Sunday, August 21, 2016

“အလားအလာနည်းသွားပြီဆိုသော အနောက်တောင်မြို့သစ်၊ မြေနေရာမရသေးသည့် တန်ဖိုးနည်းအိမ်ရာနှင့် လမ်းဘေး ဈေးဆိုင်များအတွက် စည်ပင်၏သတိပေးချက်”

“အလားအလာနည်းသွားပြီဆိုသော အနောက်တောင်မြို့သစ်၊
မြေနေရာမရသေးသည့် တန်ဖိုးနည်းအိမ်ရာနှင့် လမ်းဘေး
ဈေးဆိုင်များအတွက် စည်ပင်၏သတိပေးချက်”


၁။ "ရန်ကုန်မြိုသစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန်
ပညာရှင်များတင်ပြ"

ရန်ကုန်မြိုသစ်စီမံကိန်းကို အရှေ့ဒဂုံမြိုနယ်၊လေးထောင့်ကန်
အနီးရှိ လယ်မြေဧက ၁၇၀၀၀ကျော်တွင် ပြုလုပ်ရန်
သြဂုတ်လ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊
ပုလဲခန်းမတွင် ပြုလုပ်သော ရန်ကုန်မြိုသစ်စီမံကိန်းနှင့်
ပက်သက်၍ လွှတ်တော်ဥက္ကဌ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်
စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊
စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆွေးနွေးမှုတွင် မြိုပြ
စီမံကိန်းပညာရှင်များက မြိုသစ်ဖေါ်ဆောက်သင့်သော
နေရာများ၏ ဦးစားပေးနေရာအဖြစ်
ဒဂုံအရှေ့ပိုင်းမြိုနယ်၊လေးထောင့်ကန်ရပ်ကွက်အနီးရှိ လယ်မြေ
ဧက ၁၇၀၀၀ကျော်ပေါ်တွင် ပြုလုပ်ရန် တင်ပြခဲ့ကြောင်း
ယင်းအစည်းအဝေးသို့တတ်ရောက်ခဲ့သည့် ရန်ကုန်တိုင်း
ဒေသကြီး တွံတေးမြိုနယ် မဲဆန္ဒနယ်အမှတ်၂မှ ဦးနေနိုင်ဦးက
ပြောသည်။

ယင်းအစည်းအဝေးတွင် မြိုသစ်စီမံကိန်း ပြုလုပ်သင့်သော နေရာ
လေးခုတင်ပြရာ
- ဒဂုံအရှေ့ပိုင်းမြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်အနီးမှ
လယ်မြေများအပြင်၊
- သန်လျင်မြိုနယ်ရှိ ကုလားဝဲတံတားအနီးတွင်လည်းကောင်း၊
- ဒလမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်ကြားတွင်လည်းကောင်း၊
- ကြည်မြင်တိုင်တစ်ဖက်ကမ်းတို့တွင်လည်းကောင်း
ဦးစားပေးအလိုက် တင်ပြခဲ့ကြောင်း သိရသည်။

'' * လေးထောင့်ကန်က လယ်မြေတွေက၊ ၁၉၉၀တုန်းက
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က သိမ်းခဲ့တဲ့မြေတွေ။
မြေလျော်ကြေးတော့ မပေးရသေးဘူး။ ပြီးတော့ ဟံသာဝတီ
လေဆိပ်နဲ့လည်းနီးတယ်။ အမှတ်(၂)လမ်းမကြီးနဲ့လည်း
နီးတယ်။ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ နီးတဲ့အတွက်
အဲဒီနေရာကို မြိုသစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့
တင်ပြကြတယ်။ အဲဒီမှာရှိတဲ့ လယ်မြေတွေကိုလည်း
ခေတ်ကာလနဲ့ လျော်ညီတဲ့ လျော်ကြေးပေးမယ်ဆိုရင်
ဒေသခံတွေလည်း ကျေနပ်မယ်။ အစိုးရအနေနဲ့လည်း
ကုန်ကျစရိတ်သက်သာမယ်။ ဒါကြောင့် အဲဒီနေရာ ကို
ဦးစားပေး တစ် နေရာမှာ လုပ်သင့်တယ်လို့ မြိုပြပညာရှင်
ဒေါက်တာကျော်လတ်က တင်ပြသွားတယ် * ''ဟု
တွံတေးမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးနေနိုင်ဦးက ပြောသည်။

ပညာရှင်များ၏ တင်ပြချက်များတွင် ယခင်အစိုးရလက်ထက်မှ
ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားခဲ့သော
ရန်ကုန်အနောက်တောင် မြိုသစ်စီမံကိန်းမှာ
* ပညာရှင်များ၏ တွက်ချက်မှုအရ မဖြစ်သင့်သော
မြိုသစ်စီမံကိန်း ဖြစ်ကြောင်းနှင့်
* ပထမဆုံး ဆောက်လုပ်ရန် လျာထားသော
ကြည်မြင်တိုင်-အလတ်ချောင်းတံတားမှာ ဆောက်လုပ်ရန်
စံချိန်မမှီသော တံတားဖြစ်သည်ဟု ပညာရှင်များက ပြောကြား
တင်ပြခဲ့ကြောင်း သိရသည်။

''အနောက်တောင် မြိုသစ် စီမံကိန်းက ဖြစ်ဖို့အလားလာနည်း
သွားပြီလို့ပြောရမှာပဲ။ ၀န်ကြီးချုပ်ကလည်း သူရဲ့မဲဆန္ဒနယ်မြေ
မှာ ပြုလုပ်ဖို့ပြောထားတာရှိသလို အခုပညာရှင်တွေကလည်း
လေးထောင့်ကန်အနီးက လယ်မြေဧက ၁၇၀၀၀ကျော်မှာ
လုပ်ဖို့တင်ပြလာတယ်။ ဒါက အတည်တော့ မဖြစ်သေးပေမယ့်
အနောက်တောင်မြိုသစ်အတွက် အခြေနေမကောင်းဘူးလို့
ထင်တယ်''ဟု လွတ်တော်ကိုယ်စားလှယ် ကိုနေနိုင်ဦးက
ပြောသည်။

ယခုကဲသို့ ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို
ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မှတ်တမ်းပြု
ထားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက်ပြီး
သက်ဆိုင်ရာ ဌာနများနှင့်ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွား
ရန်ရှိကာ ကော်မတီ၏ ဆုံးဖြတ်ချက် ကို မကြာမီတွင်
ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

(ဟံသာဟိန်း)

***

၂။ "အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း
တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း
မြေနေရာ မရသေးဟုဆို"'

လက်ရှိအစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ
တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း
မြေနေရာ မရသေးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက သြဂုတ် ၁၆ ရက်
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့်
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း
ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ
အခမ်းအနား၌ ပြောကြားသည်။

တန်ဖိုးနည်း အိမ်ရာသည် လူတိုင်း လိုလားနေသည့် အရာ
ဖြစ်သည့် အစိုးရပိုင်း အနေဖြင့် သာမက ပုဂ္ဂလိကနှင့် ပူးပေါင်းကာ
အိမ်ခန်းများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။

“တန်ဖိုးနည်း အိမ်ရာဟာ လူတိုင်း လိုလားနေတဲ့အရာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပုဂ္ဂလိကပိုင်း အနေနဲ့ရော၊ အစိုးရပိုင်း အနေနဲ့ရော
နှစ်ပိုင်းလုံးနဲ့ပါ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းက
ဖော်ဆောင်တာ ဖြစ်သလို ကျွန်တော်တို့နဲ့အတူ ပူးပေါင်း
ပါဝင်ချင်တဲ့ Public, private, partnership ဆောင်ရွက်လိုတဲ့
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု
ဦးကျော်လင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ခန်းပေါင်း ၈၀၀၀ ဖော်ဆောင်ရန်
စီစဉ်ထားပြီး ယင်းအတွက်လည်း မြေနေရာ ရရှိထားပြီ
ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ တန်ဖိုးနည်းအိမ်ခန်း ၈၀၀၀ ဖော်ဆောင်ဖို့
အတွက်တော့ မြေနေရာ ရထားပါပြီ။ ဒါပေမဲ့ အစိုးရသစ်
လက်ထက် ငါးနှစ်အတွင်း ဖော်ဆောင်မယ့် တစ်သိန်းရှစ်သောင်း
အတွက် မြေနေရာ ဆက်လက်ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု
၎င်းက ပြောကြားသည်။

အစိုးရသစ် လက်ထက် ရက် ၁၀၀ အတွင်း
- ကျပ်သိန်း ၁၀၀ အောက်ရှိမည့် တန်ဖိုးနည်းအိမ်ရာ နမူနာ
စီမံကိန်းနှစ်ခုကို နေပြည်တော်တွင် အကောင်အထည်ဖော်လျက်
ရှိကြောင်း၊
- နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေ့နံ့သာရပ်ကွက်တွင်
အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး
- အဆိုပါ စီမံကိန်းကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ
အဆောက်အအုံ ဦးစီးဌာနသို့ လုပ်ငန်းအပ်နှံမှုဖြင့်
- အဆောက်အအုံ ဦးစီးဌာန၊ အဆောက်အအုံ အထူးအဖွဲ့ (၂) မှ
(၈) ခန်းတွဲ (၅) ထပ် အိမ်ခန်း ၄၀ ပါ သံကူကွန်ကရစ်
RC အဆောက်အအုံ တစ်လုံးနှင့်
သံထည် Steel Structure အဆောက်အအုံ တစ်လုံး စုစုပေါင်း
အဆောက်အအုံနှစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းကို
၂၀၁၆ ခုနှစ် မေ ၂၆ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

(နီလာ)

***

၃။ "ရန်ကုန်မြို့တော် စည်ပင်ပိုင်မြေပေါ်တွင် လမ်းဘေး
ဈေးဆိုင် နေရာများအား အရောင်းအ၀ယ် ပြုလုပ်နေမှုအပေါ်
ရန်ကုန်မြို့တော်စည်ပင် သတိပေးချက် ထုတ်ပြန်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေပေါ်တွင်
လမ်းဘေးဈေးဆိုင် နေရာများအား အရောင်းအ၀ယ် ပြုလုပ်နေမှု
အပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်ပိုင်မြေပေါ်တွင် လမ်းဘေးဈေးဆိုင်
နေရာများအဖြစ် ကျပ်သိန်း ၁၀၀၊၂၀၀ စသည်ဖြင့် ရောင်းဝယ်မှုများ
ရှိနေသဖြင့် အဆိုပါကိစ္စကို ခွင့်မပြုကြောင်း တရားဝင် သတိပေးစာ
အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက
ပြောကြားသည်။

အဆိုပါ သတိပေးစာများကို ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင်
ပါဝင်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်
စသည့် လေးမြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် ကပ်ထားကြောင်း
၎င်းက ပြောကြားသည်။

“ * လောလောဆယ်တော့ မြို့ထဲမှာ ဗီနိုင်းတွေ လိုက်ကပ်
နေတယ်။
ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တို့မှာ။
ဘာတွေကပ်လဲဆိုတော့ အဓိက မြို့တော်ဝန်ကလည်း
ပြောထားတယ်။ စည်ပင်မြေမှာ ဆိုင်ခန်းတွေ သိန်း ၁၀၀ တွေ
၂၀၀ တွေနဲ့ ရောင်းတာ၊ ၀ယ်တာတွေကို တရားဝင် အသိပေး
ကြော်ငြာတာ။ အချို့ သိန်း ၁၀၀ နဲ့ ရောင်းတာ၊ ၀ယ်တာတွေ
လုပ်တယ်။ ဒါလည်း လမ်းဘေးဈေးသည်ပဲပေါ့။ စည်ပင်မြေကို
အဲဒီလို လုပ်လို့မှမရတာ။ ဒါအများပြည်သူနဲ့ ဆိုင်တဲ့မြေလေ။
ဒါအများပြည်သူဆိုင် နေရာဖြစ်တဲ့အတွက် ဒါကိုရောင်းတာ၊
ဝယ်တာ ခွင့်မပြုပေးထားဘူး  *” ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

“ဒီလိုရောင်းခွင့်ဝယ်ခွင့် မရှိဘူး။ ဒါကိုစပြီး ပထမဆုံးအကြိမ်
အသိပေးတာ။ မဖယ်ရင်တော့ နောက်လုပ်ဖို့ အစီအစဉ်တွေ
သူ့ဟာသူ ရှိတယ်။ ဟိုလူက ဒီနေရာကို သိန်း ၁၀၀ နဲ့ ၀ယ်တယ်။
ဒီလူက ဒီနေရာကို သိန်း ၃၀ နဲ့ဝယ်တယ် ဆိုတာက အဓိပ္ပာယ်
မရှိဘူး။ ဒီနေရာက တစ်သက်လုံး ပိုင်တယ်ဆိုတာ မရှိဘူး။
အခု သတိပေးစာက အဲဒီအကြောင်းပဲ။ စည်ပင်မြေပေါ်မှာ
လမ်းဘေးဈေးဆိုင်တွေ အရောင်းအ၀ယ် လုပ်တာကို စပြီး
သတိပေးတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်
ပြောကြားသည်။

သတိပေးစာတွင်
“ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းနှင့်
လူသွားစင်္ကြံများသည် အများပြည်သူဆိုင်ရာ နေရာများဖြစ်သဖြင့်
မည်သူကိုမျှ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် ပေးမထား
သောကြောင့် မည်သည့် အကြောင်းပြချက်မျိုးဖြင့် ငှားရမ်းခွင့်၊
ရောင်းချခွင့် မရှိကြောင်း” ဟု ပါရှိသည်။

ယင်းသို့ လမ်းဘေးမြေနေရာကို လက်ညှိုးထိုး ရောင်းဝယ်
နေမှုများနှင့် ပတ်သက်၍ အဆိုပါ ကျူးကျော်ဆိုင်များအား
သတိပေးထားကြောင်း၊ သတိနှင့်အတူ လုပ်ဆောင်ချက်ပါ
ပူးတွဲလာမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားမှုများ ပျံ့နှံ့
ပြီးနောက် ယခုကဲ့သို့ သတိပေးစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ကျော်ထင်)

credit - Central News Myanmar & Eleven Media Group

No comments:

Post a Comment