Sunday, December 11, 2016

“ကူပါ၊ ကယ်ပါ၊ ပြန်လည် သုံးသပ်ပေးပါ”

“ကူပါ၊ ကယ်ပါ၊ ပြန်လည် သုံးသပ်ပေးပါ”

၁။ "ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့်
ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများ ငွေကြေးအခက်အခဲ
ကြောင့် ရပ်ဆိုင်းနေသဖြင့် အစိုးရက ကူညီရန် တောင်းဆို"

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်
များ ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာ
အိမ်ရာ စီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်း
နေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့က ကူညီစေလို
ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်းမှ ဥက္ကဋ္ဌ က ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့
တင်ပြခဲ့ကြောင်း သိရသည်။

“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ ဆောက်ခဲ့တဲ့
ဆောက်လုပ်ရေးလုပ်ငန်းတွေ ဟာ  Investor တွေ လိုပြီး
တော့၊အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။
အခုက Investment တွေလိုနေပြီး ပိုက်ဆံလည်း မရှိတဲ့
အတွက်ကြောင့်မို့  ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း
အလေးအနက်ထား စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဒီက ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ ၀ိုင်းလုပ်နေကြတာပါ။ အဲဒါကိုလည်း ပိုပြီး
မြန်ဆန်သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြ
လိုပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့်
အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုအား စတင်ရေးဆွဲခဲ့စဉ်က
တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အိမ်ရာစီမံကိန်း
အဖြစ်သာ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်း
အိမ်ရာ ရာခိုင်နှုန်း ၃၀ နှင့် တန်ဖိုးမြင့်အိမ်ရာ ရာခိုင်နှုန်း
၇၀ ပါဝင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား သုံးနှစ်အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ ၁၀ နှစ်မှ
နှစ် ၃၀ အထိ အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချမည်
ဖြစ်ပြီး လစဉ် ကျပ် ၈၈၀၀၀ ရရှိသူ၏ ၀င်ငွေအပေါ်
ရာခိုင်နှုန်း ၃၀ ကနဦး ပေးချေကာ ကျန်ငွေကို လစဉ်
အရစ်ကျ ပေးသွင်းရမည့်နှုန်းထားဖြင့် ဆောက်လုပ်သွား
မည်ဖြစ်ကြောင်း ၂၀၁၂  ခုနှစ် နိုဝင်ဘာ ၁ ရက် တွင်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်
ဦးမင်းထိန်က ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ထို့နောက် စီမံကိန်းစတင်ခဲ့ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို
စီမံကိန်း လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး Original Grop Co.Ltd
အပါအ၀င်  Developer လေးဦးခန့်ကို ဧရာဝဏ်နှင့်
ရတနာ အိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။

ထိုသို့ ချထားပေးပြီးနောက် တန်ဖိုးနည်းအိမ်ရာဆိုသည့်
စကားလုံးအစား တန်ဖိုးမျှတအိမ်ရာဟုဆိုကာ အသွင်
ပြောင်းလဲလိုက်ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့်
ကျသင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ တန်ဖိုးနည်းဟုဆိုကာ ဆောက်လုပ်ခဲ့သည့်
စီမံကိန်းမှာ ကျပ်သိန်း ၂၀၀ အထိ ဖြစ်လာမည်ဆိုသဖြင့်
ရန်ကုန်မြို့တွင်းရှိ တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း
အစရှိသည့် မြို့တွင်းနှင့် နီးကပ်သည့် တိုက်ခန်းများမှာ
ရာခိုင်နှုန်း ၅၀ ခန့် ရုတ်တရက် တန်ဖိုး မြင့်တက်ခဲ့ပြီး
၂၀၁၂ ခုနှစ်အတွင်း ကျပ်သိန်း ၂၅၀ ၀န်းကျင်သာရှိသည့်
တိုက်ခန်းများမှာ ကျပ်သိန်း ၃၅၀ ၀န်းကျင်အထိ
ခုန်တက်ခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က
မြေဧက ၂၂၀ ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ်-ရတနာ
တန်ဖိုးသင့်အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ်
အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်း ပေါင်း ၁၆၆၉၆ ခန်း
ပါဝင်သည်။

အခန်းများကို အကျယ်အ၀န်း ၆၀၀sqft မှစ၍
ဆောက်လုပ်ခြင်း ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင်
၁၈ ထပ် အဆောက်အအုံခြောက်လုံး
ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အထပ်မြင့်ဖြစ်သည့်အတွက် ဘိုးတိုင်များရိုက်ရခြင်း၊
ဓာတ်လှေကားများ တပ်ဆင်ရခြင်း စသည့်အခြေအနေများ
မှာ ကုန်ကျစရိတ်အား မြင့်မားစေခဲ့ကြောင်း အဆိုပါ
စီမံကိန်းနှစ်ခုကို လုပ်ဆောင်နေသည့်
လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်သမ္မတကြီးလက်ထက်မှာ ကျွန်တော်တို့လည်း
ပါပါတယ်။ ခင်ဗျားတို့ ဘယ်လောက်နဲ့ ရောင်းမှာလဲ။
ကျွန်တော့်လည်း ကားပေါ်မှာ မေးတယ်။ တစ်ပေပတ်လည်ကို
ကျပ် တစ်သိန်းတဲ့။ ၅၉၉ စတုရန်းပေဆိုတော့ ၅၉၉ သိန်း။
သိန်း ၆၀၀ ပေါ့ဗျာ။ အဲဒီနေရာမှာ အဲဒီဈေး ရပါ့မလားဗျာတဲ့။
သမ္မတကြီးတောင်မှ ရပါ့မလားတဲ့။ တစ်ပေပတ်လည်
တစ်သိန်းကို တစိုက်မတ်မတ် ပြောလာတာ။ အခုကျတော့
ညှိရင်း ညှိရင်းနဲ့ တန့်နေတာပေါ့။ အခုကျတော့
ရင်းနှီးမြှုပ်နှံဖို့ရော” ဟု
ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းများမှာ မြို့ပြင်နေရာတွင် ရှိနေခြင်း၊
တစ်ပေပတ်လည် ကျပ်တစ်သိန်းဖြစ်နေခြင်း အစရှိသည့်
အခြေအနေများကြောင့် စိတ်ဝင်စားမှုနည်းပါးနေခြင်းကြောင့်
ရပ်ဆိုင်းနေရခြင်းဖြစ်နိုင်ကြောင်း နှင့် အဆိုပါအခြေအနေ
အပေါ် ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း
ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲသို့
တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောကြားခဲ့သည်။

(ဖြိုးဝေ)

***

၂။ "ကွန်ဒိုရောင်းဝယ်မှုအပေါ် ကောက်ခံနေသည့်
အခွန်နှုန်းထားစနစ် ပြန်လည်သုံးသပ်ရန်လိုဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြော"

ကွန်ဒိုမီနီယံ ဝယ်ယူသူများအပေါ် ကောက်ခံနေသည့်
အခွန်နှုန်းထားမြင့်မားမှုက ဈေးကွက်အတွင်းဝယ်ယူသူနည်းပါး
စေပြီး နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာရရှိမှု နည်းပါး
စေသည်ဖြစ်ရာလက်ရှိကောက်ခံလျက်ရှိသည့်စနစ်ကို
ပြန်လည် ပြင်ဆင် သုံးသပ်ပေးရန် လိုအပ်လျက်ရှိကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောသည်။

ယခင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်သက်တမ်း
အတွင်း ပြဋ္ဌာန်းခဲ့ပြီး ယခုအစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်၊
ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်လာသည့် ပြည်ထောင်စု
အခွန်အကောက်ဥပဒေသစ်အရ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း
မရှိသည့် အခွန်များကိုပြောင်းလဲ ပြင်ဆင်တိုးမြှင့်
ကောက်ခံခဲ့သည်။

ယင်းဥပဒေ ပြဋ္ဌာန်းခဲ့သည့် အကျိုးဆက် အနေဖြင့် ကာလ
ရှည်ကြာ အေးစက်နေသည့် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး
ဈေးကွက်ကိုပါ ထပ်မံထိုးနှက်လိုက်သည့် အခြေအနေသို့
ဆိုက်ရောက်ကာ အိမ်ခြံမြေဈေးကွက်၌ အရောင်းသာရှိပြီး
အဝယ်မရှိသည့် အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။

မြင့်မားသည့် အခွန်ကောက်ခံမှုပုံစံကြောင့် ကွန်ဒိုတိုက်ခန်း
ဈေးကွက်တွင် အဝယ်မရှိသလောက် နည်းပါးသွားပြီး
ဈေးကွက်အတွင်း ရောင်းချလိုသည့်ကွန်ဒိုမီနီယံ
အများအပြား ကျန်ရှိနေဆဲဖြစ်သည်။

''ဥပမာ သိန်း ၁,ဝဝဝ တန် ကွန်ဒိုတိုက်ခန်းတစ်ခန်း
ရောင်းမယ်ဆိုရင် ဝင်ငွေခွန်က၃ဝ ရာခိုင်နှုန်းဖြစ်တဲ့
ကျပ်သိန်း ၃ဝဝ နဲ့ တံဆိပ်ခေါင်းခွန် ခုနစ် ရာခိုင်နှုန်းဖြစ်တဲ့
ကျပ်သိန်း ၇ဝ နှစ်ခုပေါင်း အခွန်ဆောင်ရမှာကြီးပဲ
ကျပ်သိန်း ၃၇ဝ ဖြစ်သွားတယ်။
မူလတန်ဖိုးသိန်း ၁,ဝဝဝ နဲ့ပါပေါင်းရင် သိန်း ၁,၃၇ဝ
ဆောင်ရမယ့်သဘောဖြစ်လို့ဝယ်မဲ့လူတွေက
လက်တွန့်သွားတယ်။
အရင် ၁၅ ရာခိုင်နှုန်းကတောင် ဈေးကွက်လည်ပတ်ဖို့
တော်တော်လုပ်ယူရတာ၊ အခုလို အခွန်မြှင့်တဲ့အတွက်
အဝယ်ပါပျောက်သွားတယ်။ အခွန်လျှော့ရင် ဝယ်တဲ့လူများ
လာမယ်။အခွန်ကို မူလအတိုင်း၁၅ ရာခိုင်နှုန်းထားလိုက်ရင်
အရောင်းအဝယ်တွေသွက်ပြီး အစိုးရဆီလည်း အခွန်တွေ
အများကြီးရောက်သွားမယ်။ နိုင်ငံစီးပွားရေးမကောင်းဘူး။
အစိုးရမှာလည်း ပိုက်ဆံမရှိဘူးပြောတယ်။ အခုထိ
ကားလည်း လုပ်စရာမရှိ၊ အိမ်လည်း လုပ်စရာမရှိတော့
ဒေါ်လာတွေရွှေတွေ ကောက်ကစားနေတယ်။ စီးပွားရေး
သမားကတော့ သူ့ငွေတွေ သေမှာစိုးလို့တစ်နည်းမဟုတ်
တစ်နည်း ကစားနေမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ
အနှံ့အပြားရှိ မြို့ကြီးများတွင် အထပ်မြင့်အဆောက်အအုံများ၊
လူနေတိုက်ခန်း စီမံကိန်းပေါင်း၃ဝ ကျော်ကို
ဆောက်လုပ်နေသည့် MKT Construction မှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

ယခင် အခွန်အကောက်ဥပဒေဟောင်းအရ
- ကျပ်သိန်း ၁,ဝဝဝ အထိကို ဝင်ငွေခွန်သုံးရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း၅,ဝဝဝ အထိကို ဝင်ငွေခွန်
ငါး ရာခိုင်နှုန်း၊
- ကျပ်သိန်း ၅,ဝဝဝ မှ ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို
ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်း၊
- ကျပ်သိန်း၁ဝ,ဝဝဝ မှ ကျပ်သိန်း ၁၅,ဝဝဝ အထိကို
၂ဝ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း ၁၅,ဝဝဝ အထက်ကိုဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း
ပေးဆောင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုကျင့်သုံးလျက်ရှိသည့် ဥပဒေသစ်အရဝင်ငွေ
ရပေါက်ရလမ်း ဖော်ပြနိုင်ခြင်းမရှိလျှင်
- ကျပ်သိန်း ၃ဝဝ အထိကို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃ဝဝ မှကျပ်သိန်း ၁,ဝဝဝ အထိကို ဝင်ငွေခွန်
၂ဝ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း ၁,ဝဝဝ အထက်အရောင်းအဝယ်ပြုလုပ်လျှင်
ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ခဲ့
ခြင်းဖြစ်သည်။ ရောင်းချသူအနေဖြင့် တန်ဖိုး၏
၁ဝ ရာခိုင်နှုန်းကို ရောင်းခွန်အဖြစ် ပေးဆောင်ရမည်
ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အဓိကမြို့ကြီး သုံးမြို့ဖြစ်သည့်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌အိမ်ခြံမြေ
အရောင်းအဝယ် ပြုလုပ်မည် ဆိုပါက အရောင်းအဝယ်
တန်ဖိုး၏ ခုနစ်ရာခိုင်နှုန်းကို တံဆိပ်ခေါင်းခွန်အဖြစ်
ထပ်မံပေးဆောင်ရန် သတ်မှတ်ထားသည်။

အခြားမြို့များတွင်အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်မည်
ဆိုပါက တံဆိပ်ခေါင်းအဖြစ် အရောင်းအဝယ်တန်ဖိုး၏
ငါး ရာခိုင်နှုန်းသာ ပေးဆောင်ရန် လိုအပ်သည်။

ကွန်ဒိုဈေးကွက် အရောင်းသာရှိပြီး အဝယ်မရှိသလောက်
နည်းပါးသွားသည့်အကျိုးဆက်အနေဖြင့် ယင်းနှင့် ဆက်စပ်
နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းပေးသွင်း
သူများ၊ အုတ်သဲကျောက် ရောင်းချသူများ၊ ကန်ထရိုက်တာ
များနှင့်အလုပ်သမားများပါ အခက်အခဲများ ဖြစ်ပေါ်
လျက်ရှိပြီး အထပ်မြင့်ကွန်ဒို အဆောက်အအုံတစ်ခုလျှင်
အနည်းဆုံး အလုပ်သမား ၅ဝဝ မှ အများဆုံး ၄,ဝဝဝ ခန့်
အထိအသုံးပြုနေရသည့် ကျယ်ပြန့်သည့် စီးပွားရေး
လုပ်ငန်းကြီး တစ်ခုလည်းဖြစ်သည်။

အိမ်ခြံမြေဈေးကွက်အတွင်း၌ ကျပ်သိန်း၁,ဝဝဝ အောက်
ကွန်ဒိုတိုက်ခန်းများမှာ အနည်းငယ်သာရှိသည့်အတွက်
ယခုပြင်ဆင်လိုက်သည့် အခွန်အကောက်ဥပဒေအရ
ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုအပေါ်တွင် ကြီးမားသည့်
အကျိုးသက်ရောက်မှုများရှိလာကြောင်း သိရသည်။

ထို့အတွက် ပြန်လည်ဆွေးနွေးသုံးသပ်နိုင်ရန် မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက
အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပကာ နိုင်ငံတကာကဲ့သို့
အခွန်ကောက်ခံသည့် စနစ်တစ်ခု အသက်ဝင်လာစေရန်
တိုက်တွန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌ
ဦးရှိန်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

''အခက်အခဲတွေက အများကြီးရှိပါတယ်။
အခန်းအမြတ်ခွန်နဲ့ ပတ်သက်ပြီး ပြန်ညှိဖို့လိုတယ်။ကွန်ဒိုက
သီးခြားဥပဒေဖြစ်တဲ့ အတွက် အခြားမြေကွက်တွေ
တိုက်ခန်းတွေ ကို ကောက်နေတဲ့အမြတ်ခွန်အတိုင်း
မဟုတ်ဘဲနဲ့ လိုက်လျောညီထွေမယ့် တံဆိပ်ခေါင်းခွန်တွေ၊
အမြတ်ခွန်စနစ်တွေကို ပြန်လည် ညှိနှိုင်းဖို့
အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ စီစဉ်နေပါတယ်။
အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့လည်း
အစည်းအဝေးမှာ တင်ပြထားပြီးသားဖြစ်ပါတယ်။
အသင်းအနေနဲ့ကတော့ ကွန်ဒိုနည်းဥပဒေ ထွက်လာပြီး
အသုံးပြုတော့မယ် ဆိုရင်လည်းရင်ဆိုင်ရမယ့် အခက်အခဲ
တွေ ဖြစ်တဲ့ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ ပက်သက်ပြီး
သီးခြား အလုပ်ရုံဆွေးနွေးပွဲ လုပ်ပြီး ရာခိုင်နှုန်း ဘယ်လောက်
ဖြစ်သင့်သလဲဆိုတာနိုင်ငံတကာနဲ့ချိန်ပြီး ပြန်ညှိပေးဖို့ပါ''ဟု
၎င်းက ပြောသည်။

မကြာမီ အသစ်ထပ်မံထွက်ရှိတော့မည့် ကွန်ဒိုမီနီယံ
နည်းဥပဒေနှင့် ပတ်သက်သည့်ညှိနှိုင်းဆွေးနွေးပွဲကို
အောက်တိုဘာ ၂၃ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) တွင်
ကျင်းပပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းက ဆောက်လုပ်ရေးကုမ္ပဏီများနှင့်
ပြည်သူများ အမှန်တကယ် အလုပ်ဖြစ်စေနိုင်မည့်
အချက်အလက်များနှင့် လက်ရှိကောက်ခံလျက်ရှိသည့်
အခွန်စနစ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ပြီး
ဖြစ်သည်။

''ကွန်ဒိုမှ မဟုတ်ဘူး၊ အိမ်ခြံမြေလည်း ၃၇ ရာခိုင်နှုန်း အခွန်
ပေးရတော့ ဝယ်တဲ့လူတွေမဝယ်ရဲတော့ အရောင်းအဝယ်
အေးတယ်။ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ပြည်သူ့အခြေပြု
အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ပြည်သူ့အသံကိုနားထောင်ပြီး
အခွန်စနစ်ကို ပြန်သုံးသပ်သင့်တယ်။အခုက အရောင်းအဝယ်
မကောင်းတော့ အစိုးရလည်းအခွန်မရ၊ ဆောက်လုပ်ရေး
သမားတွေ၊ အိမ်ခြံမြေ သမားတွေလည်း အလုပ်မဖြစ်ကြဘူး။
ဈေးကွက်အေးရတဲ့ အကြောင်းရင်းတွေထဲမှာလည်း
အခွန်စနစ်ကလည်း တစ်စိတ်တစ်ပိုင်းပါတယ်''ဟု
ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ
ဦးစိုင်းခွန်နောင်က ပြောသည်။

(ထင်လင်းအောင်)

credit - Eleven Media Group & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment