Wednesday, August 31, 2016

“ကွန်ဒို ၊ တိုက်ခန်း ဝယ်ယူလိုသူများ လေ့လာစရာ”

“ကွန်ဒို ၊ တိုက်ခန်း ဝယ်ယူလိုသူများ လေ့လာစရာ”

၁။ "ကန်ထရိုက်တိုက်ခန်း ကြိုပွိုင့်ထက် အရစ်ကျစနစ်က
ဝယ်သူအတွက် ပိုခိုင်မာ"

ကန်ထရိုက်တိုက်ခန်းတွေကို ရောင်းချတဲ့အခါမှာ ကြိုပွိုင့်
စနစ်ထက် လက်ရှိရောင်းချနေတဲ့ အရစ်ကျစနစ်က
ဝယ်သူတွေအတွက် ပိုပြီးခိုင်မာမှုရှိစေတယ်လို့ သိရတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
‘လက်ရှိအခြေအနေမှာ အရစ်ကျစနစ်က ဝယ်သူအတွက်
ခိုင်မာမှုပိုရှိနေတယ်လို့ ပြောလို့ရတယ် ၊ အဆောက်အအုံ
တစ်ခုလုံးလဲ မျက်မြင်တွေ့ရတယ် ၊ ငွေတစ်ဝက်သွင်းပြီး
နေခွင့်ရနေတာ ဝယ်သူအတွက် ကြိုပွိုင့်စနစ်ထက်
ပိုသေချာတယ်’ လို့ပြောပါတယ် ။

လက်ရှိဈေးကွက်ထဲမှာတော့ ဆောက်ပြီးသား အခန်းတွေကိုပဲ
ဝယ်သူက တန်ဖိုးရဲ့ တစ်ဝက်ပေးသွင်းရင် နေခွင့်ပြုတဲ့ ပုံစံနဲ့
ရောင်းချနေကြတာဖြစ်တယ် ။ အရင်ကြိုပွိုင့်စနစ်နဲ့ ရောင်းချ
ခဲ့တုန်းက ငွေကြိုသွင်းနေရပေမဲ့ စာရွက်စာတမ်းတစ်ခုပဲ
ကိုင်ဆောင်ထားရတာဖြစ်တယ် ။

ကြိပွိုင့်စနစ် ဈေးကွက်ဖြစ်ခဲ့တုန်းက
- အဆောက်အအုံ မပြီးတာ ၊
- ငွေပေးထားပြီး ဆက်မဆောက်တော့တာ ၊
- ကန်ထရိုက်နဲ့ မြေရှင်ပြသနာ ဖြစ်တာနဲ့ သွင်းထားတဲ့ ပိုက်ဆံ
ပြန်မရတာ ၊
- သတ်မှတ်ထားတဲ့ နှစ်ထက်နောက်ကျမှရတာတွေ
ကြုံရတဲ့ဝယ်သူနစ်နာ ဈေးကွက်ဖြစ်ခဲ့တယ် ။

မှန်ကန်တဲ့သူတွေ ရှိပေမဲ့လည်း မမှန်ကန်တဲ့သူတွေကြောင့်
ကန်ထရိုက်ဈေးကွက် ပျက်ခဲ့ရတာလို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

အရောင်းအဝယ်ဈေးကွက်အေးနေတဲ့အချိန်မှာ ဝယ်သူ
မရှိတာကြောင့် ရောင်းချတဲ့သူတွေက ပုံစံပြောင်းပြီး
အရစ်ကျပုံစံနဲ့ ပြောင်းလဲရောင်းချလာကြတာပါ ။

အရင်ကကြိုပွိုင့်စနစ်မှာလည်း အရစ်ကျငွေသွင်းရတယ်ဆိုပေမဲ့
အခုရောင်းချနေတဲ့ အရစ်ကျစနစ်က အဆောက်အအုံပြီးစီးမှ
ရောင်းချကြတာဖြစ်တယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က
‘အခုကတော့ အရစ်ကျစနစ်က အဆင်ပြေပါတယ် ၊
နောက်ပိုင်းတော့ ဘယ်လိုပုံစံတွေနဲ့ ပြောင်းလဲလာမလဲ
မသိပေမဲ့ ပျက်သွားတဲ့ ကန်ထရိုက်ကြိုပွိုင့်ထက်စာရင်တော့
အရစ်ကျစနစ်က ပိုပြီး ဝယ်သူတွေအတွက် အဆင်ပြေပါတယ်’
လို့ ပြောပါတယ် ။

အရစ်ကျပုံစံနဲ့ရောင်းချနေတဲ့ အများစုမြို့နယ်တွေကတော့
သာကေတ ၊ ဒေါပုံ ၊ သမိုင်း ၊ ကြည့်မြင်တိုင် ၊ လိုင် စတဲ့
နေရာတွေများတယ် ။ ဈေးကွက်မှာ လက်ရှိအခြေအနေ
ကတော့ အရောင်းအဝယ်အေးနေကာ အငှားကတော့
ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ် ။

အိမ်ခြံမြေဈေးတွေကလည်း အကျဘက်ကို ဦးတည်ပြီး
ဈေးကျနေတာဖြစ်ပေမဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကတော့
တကယ်နေဖို့အတွက်ပဲ ဝယ်ယူကြတယ်လို့
အကျိုးဆောင်တချို့က ပြောပါတယ် ။

***

၂။ "ကန်ထရိုက်တိုက်ခန်းဝယ်ယူရင် သတင်းစာထဲ
ကြော်ငြာတာ ခိုင်မာမှုရှိ"

ကန်ထရိုက်တာတွေအပေါ်မှာယုံကြည်မှုကင်းမဲ့လာတာကြောင့်
သတင်းစာထဲကနေ သတိပေးကြော်ငြာတွေ ကန့်ကွက်ကြော်ငြာ
စာတွေ ထည့်ကြပြီး ကြော်ငြာတာတွေများလာတဲ့အတွက်
ဝယ်ယူထားသူတွေ သေချာ စိစစ်သင့် တယ်လို့ သိရတယ်။

ကန်ထရိုက်တာတွေက အရစ်ကျနဲ့ ကြိုပွိုင့်ရောင်းထားပြီး
တချို့ကန်ထရိုက် တွေက အခန်းမအပ်ဘဲ ထပ်မံရောင်းချ
တာမျိုးတွေရှိတယ်။ ဝယ်ယူထားပြီးအခန်းမရသေးတဲ့သူတွေနဲ့
လက်ငင်းပေးဝယ်ယူသူတွေကပါကန်ထရိုက်တာတွေအပေါ်
ယုံကြည်မှု နည်းတာကြောင့်  သတင်းစာထဲကနေ
ကြော်ငြာပြီး ဝယ်ကြတာလို့ ပြောပါတယ်။

ကန်ထရိုက်တာ ဦးဇော်နိုင်က
“၀ယ်သူ က ကြော်ငြာထည့်ပြီး သေချာမှ ငွေအကြေ ချေပြီး
ဝယ်မယ်ပြောတယ်၊ အစကတော့ စိတ်တိုတာပေါ့၊ မယုံသလိုနဲ့
လုပ်တယ်ဆိုပြီး သူတို့ကလဲ သေချာအောင် လုပ်တာပေါ့၊
ခုနောက်ပိုင်း က အရှုပ်အရှင်းတွေ များတော့စိတ်ချရအောင်လို့
ပြောတယ်၊ ဈေးကွက်ထဲမှာက လုပ်စားနေသူတွေ ရှိတော့
တကယ့်လုပ်နေတဲ့သူတွေပါ ထိခိုက်တယ်၊ သတင်းစာတွေ
ထဲမှာ ကြည့်လိုက် ကန်ထရိုက်နဲ့ ပတ်သက်တဲ့အမှုတွေ
ကြော်ငြာထားတာတွေ အများကြီး”လို့ သူကြုံခဲ့ရ တာတွေနဲ့
ဈေးကွက်အတွင်း အဖြစ်အပျက်တွေကို ပြောပါတယ်။

သတင်းစာတွေထဲမှာ
- ကန်ထရိုက်တာက ပြီးအောင်မဆောက်ပေးလို့အသိပေးတာတွေ
- ဝယ်ထားသူက ငွေသွင်းထားပေမဲ့ အခန်းလက်ထဲမရသေးလို့
ကန်ထရိုက်ကိုတရားစွဲဆိုတာတွေ၊
- ဝယ်သူတွေကသူတို့ဝယ်မယ့်အခန်းဘယ်နေရာ၊ ဘယ်သူပိုင်
မြေရှင်က လက်မှတ်ထိုးပေးထားတာတွေကန့်ကွက်လို့
ရကြောင်းတွေကို ကြော်ငြာလာကြတာပါ။

တချို့မြေရှင် တွေက ကန်ထရိုက်နဲ့ ဖြေရှင်းလို့ မရတော့
တာကြောင့်  သူမြေကို သူ ပြန်သိမ်းလိုက်တာတွေကို
ကြော်ငြာတာတွေလည်းရှိတယ်။ ဝယ်ယူထားသူတွေက
ကန်ထရိုက်နဲ့ပဲ ဖြေရှင်းကြဆိုပြီး တာဝန်ယူမှုမရှိတော့
ကြောင်းကို ကြော်ငြာတာတွေလည်း ရှိလာပါတယ်။

အထက်တန်း ရှေ့နေ ဒေါ်စန်းစန်းအေးက
"လက်ခံထားတဲ့ အမှုမှာ ကြိုပွိုင့်ဝယ်ထားတဲ့ အခန်း နှစ်ခန်းကို
ကန်ထရိုက် တာက မအပ်ဘဲ နောက်ဆုံးအရစ် ကျန် တာ
ငွေသွင်းဖို့ကို အခန်းက မပြီးသေးဘူး၊ တခြားသူတွေကို 
ထပ်ရောင်းမှာစိုးပြီး အမှုလာအပ်ကြတာ၊ အခုတော့ ဒီအခန်း
နှစ် ခန်းကို ရောင်းတာ ၊ဝယ်တာ၊ ငှားရမ်းတာ၊ ပေါင်နှံတာတွေ
လုပ်ရင် လုပ်တဲ့သူရော လက်ခံသူကိုပါ တရားစွဲဆိုမယ်ဆိုပြီး
ကြော်ငြာထည့်ပေးထားရတယ်”လို့ ပြော ပါတယ်။

ဝယ်သူတွေသတိထားဖို့ လိုတယ်ဆိုတာက အခုလို
အရှုပ်အထွေးတွေများတဲ့ အခန်းတွေကို မသိဘဲ ဝယ်ယူမိတဲ့
အခါ တရားစွဲဆိုခံရနိုင်တာကြောင့် ဖြစ်တယ်။  ဝယ်သူတွေ
အနေနဲ့ သတိထားသင့်ပြီး သေချာ စိစစ်သင့်တာ ဖြစ်တယ်လို့
သိရပါတယ်။

ဒါ ကြောင့် တချို့တိုက်ခန်း ဝယ်သူတွေက ဝယ်ယူတဲ့ အခန်းကို
ဝယ်ယူတော့မှာ ဖြစ်တာကြောင့် ကန့်ကွက်နိုင်ကြောင်းတွေ၊
ငွေပေးချေတော့မှာ ဖြစ်ကြောင်းတွေ ကြော်ငြာလာတာ
ဖြစ်တယ်လို့ သိရပါ တယ်။

(အေးမွန်)

***

၃။ "ကြိုပွိုင့်စာချုပ် ဝယ်သူမနစ်နာအောင် ပြည့်ပြည့်စုံစုံချုပ်ပါ"

ကြိုပွိုင့်ကွန်ဒို ၊ တိုက်ခန်းတွေ ဝယ်ယူတဲ့အခါမှာ
စာချုပ်အများစုက ဝယ်သူနစ်နာစေတဲ့ အချက်တွေ ပါဝင်တာမျိုး
ရှိတာကြောင့် အချက်အလက် ပြည့်စုံပြီးမျှတတဲ့ စာချုပ်ဖြစ်ဖို့
လိုတယ်လို့ သိရတယ်။

ကြိုပွိုင့်စာချုပ်တွေမှာ ကန်ထရိုက်ဘက်က အသာစီးချုပ်ဆိုတာမျိုး
အတွေ့ရများတယ်။ ကန်ထရိုက်နဲ့ ဝယ်သူချုပ်ဆိုတဲ့ စာချုပ်တွေမှာ
အဆင်သင့်ပြင်ပြီးသား စာချုပ်ကိုပဲ ချုပ်ဆိုတဲ့အတွက်
ဝယ်သူနစ်နာရတာတွေ ဖြစ်လာတယ်လို့ သိရတယ်။

စာချုပ်တွေမှာ ဥပမာအရစ်ကျ ငါးရစ်သွင်းပြီး ငွေချေရမယ်လို့
ချုပ်ဆိုထားရင် အဆောက်အအုံဘယ်အချိန်ပြီးမယ်ဆိုတာမျိုး
(အချိန်ကာလ) မပါဝင်တဲ့အတွက် သတ်မှတ်ထားတဲ့အတိုင်း
သွင်းနေကြရတာမျိုးတွေ ဖြစ်ပါတယ်။

အထက်တန်းရှေ့နေ ဒေါ်သီတာက
"အဆောက်အအုံမပြီးသေးလဲ ငွေကိုအရစ်ကျသွင်းနေကြရ
တာပဲ၊ တချို့တွေဆို ငွေသာကျေသွားတယ်၊ အဆောက်အအုံက
မပြီးသေးဘူး၊ မသွင်းဘဲနေရင်လဲ စာချုပ်ကပျက်ပြယ်သွားမှာ
ဆိုတော့ ဝယ်သူကနစ်နာပေမဲ့ သွင်းရတာပဲ၊ အခုနောက်ပိုင်း
တော့ ဘယ်အဆင့်ရောက်ရင် ဘယ်လိုအချိုးကျပြီး ငွေကို
ပေးသွင်းလာကြတယ်၊ အရင်က ဝယ်သူတွေ အရမ်းနစ်နာ
ခဲ့ကြတာတွေရှိတယ်" လို့ ရှင်းပြပါတယ်။

နိုင်ငံခြားကုမ္ပဏီဖြစ်စေ၊ ပြည်တွင်းကုမ္ပဏီဖြစ်စေ
- ဆောက်လုပ်မယ့်အဆောက်အအုံက တစ်နှစ်ကြာမလား၊
ဘယ်နှနှစ်ကြာမလဲ၊
- ပိုင်ရှင်က ဘယ်သူလဲ၊
- မြေကိုဝယ်ပြီးဆောက်တာလား၊ ဘယ်နှနှစ်သက်တမ်းလဲ
ဆိုတာတွေ သိရမယ်၊
- တကယ်လို့ အဆောက်အအုံက သတ်မှတ်ထားတဲ့
စာချုပ်ပါကာလအတိုင်းမပြီးရင် ဘယ်လိုမျိုးဆိုတဲ့ အချက်တွေ
ပါဝင်ဖို့ စာချုပ်တွေမှာ လိုအပ်တယ်လို့ ပြောပါတယ်။

ကြိုပွိုင့်အမှုပြသနာတွေမှာ အများဆုံးတွေ့ရတာက
ဆောက်လုပ်ရေးကုမ္ပဏီပေါ် ယုံကြည့်မှုလွန်ကဲပြီး
လွယ်လွယ်ကူကူ ဝယ်ယူနေကြ တာကြောင့်ပါ။ စာချုပ်ထဲမှာ
မပြည့်စုံတော့ တချို့တွေမှာ အခန်းနေရာတွေ စာချုပ်ထဲက
အတိုင်း မဟုတ်တာတွေ ကြုံရတယ်။ တချို့ ကန်ထရိုက်
တွေက အဆောက်အအုံအကြမ်းထည်ပြီးသွားလို့ အမိုးမိုးပြီးရင်
ပိုက်ဆံကုန်သလောက်ရှိနေပါပြီ။ ဒါတွေကြောင့်
ကျန်တဲ့လုပ်ငန်း ပိုင်းတွေကို ပြီးစလွယ်တွေလုပ်ကြတာမျိုးတွေ
ရှိတာလို့သိရပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက
"စာချုပ်စာတမ်းကို သေချာမစိစစ်ကြတော့ဘဲ ယုံကြည်မှု
လွန်ကဲပြီး လက်မှတ်ထိုးဝယ်ကြတာ၊ ပြသနာဖြစ်မှ စာချုပ်ပိုင်းက
မပြည့်မစုံအားနည်းတာတွေ တွေ့ရတယ်၊ ဝယ်သူတွေဘက်က
နစ်နာမှုတွေကိုကြည့်ရင် စာချုပ်တွေကို ခိုင်မာပြီးပြည့်စုံအောင်
မလုပ်ခဲ့ကြလို့ပဲ" လို့ ပြောပါတယ်။

ဘယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကြော်ငြာကောင်းတိုင်း
အလွယ်တကူမယုံဖို့လိုအပ်တယ်။ စာချုပ်စာတမ်းတွေကိုလည်း 
ရောင်းသူပြင်ဆင် ထားတဲ့အတိုင်း လက်မှတ်ထိုးပေးတာမျိုး
မဟုတ်ဘဲ ဝယ်သူက မိမိအတွက်ပြည့်စုံပြီး နစ်နာမှုမရှိစေနိုင်တဲ့
အချက်တွေ ပါဝင်သင့်တယ်လို့ သိရပါတယ်။

credit - Kumudra Journal

No comments:

Post a Comment