“လတ်တလော ရွှေဈေးနှင့် စတော့ရှယ်ယာ ဈေးကွက်များ
အကြောင်း တစေ့တစောင်း”
၁။ "စတော့ရှယ်ယာဈေး ဆက်တိုက်ကျနေ"
ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီများက အဖွင့်ဈေး
အမြင့်ဖြင့် စတင်ရောင်းချခဲ့သဖြင့် လက်ရှိဈေးကွက်၌
ရှယ်ယာဈေးများ ဆက်တိုက်ကျဆင်းနေသည်ဟု စီးပွားရေး
ပညာရှင်များက သုံးသပ်ပြောသည်။
‘‘စတော့က ဖွင့်တာလည်း စောသေးတယ်လို့ မြင်တယ်။
ပြီးတော့ နည်းပညာပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေရှိသေး
တယ်။ မပြည့်စုံသေးဘူး။ နောက်ပြီး စာရင်းဝင်ကုမ္ပဏီတွေ
ပထမဆုံး ရောင်းတဲ့ရက်မှာ ရှယ်ယာအဖွင့်ဈေးက အရမ်းများ
လွန်းတယ်’’ ဟု ကမ္ဘောဇဘဏ်မှ အကြံပေး
ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ထပ်မံရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ရှယ်ယာဈေးနှုန်းကို
အနည်းဆုံးနှုန်းထားဖြင့် စတင် ရောင်းချသင့်သည်ဟု
ဦးသန်းလွင်က အကြံပြုသည်။
၂၀၁၅ ဒီဇင်ဘာက စတင်ဖွင့်လှစ်ပြီး ၂၀၁၆ မတ်လတွင် စတင်
ရောင်းချခွင့်ပေးခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်း၌ ယနေ့အထိ
အရောင်းအဝယ်နည်းပါးပြီး ရှယ်ယာဈေး ကျဆင်းနေခဲ့သည်။
FMI နှင့် သီလဝါတို့မှ ရှယ်ယာများရောင်းချနေသည့်
ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့စဉ်ရှယ်ယာဈေး ကျပ် ၅၀၀ မှ
၁,၀၀၀ ကြား ကျဆင်းနေကြောင်း ရှယ်ယာဝယ်ယူထားသူ
အချို့က ဆိုသည်။
‘‘မြန်မာလူမျိုးတွေနဲ့ စတော့ က စိမ်းသေးတယ်။ ကုမ္ပဏီတွေ
ကလည်း စရောင်းတာ အရေအတွက်နည်းသေးတယ်။
ကုမ္ပဏီတွေများလာရင်တော့ တစ်မျိုး ပြောင်းလဲလာနိုင်တယ်’’
ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ဆို သည်။
မတ်လတွင် စတင်ရောင်းချ ခဲ့သည့် FMI ကုမ္ပဏီ၏ ရှယ်ယာ
အဖွင့်ဈေးမှာကျပ်၂၆,၀၀၀ ရှိခဲ့ပြီး ဩဂုတ် ၄ ရက် ဈေးကွက်အရ
အဖွင့်ဈေးအောက် ၆,၀၀၀ လျော့ ကျပြီး ဈေးကွက်တွင်
ဝယ်မည့်သူ နည်းပါးလျက်ရှိသည်။
ထို့အတူ မေလတွင် စတင် ရောင်းချခဲ့သည့် သီလဝါကုမ္ပဏီ
မှာလည်း ပထမဆုံးနေ့က အဖွင့်ဈေးမှာ ကျပ် ၄၀,၀၀၀ ကျော်
ဖြင့် စတင်ရောင်းချခဲ့ရာ ၇၀,၀၀၀ အထိ မြင့်တက်သွားခဲ့ပြီး
ဩဂုတ် ၄ ရက် ဈေးကွက်အရ ကျပ် ၄၇,၀၀၀ သို့ ပြန်လည်
ကျဆင်းသွားပြီဖြစ်သည်။
‘‘စတော့ စဖွင့်တော့ စိတ်ဝင် စားတဲ့သူများတော့ ရှယ်ယာတွေ
ဝယ်ကြတာ အရမ်းများတယ်။ အခုကြာလာတာနဲ့အမျှ ဝယ်လို
အားမရှိတော့ဘူး။ ဒါကြောင့် ဈေးက ကျကျလာတာ။
ဈေးကွက်ကို သိပ်မကစားတတ်ကြသေးလို့ ဖြစ်လာတာ။
ကောင်းကောင်းလည် ပတ်နိုင်ဖို့ အချိန်အများကြီးယူရဦးမယ်။’’
ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ
ဒေါ်ရီရီမြင့်က သုံးသပ်သည်။
ထို့အပြင် လက်ရှိ ရောင်းချနေသည့် ကုမ္ပဏီကြီးများမှာ
အမြတ်၊ အရှုံးနှင့် ပတ်သက်သော စာရင်းအင်းပိုင်းဆိုင်ရာ
ထုတ်ပြန် မှု၊ ကျွမ်းကျင်မှု၊ ပြုစုထားရှိမှုများ အပိုင်းတွင်လည်း
အားနည်းချက်များရှိကြောင်း ဒေါ်ရီရီမြင့်က ဆို သည်။
စတော့အိတ်ချိန်းသည် ရေတိုရင်းနှီးမြှုပ်နှံမှုထက် ရေရှည်ရင်းနှီး
မြှုပ်နှံမှုသာဖြစ်သောကြောင့် နှစ်ကြာလာသည်နှင့်အမျှ ရင်းနှီး
မြှုပ်နှံသူများအတွက် အကျိုးအမြတ်များသည့် ဈေးကွက်
ဖြစ်ကြောင်း Thura Swiss အမှု ဆောင် အရာရှိချုပ်
ဒေါက်တာအောင်သူရက ပြောသည်။
ရန်ကုန် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ပြီးခဲ့သော
မတ်လ ၂၅ ရက်မှစ၍ ဇွန်လ ၃၀ ရက်အထိ ရှယ်ယာ
အရောင်းအဝယ်ဖြစ်မှု ကုမ္ပဏီနှစ်ခု၏ စုစုပေါင်းတန်ဖိုးမှာ
ကျပ် ၅၁ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း
ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။
လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် တတိယမြောက်
ကုမ္ပဏီ အဖြစ် မြန်မာနိုင်ငံသားများဘဏ် Citizen Bank သည်
ယခုလတွင် စတင်ရောင်းချရန် ပြင်ဆင်နေသည်။
(မိုးညို)
***
၂။ "FMI နှင့်သီလ၀ါရှယ်ယာများ ယခင်ကနေ့စဉ် ကျပ်ဘီလျံနှင့်ချီ
အရောင်းအ၀ယ်ဖြစ်ရာမှ သြဂုတ်လမှစ၍ နေ့စဉ်အရောင်းအ၀ယ်
ဖြစ်ပေါ်မှု အဆမတန် ကျဆင်းလာပြီး ကျပ်သိန်းတစ်ထောင်
ဝန်းကျင်သာ အရောင်းအ၀ယ်ဖြစ်နေ"
FMI နှင့် သီလ၀ါရှယ်ယာများ ယခင်က နေ့စဉ်ကျပ်ဘီလျံနှင့်ချီ
အရောင်းအ၀ယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး
သြဂုတ် ၁ ရက်မှ စတင်ကာ နေ့စဉ် ကျပ်သိန်းတစ်ထောင်
အောက်သာ အရောင်းအ၀ယ် ဖြစ်ပေါ်နေကြောင်း
ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ်အရောင်းအ၀ယ်
ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သိရသည်။
FMI နှင့် သီလ၀ါ ရှယ်ယာများအနေဖြင့် အရောင်းအ၀ယ်
ဖြစ်ပေါ်မှုမှာ
- သြဂုတ် ၁ ရက်တွင် ကျပ်သိန်းတစ်ထောင်ကျော်နှင့်
- သြဂုတ် ၂ ရက်တွင် ကျပ်သိန်း ၁၁၀၀ကျော်သာ ရောင်းချခဲ့ရပြီး
- သြဂုတ် ၃ ရက်တွင် ကုမ္ပဏီနှစ်ခုပေါင်းမှ ကျပ်သိန်း ၃၇၀ ကျော်
သာ အရောင်းအ၀ယ် ဖြစ်ပေါ်သည်အထိ စံချိန်တင်
ကျဆင်းခဲ့သည်။
- သြဂုတ် ၄ ရက်တွင်မူ ကျပ်သိန်း ၇၀၀ ခန့် အရောင်းအ၀ယ်
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
- သြဂုတ် ၅ ရက်တွင်လည်း နံနက်ပိုင်းတွင် ကျပ်သိန်း ၈၀၀ ခန့်
သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။
အဆိုပါရက်များတွင် FMI ရှယ်ယာတစ်စုလျင် ကျပ်၁၉၅၀၀ နှင့်
ကျပ် ၂၀၀၀၀ ခန့်တွင်သာ ဈေးနှုန်းဖြစ်ပေါ်နေပြီး သီလ၀ါ
ရှယ်ယာတစ်စုလျှင် ကျပ် ၄၇၀၀၀ မှ ၄၈၀၀၀ ခန့်သာ
ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့်
- ၂၀၁၆ ခုနှစ် မတ်လတွင် ရှယ်ယာအရောင်းအ၀ယ် ဖြစ်ပေါ်မှု
ကျပ် ၂၄ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး
- ဧပြီလတွင် ငါးဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။
သီလ၀ါရှယ်ယာများ စတင်ရောင်းချခဲ့ပြီးနောက် ရန်ကုန်စတော့
အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု နေ့စဉ်
ကျပ်တစ်ဘီလျံကျော်ဖိုးအထက် အရောင်းအ၀ယ်
ဖြစ်ပေါ်ခဲ့သည်။
ပထမဆုံး စတော့ရှယ်ယာရောင်းချခွင့်ရ FMI ကုမ္ပဏီက
မေ ၁၉ ရက်အထိ ကုမ္ပဏီတစ်ခုတည်း ပြိုင်ဘက်မရှိ
ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ်၂၄ ဘီလျံ
ကျော်ဖိုး အရောင်းအ၀ယ် ပြုလုပ်နိုင်ခဲ့သည်။
FMI ကုမ္ပဏီအနေနှင့် ရက်သတ္တပတ်အတွင်း ၂၄ ဘီလျံကျော်ဖိုး
အထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်း
နှင့် အရောင်းအ၀ယ်ဖြစ်မှု ကျဆင်းသွားပြီး ငါးဘီလျံကျော်ဖိုးသာ
ရောင်းချနိုင်ခဲ့သည်။
မေ ၂၀ ရက်တွင် စတင်ရောင်းချသည့် သီလ၀ါ MTSH
ရှယ်ယာများအနေဖြင့် ရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့်သာ
ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှု
ဖြစ်ပေါ်ခဲ့ကာ အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှုပေါင်း
၁၇၃၉၂၅ စုဖြင့် ကျပ် ၁၀ ဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ်
ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်း
နှင့် အရောင်းအ၀ယ် နည်းပါးရခြင်းမှာ
* စတော့ရှယ်ယာ ဈေးကစားသူများအား စုံစမ်းအရေးယူမည်
ဆိုခဲ့ခြင်းနှင့်
* ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် FMI ရှယ်ယာတစ်စု
၁၃၅ ကျပ်သာ အမြတ်ပေးနိုင်မည်ဆိုခြင်းနှင့် သီလ၀ါရှယ်ယာ
တစ်စုလျှင် ၂၅၀၀ ကျပ်သာ အမြတ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့်
အရောင်းအ၀ယ်ဖြစ်ပေါ်မှု နည်းပါးခဲ့ရသည့်အပြင်
* ကုမ္ပဏီများ၏ ဈေးကွက်ဆွဲတင်ထားမှုကြောင့်
အမှန်ဖြစ်သင့်သည့် ဈေးများထက် ကျော်လွန်နေခြင်းကြောင့်
ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။
- ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ်
မတ် ၂၅ ရက်မှစတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာအရောင်း
အ၀ယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအ၀ယ်
ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့် သီလ၀ါရှယ်ယာ အရောင်းအ၀ယ်
ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့်(စုစုပေါင်း) ကျပ် ၅၁ ဘီလျံကျော်
အထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး
- ဇွန်လအတွင်း ခြောက်ဘီလျံကျော်သာ အရောင်းအ၀ယ်
ဖြစ်ပေါ်ကာ
- ဇူလိုင်လတွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်သာ
အရောင်းအ၀ယ်ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအ၀ယ် ဖြစ်ခဲ့
ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သြဂုတ် ၁ ရက်တွင်
ထုတ်ပြန်သည့် လစဉ်အရောင်းအ၀ယ် ဖြစ်ပေါ်မှုဆိုင်ရာ
အချက်အလက်များအရ သိရသည်။
(ဖြိုးဝေ)
***
၃။ "ရွှေဈေး အမြင့်မှာပဲ ဆက်ရှိနေနိုင်သေး"
စံချိန်တင်လောက်အောင် အမြင့်ဈေးရောက်ခဲ့တဲ့ ရွှေဈေးက
ပြီးခဲ့တဲ့ ဇူလိုင်လမှာဈေးပြန်ဆင်းခဲ့တယ်။
သည်ရက်ပိုင်းတွေမှာ ရွှေဈေးက အတက်ဘက်ကို ပြန်ဦးတည်
နေတာ ဖြစ်တယ်။ ရွှေဈေးကွက်ကျွမ်းကျင်သူတချို့ကတော့
ရွှေဈေးက သည်ရက်ပိုင်းတွေမှာ ဈေးမာနေနိုင်သေးတယ်လို့
ပြောပါတယ်။
* ပြည်ပနိုင်ငံတချို့ရဲ့ ဘဏ်အတိုးနှုန်းတွေ၊ စီးပွားရေးမူဝါဒနဲ့
နိုင်ငံရေးအပြောင်းအလဲ မတည်ငြိမ်တာကြောင့်လို့ သုံးသပ်ထား
ကြတာပါ။ *
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက
"ဒီရက်ပိုင်းတွေမှာ ကမ္ဘာ့ဈေးတက်ပြီး ဒေါ်လာဈေးကလဲ
၁၁၈၀ အထက်မှာပဲ ဈေးငြိမ် နေတော့ ပြည်တွင်းရွှေဈေးက
ကျပ် ၈၃၀,ဝ၀ဝ အောက် ဆင်းခါနီးကနေ ပြန်တက်လာတာ၊
ဒီရက်ပိုင်းတွေမှာတော့ ရွှေဈေးက ဈေးမြင့်နိုင်သေးတယ်၊
ဈေးကျမယ်ဆိုရင်တောင် ကြာဦးမယ့်သဘောရှိတယ်" လို့
ပြောပါတယ်။
ပြည်တွင်းရွှေဈေးက ဇူလိုင် ၂၈ ရက်နောက်ပိုင်းမှာ
တစ်ကျပ်သားကို ကျပ် ၈၄၀,ဝ၀ဝ ပြန်ဖြစ်လာတာဖြစ်တယ်။
ဩဂုတ် ၂ မှာတော့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို
၁၃၅၀ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို
ကျပ် ၈၄၆,၄၀ဝရှိတယ်။
ငွေဈေးကတော့ ၁၁၈၈ ကျပ်ရှိပါတယ်။
(အေးမွန်)
credit - 7day Daily / Eleven Media Group
& Kumudra Journal
(မှတ်ချက်)
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment