Sunday, August 14, 2016

“ဆောက်လုပ်ခွင့်ဆိုင်ရာ မူဘောင် သတ်မှတ်ချက်များနှင့် နည်းဥပဒေသစ်များ မကြာမီ ထွက်ရှိတော့မည်ဟု ဆို”

“ဆောက်လုပ်ခွင့်ဆိုင်ရာ မူဘောင် သတ်မှတ်ချက်များနှင့်
နည်းဥပဒေသစ်များ မကြာမီ ထွက်ရှိတော့မည်ဟု ဆို”


၁။ "ရန်ကုန်မြို့အတွက် အဆောက်အအုံများဆိုင်ရာ မူဘောင်
ရေးဆွဲမည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ ရပ်ကွက်တွင် အထပ်နှင့်
အမြင့်ပေ မည်မျှဆောက်လုပ်ခွင့်ရှိမည် ဟူသော
သတ်မှတ်ချက်များ ထွက်ပေါ်လာမည်ဟု သိရ"

ရန်ကုန်မြို့အတွက် အဆောက်အအုံများဆိုင်ရာ မူဘောင်ရေးဆွဲ
မည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ ရပ်ကွက်တွင် အထပ်နှင့်အမြင့်ပေ
မည်မျှဆောက်လုပ်ခွင့် ရှိမည်ဟူသော သတ်မှတ်ချက်များ
ထွက်ပေါ်လာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်
အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီမှ
အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

ယင်းမူဘောင်ကို ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ
အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီက
ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က မူဘောင်တစ်ခု ဆွဲမယ်။ အဲဒီမူဘောင်နဲ့
ဆောက်မယ့်သူက ပုံမဆွဲခင်ကတည်းက ဘာတွေထည့်ရမယ်။
ဘာတွေရှောင်ရမယ်ဆိုတာ သိသွားမယ်။ အဲဒါဆိုရင် အခုလို
အထူးတလည် စစ်စရာမလိုတော့ဘူးပေါ့။ ဆောက်လုပ်ခွင့်
တင်တဲ့ အချိန်ကျရင် စည်ပင်က အဲဒီမူဘောင်တွေနဲ့ အားလုံးကို
စစ်မှာ”ဟု  ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံ
များ ဆောက်လုပ်မှုစိစစ်ရေးကော်မတီမှ အဖွဲ့ဝင် ဦးရဲမင်းဦး
က ပြောကြားသည်။

အဆိုပါ မူဘောင်တွင် မြေအသုံးချမှု ဇုန် (Zoning Plan) နှင့်
အခြားအချက်အလက်များ ပါဝင်မည်ဖြစ်ပြီး Zoning Plan ကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
သုံးလအတွင်း အပြီးရေးဆွဲနေကြောင်း သိရသည်။

“ပြီးတော့  ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်။
အစိုးရအဖွဲ့က အချို့ဟာတွေကို လွှတ်တော်မှာ အတည်ပြုချက်
ယူပြီးတော့ ကြေညာမှာပေါ့။  ဒါပေမဲ့ ဥပဒေအဆင့်အထိ
ရောက်မှ  လွှတ်တော်ကို တင်မှာ။ ဒီအတိုင်း ဌာနတွင်း
ညွှန်ကြားချက် အနေနဲ့ ဆိုရင်တော့ လွှတ်တော်ကို
မရောက်ဘူးပေါ့”ဟု ဦးရဲမင်းဦးက
ဆက်လက်ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံများ ပြန်လည်စိစစ်မှု ပြီးဆုံးပါက
မူဘောင်ကို စတင်ရေးဆွဲမည်ဖြစ်ကြောင်းနှင့် သုံးလအတွင်း
အပြီးရေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ မူဘောင်ဆွဲဖို့ စဆွေးနွေးနေပြီ။
ပထမဦးစားပေးကတော့ ရပ်ထားတဲ့ အဆောက်အအုံတွေ
မြန်မြန်ပြန်ဆောက်ခွင့်ရဖို့ကို လုပ်နေတယ်။
ဒီအဆောက်အအုံတွေက ရပ်ထားတာကြာရင်
လုပ်ငန်းရှင်ဘက်က နစ်နာမှုတွေ ရှိနိုင်တယ်။ ဒါကို မြန်မြန်
ပြတ်အောင် အရင်ဖြတ်ပေးနေတာပေါ့။ ပြီးတော့မှ မူဘောင်ကို
ဆက်ပြီးဆွဲမှာပေါ့။  ကျွန်တော်တို့ကတော့ လွှတ်တော်ကို
ရှင်းပြဖို့လည်း ရည်ရွယ်ထားတယ်” ဟု ဦးရဲမင်းဦးက
ဆိုသည်။

အဆောက်အအုံ မူဘောင်ထွက်ရှိလာမည် ဆိုပါက
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် အဆောက်အအုံများ
ဆောက်လုပ်ရာတွင် စိတ်ပူစရာ မလိုတော့ကြောင်း နှင့်
- မည်သည့်နေရာ၊ မည်သည့်မြေတွင် အထပ်မည်မျှ ဆောက်၍
ရနိုင်မည်၊
- မည်သည့် မြို့နယ်၊ မည်သည့်ရပ်ကွက်တွင် အမြင့်ပေ မည်မျှ၊
အထပ်မည်မျှ ဆောက်ခွင့်ရမည်ကို တိတိကျကျ သိရှိ
လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အစိုးရတွေ ပြောင်းသွားပေမယ့် ဘာမှ စိတ်ပူစရာ မရှိတော့ဘူး။
မူဘောင်က  Universal မူဘောင် သဘောမျိုးဖြစ်အောင်
လုပ်ခဲ့မှာ။ နောက်ပိုင်းခေတ်ကာလရဲ့ အပြောင်းအလဲကြောင့်
ထပ်ဖြည့်သွားတာပဲ ရှိမယ်။ မူဘောင်ကြီးက အဓိက
သိပ်အများကြီး ပြောင်းသွားမှာ မရှိဘူး။ ဘယ်ရပ်ကွက်၊
ဘယ်မြို့နယ်ဟာဆိုရင် အထပ်ဘယ်လောက်ရမယ်၊
အမြင့်ဘယ်လောက်ရမယ်ဆိုတာ သိသွားမှာပေါ့။ အထပ်မြင့်
ကိစ္စ စစ်ပြီးသွားရင် ကျွန်တော်တို့ ဒါကို စလုပ်တော့မှာပါ”ဟု
ဦးရဲမင်းဦးက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် လက်ရှိ အဆောက်အအုံဆိုင်ရာ မူဘောင်
မရှိခြင်းကြောင့် ခွင့်ပြုခဲ့ပြီးသည့် အထပ်မြင့်အဆောက်အအုံ
၂၄၉ လုံးကို ယခုအစိုးရသစ် လက်ထက်တွင် ပြန်လည်
စိစစ်နေခြင်းကြောင့်  လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း
သိရသည်။

(ကျော်ထင်)

***

၂။ "ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ နည်းဥပဒေသစ်
မကြာမီထွက်မည်"

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က
အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပေးသည့် ခွင့်ပြုမိန့်
ပါမစ်ကို လုပ်ထုံးလုပ်နည်း အသစ်များဖြင့် ပြင်ဆင်ရေးဆွဲလျက်
ရှိရာလက်ရှိတွင် နည်းဥပဒေအကြမ်း ပြီးစီးပြီ ဖြစ်သည့်အတွက်
မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး
က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်မြို့က အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံတွေ
အားလုံးကို ဆောက် လုပ်ခွင့်ပေးတဲ့နည်းဥပဒေကို အသစ်
ပြန်ပြင် ဆင်တာ ပြီးသွားပါပြီ။ နည်းဥပဒေသစ်အနေနဲ့
မကြာခင်ထွက်လာမှာပါ။ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံဗိသုကာ
အသင်းနဲ့ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းတို့ကိုလည်း အဲဒီ
နည်းဥပဒေကြမ်း ချပြပြီးပါပြီ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က
ရန်ကုန်တစ်မြို့လုံးရှိ အထပ်မြင့်အဆောက်အအုံများကို
ပြန်လည် စိစစ်ရန် ညွှန်ကြားခဲ့ပြီးနောက် အစိုးရက ဖွဲ့စည်း
ထားသည့် စိစစ်ရေးကော်မတီ၏ ပြန်လည်စစ်ဆေးမှုတွင်
ရန်ကုန်မြို့အင်္ဂါရပ် ကို ထိန်းသိမ်းသည့် စံနှုန်းအသစ်များဖြင့်
ထည့်သွင်းစစ်ဆေးခဲ့ကာ ယခင် စည်ပင်သာယာက စိစစ်
အသုံးပြုခွင့်ပေးခဲ့သည့်နည်းဥပဒေကို အသစ်ပြန်ပြင်
ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် မြို့ရှိ
အဆောက်အအုံများကို ဆောက်လုပ် ခွင့်ပြုမိန့်ပေးရာတွင်
အဓိကအခွင့်အာဏာ ရှိသည့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက် အအုံ)
က ကိုင်တွယ်ကျင့်သုံးသော နည်းဥပဒေ သည် အထပ်မြင့်
အဆောက်အအုံများအတွက် ကျင့်သုံးသည့် စံနှုန်းများတွင်
မြို့ပြအင်္ဂါရပ်ကို ထိန်းသိမ်းမည့် စံနှုန်းများ ပါဝင်မှုမှာ
နည်းပါးနေသည်ဟု အထပ်မြင့် အဆောက်အအုံစိစစ်ရေး
ကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြင်ဆင်ရေးဆွဲပြီးဖြစ်သော ဆောက်လုပ် ခွင့်ပါမစ်
နည်းဥပဒေသစ်ကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများနှင့်
ညှိနှိုင်းဆွေးနွေး ပြီးပါက တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်
ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရခွင့်ပြုချက် ရသည်နှင့်
ယင်းနည်းဥပဒေသစ်ကို စည်ပင် သာယာရေးကော်မတီက
ကျင့်သုံးသွားမည် ဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့်လည်း
နည်းဥပဒေသစ်တွင် ပါဝင်သည့် စံချိန်စံညွှန်းအသစ်များကို ချပြ
ဆွေးနွေး သွားမည်ဖြစ်ကာ ပြည်သူလူထုကိုလည်း ချပြသွားမည်
ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ပြောသည်။

"ကျွန်မတို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းကိုလည်း
ချပြမယ်။ ပြီးရင် အခုခေတ်က ဒီမိုကရေစီခေတ်ဆိုတော့
ပြည်သူတွေကိုလည်း ချပြရမယ်။ အခုက ချပြရမယ့် အဆင့် ကို
ရောက်နေပါပြီ။
ပြီးရင် တိုင်းဒေသကြီး အစိုးရကိုတင်ပြီး ခွင့်ပြုပြီဆိုတာနဲ့
ဒီနည်း ဥပဒေသစ်ကို စသုံးသွားတော့မှာပါ"ဟု
၎င်းက ပြောသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ယခင်အစိုးရ
လက်ထက် နည်းဥပဒေ များဖြင့် ဆောက်လုပ်ခွင့်ပေးပြီးဖြစ်သည့်
အထပ်မြင့်အဆောက်အအုံများကို ပြန်လည် စိစစ်ရာတွင်
အဆောက်အအုံအချို့ အထပ် အမြင့်များ လျှော့ချခံရသည့်
အပေါ် အတည် ပြုထွက်ပေါ်လာခြင်း မရှိသေးသည့်
နည်း ဥပဒေသစ်များဖြင့် စိစစ်ခြင်းဖြစ်ပြီး ပွင့်လင်း မြင်သာမှု
မရှိကြောင်း ပြင်းထန်သည့် ဝေဖန်မှုများရှိခဲ့သည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၃ ခုနှစ်တွင်
ပြဋ္ဌာန်းထားသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေ
အရ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေး ဆွဲပြီး
ထုတ်ပြန်ခွင့်ရှိကြောင်းဒေါ်လှိုင်မော်ဦး က ပြောသည်။

ပြင်ဆင်ရေးဆွဲထားသည့် နည်းဥပဒေ သစ်၌ လက်ရှိ
ရန်ကုန်မြို့ပြအနေအထား ကို အခြေခံကာ နိုင်ငံတကာတွင်
ကျင့်သုံး လျက်ရှိသည့် စံချိန်စံနှုန်းများကို လေ့လာ ပြီး ပြုစု
ရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဗိသုကာအသင်း
ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။

"ရေးဆွဲတယ်ဆိုတာထက် နိုင်ငံတကာ ဘယ်လိုရှိလဲ၊
မြန်မာပြည်ဘယ်လိုရှိလဲ၊ ဘယ်လိုဖြစ်သင့်လဲဆိုတာတွေကို
လေ့လာပြီး ပြုစု ထားတာပါ။ ဖြစ်သင့်တာတွေကို လုပ်ထား
တာပါ။ တိုင်းဒေသကြီးအစိုးရကိုတင်ပြီးလို့ လက်ခံရင်
အမြန်ဆုံးထုတ်ပြန်မယ်" ဟု ၎င်းက ပြောသည်။

(မြတ်ငြိမ်းအေး)

credit - Eleven Media Group & The Myanmar Times

No comments:

Post a Comment