုပ် သည့်
လုပ်ငန်းများတွင်လည်း တစ်လလျှင် စမ်းသပ်စစ်ဆေးရသည့်
လုပ်ငန်း နှစ်ခု၊ သုံးခုသာရှိ၍ အချို့ကုမ္ပဏီများမှာ လုပ်ငန်း
ဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်နေသည်ဟု မြေသား
စမ်းသပ်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးသည့်  The  Sun မှ
လုပ်ငန်းရှင် ဦးစန်းတင့်က ပြောကြားသည်။

(မိုးညို)

credit - iMyanmar House / Kumudra Journal
& 7day Daily

No comments:

Post a Comment