Wednesday, August 31, 2016

“အလှုပ်အယိမ်းများနေသော ဒေါ်လာ၊ ရွှေ ဈေးကွက်နှင့် ငွေကြေးဖောင်းပွမှု ၁၂ ရာခိုင်နှုန်းကျော်သွားခြင်းအပေါ် စီးပွားရေးပညာရှင်အချို့၏ သုံးသပ်မှုများ”

“အလှုပ်အယိမ်းများနေသော ဒေါ်လာ၊ ရွှေ ဈေးကွက်နှင့်
ငွေကြေးဖောင်းပွမှု ၁၂ ရာခိုင်နှုန်းကျော်သွားခြင်းအပေါ်
စီးပွားရေးပညာရှင်အချို့၏ သုံးသပ်မှုများ”


၁။ "ဒေါ်လာနဲ့ရွှေဈေး အလှုပ်အယိမ်းများနေ"

ပြည်တွင်းဒေါ်လာဈေးကွက်အတွင်း ဒေါ်လာဈေးများ
ထိုးတက်နေပြီး ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာလည်း
အမြင့်ဆုံးဈေးသို့ ရောက်ရှိနေကြောင်း ဒေါ်လာ၊ ရွှေ ဈေးကွက်
အတွင်း လုပ်ကိုင်နေသူများထံမှ သိရသည်။

သြဂုတ် ၂၅ ရက်နေ့ ဒေါ်လာဈေးကွက်အတွင်း ဈေးစဖွင့်ချိန်တွင်
ဖြစ်ပေါ်နေသည့် ဈေးနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၂၁၀
ဝန်းကျင် အထက် အောက် ဖြင့်သာ ဈေးကစားနေပြီး ၊ ဗဟိုဘဏ်
သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၂၀၃ ကျပ် ဖြစ်သည်။

ဩဂုတ် ၂၄ ရက်နေ့ ဒေါ်လာဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော
ဈေးနှုန်းမှာ ဈေးဖွင့်ချိန်တွင် တဒေါ်လာလျှင် ၁၂၃၁ ကျပ်ဖြင့် 
ဖြစ်ပေါ်ခဲ့ပြီး ဈေးပိတ်ချိန်တွင် တဒေါ်လာလျှင် ၁၂၁၀ ကျပ်ဖြင့်
ရပ်တံ့ခဲ့ရာ တရက်အတွင်း တဒေါ်လာလျှင် ၁၀ကျပ် ပြန်လည်
ကျဆင်းခဲ့ပြီး ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းမှာ
တဒေါ်လာလျှင် ကျပ် ၁၂၀၃ ဖြစ်သည်။

ဒေါ်လာဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက
“ ဒေါ်လာဈေးတက်နေတာက စီးပွားရေးကောင်းနေလို့တော့
မဟုတ်ဘူး။ အဝေးဈေးလို့ခေါ်တဲ့ တရုတ်နယ်စပ်ကို ကြည့်ပြီး
ကစားတာ။ တရုတ်နယ်စပ်ဈေးကလည်း ဒေါ်လာဈေး မာတာကို
ကြည့်ကစားနေတာ။ အဝေးဈေး မာလာပြီဆိုတာနဲ့
ကုန်သည်တွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်သူတွေက ဒေါ်လာကို
ဝယ်ကြတော့တာပဲ”ဟု ပြောသည်။

“ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာက မာနေတယ်။ အခုဒေါ်လာ
ဈေးနှုန်းမြင့်လာတော့ ဒေါ်လာတွေက ထွက်လာတယ်။
ဒါပေမယ့် ၀ယ်မယ့်သူမရှိဘူး။ ဒီဈေးကွက်က တဦးက ၀ယ်ရင်
သူဌေးတွေကအစ ထွက်ဝယ်တယ်။ ရောင်းရင်လည်း သူဌေး
တွေက အစ ထွက်ရောင်းတယ်။ သြဂုတ် ၂၄ ရက်နေ့ကဆို
လေနဲ့ အရောင်းအ၀ယ် လုပ်တာကို ဘာမှ သိပ်မသိတဲ့
သူတွေက ၀ယ်ကြ ရောင်းကြနဲ့ ရှုံးတဲ့သူတွေရှိတယ်”ဟု
၎င်းက ဆက်ပြောသည်။

အစိုးရသစ် အကူးအပြောင်း စတင်ချိန်တွင် ဒေါ်လာဈေး
ကျဆင်းသွားခြင်းရှိခဲ့ပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်း
သို့ အများအပြား ၀င်ရောက်လာနိုင်သည်ဟု မျှော်မှန်းချက်များ
ကြောင့် ဒေါ်လာကိုင်ဆောင်ထားသူများက ဈေးနှုန်းကို
ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့်ဈေးနှုန်းထက်
ချရောင်းခြင်း ဖြစ်ခဲ့ကြောင်း ငွေကြေးဈေးကွက်
ကျွမ်းကျင်သူများက ဆိုသည်။

ဒေါ်လာဈေးကွက် အတက်အကျနှင့် ပတ်သက်ပြီး
စီးပွားရေးပညာရှင် ဦးလှမောင်က
“ ဒေါ်လာဝင်တာလျှော့လို့ တက်တာ။ အခုက နယ်စပ်က
အရောင်းအ၀ယ်မှာ ဒေါ်လာ သိပ်မ၀င်တော့ဘူး။ ဒေါ်လာ
သိပ်မ၀င်ရင် ဒေါ်လာဈေးတက်တယ်။ မြန်မာ့စီးပွားရေးကလည်း
ငွေကြေးဖောင်းပွမှုက ၁၃ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။
ကုန်ဈေးနှုန်းကလည်း တက်နေတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
ကလည်း တံ့နေတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း
ကလည်း မဖြစ်ဘူး ။ ရက် ၁၀၀ အတွင်းမှာ စီးပွားရေးကလည်း
ကျလာတဲ့အတွက် ဒေါ်လာဈေးတက်လာတာကို
တွေ့ရတယ်”ဟု ပြောသည်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာ့ဘဏ်က
ဒေါ်လာ သန်း ၁၀၀ ချေးယူမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး
ပညာရေးဝန်ထမ်းများကိုလည်း လစာတိုးမြင့်မည့် သတင်းများ
ထွက်ပေါ်ခဲ့သည့်အတွက် ဒေါ်လာဈေးကို တွန်းတင်သော
အခြေအနေ ဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။

“လစာတိုးမြင့်မယ်ဆိုတဲ့ သတင်းထွက်တိုင်း ကုန်ဈေးနှုန်းက
တက်တယ်။ လစာတိုးမြင့်တာ မဟုတ်ပါဘူး။ ပညာရေး
ဝန်ထမ်းတွေကို အသစ်ခန့်မှာ အတွက် လစာကို
သန်း ၁၀၀ က ပေးရမယ်။ နောက် အဲဒီထဲမှာ
ဗဟိုဘဏ်တိုးချဲ့ရေး လည်းပါတယ်။ ပေးမှာက ဒေါ်လာ
ဖြစ်တော့ ဒေါ်လာကို ကျပ်ငွေပြောင်းပေးလို့ သုံးလိုက်ရင်
ငွေဖောင်းပွမယ်။ အဲဒီသတင်းနဲ့ကို ဒေါ်လာဈေးတွေ ဒီလို
ဖြစ်လာတာ။ နောက် ထင်ရှားတာက ရေဘေးဒဏ်ခံရမှု
ကလည်း တော်တော် ကြီးတဲ့အတွက် ပြန်လည်ထူထောင်ရေး
အတွက် ငွေကလည်း သုံးရတော့ ပြည်တွင်းသုံးငွေထဲ
ဝင်လာတော့ ငွေဖောင်းပွတဲ့ အတွက်လည်း ဒေါ်လာဈေး
တက်တာ ပါတယ်”ဟု  ဦးလှမောင်က
သုံးသပ်ပြောဆိုသည်။

ရွှေဈေးကွက်အတွင်းတွင်လည်း
- သြဂုတ် ၂၅ ရက်နေ့ အဖွင့်ဈေးသည် အခေါက်ရွှေ
တကျပ်သားလျှင် ၈၅၇၅၀၀ ကျပ်ရှိကြောင်း၊
- သြဂုတ် ၂၄ ရက်နေ့ ရွှေဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေ
တကျပ်သားလျှင် ၈၇၄၅၀၀ ကျပ်မှ ဈေးပိတ် ချိန်တွင်
အခေါက်ရွှေတကျပ်သားလျှင် ၈၆၂၀၀၀ ကျပ်ဖြင့်
ကျပ် ၁၅၀၀၀ နီးပါး ဈေးပြန်လည် ကျဆင်းသွားခဲ့သည်။

“ရွှေက ပြည်တွင်းမှာ ဒေါ်လာဈေးကွက် မြင့်တက်သွားလို့
ရွှေက လိုက်တက်နေတာ။ ကမ္ဘာဈေးက အပြောင်းအလဲ
မရှိဘူး။ ရွှေဈေးကွက်က လူးနေတယ်။ ၀ယ်လိုအား
နည်းတယ်။ ရောင်းလိုအားတွေက များနေတာ။ ဒါပေမယ့်
ဈေးက အမြင့်ဆုံးကို တက်နေတာ”ဟု ရန်ကုန်တိုင်း
ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က
ပြောသည်။

(မေစိုးစံ)

***

၂။ "ငွေကြေးဖောင်းပွမှု ၁၂ ရာခိုင်နှုန်းကျော်ရှိဟု ဗဟိုဘဏ်
ထုတ်ပြန်"

ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး စီးပွားရေးတုံ့ဆိုင်းနေချိန်တွင်
မြန်မာနိုင်ငံ၌ငွေကြေးဖောင်းပွမှု ၁၂ ဒသမ ၁၄ ရာခိုင်နှုန်း
ရှိကြောင်း ဗဟိုဘဏ် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ၊ အစိုးရအပြောင်းအလဲ အချိန်ကြာမြင့်ခြင်း၊
အစိုးရ၏ တိကျသောစီးပွား ရေးမူဝါဒ မချမှတ်နိုင်ခြင်း၊
ဇူလိုင်မှစပြီး တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရေကြီးနစ်မြုပ်ခြင်း
များကြောင့် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်
စေခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်အချို့က ပြောသည်။

‘‘တိုင်းပြည် စီးပွားရေးအတွက် အလားအလာမကောင်းဘူးလို့
ပြောရမှာပဲ’’ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေ၀င်းက
ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅ - ၁၆ဘဏ္ဍာနှစ်
ကုန်က ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်ဟု
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့
စာရင်းများအရ သိရသည်။ ထို့ကြောင့် အရပ်သားအစိုးရ
သက်တမ်း ရက်တစ်ရာကျော်အတွင်း ငွေကြေးဖောင်းပွမှု
၁ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်လာသည်။

‘‘မြန်မာငွေတန်ဖိုးကကျပြီး ကုန်ဈေးနှုန်းက တက်ဦးမှာပဲ’’ ဟု
စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

ငွေကြေး ဖောင်းပွမှုနှုန်းမြင့်မားနေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုများ လာရောက်မှုလျော့နည်းမည်ကို စိုးရိမ်ကြောင်း
စီးပွားရေးပညာရှင်အချို့ကဆိုသည်။ ငွေကြေးဖောင်းပွမှုကြောင့်
ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းသဖြင့် အကျိုးအမြတ်နည်း၍
နိုင်ငံခြားသားလုပ်ငန်းရှင်များက လက်ရှောင်တတ်ကြောင်း
ဦးဇော်ဖေ၀င်းက သတိပေးပြောလာသည်။

အရပ်သားအစိုးရ စတင်တာဝန်ထမ်းဆောင်ပြီး လေးလအတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း ၃၈၀
ကျော် ၀င်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။

ဖွံ့ဖြိုးမှုအားကောင်းသော နိုင်ငံများတွင် ငွေကြေးဖောင်းပွလျှင်
ကုန်ထုတ်လုပ်မှုများမြင့်တက်လာသော်လည်း မြန်မာနိုင်ငံ
အနေဖြင့် ပြောင်းပြန်အခြေအနေမျိုး ကြုံတွေ့နေရသည်။

လက်ရှိ ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်တွင် ကုန်ထုတ်လုပ်မှု
ကျဆင်းပြီး စီးပွားရေးတုံ့နှေးနေမှုသည် အနာဂတ်အတွက်
သတိထားစရာဖြစ်လာသည်ဟု စီးပွားရေး ပညာရှင်အချို့က
ဆိုသည်။

(ပြည်သိမ်း)

***

၃။ "ငွေကြေးဖောင်းပွမှု ၁၂ ရာခိုင်နှုန်း ကျော်နေပြီ"

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ကြေညာခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း
၁၂.၁၄ ရာခိုင်နှုန်းက ယခင်နှစ် ကမ္ဘာ့ဘဏ်၏ ကြိုတင် ခန့်မှန်း
ချက်ထက် ကျော်လွန်နေခဲ့ပြီး အဆိုပါဖောင်းပွမှုက ဆက်လက်၍
တိုးလာပြီး ပြည်တွင်း ၀ယ်လိုအား လျော့ကျသွားမည်ကို
စီးပွားရေး အသိုင်းအ၀ိုင်းးက စိုးရိမ်နေကြသည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်
ပြီးခဲ့သည့် မတ်လက ကုန်ဆုံးခဲ့သော ၂၀၁၅-၁၆ ဘဏ္ဍာရေး
နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၁၀ ရာခိုင်နှုန်းဟု ဖော်ပြခဲ့ပြီး
၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ၁၁.၃ ရာခိုင်နှုန်း အထိ
မြင့်တက်သွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ရေလွှမ်းမိုးမှုများနှင့်
ကျပ်ငွေတန်ဘိုး ကျဆင်းခြင်းတို့ကြောင့် ဖြစ်လာနိုင်သည့်
ဖိအားများကြောင့် ထိုသို့ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ယခု ဘဏ္ဍာရေး နှစ်၏ ပထမ ၃ လ အတွင်းတွင် မြန်မာနိုင်ငံ၏
ကုန်သွယ်ရေးပမာဏက ယခင်နှစ် အလားတူအချိန်နှင့် စာလျှင်
ကျဆင်းသွားခဲ့သည်။

“တကယ်လို့ အစိုးရက ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ရေးနဲ့
စီးပွားရေး မူဝါဒတွေ မချမှတ်နိုင်ဘူးဆိုရင် ငွေကြေးဖောင်းပွမှု
ပိုမြင့်တဲ့ အဆင့်ကို ရောက်သွားနိုင်တယ်” ဟု မြန်မာနိုင်ငံ
ဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဌ နှင့် ထွန်းဖောင်ဒေးရှင်းဘဏ်
ကိုတည်ထောင်သူ ဦးသိန်းထွန်းက ပြောသည်။

ငွေကြေးဖောင်းပွမှုက ၁၂ ရာခိုင်နှုန်း ဖြစ်လာသည့်အခါ
ဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် ကျော်လွန်သွားသည့်အတွက်
မြန်မာနိုင်ငံ၏ ကောင်းမွန်စပြုလာခါစ ဘဏ္ဍာရေး ကဏ္ဍတွင်
မတည်ငြိမ်မှုများ ရှိလာမည်ကို စိုးရိမ်မှုများ ရှိလာသည်။

အမေရိကန် ဒေါ်လာဈေးနှုန်း မတည်ငြိမ်ခြင်းကလည်း
ငွေကြေးဖောင်းပွမှုကို ဖြစ်စေသော အကြောင်းများထဲမှ တခု
ဖြစ်သည်ဟု ဦးသိန်းထွန်းကပြောသည်။ အစိုးရအနေဖြင့်
အဖြေတခု ရှာဖွေသင့်သည်ဟု လည်း သူကဆိုသည်။

နိုဝင်လာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိခဲ့ခြင်းကြောင့်
ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာလိမ့်
မည်ဟု  The Oxford Business Group က ပြီးခဲ့သည့်
နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော်လည်း
ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းက အဆိုပါ ယုံကြည်မှု
များကို ပြိုကွဲသွားစေပြီး အလားအလာများကို လျော့ပါး
စေလိမ့်မည် ဖြစ်သည်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ယခုကဲ့သို့
ငွေကြေးဖောင်းပွမှုနှုန်းက ဆယ်ဂဏန်း ကျော် ဖြစ်လာ
သောကြောင့် အခြေခံ လူသုံးကုန်ပစ္စည်းဈေးနှုန်းများ
မြင့်တက်လာသည့် အတွက် လက်လုပ်လက်စားပြည်သူများကို
ထိခိုက်နစ်နာစေသည်ဟု ထောက်ပြသည်။ မြန်မာနိုင်ငံတွင်
အနိမ့်ဆုံး အခြေခံလုပ်ခလစာမှာ တနေ့လျှင် ၃၆၀၀ ကျပ်သာ
ရှိပြီး ကမ္ဘာပေါ်တွင် အနည်းဆုံး နိုင်ငံများထဲတွင်
ပါဝင်နေသည်။

“ငွေကြေးဖောင်းပွမှုနှုန်းကို ခုဂဏန်းတွေလောက်မှာပဲ ထိန်းထား
သင့်တယ်လို့ အရင်အစိုးရ လက်ထက်ကထဲက ကျနော်
အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။”ဟု ဒေါက်တာ အောင်ကိုကို
ကပြောသည်။ တရားဝင် ဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက်
နည်းသင့်သည်ဟု လည်းပြောသည်။

ကုန်ထုတ်လုပ်မှု ကျဆင်းသွားဖွယ်ရာ ရှိသည်ဟုလည်း သူက
ဆိုသည်။ ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်တက်နေခြင်း၏
ဘေးထွက်ဆိုးကျိုးအနေဖြင့် ဈေးနှုန်းများ မြင့်တက်လာခြင်းက
ပြည်တွင်းမှ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု ၀ယ်လိုအား ကို ထိခိုက်
စေမည် ဖြစ်သည်။ ဘဏ်များအနေဖြင့်လည်း လက်ရှိအချိန်တွင်
သူတို့ပေးနိုင်သည့် ဘဏ်တိုးနှုန်းကြောင့် ရပ်တည်ရန်
ခက်ခဲလိမ့်မည် ဟုလည်း ဒေါက်တာ အောင်ကိုကိုက
ပြောသည်။

Myanmar Payment Union ၏ အမှုဆောင် အရာရှိချုပ်
ဦးဇော်လင်းထွဋ်ကလည်း ဒေါက်တာ အောင်ကိုကို ပြောသည်ကို
ထောက်ခံခဲ့သည်။ အကယ်၍ ငွေကြေးဖောင်းပွနှုန်းက
ဘဏ်တိုးနှုန်းထက် မြင့်မားလာလျှင် ပြည်သူများက အလွန်
အန္တရယ်ကြီးသည့် တရားမ၀င် ဈေးကွက်တွင် ငွေကြေး
စုဆောင်းကြမည် ဖြစ်သည်ဟု သူကပြောသည်။

လူနေမှုစရိတ် မြင့်မားလာခြင်းကြောင့် ဘဏ်များတွင်
ငွေကြေးစုဆောင်းမှု ကျဆင်းခြင်း ဖြစ်နိုင်သည်ဟု
ဦးဇော်လင်းထွဋ် ကပြောသည်။ အစိုးရ အနေဖြင့် အခြေအနေ
ပိုမိုဆိုးရွား မလာမီ အဖြေတခုကို အလျှင်အမြန် ရှာဖွေ
သင့်သည်ဟုလည်း သူကဆိုသည်။

(ကျော်ဆုမွန်)

credit -  Irrawaddy Publishing Group & 7day Daily

မှတ်ချက်
----------

အိမ်ခြံမြေ အကြောင်းအရာများနှင့်  တိုက်ရိုက်မသက်ဆိုင်
သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့် မိတ်ဆွေများ
လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

No comments:

Post a Comment