"ဒေါ်လာဈေး"
ဒေါ်လာဈေးသည် စံချိန်သစ် တစ်ခုပြီးတစ်ခုချိုးရန်
ဟန်ပြင်လာသောကြောင့် မြန်မာ့စီးပွားရေးအတွက်
စိုးရိမ်သော မိတ်ဆွေများက ရေးပါဦးဟု
တိုက်တိုက်တွန်းတွန်း ပြောလာကြသဖြင့်
ဒေါ်လာဈေး အကြောင်း ရေးလိုက်ပါသည်။
(၁) ဒေါ်လာဈေး တည်ငြိမ်ရန်
ဒေါ်လာဈေး မြင့်ခြင်းနိမ့်ခြင်းထက် တည်ငြိမ်ရေးက
အရေးကြီးသည်။
ဒေါ်လာဈေးပေါ် မူတည်ပြီး အခြားကုန်ဈေးနှုန်းများ
ပြောင်းနိုင်သဖြင့် ဒေါ်လာဈေးသည် တစ်သမတ်တည်း
တည်ငြိမ်နေရေး အရေးကြီးသည်။
ကုန်ဈေးနှုန်း မငြိမ်လျှင် စီးပွားရေးငြိမ်မည် မဟုတ်။
စီးပွားရေး လုပ်ရကိုင်ရ၊ ဝယ်ရခြမ်းရသည့် စွန့်စားရမှု
ကြီးသည်။
နိုင်ငံခြားမှ ငွေချေးပြီး ပြည်တွင်းတွင် စီးပွားရေး
လုပ်သူများ ပြန်ဆပ်ချိန်တွင် ကမောက်ကမ
ဖြစ်မည်။
(၂) နိုင်ငံတကာ ဒေါ်လာအခြေအနေ
Trump သမ္မတအဖြစ် ရွေးကောက်ခံရအပြီး
ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာဈေး မာလာသည်။
မြန်မာပြည်သည်လည်း တစ်ကမ္ဘာလုံးထဲက တစ်နိုင်ငံ
ဖြစ်သည့်အတွက် ဒေါ်လာမာနေလျှင် မြန်မာငွေနှင့်
လဲလှယ်ရာတွင်လည်း ဒေါ်လာမာမည် ဖြစ်သည်။
ယင်းအခြေအနေကို စီးပွားရေး တောင့်တင်းသော
နိုင်ငံများပင် အသာကြည့်နေရသည်။
ထိုအခြေအနေ ဘယ်အချိန်အထိ သွားမည် မသိရပါ။
Trump သမ္မတဖြစ်အပြီး ခြေလှမ်းများကို
စောင့်ကြည့်ရမည်သာ။
(၃) သွင်းကုန်
သွင်းကုန်ပို့ကုန်တွင် တရားဝင် စာရင်းဇယားများအရ
သွင်းကုန်က သာလွန်နေသည်။
ပို့ကုန်ထက် သွင်းကုန်ကများခြင်းကြောင့် ကုန်သွယ်ရေး
လိုငွေပြခြင်းသည် ဒေါ်လာကြိုက်ခြင်းကို ပြသည်။
ဒေါ်လာကို ဝယ်လိုသူများလျှင် ဒေါ်လာဈေး
မာမည်သာ။
သွင်းကုန်များတွင်လည်း ဇိမ်ခံပစ္စည်းများ
သွင်းကုန်များကို တစ်နည်းနည်းနှင့် တား၍ရနိုင်
သော်လည်း ကုန်ပစ္စည်း ထုတ်လုပ်ရန် သွင်းအားစုများ
ဖြစ်သည့် စက်ပစ္စည်း၊ ကုန်ကြမ်း စသည်တို့လည်း
သွင်းကုန်များတွင် ပါဝင်နေသည်။
ဒေါ်လာဈေး မာသောကြောင့် သွင်းကုန်များ
လျော့သွားသည် ဆိုလျှင်လည်း ဈေးကွက်၏
သဘောသာ ဖြစ်သည်။
(၄) သဘာဝ ဒေါ်လာဈေး
ဈေးကွက်ဝယ်လိုအား ရောင်းလိုအားအရ
ဒေါ်လာဈေးသည် မည်သည့်နေရာတွင် သဘာဝ
ကျကျ ရှိမည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ။
၁၂၀၀ လား၊ ၁၃၀၀ လား၊ ၁၄၀၀ လား။
ဒေါ်လာဈေးသည် တောက်လျှောက်တက်နေသည်
ဆိုပါက ဗဟိုဘဏ်က ထိန်းမည်ဆိုလျှင်ပင် သဘာဝနှင့်
တရားလွန် တရားမင်း ဆန့်ကျင်ပြီး ဆွဲထိန်းမရနိုင်ပါ။
ဖြစ်နိုင်သောဈေး ရောက်သည်အထိ သူ့သဘာဝနှင့်သူ
လွှတ်ထားပေးပြီး ဈေးကွက်မျှခြေ သဘောအရ
တည်ငြိမ်နိုင်သော ဈေးတစ်ခု ဝန်းကျင်တွင်
ထိန်းညှိပေးခြင်းသည် ပိုသင့်လျော်မည်
ထင်ပါသည်။
(၅) သူ့ချည်းသာလော
ဒေါ်လာဈေးအပေါ် သက်ရောက်သည့်အားများ
များစွာရှိပါသည်။
ဒေါ်လာဈေး ဆိုသည်နှင့် ဗဟိုဘဏ်ကို လှမ်းမြင်ကြမည်
ဖြစ်သော်လည်း သူ့တစ်ဌာန တစ်ခုတည်းတွင်သာ
ကွက်ပြီး တာဝန်ရှိခြင်း မဟုတ်ပါ။
စီးပွားရေး ဝန်ကြီးဌာနများ ဖြစ်သည့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့တွင်လည်း
တာဝန်ရှိပါသည်။
(၆) ကျပ်ကြိုက်အောင်
မြန်မာနိုင်ငံသုံး ငွေကြေးဖြစ်သည့် ကျပ်ကိုကြိုက်မှ
ပညာရပ်စကားဖြင့် ပြောလျှင် ကျပ်ဝယ်လိုအား
Kyat Demand တက်လာအောင် ဖန်တီးပေးလျှင်
မြန်မာငွေ မာလာနိုင်သည်။
ပြည်တွင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံချင်အောင်၊
မြန်မာပြည်ရှိ ပစ္စည်းများကို ဝယ်ခြမ်းချင်လာအောင်၊
မြန်မာနိုင်ငံသားတို့ကို လစာရိက္ခာ ပေးလိုအောင်
ဆောင်ရွက်ရန် နည်းလမ်းများ စဉ်းစား
ဖော်ထုတ်သင့်သည်။
(၇) ပို့ကုန်
ဒေါ်လာဈေးတက်လျှင် ပို့ကုန်များ ပြည်ပတွင်
ဈေးနှုန်းအရ ပြိုင်ဆိုင်နိုင်စွမ်းအား ကောင်းသည်။
အချို့နိုင်ငံများဆိုလျှင် မိမိပို့ကုန်များ ပြိုင်ဆိုင်နိုင်စွမ်း
တက်အောင် မိမိငွေကြေးကို ပျော့အောင်
တမင်လုပ်ထားကြသည်များ ရှိခဲ့သည်။
မြန်မာမှာမူ မိမိပို့ကုန်များ ပြည်ပဈေးကွက်တွင် အသာစီး
ရစေရန် မိမိငွေကို တမင်ပျော့အောင် လုပ်ထားသည်ဟု
မထင်မိပါ။
မြန်မာနိုင်ငံ အနေဖြင့် မိမိငွေပျော့နေချိန်တွင်
ပို့ကုန်များများ တင်ပို့နိုင်အောင် ကြိုးစားနိုင်လျှင်
လက်ရှိဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းမှ
အကျိုးအမြတ် တင်ကျန်ရစ်မည်။
ယင်းသို့ မလုပ်နိုင်လျှင်မူ ‘တက်ကားတက်၏၊ မရ’
ဖြစ်ပေလိမ့်မည်။
(၈) ပြည်ပရင်းနှီးမြှုပ်နှံမှု
ဒေါ်လာဈေး မာချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူတို့
အနေနှင့် ဒေါ်လာသုံးသည်ချင်းတူတူ ကျပ်ငွေပိုရနိုင်သည်
ဖြစ်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်
အခွင့်ကောင်း ဖြစ်သည်။
ဝင်ရန် ခွင့်ပြုချက်ရပြီး ဖြစ်သော လုပ်ငန်းများ အနေနှင့်
ယခုအချိန်တွင် လုပ်ငန်း စတင်အကောင်အထည်ဖော်ခြင်း
ဆောင်ရွက်နိုင်လျှင် ကုန်ကျစရိတ် သက်သာမည်။
ယင်းအချက်ကို မီးမောင်းထိုးပြကာ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုများကို မြန်မြန်လုပ်ငန်း အကောင်အထည်ဖော်ရန်
မီးထိုးသင့်သည်။
မီးထိုးသည် ဆိုရာတွင် သူတို့ကို တိုက်တွန်းရုံမျှဖြင့် မပြီး၊
သူတို့၏ လိုအပ်ချက်များ ကိုလည်း ဝိုင်းဝန်းဖြည့်ဆည်း
ပေးရပေမည်။
(၉ ) သွင်းကုန်အစားထိုး FDI
ယခုခေါင်းစဉ်သည် နံပါတ် ၃ နှင့် ဆက်နေသည်။
သွင်းကုန်လျော့စေခြင်း၊
ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်း၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တက်စေခြင်းတို့အပြင်
ဒေါ်လာဈေးပါ ထိန်းပြီးသား ဖြစ်မည့်
တစ်ချက်ခုတ် လေးချက်ပြတ်နည်း တစ်ရပ်မှာ
သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်ပေးမည့်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
Import-Substituting FDI များ ဆွဲဆောင်ခြင်း ဖြစ်သည်။
ရှေးယခင် ဆိုရှယ်လစ်ခေတ်များကကဲ့သို့ ပြည်ပမှဝင်သော
သွင်းကုန်အစားထိုးရန် ပြည်တွင်းတွင် ခပ်ညံ့ညံ့ကုန်များ
ထုတ်လုပ်ခြင်းမျိုး မဟုတ်ဘဲ ပြည်ပမှဝင်သော
သွင်းကုန်များနှင့် အနည်းဆုံး တန်းတူအရည်အသွေး
ရှိသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် နည်းပညာပါ
သယ်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်သည်။
မြန်မာပြည်တွင်းတွင် ဒေါ်လာသန်းထောင်ချီ
တန်ဖိုး အလျှံပယ် ပြင်ပမှ ဝယ်ယူသုံးစွဲနေရသော
စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊
မော်တော်ဆိုင်ကယ်၊ ဆေးဝါး စသည်တို့ကို ပြည်တွင်းတွင်
အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်စေနိုင်မည့် FDI များ
ခေါ်ယူနိုင်လျှင် သွင်းကုန်လည်း လျှော့ချ၊
Made in Myanmar များလည်း တက်သည့်အပြင်
ဒေါ်လာဈေးလည်း ပြန်ပျော့သွားမည်။
(၁၀) ဈေးကစားခြင်း
ဒေါ်လာဈေးနှုန်းအပေါ် သက်ရောက်သော အားများတွင်
ဈေးကစားခြင်းလည်း ပါသည်။
ဒေါ်လာဈေးသည် သာမန် တစ်နိုင်တစ်ပိုင်
ဈေးကစားသူများကြောင့် အလှုပ်အရမ်း များခြင်းလား၊
လက်ကြီးသမားများကြောင့်လားကို အဖြေထုတ်ရမည်။
အဖြေထုတ်ပြီးသားလည်း ဖြစ်နိုင်ပါသည်။
အဖြေရပြီးသား ဆိုလျှင် ထိုအဖြေကို သုံး၍ဖြေရှင်းရန်
နည်းလမ်းကို ကြံဆသင့်ပြီ။
မြန်မာ့စီးပွားရေးကောင်းအောင် ဒေါ်လာဈေးကို
ကိုင်တွယ်ရာတွင် စဉ်းစားသင့်သော အချက် ၁၀ ချက်ကို
တင်ပြလိုက်ပါသည်။
(ေဇယ်သူ)
credit - The Voice
(မှတ်ချက်)
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဆိုင်ရာ ဆောင်းပါး ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment