Wednesday, August 17, 2016

“ကန်ထရိုက်တိုက်များ အတွက် YESC မှထုတ်ပြန်ချက်၊ မြို့တွင်း ၆ မြို့နယ်ကို တာဝန်ယူရှင်းလင်းပေးတော့မည့် စည်ပင်နှင့် အရေးယူခံရတော့မည့် စက်မှုဇုန်”

“ကန်ထရိုက်တိုက်များ အတွက် YESC မှထုတ်ပြန်ချက်၊
မြို့တွင်း ၆ မြို့နယ်ကို တာဝန်ယူရှင်းလင်းပေးတော့မည့်
စည်ပင်နှင့် အရေးယူခံရတော့မည့် စက်မှုဇုန်”


၁။ "(၄) ခန်းထက် ပိုဆောက်သည့် ကန်ထရိုက်တိုက်များ
ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည်ဟု YESC ထုတ်ပြန်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ ကန်ထရိုက်
တ်ုက်များ ဓာတ်အားရရှိရေးအတွက် တိုက်ခန်း(၄)ခန်းအထက်
ပိုမိုဆောက်လုပ်ထားပြီး ဓာတ်အားသတ်မှတ်ယူနစ်ထက်
ကျော်လွန် သုံးစွဲသောတိုက်များအနေနှင့် ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး
ကော်ပိုရေးရှင်း YESC မှ အထွေထွေမန်နေဂျာဦးသန့်ဇင်က
News Watch သို့ သြဂုတ် (၁၁)ရက်တွင် ပြောသည်။

ယခင်မူလနေအိမ်တလုံးအား ကန်ထရိုက်တိုက်များအဖြစ်
ပြောင်းလဲဆောက်လုပ်ရာတွင် အနည်းဆုံး ၄ခန်းနှင့်အထက်
အခန်းများစွာဖြင့် ဆောက်လုပ်နေမှုများကြောင့် ရန်ကုန်လျှပ်စစ်
ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းပိုင် ထရန်စဖော်မာများ
သည် ၀န်အားမနိုင်နင်းမှုအခြေအနေမျိုးဖြစ်နေသည့်အတွက်
ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

''ကန်ထရိုက်တိုက်ဆိုတာ စီးပွားရေးအရ လုပ်ကြတာဆိုတော့
ပထမနေအိမ်တလုံးကနေ အခန်း(၁၀)ခန်း၊ (၁၅)ခန်းအထိ
ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိပေးထားတဲ့ ဓာတ်အား
အခြေအနေအရ အများပြည်သူပေးတဲ့ ထရန်စဖော်မာကနေ
မီးပေးလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့ကို သီးခြား
ထရန်စဖော်မာဆိုပြီး ထိုင်ခိုင်းတာပါ။ ပြောချင်တာကတော့
အခန်း ၄ ခန်းနဲ့အထက်ဆိုရင် ထရန်စဖော်မာထိုင်ရမဲ့
သဘောပေါ့''ဟု ဦးသန့်ဇင်က ပြောသည်။

YESC ၏မူအရ ယခင်က တိုက်ခန်း (၁၈) ခန်း၊ အခန်း (၂၀)
အထက် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်များကို
ထရန်စဖော်မာတပ်ဆင်၍ ဓာတ်အားသုံးစွဲရန် သတ်မှတ်ထား
ခဲ့ရာမှ ယခုအခါ တိုက်ခန်းတခန်းလျှင် မိသားစုတစု
လျှပ်စစ်ဓာတ်အား (၁၀ ကေဗွီအေ)၊ တိုက်ခန်း (၄)ခန်း
၄၀ ကေဗွီအေဟု သတ်မှတ်ထားသည့်အတွက် အခန်း(၄)ခန်း
နှင့်အထက် ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန် စဖော်မာ
တပ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၏ လက်မှတ်ရရှိထားသည့် မည်သည့်
အဆောက်အအုံမဆို ၃၀ ကီလိုဝပ် (၃၇ ဒသမ ၅ ကေဗွီအေ)
ထက်ကျော်လွန်၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလိုပါက
ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း
YESC က သြဂုတ် (၁၁)ရက်တွင် ကြေညာခဲ့သည်။

YESC ကြေညာချက်နှင့်ပတ်သက်၍ KBS ဆောက်လုပ်ရေး
ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘိုစန်းက
''ဒါက သူတို့ပြန် လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။
ဒီလိုမျိုးလုပ်မယ်ဆိုရင်လည်း လမ်းတလမ်းအတွင်းမှာရှိတဲ့
ဆောက်ပြီးသားကန်ထရိုက်တိုက်တွေ ရှိတယ်။ အဲဒီအတွက်
ပင်မထရန်စဖော်မာတခုထားပြီးတော့ အဲဒီကနေရယူသုံးစွဲမယ်
ဆိုရင် တတိုက်ကို ဘယ်လောက်ကုန်ကျမယ်ဆိုတာက
ပိုသင့်တော်မယ်ပေါ့''ဟု ပြောသည်။

(လင်းလင်းအောင်)

***

၂။ "စက်မှုဇုန်ကလုပ်ငန်းမလုပ်တဲ့ မြေကွက်တွေကိုတကယ်
အရေးယူတော့မည်"

စက်မှုဇုန်တွေရှိ လုပ်ငန်းမလုပ်တဲ့မြေကွက်တွေကို စာရင်း
ကောက်ယူထားပြီးဖြစ်တာကြောင့် သတင်းထုတ်ပြန်ပြီးတာနဲ့
အရေးယူတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊
စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနကသိရပါ တယ်။

စက်မှုမြေကွက်တွေကိုချပေးထားပြီး နှစ်နှစ်အတွင်းမှာ လုပ်ငန်း
လုပ်ကိုင်ဖို့သတ်မှတ် ထားတာဖြစ်တယ်။ လုပ်ငန်းမလုပ်တဲ့
မြေကွက်တွေကို ပြန်လည်သိမ်းယူမှာဖြစ်တယ်လို့ အရင်အစိုးရ
လက်ထက်ကတည်းက ထုတ်ပြန်တာပါ။

အခုအစိုးရလက်ထက်မှာစာရင်းတွေနဲ့ သေချာစိစစ်လုပ်ဆောင်
ထားပြီးဖြစ်တာကြောင့်ပါဝင်တဲ့ မြေကွက်တွေကို ပြန်လည်
သိမ်းယူပြီး အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေကို
ပြန်လည်ချပေးသွားမှာဖြစ် တယ်လို့သိရတယ်။

စီးပွားရေး နှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက မြေတွေစပြီး
လုပ်ကိုင်ခွင့် ချပေးကတည်းက   ဥပဒေမှာပါပြီးသားပါ၊   
ဥပဒေအတိုင်းအရေးယူမှုတွေနဲ့လိုက်နာမှုတွေ မရှိခဲ့ကြလို့
အခုလိုတွေဈေးမြင့်လာတာ၊ ဈေးကစားနေတဲ့သူတွေကို
အရေးယူပြီး ပြန်သိမ်းမယ်ဆို တကယ်လုပ်ငန်းလုပ်တဲ့သူတွေ
အတွက်ရော၊မြေဈေးကစားတာတွေပါ  
ပျောက်သွားမှာလို့  ပြောပါတယ်။

စက်မှုဇုန်တွေကို ပြန်လည်အဆင့်မြှင့်တင်နေတာတွေရှိပြီး
လုပ်ငန်းမလုပ်တဲ့မြေကွက်တွေ ကိုပြန်လည်သိမ်းယူပြီး
တကယ်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေကို ပြန်လည်ချပေးဖို့ 
မေလ ကတည်း ကထုတ်ပြန်ထားတာဖြစ်တယ်။ အရင်ကလို
ဥပဒေပြဋ္ဌာန်းချက်တွေရှိပေမဲ့ လိုက်နာမှုအားနည်းတာ၊
အရေးယူမှုအားနည်းတာတွေမျိုး မဟုတ်ဘဲအတိအကျ
အရေးယူသင့်တာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့
အကျိုးဆောင်တချို့က ပြောပါတယ်။

ကျောက်တံတားမြို့နယ်ရှိအကျိုးဆောင် ဦးအောင်ကျော်က  
"စက်မှုဇုန်မြေကွက်တွေ  ပြန်သိမ်းမယ်ဆိုတဲ့ ကိစ္စကကြာပါပြီ၊
စိစစ်မှုတွေလုပ်ပြီး လုပ်ငန်းလျှောက်ခွင့်တွေကို သတ်မှတ်ချက်
တွေနဲ့ ခွင့်ပြုပြီးချိန်မှာဂိုဒေါင်တွေများလာတယ်၊လုပ်ငန်း
လုပ်ကိုင်တဲ့သူတွေကိုမြေငှားကြတဲ့မြေကွက်အငှား
ဈေးကွက်တွေ ပိုများလာတာပဲရှိတယ်၊ အခုလိုအရေးယူ
သင့်တာကြာပြီ" လို့  ပြောပါတယ်။

အရင်အစိုးရလက်ထက်ကတည်းက စက်မှုဇုန်မြေတွေကို
စိစစ်ဖို့ စတင်လုပ်ဆောင်ခဲ့တာကြောင့် စက်မှုဇုန်ထဲမှာ
လုပ်ငန်းမလုပ်ဘဲ ဂိုဒေါင်တွေဆောက်ပြီးငှားကြတဲ့ ဈေးကွက်
ပိုဖြစ်လာတယ်။ မြေငှားတဲ့ မြေပိုင်ရှင်တွေကလည်း လုပ်ငန်း
လုပ်မယ့်သူတွေကို ညှိနှိုင်းဈေးတွေနဲ့ငှားပြီး လုပ်ငန်းမလုပ်တဲ့
မြေကွက်လွတ်စာရင်းထဲမပါအောင်လုပ်ဆောင်တာတွေ
ရှိလာတယ်လို့  ဈေးကွက်အတွင်းကသိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက 
"နိုင်ငံခြားကကုမ္မဏီတစ်ခုနဲ့ ဖက်စပ်လုပ်ဖို့ မြေဈေးမေးတာ
ဈေးတွေကအရမ်းမြင့်လို့မလုပ်ဖြစ်ခဲ့ဘူး၊ တကယ်တော့လုပ်ငန်း
တကယ်လုပ်ကိုင်သူတွေအတွက်ရော၊ ပြည်ပကဝင်လာမယ့်
ကုမ္မဏီတွေ အတွက် ဒီမှာလုပ်ငန်းလုပ်ကိုင်ဖို့ဆိုတာ အစိုးရက
ချပေးတဲ့ ဈေးမဟုတ်တောင်သင့်တင့်တဲ့ ဈေးတန်းတော့  
ဖြစ်သင့်တယ်" လို့ပြောပါတယ်။

(အေးမွန်)

***

၃ "ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား
အမှိုက်များနှင့် ကျူးကျော်အဖီ၊ တဲများကိုပါ စည်ပင်မှ တာဝန်ယူ
ရှင်းလင်းဖယ်ရှားမည်"

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊
ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ် တထောင်
မြို့နယ်များရှိ နောက်ဖေးလမ်းကြားများ အမှိုက်များကို တာဝန်ယူ
ရှင်းလင်းပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာန ဒုဌာနမှူး (ယာယီ) ဦးဇော်ဝင်းနိုင်က
News Watch သို့ သြဂုတ် ၁၀ ရက်တွင် ပြောသည်။

ယင်းသို့ နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်းရာတွင်
မြို့တွင်း ၆ မြို့နယ်အနက် အနောက်ပိုင်း ခရိုင်အတွင်းရှိ
လမ်းမတော်မြို့နယ်နှင့် တောင်ပိုင်းခရိုင်အတွင်းရှိ ပုဇွန်တောင်
မြို့နယ်စသည့် မြို့နယ်နှစ်ခုတွင် စတင်လုပ်ဆောင်မည်
ဖြစ်ကြောင်း သိရသည်။

''တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) စမယ်။ မြို့နယ် ၆ မြို့နယ်စလုံး
တပြိုင်နက်တည်း မလုပ်နိုင်တော့ ပုဇွန်တောင်နဲ့ လမ်းမတော်ကို
စလုပ်မှာပါ။ အဲဒီ မြို့နယ်တွေပြီးမှ ကျန်တဲ့မြို့နယ်တွေကို
တဖြည်းဖြည်းချင်း ဆက်သွားမယ်''ဟု ဦးဇော်ဝင်းနိုင်က
ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားသော နောက်ဖေး
လမ်းကြား အမှိုက်များကို စည်ပင်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနမှ ၀န်ထမ်း၊ အမှိုက်သိမ်းယာဉ်၊ စက်သုံးဆီများကို
စိုက်ထုတ်သုံးစွဲကာ တာဝန်ယူရှင်းလင်းဆောင်ရွက်မည်ဖြစ်ပြီး
သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ
တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ လမ်းအလိုက်၊
ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်
မှုများနှင့်အတူ ကျူးကျော်၊ အဖီ၊ တဲများ ဆောက်လုပ်ထားမှုများ
ရှိနေသည့်အတွက် သန့်ရှင်းရေးဆောင်ရွက်ရာတွင်
ယင်းကျူးကျော် အဆောက်အဦများ ကိုလည်း ရှင်းလင်းသွားမည်
ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စား လှယ် ဦးတင့်လွင်က ပြောသည်။

''သက်ဆိုင်ရာ အဆောက်အအုံဌာနတို့က ပူးပေါင်းဆောင်ရွက်
ပြီးတော့ လမ်းကြားထဲက ကျူးကျော်ထားတာတွေကို ဖျက်စရာ
ရှိတာ ဖျက်မယ်။ သိမ်းစရာရှိတာ သိမ်းမယ်ပေါ့။ ဒီလိုဖျက်တဲ့
နေရာမှာလည်း အရေးယူတဲ့ပုံစံမဟုတ်ဘဲ၊ စည်းရုံးပြောဆိုတဲ့
အနေနဲ့ ဖျက်သိမ်းခိုင်းမှာပါ။ စည်ပင်ကလည်း သူတို့တာဝန်ယူ
ပြီး ဆောင်ရွက်ပေးမယ်။ ဒါပေမဲ့ စည်ပင်တခုတည်းသွားလို့ရှိရင်
အခက်အခဲရှိတော့ အုပ်ချုပ်ရေးတို့၊ ရပ်မိရပ်ဖတွေကိုလည်း
ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားတယ်။
ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း
ဝိုင်းဝန်းပေးမယ်''ဟု ၎င်းက ပြောသည်။

အဆိုပါဌာနတွင် ပုတ်ပြတ်ဝန်ထမ်း ၃၉၀၄ ဦး ပုံသေသန့်ရှင်းရေး
ဝန်ထမ်းနှင့် နေ့စားဝန်ထမ်း ၁၀၀၀ ကျော်ရှိကာ
ယင်းအင်အားဖြင့် မြို့တော်သန့်ရှင်းရေးသာယာရေးအတွက်
နေ့ညထွက်ရှိသည့် အမှိုက်များကို သိမ်းဆည်း ရှင်းလင်း
နေကြောင်းနှင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြား
အမှိုက်များရှင်းလင်း ဆောင်ရွက်ရာတွင် ခရိုင်စည်ပင်သာယာမှ
ဝန်ထမ်းအင်အား ဖြည့်တင်းဆောင်ရွက်မည်ဖြစ်ကြောင်း
သိရသည်။

(လင်းလင်းအောင်)

credit - News Watch & Kumudra Journal

No comments:

Post a Comment