“မြန်မာနိုင်ငံအတွက် သတိထားရန်လိုအပ်သည့်
ငလျင်သတင်းနှင့် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ
ဆောက်ကြပြီလား”
၁။ "ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ
ဆောက်ကြပြီလား"
ကြိုတင် ခန့်မှန်းလို့မရတဲ့ သဘာဝ ဘေးအန္တရာယ်တွေထဲမှာ
ငလျင်ပါဝင်ပါတယ်။ သိပ်မကြာသေးမီကပဲ ဘူမိဗေဒ အဖွဲ့တစ်ဖွဲ့
က မြန်မာအပါအ၀င် အိန္ဒိယနိုင်ငံမှာ ငလျင်ကြီးတစ်ခုလှုပ်ခတ်
နိုင်ခြေရှိကြောင်း သတိပေးလိုက်ပါတယ်။ ရန်ကုန်အပါအ၀င်
လူဦးရေထူထပ်တဲ့ မြို့တွေဟာ ငလျင်လှုပ်ခတ်ခဲ့ရင် ထိခိုက်
ဆုံးရှုံးနိုင်ခြေပိုများတာမို့ ပေါ့ဆမနေသင့်ပါဘူး။
အခုနှစ်ထဲမှာ ပြန်ကြည့်ရင် ရန်ကုန်မြို့မှာ ဇန်န၀ါရီ ၄ ရက်၊
ဇန်န၀ါရီ ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ဧပြီ ၁၃ ရက်တို့မှာ
ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ
ဧပြီ ၁၃ ရက်နေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရန်ကုန်
အပါအ၀င် မြို့တော်တော်များများမှာ သက်ရောက်မှုရှိခဲ့ပြီး
ရစ်ခ်ျတာစကေး ၈ အထက်ရှိခဲ့ပါတယ်။ ၂၀၁၂ နိုဝင်ဘာလတုန်း
ကလည်း မန္တလေး နဲ့ စစ်ကိုင်းတိုင်းတို့မှာ ငလျင် လှုပ်ခတ်ခဲ့ပြီး
ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့တာပါ။
ဒီနေရာမှာ ပြောစရာရှိတာက ရန်ကုန်မြို့မှာရှိတဲ့ တိုက်ခန်းတွေ
ဟာ ငလျင်ဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထားသလား
ဆိုတာပါပဲ။ ကန်ထရိုက်တိုက်ခန်း အများစုဟာ လေ၀င်လေထွက်
မကောင်းရုံသာမက အရည်အသွေးပိုင်းမှာ ညံ့ဖျင်းလွန်းပါတယ်။
ကျွန်မကိုယ်တိုင် တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်သူဖြစ်လို့
ဘိလပ် မြေနည်းနည်း၊ သဲများများ အက်ကြောင်းထနေတဲ့
တိုက်ခန်းတွေကို လက်တွေ့မြင်ခဲ့သူပါ။
ဆောက်လုပ်ထားတာ ၂ နှစ် တောင်မရှိသေးတဲ့ တိုက်ခန်းနံရံ
မှာ ထင်ထင်ရှားရှားပေါ်လာတဲ့ အက်ကြောင်းတွေရှိနေတဲ့
တိုက်ခန်းဟာ အားပြင်းတဲ့ငလျင်ဒဏ်ကို ဘယ်လိုမှ ခံနိုင်ရည်
ရှိမှာ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာ
အလုပ်လုပ်လာခဲ့တဲ့ ဘူမိဗေဒ ပညာရှင်တစ်ယောက်က
ရန်ကုန်ကကန်ထရိုက်တိုက်တွေဆောက်ရာမှာ မြေသား
စစ်ဆေးမှု (Soil Test) ကို သေချာ မလုပ်ဘူးလို့
ပြောပြဖူးပါတယ်။
ဖောင်ဒေးရှင်းနက်နက်ချ မထားရင် ငလျင်လှုပ်တဲ့အခါ
အလွယ်တကူ ပြိုကျနိုင်သလို မပြိုရင်တောင်မှ တိုက်က
စောင်းသွား နိုင်ပါတယ်။
၂၀၁၄ သြဂုတ်တုန်း က ငလျင်လှုပ်ခတ်ခဲ့ရာမှာ ရစ်ခ်ျတာ
စကေး ၄ ပဲရှိပေမယ့် သင်္ဃန်းကျွန်းမြို့နယ်က
လူနေထိုင်ခွင့် (BCC) မကျသေးတဲ့ ကန်ထရိုက်တိုက်တစ်လုံး
စောင်းသွားတဲ့ သတင်းကို မှတ်မိနေပါသေးတယ်။ ဒါကြောင့်
တိုက်ခန်းတွေရဲ့ ကြံ့ခိုင်မှု၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုဟာ
နေထိုင်သူတွေအတွက် အသက်တမျှ အရေးကြီးတာ
ငြင်း မရပါဘူး။
အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ခွင့်ကို
ပြန်လည်စိစစ်နေတဲ့အပေါ် ဝေဖန်သံ အမျိုးမျိုးထွက်ပေါ်
နေပါတယ်။ ကျွန်မအမြင်အရ အခုလိုစိစစ်မှုဟာ မဖြစ်မနေ
လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ ကြော်ငြာအားများများ သုံး
တိုက်ခန်းတွေရောင်းချပြီးမှ စံချိန်စံညွှန်းမမီရင် နေထိုင်သူတွေပဲ
ဒုက္ခတွေ့ရမှာဖြစ်ပါတယ်။
ဗဟန်းမြို့နယ်ထဲက နာမည်ကြီး ကွန်ဒိုတစ်ခုဆိုရင် မိုးရွာပြီးတိုင်း
လှေကားမှာ မိုးရေတွေရွှဲနေတာ၊ ဓာတ်လှေကားပျက်တဲ့အခါ
ပျက် နေတာ တွေ့ဖူးပါတယ်။ ‘အစ ကောင်းမှ အနှောင်းသေချာ’
ဆိုတဲ့ စကားအတိုင်း မဆောက်ခင်ကတည်းက အစစအရာရာ
ထည့်သွင်းတွက်ချက်ဆောက်လုပ်မှ သာ
ဘေးကင်းမှာဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ၁၉၃၀ ပြည့်နှစ် မေလထဲမှာပဲခူး
ငလျင်ကြီးလှုပ်ခတ်ခဲ့တာပါ။ ရစ်ခ်ျ တာစကေး ၇ ဒသမ ၃ ရှိတဲ့
အဲဒီ ငလျင်ကြောင့် ပဲခူးအပြင်ရန်ကုန် မြို့အပေါ် သက်ရောက်မှု
ကြီးမားခဲ့ပြီး ရန်ကုန်မှာ လူ ငါးရာကျော် အထိ အသက်ဆုံးရှုံး
ခဲ့ရတဲ့ သာဓကရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ဟာ အရှည်လျားဆုံးပြတ်ရွေ့
ဖြစ်ပြီး ကဘော်ပြတ် ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့
.... စသဖြင့် ပြတ်ရွေ့တွေရှိတာမို့ ငလျင်ဒဏ်ကို အချိန်မရွေး
သတိပြုရမယ့် အနေအထားပါ။
ဒါကြောင့် ရစ်ခ်ျတာစကေး ၈ အထိ အနည်းဆုံးခံနိုင်ရည်ရှိတဲ့
အဆောက်အအုံတွေကို ရန်ကုန်အပါအ၀င် လူဦးရေ ထူထပ်တဲ့
မြို့တွေမှာ ဆောက်လုပ်ရမှာဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွား
တစ်ခုတည်း ကွက်ကွက်ကိုပဲ ရှေးရှုပြီး ဆောက်ချင်တိုင်း
ဆောက်လုပ်တာကို လုံးဝခွင့်မပြုသင့်ပါဘူး။ ကြုံကြိုက်လို့
ပြောပြရရင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတဲ့ တိုက်ခန်း
တစ်ခုမှာ ရှစ်လခန့် ကျွန်မတို့နေထိုင်ခဲ့ဖူးပါတယ်။
လှိုင်မြို့နယ် (၁)ရပ်ကွက် မှာရှိတဲ့ ကန်ထရိုက်တိုက်ခန်းမှာ
လှေကားလက်ရန်းတွေတောင် တပ်ဆင်ထားခြင်းမရှိပါဘူး။
ဖြစ်ပုံက ပထမငှားရမ်းတဲ့ တိုက်ခန်းကို အရောင်းအ၀ယ်
ဖြစ်သွားတာကြောင့် အိမ်ရှင်က နောက်အခန်း ပြောင်းပေး
လိုက်တာပါ။
လက်ရန်းတွေ ဘယ်တော့တပ်မှာလဲလို့ ကျွန်မက ပွဲစားကို
မေးတဲ့အခါ နောက်တစ်လ၊ နှစ်လအတွင်းမှာ တပ်မယ်ဆိုပဲ။
ဒါပေမဲ့ ကျွန်မတို့ ပြောင်းတဲ့အထိ လက်ရန်းမရှိတဲ့
လှေကားကိုပဲ ပြုတ်မကျအောင် သတိထားတက်ခဲ့ရတာပါ။
တိုက်ခန်းနံရံတွေဟာ ပါးလွှာလွှန်းတဲ့ အတွက် လက်သည်းနဲ့
ခြစ်ကြည့်ရင်တောင် သဲမှုန်တွေကပ်ပါလာ ပါတယ်။ အဲဒီလို
တိုက်ခန်းမျိုးဟာ ငလျင်ခပ်ပြင်းပြင်းလှုပ်ရင် ပြိုကျမယ်ဆိုတာ
အထူးပြောစရာတောင် မလိုပါဘူး။
ငလျင်လှုပ်ခတ်တဲ့အခါ စီမံခန့်ခွဲမှု နိုင်နင်းတဲ့နိုင်ငံနဲ့စီမံခန့်ခွဲမှု
ညံ့ဖျင်းတဲ့ နိုင်ငံတွေကြား သက် ရောက်မှုအပိုင်းမှာ
ကွာခြားမှုတွေ ရှိနေပါတယ်။ ဂျပန်လို မကြာခဏငလျင်လှုပ်
တတ်တဲ့ နိုင်ငံမှာ အဆောက်အအုံတွေကိုအထူး ကြံ့ခိုင်အောင်
တည်ဆောက်ထား သလို ပညာပေးမှုတွေ၊ ဆောင် ရန်၊
ရှောင်ရန်တွေကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ထားပါတယ်။
‘ဟေတီ’လို အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာတော့
ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာမှာ လူ သိန်းနဲ့ချီ
အသက်ဆုံးရှုံးခဲ့ရပါ တယ်။
ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အနေအထားကိုကြည့်ရင် ငလျင် နဲ့
ပတ်သက်ပြီး လူထုကြား ပညာ ပေးမှုတွေ နည်းပါးနေပါ
သေးတယ်။ ငလျင်တိုင်းစက်တွေကိုလည်း လုံလုံ
လောက်လောက်တပ် ဆင်နိုင်ခြင်းမရှိသေးပါဘူး။ ဖြစ်သင့်
တာက တစ်ဖက်က အ ဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို
သေသေချာချာ ကြပ်မတ်သင့် သလို တစ်ဖက်က ပညာပေးမှု
တွေကို ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ
ပြုလုပ်ပေးသင့်ပါတယ်။ အစစအရာရာ ဖွံ့ ဖြိုးမှုနောက်ကျနေဆဲ
နိုင်ငံတစ် နိုင်ငံမှာ ငလျင်လို သဘာဝဘေး ကျရောက်ခဲ့ရင်
ဖွံ့ဖြိုးမှုဆီသွားရာ လမ်းမှာ အဟန့်အတားဖြစ်နိုင်တာ
ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
တကယ်လို့ ငလျင်တိုင်းစက်တွေ လုံလုံလောက်လောက်
တပ်ဆင်ထားမယ်၊ ပညာပေးမှုတွေ ပြုလုပ်ထားမယ်၊
အဆောက် အအုံတွေရဲ့ ကြံ့ခိုင်မှု စိတ်ချရမယ်ဆိုရင်
ငလျင်လှုပ်ခတ်ခဲ့ရင် တောင်မှ ပျက်စီးဆုံးရှုံးမှုနည်းပါးမှာပါ။
၂၀၁၅ ဧပြီထဲမှာနီပေါနိုင်ငံ မှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့
ငလျင်လှုပ်ခတ်ခဲ့ရာမှာ လူ ပေါင်းတစ်သောင်းခန့် အသက်
ဆုံးရှုံးခဲ့ရတာပါ။ အကြောင်းရင်း တွေကို ဆန်းစစ်ကြည့်တော့
ပညာ ရှင်တွေ သတိပေးနေတဲ့ကြားက စံချိန်မမီတဲ့
အဆောက်အအုံတွေ ကို စစ်ဆေးမှုမပြုလုပ်ခဲ့လို့ဆိုတဲ့
အဖြေ ထွက်လာပါတယ်။
ငလျင်ဆိုတာ ဘယ်အချိန် မှာ လှုပ်ခတ်မယ်လို့ ကြိုတင်ခန့် မှန်း
လို့မရပေမယ့် အထိအခိုက်၊ အပျက်အစီးနည်းအောင် ကြိုတင်
စီမံလို့ရပါတယ်။
ဒါကြောင့် ပြည် သူတွေ သိသင့်သိထိုက်တာကို
ပညာပေးဖို့လိုသလို ကြံ့ခိုင်မှုရှိတဲ့ အဆောက်အအုံတွေမှာ
နေထိုင်နိုင်တဲ့ အခွင့်အရေး ဖန်တီးပေးဖို့ အချိန်ရောက်နေပြီ
ဖြစ်ကြောင်းပါ။
သွေး (စစ်ကိုင်း)
***
၂။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဗဟိုပြုပြီး ငလျင်ကြီးတစ်ခု လှုပ်ခတ်
နိုင်မှုတွင် မြန်မာနိုင်ငံအား သက်ရောက်နိုင်သည်ဟု စာတမ်း
တစ်စောင်၌ ဖော်ပြထားပြီး မြေငလျင်နှင့် ပတ်သက်၍ ကြိုတင်
ပြင်ဆင်ထားရန်နှင့် သတိထားရန်လိုအပ်ဟု ဆို"
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဗဟိုပြုပြီး ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်မှု
တွင် မြန်မာနိုင်ငံကို သက်ရောက်နိုင်သည်ဟု စာတမ်းတစ်စောင်တွင်
ဖော်ပြခဲ့ပြီး မြေငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်နှင့်
သတိထားရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက
ပြောကြားသည်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်က ကိုလံဘီယာတက္ကသိုလ်၏
သုတေသနပညာရှင်တစ်ဦး၏ လေ့လာတွေ့ရှိချက်တွင်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဗဟိုချက်ပြုပြီး ငလျင်ကြီးတစ်ခု
လှုပ်ခတ်နိုင်ကြောင်း၊
- အဆိုပါလှုပ်ခတ်မှုသည် ၂၀၀၄ ခုနှစ် ဆူနာမီငလျင်နှင့်
စင်တာဗဟိုချက်တွင် တစ်ဆက်တည်း ရှိနေသည်ဟု သိရကြောင်း၊
- ဆူနာမီဖြစ်စဉ်ကြောင့် မြေကြီးအက်ကွဲမှု၊ အဆိုပါဖြစ်စဉ် မတိုင်မီ
ကတည်းက ဘင်္ဂလားဒေ့ရှ်တွင် ငလျင်တစ်ကြိမ်မှ မလှုပ်ဖူးသည့်
အပိုင်းရှိကြောင်း သိရသည်။
“မြေငလျင်ဆိုတာက ဘယ်အချိန်ဖြစ်မယ် ဆိုတာကို ပြောလို့
မရပါဘူး။ ဒါပေမဲ့ မြေငလျင် ပညာရှင်တွေကတော့ အရင်ဖြစ်ခဲ့
တဲ့ Return Period ကို ပြန်ကြည့်ပြီးတော့မှ တွက်ထုတ်တာပါ။
ဖြစ်မယ်လို့လည်း ပြောလို့ မရသလို၊ မဖြစ်ဘူးလို့လည်း ပြောလို့
မရပါဘူး။ မြေငလျင်နဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ထား
တာ အကောင်းဆုံးပါပဲ။ စာတမ်းက တော်တော်လေးကို
လူသိများသွားတဲ့ အနေအထားရှိပါတယ်။ မြေငလျင်နဲ့ ပတ်သက်
ပြီးတော့ သတိထားဖို့ လိုအပ်တယ်။ ပြီးခဲ့တဲ့ ၂၀၀၆ လောက်
ကတည်းက ဂျပန်က ပညာရှင်တွေနဲ့ ကျွန်တော်တို့ဌာန
ပေါင်းပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာ လေ့လာမှုတွေ
လုပ်ပြီး ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းတာပေါ့။ ၁၇၆၂ ခုနှစ်က
ဖြစ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် နှစ်ပေါင်း ၂၅၀ အတွင်း
နောက်တစ်ကြိမ်အနေနဲ့ တွက်ထုတ်ထားတဲ့ အခြေအနေပါ” ဟု
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
၁၇၆၂ ခုနှစ်တွင် ပြင်းအား ၈ ဒသမ ၇ ရှိသည့် ဆူနာမီ ငလျင်ကြီး
တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအချိန်အထိ ငလျင်လှုပ်ခတ်မှု
မဖြစ်ပေါ်သည်မှာ နှစ်ပေါင်း ၂၅၄ နှစ် ရှိနေပြီဟု သိရသည်။
အဆိုပါ GPS နည်းပညာ လေ့လာမှုအရ ငလျင်ကြီးတစ်ကြိမ်
နှစ်ပေါင်း ၅၀၀ အတွင်း ပြန်လှုပ်မည်ဟု သိရပြီး နှစ်ပေါင်း
၂၅၄ နှစ် ဖြစ်နေပြီဖြစ်သည့်အတွက် အချိန်မရွေး လှုပ်ခတ်
နိုင်ကြောင်း ၎င်းသုတေသီ၏ Result Paper တွင် ဖော်ပြ
ထားကြောင်း သိရသည်။
“မြေငလျင်ကတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာ ပြင်းအား
ဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာ အတိအကျတော့ မရဘူး။
ဖြစ်နိုင်ခြေ အလားအလာကိုတော့ ပြောလို့ရတယ်။ သူတို့
သတိပေးထားတာကတော့ နှစ်ပေါင်း ၅၀၀ အတွင်းမှာ
ပြင်းအား ၈ ဒသမ ၂ ကနေ ၉ အတွင်း လှုပ်ရှားနိုင်တယ်
ဆိုပြီးတော့ သတိပေးထားတယ်။ ဒါကလည်း GPS နည်းအရ
လေ့လာပြီးတော့ သူ့ရဲ့ဖြစ်နိုင်ခြေ အတိအကျကို ပြောထားတာ
မဟုတ်ဘူး။ ခန့်မှန်းခြေ ပြောထားတဲ့အတွက် ဖြစ်နိုင်တယ်။
အတိတ်ကာလက ဖြစ်ခဲ့တဲ့ မြေငလျင်တွေကို လေ့လာတာမျိုး
ဖြစ်တဲ့အတွက် ဒါမျိုးပညာရပ်က ရှိတယ်။ မြေငလျင်ရဲ့
ဗဟိုချက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးထားတယ်။
ထိစပ်နေတဲ့
အိန္ဒိယနဲ့ မြန်မာတို့ကျတော့ ဆက်စပ်မှုက ရှိနေတယ်” ဟု
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနမှ
လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက
ပြောကြားသည်။
လက်ရှိအထိ အဆိုပါ ငလျင်ကြောကြောင့် ဆူနာမီဖြစ်ပျက်ခဲ့သည့်
အထောက်အထား မရှိကြောင်း၊ ကိုလံဘီယာတက္ကသိုလ်မှ
ပညာရှင်တစ်ဦးပြုစုထားသည့် စာတမ်းတွင်လည်း မည့်သည့်အချိန်၊
မည်သည့်နေ့ရက်တွင် လှုပ်ခတ်မည်ကို ဖော်ပြထားခြင်းမရှိဘဲ
ဖြစ်နိုင်ခြေ အနေအထားကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒေါက်တာကျော်ထွန်းက
ဆိုသည်။
“ဒီငလျင်ကြောမှာက အရင်တုန်းကလည်း လှုပ်ခဲ့ဖူးတယ်။
၁၇၆၂ ခုနှစ်က လှုပ်ခဲ့တာဖြစ်တယ်။ အဲဒီနေရာကို သုတေသန
လုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ သုတေသန ပညာရှင်တစ်ယောက်က
အဲဒီ စစ်တကောင်း ငလျင်ကြောင့် ရခိုင်ကမ်းရိုးတန်းက
သုံးမီတာလောက် မြင့်တက်ခဲ့တယ်။ လူတွေပြောသလို ပေ ၁၀၀
မြင့်တက်ခဲ့တာ မရှိဘူး။ အဲဒီတုန်းကလည်း မြန်မာနိုင်ငံကို
ထိခိုက်ခဲ့တာပဲ။ အခုမလှုပ်တာလည်း ကြာပြီဆိုတော့
မြေထုချပ်ကြီးနှစ်ခု ထိတွေ့နေတဲ့ ငလျင်ကြောကြီးက
ဘင်္ဂလားဒေ့ရှ်ကို ဖြတ်တယ်။ ဘင်္ဂလားပင်လယ်အော်ထဲကို
သွားတယ်။ ပြီးတော့ အက်ဒ်မန်ကျွန်းနားက ဖြတ်သွားတယ်။
ပြီးတော့ ဆူမားတြား၊ ဂျာဗား အနောက်ဘက်ကို ဖြတ်သွားတယ်။
၂၀၀၄ ခုနှစ်က မှတ်မိမှာပေါ့။ ဆူမားတြားငလျင်ဆိုရင်
အဲဒီငလျင်ကြောက လှုပ်ခဲ့တာဖြစ်တယ်။ ပညာရှင်တွေ လေ့လာ
ချက်အရ ဒီမြေထုချပ်ကြီး ထိဆုံတဲ့နေရာကလည်း တောင်ပိုင်းက
အများဆုံးလှုပ်တယ်။ မြောက်ပိုင်းကတော့ သိပ်မလှုပ်ဘူး။
တကယ်လို့ ဆူနာမီ ဖြစ်မယ်ဆိုရင် ငလျင်လှုပ်လို့ရှိရင်
ဘင်္ဂလားပင်လယ်အော်မှာ ဗဟိုချက်ဖြစ်ရမယ်။ထောင့်မှန်ကျ
သွားတဲ့ နေရာတွေက ဆူနာမီဒဏ်ကို ပိုပြီးခံစားရမယ်။
အလျားလိုက်သွားတဲ့ နေရာတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို
နည်းနည်းပဲရောက်မယ်။ ဒါက သီအိုရီအရတော့ ရှိတယ်” ဟု
ဒေါက်တာကျော်ထွန်းက ပြောကြားသည်။
(ဆန်းထူးအောင်)
credit - 7day Daily & Eleven Media Group
No comments:
Post a Comment