"နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ထုတ်ပြန်ခြင်း"
ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားချက်
-----------------------------------------------------
ပြည်ထောင်စုတစ်ဝန်းလုံး၌ တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးမှု
ရရှိရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးကို အခြေခံသည့် စီးပွားရေးမူဝါဒကို
အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အလုပ်အကိုင်
ဖန်တီးရေးကို စီးပွားရေးမူဝါဒ၏ အခြေခံဖြစ်ရမည်ဟု
ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ
ရှင်းလင်းပြောကြား ခြင်း အခမ်းအနားတွင်
ပြောကြားလိုက်သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က
- မိမိတို့နိုင်ငံရေးအရ သွားနေသည့်လမ်းသည် စီးပွားရေးအရ
သွားနေသည့်လမ်းနှင့်လိုက်လျောညီထွေရှိရမည်ဖြစ်ကြောင်း၊
- စီးပွားရေးမူဝါဒကိုအခြေခံသည့် အခြေခံအုတ်မြစ်များထဲတွင်
အရေးအကြီးဆုံးတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး
ကိစ္စဖြစ်ပါကြောင်း၊
- အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေး မရရှိဘဲ ရှေ့ဆက်သွား၍မရနိုင်ပါကြောင်း၊
- တစ်ချိန်က မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများထက်
စီးပွားရေးအခြေအနေကောင်းမွန်ခဲ့ကြောင်း၊
- သို့သော် နိုင်ငံရေးကျဆင်းသွားသည့်အခါ စီးပွားရေးပါ
ကျဆင်းသွားပါကြောင်း၊
ထို့ကြောင့်
- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အင်မတန်
အလေးထားပါကြောင်း၊
- ညီညီညွတ်ညွတ်ရှိမှသာ မိမိတို့လုပ်ကိုင်လိုသည့် အလုပ်များကို
အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
- ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေးသည် အင်မတန်အရေးကြီးကြောင်း၊
- စီးပွားရေးအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညီညီမျှမျှ ဖွံ့ဖြိုး
တိုးတက်ရေးကို စဉ်းစားရမည်ဖြစ်ကြောင်း
ဆက်လက်ပြောကြားသည်။
ထို့ပြင်
- မိမိတို့နိုင်ငံတွင် ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည်
လယ်ယာစိုက်ပျိုး ရေးကိုမှီတင်းနေထိုင်ကြသူများဖြစ်ကြောင်း၊
- စက်မှုကဏ္ဍကို ဦးတည်ဆောင်ရွက်လိုသော်လည်း လယ်ယာ
စိုက်ပျိုးရေးကို လျစ်လျူရှုထား၍မရပါကြောင်း၊
- ယနေ့ခေတ် ကမ္ဘာကြီး တွင် အစားအသောက်ဖူလုံရေး
(Food Security)ကို ပြောဆိုကြသော်လည်း လက်တွေ့ကျကျ
ဆောင်ရွက်မှုနည်းပါးပါကြောင်း၊
- ထို့ကြောင့် မိမိတို့၏အခြေအနေကို အားသာချက်ရရှိအောင်
ဆောင်ရွက်ရမည်ဖြစ်ပြီး လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့်
စက်မှု ကဏ္ဍများကို ဘက်ညီတိုးတက်စေရန်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
- ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးမှုရရှိစေရန်လည်း
ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊
- သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး၊ လူမှုရေး၊ နိုင်ငံရေးကိုပါ အားလုံးပူးတွဲ
ဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်မှုရရှိနိုင်မည်
ဖြစ်ပါကြောင်း၊
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ရရှိရေးကို ညီမျှစွာ ဒေသခံပြည်သူများ လက်ခံနိုင်သည့်
အခြေအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
- စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု
အခန်းကဏ္ဍနှင့် အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေး
အခန်းကဏ္ဍများသည် အရေးကြီးသည့်အတွက်
မူဝါဒ သီးခြား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေမူဝါဒများရှင်းလင်းပွဲကို ယနေ့မွန်းလွဲ
၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊
နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခွန်ထမ်းကြီးများ၊ ပုဂ္ဂလိက
လုပ်ငန်းရှင်များ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ
တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်၏စီးပွားရေး မူဝါဒ ၁၂ ချက်
----------------------------------------
ရှင်းလင်းပွဲ၌ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးကျော်ဝင်း က နိုင်ငံတော်၏စီးပွားရေးမူဝါဒတွင်
အခြေခံမည့် မူဝါဒ ၁၂ ချက်အား ရှင်းလင်းခဲ့သည်။
အဆိုပါနိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်မှာ-
၁။ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့်
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေး
အရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်။
၂။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်
ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော
လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်း
တို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို
အထောက် အကူပြုသည့် အသေးစားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်။
၃။ ခေတ်မီဖွံ့ဖြိုးသောစီးပွားကိုဖြစ်ထွန်းနိုင်စေသည့်
လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်း
ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်။
၎။ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့်
အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ
တိုးတက်လာစေရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့်
Data ID Card System၊ Digital Government Strategy
နှင့် e-Government System တို့ကို ထူထောင်သွားရန်။
၅။ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်
ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက်
အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့်
အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသော စီးပွားရေး
လုပ်ငန်းများကို ကာလတို အတွင်း ပိုမိုဦးစားပေး
ဆောင်ရွက်ရန်။
၆။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့်
ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊
မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်
လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့်
စီးပွားရေးပုံစံဖော်ထုတ်ရန်။
၇။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ
တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့်
စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်
ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက်
မူဝါဒများ သီးခြား ရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့်
တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန်။
၈။ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေး
လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ
ပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှု
ရရှိလာစေရေးဆောင်ရွက်ရန်။
၉။ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်
အတွက် လိုက်လျောညီ ထွေဖြစ်စေမည့် မြို့ပြများ
တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်
မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့်
နေရာများ တိုးချဲ့ဖော်ထုတ်ရန် နှင့် ယဉ်ကျေးမှုအမွေအနှစ်များ
ကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်။
၁၀။ နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှု
ရှိပြီး မျှတသော အခွန်စနစ် ထူထောင်၍ ပြည်သူများ၏
အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊
လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်။
၁၁။ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ
တိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့်
အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက် အပံ့
ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ
ပြဋ္ဌာန်းဆောင်ရွက်ရန်။
၁၂။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံ
ဒေသတွင်း သာကမ အခြားဒေသများ အတွင်း၌လည်း
တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို
ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်
ကောင်းများဖြင့် အခြေတည်ထူထောင်ရန်
တို့ဖြစ်သည်။
credit - Myanmar State Counsellor Office
No comments:
Post a Comment