“အကျိုးဆောင်ခ နှုန်းထားများကို သတ်မှတ် ထုတ်ပြန်ခြင်းနှင့်
ယုံကြည်အားထားရသော အကျိုးပြု အကျိုးဆောင်ဖြစ်စေဖို့
ဆိုရာဝယ်”
၁။ "မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းက
အကျိုးဆောင်ခ နှုန်းထားများ ထုတ်ပြန်"
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းမှ နိုင်ငံအတွင်း
အိမ်ခြံ မြေ ရောင်းဝယ်မှု ဆောင်ရွက်ရာတွင် အကျိုးဆောင်ခ
နှုန်းထားများကို ဇူလိုင် နောက်ဆုံးပတ်တွင် သတ်မှတ်
ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ
ဝန်ဆောင်မှု အသင်းထံမှ သိရှိရသည်။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်ရာတွင် အကျိုးဆောင်ခ
နှုန်းထားများမှာ
- တန်ဖိုးကျပ် သိန်းတစ်ရာအထိ ၃ ရာခိုင်နှုန်း၊
- တန်ဖိုးကျပ် သိန်းတစ်ရာအထက် ၂ ရာခိုင်နှုန်း
သတ်မှတ်လိုက်ခြင်းဖြစ်သည်။
''အိမ်၊ ခြံ၊ မြေအကျိုးဆောင်များ အနေနဲ့ အိမ်၊ ခြံ၊ မြေ
ရောင်းဝယ်ငှားတဲ့ နေရာမှာ အကာအကွယ် နည်းပါးပြီး
အခက်အခဲများနှင့် ကြုံတွေ့နေရပါတယ်။ အခုလို နိုင်ငံအတွင်း
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု ဆောင်ရွက်ရာမှာ အကျိုးဆောင်ခ
နှုန်းထားတွေကို သတ်မှတ် ထုတ်ပြန်လိုက်တဲ့အတွက်
အကျိုးဆောင်နဲ့ ရောင်းသူ၊ ဝယ်သူကြားက ပြဿနာ
လျော့နည်းသွားမှာပါ''ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ
ဝန်ဆောင်မှု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထို့ပြင်
အငှားလုပ်ငန်းအတွက်
ရောင်းသူဘက်က အကျိုးဆောင်ခ ထုတ်ပေးမည်ဆိုပါက
နှစ်ချုပ် အိမ်ငှားခ၏ တစ်လစာ၊
စပေါ်ငွေ ပေးသွင်းပါက
စပေါ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာ ရရှိမည်
ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
BOT စနစ်ဖြင့် အိမ်ရှင်အိမ်ငှား အကျိုးဆောင်ပါက
- ငှားရမ်းကာလ ၁ဝ နှစ်အထိ တစ်လစာ၊
- ငှားရမ်းကာလအနှစ် ၃ဝ အထိ ၃ လစာ၊
- ငှားရမ်းကာလ အနှစ် ၅ဝ အထိ ငါးလစာ ရရှိမည်ဖြစ်ပြီး
မြေရှင်နှင့် ကန်ထရိုက်ကြား ဝန်ဆောင်မှု ပေးမည်ဆိုပါက
ကန်ထရိုက်နှင့် အိမ်ရှင်ဆောက် လုပ်ရန် ညှိနှိုင်းမှု
အကျိုးဆောင်ခသည် မြေကာလ တန်ဖိုး၏ ၃ ရာခိုင်နှုန်းသို့
ညှိနှိုင်းတန်ဖိုး ရရှိမည်ဖြစ်သည်။
''အိမ်၊ ခြံ၊ မြေ ပုံမှန်လည်း အပြင်မှာ အဲဒီဈေးကို သတ်မှတ်ပြီး
လုပ်ကိုင်နေ ကြပါတယ်။ ဒါပေမဲ့ အခုလို တရားဝင်
သတ်မှတ်တာတော့ ကောင်းပါတယ်။ အချို့ကျတော့
အရောင်းအဝယ် တကယ်လုပ်ရင် ရောင်းသူ ဝယ်သူဘက်က
ဈေးလျှော့ရင်တော့ ညှိလုပ်ရတာတွေလည်း ရှိပါတယ်''ဟု
ပြည်ကြီးတံခွန် အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းမှ
ကိုနေဇော်က ဆိုသည်။
***
၂။ "အိမ်ခြံမြေအတွက် ယုံကြည်အားထားရသော အကျိုးပြု
အကျိုးဆောင်ဖြစ်စေဖို့"
အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုများတွင် အကျိုးဆောင်များ၏
အခန်းကဏ္ဍမှာအိမ်ခန်းပိုင်ရှင်များနှင့် ၀ယ်လိုငှားလိုသူများအကြား
အရောင်းအ၀ယ် အငှားရမ်းအဆင်ပြေချောမွေ့စေဖို့အတွက်
ယခုကာလများ၌ ပိုမိုအားထားလာကြသည့်အနေအထားတစ်ခု
ဖြစ်လာနေသည်နှင့်အညီ အကျိုးဆောင်များအနေဖြင့်
အိမ်ရှင်နှင့် အိမ်ငှား၊ အိမ်ဝယ်သူတို့အတွက်
အိမ်ရာတိုက်ခန်းနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ ကူညီ
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော အကျိုးဆောင်
ကောင်းတစ်ဦးဖြစ်မည်ဆိုလျှင် အိမ်ခြံမြေနှင့် ဆက်စပ်ရာ
လုပ်ငန်းဆောင်တာများတွင် ပိုမိုအဆင်ပြေချောမွေ့သော
ဝန်ဆောင်မှုကောင်းများဖြင့် ရပ်တည်ဆောင်ရွက်နိုင်ကြ
ပါလိမ့်မည်။
အိမ်ရှင်တို့အနေဖြင့် မိမိပိုင်ဆိုင်သည့် အိမ်ခန်းအား ရောင်းချ
မည်ဆိုလျှင်ဈေးကောင်းဈေးမှန်ရစေရန်အတွက်
လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်ဖြည့်စွက် ရောင်းချ
တတ်ကြသည်က များကြသည်။
- Toilet များ၊ Kitchen Room များကိုသပ်ရပ်သန့်ရှင်းစွာ
ပြင်ဆင်ထားရှိကာ
- လေ၀င်လေထွက် ကောင်းမွန်စေရန် ပြင်ဆင်ခြင်း၊
ခန်းဆီးလိုက်ကာ အသစ်များသို့မဟုတ် အဟောင်းများ
လျှော်ဖွပ်သန့်စင်ထားခြင်းဖြင့်လည်းကောင်း၊
- ပြတင်းတံခါးအပေါ်ရှိ အလင်းဝင်ပေါက် မှန်နှင့်ပြတင်း
ဘောင်များ၊ ဖန်တုံးအလှများရှိဖုန်နှင့် အညစ်အကြေများ
ဆေးကြောတိုက်ချွတ်ခြင်း၊
- ကြမ်းခင်းအဟောင်းအပျက်များ လဲလှယ်ပြင်ဆင်ခြင်း၊
- တိုက်ဟောင်းများ အများစုသည် မိုးရေစားခြင်းနှင့်
အခြားသော ရာသီဥတုဒဏ်များကြောင့် ဆေးရောင်ပျယ်လွင့်၍
ဆေးကွက်ခြင်း၊ ကွာခြင်းများ ဖြစ်တတ်သည့်အတွက်
အခန်းတွင်း အခန်းပြင်ဆေးသုတ်ရန် လိုအပ်ပါက
ဆေးသစ်ထပ်မံသုတ်ခြင်းများကို ပြင်ဆင်ဆောင်ရွက်သင့်
ပါသည်။
အကျိုးဆောင်တစ်ဦးအနေဖြင့် အိမ်ရှင်က အပ်နှံထားသည့်
အရောင်းအငှားအိမ်ခြံတိုက်ခန်းများတွင် နေထိုင်စားသောက်ရေး
အတွက် လိုအပ်သည့်အခြေခံပစ္စည်းများ၏ အခြေအနေများ
အထူးသဖြင့် Air-Com များ၊ မီးလိုင်းများအိမ်တွင်းအိမ်ပြင်
တပ်ဆင်ထားမှု အန္တရာယ်ကင်းမကင်း စိတ်ချရမှု အခြေအနေများ
လေ့လာကြည့်ရှု၍ အိမ်ဝယ်လိုများသို့ ဖြစ်စေ အိမ်ရှင်များသို့
ဖြစ်စေ အသိပေးပြောကြား၍ လိုအပ်ပါက ပြင်ဆင်ခြင်း၊
အသစ်လဲလှယ်ခြင်းလဲလှယ်သင့်သည့် ပစ္စည်းအမျိုးအစားများ
အကြံပေးနိုင်ခြင်း အကြံပေးခြင်းများကို အကြံပေးပြောကြား
ပေးနိုင်ပါလျှင် အိမ်ရှင်၊အိမ်ဝယ် အိမ်ငှားများအတွက်
ဝန်ဆောင်မှုကောင်းများဖြင့် အကျိုးပြုမှု ပိုမို ပေးလာနိုင်မည်
ဖြစ်သည်။
အကျိုးဆောင်များ၏ အခန်းကဏ္ဍသည်လည်း ခြံမြေတိုက်ခန်း
ရောင်းဝယ်မှုတွင်နှစ်ဦးနှစ်ဘက်အရောင်းအ၀ယ်ဖြစ်စေဖို့
အကျိုးဆောင်ပေးမှု၊ ဈေး ညှိုနှိုင်းမှုများအကြား နှစ်ဦးနှစ်ဘက်
ကျေနပ်အဆင်ပြေစေရန်အတွက် အကျိုးဆောင်ပေးမှုသာမက
အိမ်ရှင်အိမ်ငှားများအတွက် လိုအပ်သည့် အကြံပြုချက်များကိုပါ
လေ့လာမှတ်သား၍ အသိပေးပြောကြားပေးခြင်းဖြင့်လည်း
မိမိ အကျိုးဆောင်လုပ်ငန်းအတွက်ပါအထောက်အကူ ဖြစ်စေနိုင်
သကဲ့သို့ အိမ်ရှင်နှင့် အိမ်ငှား၊အိမ်ဝယ်လိုသူ တို့အတွက်ပါ
အကျိုးဆောင်မှုကဏ္ဍတစ်ခုထက် ပိုမိုအားထားရသည့်
အကျိုးဆောင်တစ်ဦးအဖြစ် သိမှတ်နားလည်နိုင်ကြပြီး
လုပ်ငန်းပိုင်းဆိုင်ရာများနှင့်စပ်လျင်းသော ရေရှည်
ဆက်ဆံရေးများအနေဖြင့်လည်း အားထားအသိအမှတ်
ပြုကြမည် ဖြစ်သည်။
credit - The Voice & Property Media Team
No comments:
Post a Comment