“အိမ် ခြံ မြေ အခွန်နှင့်ဆိုင်ရာ သတင်းများ”
၁။ "အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာဖို့
အခွန်နှုန်းထားလျှော့ချဖို့လိုအပ်"
ဈေးကွက်အေးနေတဲ့ အိမ်ခြံမြေ အခြေအနေပြန်လည်
ဦးမော့လာအောင် အခွန်နှုန်းထားတွေ လျှော့ချဖို့လိုအပ်
တယ်လို့ အိမ် ခြံ မြေဝန်ဆောင်မှု လုပ်ကိုင်သူအချို့က
သုံးသပ်ပါတယ်။
‘အစိုးရ အပြောင်းအလဲမှာတုန်းကလဲ မူဝါဒတွေ ဘယ်လို
လာမယ်ဆိုတာ မသိသေးတော့ ဈေးကွက်က ငြိမ်တယ်၊
အစိုးရသစ်ပြောင်းပြီး သိပ်မကြာဘူး၊ မန္တလေးတိုင်း
မြို့တော်ဝန်က မြေဈေးနှုန်းတွေ လျှော့ချမယ်လို့
ပြောလိုက်တုန်းကလဲ တစ်နိုင်ငံလုံး ဈေးကွက်ငြိမ်သွားတယ်၊
အခုထိကို အိမ် ခြံ မြေဈေးကွက်က ငြိမ်နေတာ တစ်မြို့တည်း
မဟုတ်ဘူး၊ တစ်နိုင်ငံလုံး ဖြစ်နေတာပါ၊ နောက်တစ်ခုက
အခုရက် ၁၀ဝ အတွင်း မှာ အစိုးရအနေနဲ့ မူဝါဒတွေကို
ပြတ်ပြတ်သားသားချမှတ်ပြီး အကောင်အထည်ဖော်တာ
မရှိဘူး၊လိုင်စင်မဲ့ ကားတွေ သိမ်းမယ်ဆိုပြီး အခုထိ
တစ်နိုင်ငံလုံး သိမ်းဆည်းတာ မရှိသေးဘဲ ရပ်နေပြန်တယ်၊
မူဝါဒတွေကို စမ်းသပ်နေတယ်လို့ ထင် တယ်၊ ဒါကြောင့်
ဈေးကွက်မှာ ဘာမှလုပ်လို့ကို မရတာ’ လို့ တာချီလိတ်
အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်းမှ ကော်မတီဝင်
တစ်ဦးဖြစ်သူ ဦးဝင်းကျော် က ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ အခွန်ဥပဒေသစ်ဖြင့်
အခွန်စည်းကြပ်မှုတွေကို ၂၀၁၆ ခုနှစ် မေလမှ စတင်ကာ
ယခင်ထက် ငါးဆ တိုးမြှင့်လိုက်တာကြောင့် အရောင်းအဝယ်
အေးတာဖြစ်တယ်လို့ အိမ်ခြံမြေ အရောင်းအဝယ်
လုပ်သူတွေက ဆိုပါတယ်။
‘ဈေးကွက်တစ်ခုလုံးကို ငြိမ်တာ၊ အရင်က အရောင်းမဖြစ်ရင်
အပေါင်ဖြစ်သေးတယ်၊ အခုက အပေါင်၊ အရောင်း၊ အငှား တွေ
အကုန်လုံး အေးတာ၊ အစိုးရသစ် တက်ရင် မူဝါဒအသစ်တွေ
ချမှတ်ပြီး ဈေးကွက်ကောင်းလာမယ် မျှော်လင့်ထားတာ၊
အခုတော့ အိမ် ခြံ မြေ လောကကလူတွေ အကုန်လုံးနီးနီး
ထိုင်နေရတယ်၊ ရန်ကုန် ၊ မန္တလေး၊ တောင်ကြီး အကုန်
အေးတယ်၊ အိမ်ရာစီမံကိန်း ဆောက်မယ့် အစီအစဉ်တွေလဲ
အစိုးရရဲ့ပေါ်လစီချတာတွေတည်ငြိမ်မှုမရှိလို့ အကုန်နား
ထားတယ်၊ ရှမ်းပြည် နယ်ထဲမှာဆိုရင် အိမ်ရာစီမံကိန်းတွေလဲ
နားထားတယ်ကြားတယ်’ လို့ တာချီ လိတ်မြို့မှာ အိမ် ခြံ မြေ
ဝန်ဆောင်မှု လုပ်ကိုင်သူ ကိုဆန်းဝင်းက ပြောပါတယ်။
အိမ်၊ ခြံ၊မြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားသူတွေ အနေနဲ့
အရောင်းအဝယ် ပြုလုပ်တိုင်း အခွန်ငွေ ပေးဆောင်ရမှာ
ဖြစ်တာကြောင့် မူလတန်ဖိုးထက် ပိုမြင့်သွားမှာ ဖြစ်လို့
အဝယ်နည်းသွားတယ်လို့ သိရပါတယ်။
ကိုဇက် (Tachileik News Agency)
***
၂။ "ဒဂုံမြို့သစ် အတွင်းကွက်စံနှုန်း သိန်း ၂ဝ ခန့် ပိုများမည်ဟု
သတင်းထွက်ပေါ်နေ"
ယခုနှစ်အတွင်း ရန်ကုန်မြို့၏မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်း
အသစ်တွင် ဒဂုံမြို့သစ်အတွင်းကွက်များအတွက် သတ်မှတ်ထား
မှုမှာ ယခင်ကထက် ကျပ်သိန်း ၂ဝ ခန့်များလာမည်ဟု အိမ်ခြံမြေ
အကျိုးဆောင်များက ပြောဆိုနေကြသည်။
''မထုတ်ပြန်သေးတော့ သေချာတော့မသိရသေးပါဘူး။
တစ်ဆင့်စကားတွေနဲ့ပြောနေ ကြတာပါပဲ။ စံနှုန်းလဲ ထပ်တိုးမယ်၊
ဝင်ငွေခွန်လဲ တိုးထားတာ။ ဒါတွေကို ဒီနှစ်ပြောင်း ပေးမယ်။
မပြောင်းပေးဘူးကလဲ မသေချာတော့ တကယ်အခွန်ဆောင်ပြီး
ဝယ်သူတွေ အတွက် ဈေးများတယ်'' ဟု
ဝသုန်အကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းမောင်က ပြောသည်။
ယခင်စံနှုန်းများမှာ လမ်းအတွင်းပိုင်းမြေကွက်များကို
ကျပ်သိန်း၃ဝဝအဖြစ် တန်ဖိုးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စံနှုန်း
အသစ်မှာ ကျပ်သိန်း ၃၂ဝ ဖြစ်မည်ဟု အကျိုးဆောင်
အသိုင်းအဝိုင်းမှ ပြောဆိုနေကြခြင်းဖြစ်သည်။
ယခုနှစ် တစ်နှစ်တာအတွက် စံနှုန်းသတ်မှတ်ချက်မှာ
ယခင်ကထက်များလာပါက ဝင်ငွေခွန်နှုန်းထားများအား ပြန်လည်
လျော့ပေးသင့်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
''စံနှုန်းတွေထွက်လာမှာနဲ့ ဝင်ငွေခွန်နှုန်းထား ပြောင်းမပြောင်းကို
အမည်ပြောင်းချင်သူတွေက စောင့်ကြည့်နေကြတာ စံနှုန်းတိုးပြီး
ဝင်ငွေခွန်နှုန်းထား ပြန်လျှော့ပေးမလားလို့ပါ။
စံနှုန်းက ဝင်ငွေခွန်ဆောင်ရမည့်တန်ဖိုးကို သတ်မှတ်ထားတာ
ဆိုတော့ အခြေအနေစောင့်ပြီး မပြောင်းကြသေးတာတွေလဲ
ရှိတယ်''ဟု ဝါရင့်အကျိုးဆောင် ဦးမောင်မောင်ထွန်းက
ဆိုသည်။
ဒဂုံမြို့သစ်အတွင်းကွက်များအတွက် မသိနိုင်သေးသော်လည်း
ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ
ဝန်ဆောင်မှုအသင်း (ဗဟို)မှ ညှိနှိုင်းထားချက်များအရ ယခုနှစ်
အတွက် မြို့နယ်အလိုက် အိမ်ခြံမြေ တစ်ပေပတ်လည်
စံနှုန်းသစ်များမှာ ယခင်နှစ်များထက် လျော့နည်းပြီး
သင့်တင့်သည့်နှုန်းထားတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)
ဒုဥက္ကဋ္ဌ(၁) ဦးသန်းဦးက ပြောသည်။
အိမ်ခြံမြေစံနှုန်းထားများနှင့် ဝင်ငွေခွန်နှုန်းထားများကို
ယခင်နှစ်များက အောက်တိုဘာလဝန်းကျင်၌သာ
ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။
အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းများကို အိမ်ခြံမြေ
အရောင်းအဝယ် တည်ဆောက်မှုနှင့်ပြုပြင်ခြင်းများအပေါ်
အခွန်ထမ်းဆောင်ရာ၌ ပြောင်းလဲလာသော ဈေးနှုန်းများနှင့်
ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိစေရန် ပြင်ဆင်သတ်မှတ်ခြင်း
ဖြစ်သည်။
(ဖြူသစ်လွင်)
***
၃။ "အိမ်ခြံမြေစံနှုန်းထားသစ် ပေးဆောင်နိုင်တဲ့နှုန်းထားဖြစ်ဖို့
တင်ပြဆွေးနွေးဖို့ရှိ"
အိမ် ခြံ မြေ အရောင်းအဝယ်ပြုလုပ်ရာမှာပေးဆောင်ရတဲ့
ဝင်ငွေခွန်နှုန်းထားတွေကမြင့်နေတာကြောင့် လျှော့ချပေးနိုင်ဖို့
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) က
တင်ပြဆွေးနွေး ဖို့တွေရှိတယ်လို့ သိရပါတယ်။
MRESA အသင်းက ဥက္ကဋ္ဌ ဦးခင်မောင်သန်းက
အခွန်ဆောင်ချင်လာအောင် ဖြစ်သင့်ဖြစ်ထိုက်တဲ့နှုန်းထားတွေ
ဖြစ်လာအောင် သတ်မှတ်ပေးဖို့လိုနေတာပါ၊ ပေးဆောင်ရမယ့်
သူတွေ အခွန်တွေကိုပြည့်ပြည့်ဝ၀ ပေးဆောင်လာအောင်
ဖြစ်ပေါ်လာဖို့ သက်ဆိုင်ရာအစိုးရကို တင်ပြပြီးဆောင်ရွက်ဖို့
ရှိပါတယ်လို့ ပြောပါတယ်။
လက်ရှိမှာသတ်မှတ်ထားတဲ့ ဝင်ငွေခွန်နှုန်းထားတွေက
မြင့်နေတာကြောင့်ဝင်ငွေခွန်ဆောင်မယ့်သူတွေကလည်း
ပြောင်းလဲမယ့်နှုန်းထားတွေကိုစောင့်မျှော်နေကြတယ်လို့
ဈေးကွက်အတွင်းကသိရပါတယ်။
ဝင်ငွေခွန်နှုန်းထား တွေကို နှစ်စဉ်ပြောင်းလဲသတ်မှတ်လေ့
ရှိတာကြောင့် အသစ်သတ်မှတ်မယ့်နှုန်းထားတွေကို
သင့်တင့်တဲ့နှုန်းထားတွေဖြစ်စေချင်ကြတာပါ။
ဦးခင်မောင်သန်းကပဲ ဝင်ငွေခွန်တွေကို ပြီးခဲ့တဲ့အစိုးရ
လက်ထက် ၂၀၁၂ ခုနှစ်က အိမ်ခြံမြေစံနှုန်းထားတွေ
၃၇ ရာခိုင်နှုန်းသတ်မှတ်တယ်။
အခွန်ပေးဆောင်သူတွေရဲ့ အသံမှာအရမ်းများတယ်ဆိုတဲ့
အသံတွေကြောင့် နိုင်ငံတော်အစိုးရကို
ထင်သာမြင်သာရှိအောင်တင်ပြပြီး ကြိုးစားကြတယ်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှာ သိန်း ၃၀ဝ၀ အောက်ကို
စံနှုန်းထားတွေလျှော့ပေးတယ်။ အခွန်ဆောင်တာတွေ
များလာခဲ့ကြတယ်။
၂၀၁၅ ခုနှစ်မှာ သိန်း ၁၅,ဝ၀ဝ အောက်ကိုထပ်လျှော့ခဲ့တယ်။
ဒါပေမဲ့အမှတ်မထင်၂၀၁၆ ခုနှစ်အတွက် ဝင်ငွေခွန်တွေကို
ပြန်လည်မြှင့်ခဲ့တယ်။ ဈေးကွက်ကအေးစက်နေချိန်မှာ အခုလို
တိုးမြှင့်လိုက်တာကြောင့်ဈေးကွက်က
ပိုပြီးအေးစက်ခဲ့တယ်လို့ဆို ပါတယ်။
ဝသုန်အကျိုးဆောင်မှဦးဝင်းမောင်က
"ရောင်းသူဝယ်သူတွေရဲ့အခွန်ဆောင်ချင်တဲ့စိတ်တွေ
နည်းသွားတယ်၊ အရင်ကဆိုကိုယ်တွေကအခွန်ဆောင်ဖို့
တိုက်တွန်းရတာအဆင်ပြေပေမဲ့ အခုကျတော့ပြောရခက်တယ်၊
ဆောင်ချင်သူတွေတောင် မဆောင်တော့ဘဲပြောင်းလဲ
သတ်မှတ်မယ့်နှုန်းထားအသစ်ကို စောင့်နေကြတာ"
လို့ ပြောပါတယ်။
ဈေးကွက်ထဲမှာ အခွန်ဆောင်ချင်သူတွေ၊ အမည်ပေါက်
ပြောင်းလဲချင်သူတွေကအခွန်နှုန်းထားကျတာနဲ့ အခွန်ဆောင်
နိုင်အောင်လိုအပ်တာတွေကိုကြိုတင်လုပ်ဆောင်ထားကြ
တာတွေလည်းရှိတယ်လို့ ဈေးကွက်အတွင်းက သိရတယ်။
အခွန်ထမ်းဆောင်မယ့်သူတွေအတွက် လက်ရှိမှာမျှော်လင့်
နေကြတာကအသစ်ထွက်ရှိလာမယ့် မြေကွက်စံနှုန်းတွေနဲ့
ဝင်ငွေခွန်နှုန်းထားတွေက ထမ်းဆောင်နိုင်မယ့်နှုန်းထားတွေ
အဖြစ် သင့်တင့်တဲ့နှုန်းထားတွေဖြစ်သင့်တယ်လို့
အကျိုးဆောင်တွေ၊ အခွန်ထမ်းတွေနဲ့ ကျွမ်းကျင်သူတွေက
သုံးသပ်ထားကြတာပါ။
နေဖို့ဝယ်သူတွေအတွက် နှုန်းထားနဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့
ဝယ်ရောင်းသမားတွေရဲ့ နှုန်းထားတွေကို ခွဲခြားသတ်မှတ်ထား
တာမျိုးတွေလည်း ပြုလုပ်သင့်တယ်လို့သိရတယ်။
စံနှုန်းတွေနဲ့ပတ်သက်ပြီးထင်သာမြင်သာရှိဖို့အတွက်
အခွန်ဦးစီးဌာနနဲ့အရောင်းအဝယ်ဖြစ်နေသင့်တဲ့ ဈေးနှုန်းတွေ
သတ်မှတ်ထားတယ်လို့ MRESA က သိရပါတယ်။
အသင်းအနေနဲ့စံနှုန်းထားတွေကို ပို့ပေးထားတာပဲရှိတယ်။
သက်ဆိုင်ရာဌာနတွေကိုတင်ပြပြီးအတည်ပြု လုပ်ဆောင်မှာ
ဖြစ်တယ်လို့ ပြောပါတယ်။
(အေးမွန်)
credit - Kumudra Journal & Yangon Media Group
No comments:
Post a Comment