“အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်လာမည့် စခမ်းကြီးကျူးနှင့်
ဖယ်ရှားသွားတော့မည့် စည်းကမ်းမဲ့ ဈေးသည်များ”
၁။ "လှည်းကူးရှိ ကျူးကျော်များ မဖြစ်မနေ ဖယ်ရှား
ပေးရမည်ဟုဆို"
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ
စခမ်းကြီး/သာယာကုန်း ကျေးရွာအုပ်စုရှိ
မြေဧက ၁၄၅၃ ဒသမ ၇၂ ဧက ပေါ်တွင် နေထိုင်သည့်
ကျူးကျော်များ မဖြစ်မနေ ဖယ်ရှားပေးရန်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက
ပြောကြားလိုက်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျူးကျော်နေထိုင်သူများ
တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်
အမှတ် (၃/၂) အနီးရှိ လှည်ကူးမြို့နယ် ကျွန်းကလေးကျေးရွာ
စိုက်ပျိုးရေး ရှင်းလင်းဆောင်၌ သြဂုတ် ၂၁ ရက်နံနက်ပိုင်းက
ကျင်းပရာတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း
ဖြစ်သည်။
“အခုလက်ရှိ ဒီနေရာဟာ နိုင်ငံတော်ပိုင်မြေ ဖြစ်တဲ့အတွက်
စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် ဖယ်ရှားခိုင်းဖို့
ဆွေးနွေးတာပါ။ သူတို့ကို နေရာ ပြန်ပေးဖို့တော့ မရှိဘူး။
အခု ကျူးကျော်နေထိုင်သူတွေရဲ့ တင်ပြချက်ကိုတော့
တိုင်းအစိုးအဖွဲ့ထံ တင်ပြပေးပါမယ်။ ဖယ်ရှားမယ့် နေ့ကိုလည်း
တိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်သွားမှာပါ”ဟု
ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။
အဆိုပါ မြေဧကပေါ်တွင် ကျူးကျော်တဲ ၂၂၃၃ လုံး ရှိပြီး
ယင်းမြေဧကပေါ်တွင် မဟာမိတ်ကြယ်များ အုပ်စုကုမ္ပဏီနှင့်
နိုင်ငံတော် အစိုးရတို့ အကျိုးတူ ပူးပေါင်း၍ တန်ဖိုးနည်း
အိမ်ရာစီမံကိန်း၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊ ကျောင်း၊
ဆေးရုံ၊ ဂေါက်ကွင်းနှင့် ဈေးများ တည်ဆောက်ရန်
လျာထားကြောင်း ၎င်းက ပြောဆိုသည်။
***
၂။ "စခမ်းကြီးကျူးကျော်များ လုံးဝဖယ်မပေးနိုင်ဟုဆို"
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊
စခမ်းကြီးကျေးရွာအုပ်စုရှိ မြေ ၁၂၅၈ ဒသမ ၇၇ဧက ပေါ်တွင်
နေထိုင်သည့် ကျူးကျော်များအနေဖြင့် လုံးဝဖယ်ရှားမည်
မဟုတ်ကြောင်း ယင်းမြေပေါ်တွင် နေထိုင်သည့်
ပြည်သူများက ပြောကြားသည်။
ကျူးကျော်များ ဖယ်ရှားရန် သြဂုတ်လ ၂၁ရက်က
အမြန်လမ်း ၃ မိုင် ၂ ဖာလုံရှိ လှည်းကူးမြို့နယ်၊ ကျွန်းကလေး
ကျေးရွာ စိုက်ပျိုးရေး ရှင်းလင်းဆောင်တွင် ကျူးကျော်များနှင့်
တွေ့ဆုံပြောကြားခဲ့သည်ကို ကျေနပ်မှု မရှိသောကြောင့်
ကျူးကျော်များဘက်မှ ရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက်က
မြန်မာဂျာနယ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့က နေထိုင်ဖို့ နေစရာ မြေတစ်နေရာစာလေး
ပြန်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ရှေ့လ ၅ ရက်
နောက်ဆုံးထားဖယ်ရှားပေးရမှာနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းနဲ့မှ
ဖယ်ရှားမပေးနိုင်ပါဘူး။ကြိုက်တဲ့ ဥပဒေပုဒ်မနဲ့ တရားစွဲပါ။
ဖြေရှင်းသွားမယ်"ဟု အောင်ရတနာကျေးရွာတွင် နေထိုင်သူ
ဦးဟန်စိုးက ဆိုသည်။
စခမ်းကြီးကျေးရွာအုပ်စုတွင် ယခု လက်ရှိနေထိုင်နေသည့်
ကျူးကျော်အများစုမှာ KNU - KNLA (PC) တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့က မြေကွက်တစ်ကွက်လျှင်
ကျပ် ၂ သိန်းမှ သိန်းနှစ်ဆယ်အထိ ဈေးများဖြင့်
ရောင်းချထားခဲ့ကြောင်း ၀ယ်ယူထားသည့် ပြည်သူများထံမှ
သိရှိရသည်။
"ဒီနေရာမှာ နေထိုင်ခဲ့တာ တစ်နှစ်နီးပါးရှိပါပြီ။
ကျွန်တော်တို့ကတော့ လုံးဝ ဖယ်ရှားမှာ မဟုတ်ပါဘူး။
သူတို့အနေနဲ့ ဦးတို့ မဖယ်ရှားရင်တောင် အင်အားသုံး
ဖယ်ရှားလို့ မရပါဘူး" ဟု ဦးစံထွန်းက ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃မိုင် ၂ ဖာလုံနားတွင်
နေထိုင်သည့် ကျူးကျော်များကို စက်တင်ဘာလ ၅ ရက်က
နောက်ဆုံးထား ဖယ်ရှားပေးရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်စာကို
သြဂုတ် ၂၃ ရက်က ပေးပို့ခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အဆိုပါ ကျေးရွာအုပ်စုတွင် နိုင်ငံပိုင် မြေဧကပေါ်
ဆောက်လုပ်ထားသည့် ကျူးကျော်တဲ ၂၂၃၃ လုံးရှိပြီး
ယင်းမြေပေါ်တွင် မဟာမိတ်ကြယ်များအုပ်စု ကုမ္ပဏီက
နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းအပါအဝင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊
ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း၊ ဈေးများ ဆောက်လုပ်ရန်
လျာထားခြင်းကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း
ကျူးကျော်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင်
ဦးယုခိုင်က ပြောကြားခဲ့သည်။
KNU - KNLA (PC) တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့မှ
တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း
လူကြီးများ ခရီးသွားနေသောကြောင့် ဖြေဆိုရန်
လူမရှိကြောင်း အဆိုပါအဖွဲ့က ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကျေးရွာအုပ်စုတွင် နိုင်ငံတော်ပိုင် မြေဧကပေါ်တွင်
ဆောက်လုပ်ထားသည့် ကျူးကျော်တဲ ၂၂၃၃ လုံးတွင်
ကျူးကျော် အိမ်ထောင်စု ၅၀၀ ခန့်ရှိကာ လူဦးရေ
၇၀၀ ကျော်ခန့် နေထိုင်ပြီး အချို့ တဲအိမ်များမှာ
ဆောက်လုပ်ထားပြီး လူနေထိုင်မှု မရှိကြောင်း
နေထိုင်သည့်သူများထံမှ သိရှိရသည်။
***
၃။ "ဆေးရုံကြီးရှေ့ရှိ စည်းကမ်းမဲ့ ဈေးရောင်းသူများကို
ဖယ်ရှားသွားမည်"
ဗိုလ်ချုပ်လမ်းနှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့တွင်
စည်းကမ်းမဲ့စွာ ရောင်းချသည့် ဈေးသည်များကို နှစ်ပတ်ခန့်
ပညာပေးကာလ သတ်မှတ်၍ စည်းရုံးပြောဆို စောင့်ကြည့်
သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာ
တာဝန်ရှိသည့်အဖွဲ့အစည်းဌာနများဖြင့် ပူးပေါင်းကာ ရှင်းလင်း
ဖယ်ရှားသွားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး
ဒေါက်တာအေးကိုကိုက The Voice သို့ ပြောကြားသည်။
"ပညာပေး ကာလသတ်မှတ်ပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့
လုံခြုံရေးအဖွဲ့တွေက စည်းရုံးရေး နည်းလမ်းတွေသုံးပြီး
ဆောင်ရွက်နေပေမယ့် ဆက်လက် လိုက်နာမှုမရှိဘူးဆိုရင်
သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အုပ်ချုပ်ရေး
နည်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။
ရန်ကုန်ဆေးရုံကြီး၏ အပြင်ဘက် မျက်နှာစာများတွင်
စည်းကမ်းမဲ့ဈေး ရောင်းချလျက်ရှိသည့် ဈေးသည်များနှင့်
ပတ်သက်၍ ဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့က
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးသို့
တင်ပြထားခြင်းအပြင် သြဂုတ်လ၂၃ရက်နေ့တွင်
အနော်ရထာလမ်းနှင့် လမ်းမတော်လမ်းရှိ ဈေးသည်များ
ကိုလည်း ခေါ်ယူတွေ့ဆုံကာ အသိပေးထားခဲ့ကြောင်း
ယင်းဆေးရုံကြီး၏ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဆေးရုံကြီး၏ အပြင်ဘက် မျက်နှာစာတွင် ရောင်းချနေသည့်
ဈေးသည်များ ရှိသည့်အနက် ဗိုလ်ချုပ်လမ်းဘေးတွင်
ရောင်းချနေသည့် ဈေးသည်များမှာ အဆိုးအရွားဆုံးဖြစ်ပြီး
ဆေးရုံဝင်ပေါက်တစ်လျှောက်တွင် လမ်းပိတ်ဆို့သည်အထိ
ရောင်းချမှုရှိခြင်း၊ ရောင်းချသည့် ဈေးသည်များက
ကျူးကျော်သည့် သဘောမျိုးဖြင့် တဲများထိုး၍ နေထိုင်ခြင်း၊
စည်းကမ်းမဲ့ ထဘီ၊ အင်္ကျီနှင့် အဝတ်များလှန်းခြင်း၊
ဆေးရုံအနီးနှင့် မျက်နှာစာရှေ့ အထက်တန်းကျောင်းရှေ့
များတွင် ခွင့်ပြုမထားသည့် ဆေးလိပ်နှင့် ကွမ်းယာများ
ရောင်းချခြင်းတို့သည် ဆေးရုံ၏ အလှကိုဖျက်ဆီးစေသဖြင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယင်း အုပ်ချုပ်ရေးအဖွဲ့
ထံမှ သိရသည်။
ထို့ပြင် ပညာပေးကာလ ကျော်လွန်သော်လည်း စည်းကမ်း
မလိုက်နာသည့် ဈေးသည်များကို ဖယ်ရှား ရှင်းလင်းရန်
အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့
စခန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း
ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
"ဈေးသည်တွေအနေနဲ့ ဥပဒေအတိုင်း လိုက်နာပြီး မရောင်းရတဲ့
နေရာတွေမှာ မရောင်းဖို့လိုပါတယ်။ ဥပဒေ ဖောက်ဖျက်ပြီး
စည်းကမ်းမဲ့ ဈေးရောင်းရင် စည်ပင်စတဲ့ သက်ဆိုင်ရာဌာန
တွေက သတ်သတ်မှတ်မှတ် ထိန်းသိမ်း ပေးစေချင်ပါတယ်"
ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ လက်ထောက်ဆေးရုံအုပ်
ဒေါက်တာနေ၀င်းသိန်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မျက်နှာစာ
ဗိုလ်ချုပ်လမ်းရှေ့၌ ရောင်းချနေသည့် ဈေးဆိုင် ၁၀ ဆိုင်ခန့်၊
အရေးပေါ်ကုဌာန မျက်နှာစာရှေ့ လမ်းမတော်လမ်းပေါ်၌
ရောင်းချသည့်ဆိုင် ၁၅ ဆိုင်ခန့် ရှိကြောင်း ယင်းဆေးရုံကြီး၏
အုပ်ချုပ်ရေး အဖွဲ့ထံမှသိရသည်။
credit - The Voice
No comments:
Post a Comment