"စီးပွားရေးကို ရိုက်ခတ်ခဲ့သည့်
ဆောက်လုပ်ရေးကဏ္ဍ တုံ့ဆိုင်းမှု"
၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံ၏
စီးပွားရေးတိုးတက်မှုနှုန်းမှာနှေးကွေးခဲ့သည်ဟု အစိုးရသစ်က
ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
(IMF) ကလည်း ယင်းအချက်ကို ထောက်ပြခဲ့သည်။
IMF ၏ ထုတ်ပြန်မှုတွင် မြန်မာ့စီးပွားရေး ပထမခြောက်လ
နှေးကွေးရသည့် အကြောင်းရင်းများထဲတွင် ဆောက်လုပ်ရေး
လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရခြင်းက အဓိကအကြောင်းရင်း
တစ်ရပ်အဖြစ် ပါနေသည်ဟု ဆိုသည်။
အောက်တိုဘာ ၁၄ ရက်မှ ၂၈ ရက်အထိလာရောက်ခဲ့သော
IMF ၏ Article VI အဖွဲ့ ခရီးစဉ်တွင် ထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။
၎င်းတို့က မြန်မာနိုင်ငံ၏စီးပွားရေးသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်
တွင် တိုးတက်မှုနှုန်းမြန်ဆန်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်၏
ပထမနှစ်ဝက်တွင်
- အိမ်ခြံမြေကဏ္ဍဈေးကွက်ကျဆင်းခြင်း၊
- ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ အပြောင်းအလဲများဖြစ်ခြင်း၊
- အဓိကကုန်သွယ်ဖက်များထံမှ ၀ယ်လိုအားကျဆင်းခြင်း
တို့ဖြင့် နှေးကွေး ခဲ့သည်ဟု ပြောဆိုသည်။
အမှန်တကယ်တွင်လည်း ဆောက်လုပ်ရေးစီမံကိန်းများ
ခြောက်လခန့် လုပ်ငန်း စီမံကိန်းများကိုရပ်တန့်ခဲ့ရသလို
စီမံကိန်း စတင်ရန်ပြင်ဆင်နေသည့် လုပ်ငန်းများမှာလည်း
စောင့်ဆိုင်းနေခဲ့ရသည်။
ဧပြီ ၁ ရက်တွင် အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်
မေ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အသစ်၏
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုးထပ်နှင့်အထက် အထပ်မြင့်
အဆောက်အအုံစီမံကိန်း အားလုံးကို ရပ်နားရန်
ညွှန်ကြားခဲ့သည်။
ယင်းကဲ့သို့ ဆောက်လုပ်ရေးစီမံကိန်းများ ရာနှင့်ချီ ရပ်နားခဲ့ရ
သည့်အတွက် ငွေကြေး နစ်နာမှုများရှိခဲ့ပြီး ဆောက်လုပ်ရေး
လုပ်ငန်းခွင်များတွင် လုပ်ကိုင်သည့် အခြေခံအလုပ်သမားများ
အထိ နစ်နာမှုများ ဖြစ်ခဲ့ကြသည်။
ထို့ပြင် အစိုးရက အထပ်မြင့်စီမံကိန်းများကို ပြန်လည်စိစစ်မှု
များပြုလုပ်သည့်အချိန်အတွင်း အဆောက်အအုံများကို
ဆောက်လုပ်ခွင့် ပါမစ်ပေးသည့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)
ကလည်း ရှစ်ထပ်အထိအဆောက်အအုံပါမစ် လျှောက်ထားမှု
များကို ဇူလိုင် ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။
ထို့ကြောင့် ပြန်လည်စိစစ်ရန် ရပ်နားခဲ့ရသည့် အထပ်မြင့်
အဆောက်အအုံ စီမံကိန်း များအပြင် ဆောက်လုပ်ခွင့်
လျှောက်မည့် အထပ်နိမ့် အဆောက်အအုံ စီမံကိန်းများ
(ရှစ်ထပ်အထိ) မှာလည်း ဆောက်လုပ်ခွင့်ရပ်ခဲ့သည့်အတွက်
ယခင်က အရှိန်ကောင်းကောင်းဖြင့် လည်ပတ်နေခဲ့သည့်
ဆောက်လုပ်ရေးကဏ္ဍသည့် တုံ့ဆိုင်းသလောက်အထိ
ဖြစ်သွားခဲ့ရာ ယခု IMF က ထောက်ပြခဲ့သည့်အတိုင်း
မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၏ အဓိက
အကြောင်းရင်း တစ်ရပ် ဖြစ်သည်ဆိုသောအချက်ကို
လုပ်ငန်းရှင်များက ထောက်ခံကြသည်။
----------
"မငြိမ်သက်ခဲ့သည့် မူဝါဒများ"
ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့
ရမှုသည် အဆောက်အအုံများကို ဆောက်လုပ်ခွင့် ပါမစ်ပေး
သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏
ပါမစ်ဆိုင်ရာမူဝါဒများ တည်ငြိမ်မှုမရှိခြင်းနှင့်
အဓိကသက်ဆိုင်နေသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ် အတွင်း
တည်ဆောက်သည့် မည့်သည့်အဆောက်အအုံကိုမဆို
ပုံမှန်အားဖြင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန(အဆောက်အုံ) က စိစစ်ကာ ဆောက်လုပ်
ခွင့်ပေးရပြီး ၎င်းတို့ ခွင့်ပြုချက် ရရှိမှသာလျှင်အဆောက်အအုံ
တရားဝင် ဆောက်ခွင့်ရှိသည်။
- ကိုယ်ပိုင်လုံးချင်းအိမ်များနှင့် လေးထပ်မှ ရှစ်ထပ်အထိ
အဆောက်အအုံဆောက်လုပ်ခွင့်ကိုယင်းအင်ဂျင်နီယာဌာန
(အဆောက်အအုံ) က တိုက်ရိုက်ကိုင်တွယ်ဆုံးဖြတ်ပြီး
- ကိုးထပ်မှ၁၂ ထပ်ခွဲအထိ အဆောက်အအုံများကို
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ကော်မတီဝင် အစည်းအဝေး၏ စိစစ်မှုမှ လည်းကောင်း၊
- ၁၃ ထပ်နှင့်အထက် အဆောက်အအုံများကို
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး၏ စိစစ်မှုမှ
လည်းကောင်း "မူ" အားဖြင့် ခွင့်ပြုမိန့်ပေးသည်။
"မူ" အားဖြင့်ခွင့်ပြုချက်ရထားသည့် ယင်း အထပ်မြင့်
အဆောက်အအုံ စီမံကိန်းများကိုသက်ဆိုင်ရာ အထပ်မြင့်
အဆောက်အအုံများ၏ ဖွဲ့စည်းတည်ဆောက်မှု၊ ကြံ့ခိုင်မှု၊
နည်းပညာနှင့် ဒီဇိုင်း စသည်တို့ကို စိစစ်သည့် (HIC) နှင့်
(CQHP) စသည့် အဖွဲ့များ၏ ထောက်ခံချက် ရရှိပါက
ဆောက်လုပ်ခွင့် ပါမစ်ကြီးကို ရရှိသည်။
ယခင်အစိုးရလက်တစ်လျှောက်လုံးတွင် သုံးစွဲခဲ့သည့်
ယင်းတည်ဆဲဥပဒေနှင့် နည်း ဥပဒေများဖြင့် ခွင့်ပြုချက်ပေး
ထားသည့် အထပ်မြင့်အဆောက်အအုံ ရာကျော်ကို လက်ရှိ
အစိုးရက ခေတ်အခြေအနေ၊ မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှု
မရှိဟုဆိုကာ ပြန်လည် စိစစ်ရန် အဆောက်အအုံများကို
မေလအတွင်း ၌ လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့သည်။
ဇွန် ၁၇ ရက်တွင် တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့တော်
အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှု
စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဆောက်လုပ်ခွင့်ပါမစ်ကြီး
ရပြီး ဖြစ်သောအဆောက်အအုံများကို စည်းမျဉ်း စည်းကမ်း
အသစ်များထပ်မံဖြည့်၍ စစ်ဆေးခဲ့သည်။
သို့သော် စိစစ်ရေးကော်မတီက စစ်ဆေးခဲ့သည့် စည်းမျဉ်း
စည်းကမ်းအသစ် များသည် တရားဝင်ဥပဒေတစ်ခုအဖြစ်
ပြဋ္ဌာန်းထားခြင်း မဟုတ်သည့်အပြင် ၎င်းတို့ စစ်ဆေးမှုနှင့်
ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပွင့်လင်း
မြင်သာစွာ ဖော်ပြခြင်းမရှိခဲ့ပေ။
ဇူလိုင် ၁၂ ရက်တွင် ပြန်လည်စိစစ်သည့်အထပ်မြင့်
အဆောက်အအုံများထဲမှ ပါမစ်ကြီးရရှိပြီးသော
ဆောက်လက်စ အထပ်မြင့်အဆောက်အအုံ၁၂ လုံးကို ဒီဇိုင်း
များ ပြင်ဆင်၍ အထပ်များလျော့ချရန် ညွှန်ကြားခဲ့သည်။
ယင်းညွှန်ကြားချက်ကြောင့် အဆောက်အအုံ လောက
တစ်ခုလုံး ဂယက်ရိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးယင်းအဆောက်အအုံ
များ၏ ထိခိုက်ဆုံးရှုံးနစ်နာမှုသည် အမေရိကန်ဒေါ်လာ
ငါးဘီလျံခန့်ရှိလာမည်ဖြစ်သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်
များက တိုင်းဒေသကြီး အစိုးရထံအသနားခံစာများ
တင်ခဲ့သည်။
----------
"ခြောက်လတာ ရပ်နားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ
လည်ပတ်နိုင်ပြီလား"
အထပ်မြင့်အဆောက်အအုံများအားလုံးကို ပြန်လည်စိစစ်
သည့် ခြောက်လအတွင်း မူဝါဒချမှတ်မူတွင်အမျိုးမျိုးဖြင့်
မတည်ငြိမ်ခဲ့ဘဲ နောက်ဆုံးတွင် ယခင်ရှိပြီးသား တည်ဆဲ
ဥပဒေ၊ နည်းဥပဒေများဖြင့်သာဆက်လက် အသုံးပြု
ဆောက်လုပ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
"မေလက ရပ်ခိုင်းတဲ့ အထပ်မြင့်စီမံကိန်း တွေထဲက ကျန်တဲ့
အဆောက်အအုံတွေကို အခုလက်ရှိဥပဒေ၊လုပ်ထုံးလုပ်နည်း
တွေနဲ့ စစ်ဆေးပြီးလို့ ဒီအပတ်အတွင်းမှာ ဆက်လက်
ဆောက်လုပ်ခွင့်တွေပေးသွားမှာပါ။ နောက်ပိုင်းလည်း
ကျွန်တော်တို့ ဒီဥပဒေ၊ နည်းဥပဒေတွေနဲ့ပဲ စစ်သွားမှာ။
အထပ်မြင့်စိစစ်ရေး ကော်မတီက စည်းမျဉ်း၊ စည်းကမ်းသစ်
တွေနဲ့ စစ်ခဲ့ပေမဲ့ စစ်ဆေးခဲ့တာမျိုးပဲရှိတာ၊ ဥပဒေဆိုတာမျိုး
ထုတ်ခဲ့တာမှ မဟုတ်တာ" ဟု ဌာနမှူး ဦးသန်းဌေးက
ပြောသည်။
ယခုကဲ့သို့ ပြန်လည်ခွင့်ပြုတော့မည်ဟု ဆိုသော်လည်း
ယခင်က ကိုးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ
စီမံကိန်း ၂၄၉ လုံး မှာ ခြောက်လခန့်နီးပါး ရပ်တန့်ခံခဲ့ရ
သကဲ့သို့ ရှစ်ထပ်အောက်အဆောက်အအုံ ဆောက်လုပ်ခွင့်
ပါမစ်လျှောက်ထားမှုများလည်း လေးလခန့် ရပ်ထားခဲ့ရသည့်
ဖြစ်ရပ်များကြောင့် နစ်နာမှုများစွာ ဖြစ်သွားခဲ့သည်။
ထိုခြောက်လအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည်
အလုပ်သမားလစာနှင့် စီမံကိန်းဝန်ထမ်းလစာများကို
အသားတင် စိုက်ထုတ်ပေးနေရခြင်းများရှိသလို
အချို့ လုပ်ငန်းရှင်များမှာ အလုပ်သမားများနှင့်ဝန်ထမ်းများကို
အလုပ်မပေးနိုင်သည် အခြေအနေမျိုးအထိ ရှိခဲ့သည်။
ထို့ပြင် ဘဏ်တိုးနှုန်းများဆပ်ရန်အခက်တွေ့နေမှုများ၊ ကြိုပွိုင့်
စနစ်ဖြင့် ၀ယ်ထားသည့်သူများက ဈေးကွက် အပေါ် ယုံကြည်
စိတ်ချမှုနည်းသွားသည့် အတွက် သွင်းထားသော ငွေများကို
ပြန်လည် တောင်းယူသည့် ဖြစ်စဉ်များနှင့်မြေရှင်၊ဆောက်လုပ်
ရေးကုမ္ပဏီနှင့် အခန်းဝယ်ယူသူများအကြား ပြဿနာများစွာ
ဖြစ်ပေါ်နေလျက် ရှိသည်။
"ဆုံးရှုံးမှုတွေ အများကြီးတော့ ဖြစ်သွားပါပြီ။ လုပ်ငန်းရှင်တွေ
ဘက်ကလည်း ခွင့်ပြုမိန့်တွေမရသေးလို့ စောင့်နေကြတယ်။
ဒီမိုကရေစီခေတ်ဖြစ်တဲ့အတွက် ရပ်ထားတဲ့ ကာလမှာသူတို့
ဆုံးရှုံးမှု အတွက် နစ်နာကြေး တောင်းမှာ သေချာတယ်။
FDI ၀င်လာပေမဲ့လည်း သူတို့နဲ့လက်တွဲလုပ်ရမယ့် ပြည်တွင်း
စီးပွားရေး လုပ်ငန်းရှင်တွေကို အခုလိုချိုးနှိမ်ထားတယ်ဆိုရင်
စီးပွားရေး နာလန်ထူဖို့ခက်တယ်။ ယန္တရားကြီး တစ်ခုလုံး
ခြောက်လဆိုင်းတယ်ဆိုတဲ့ ကိစ္စကနည်းနည်းနောနော
ပြဿနာမဟုတ်ဘူး" ဟု အထပ်မြင့်အဆောက်အအုံများကို
ဆောက်လုပ်နေသည့်ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
အထပ်မြင့်များသာမက လေထပ်မှ ရှစ်ထပ်အတွင်း
တိုက်ခန်းများ တည်ဆောက်သည့် ကန်ထရိုက်လုပ်ငန်းရှင်
များကလည်း မူဝါဒ သေချာမှု မရှိသေးသည့် အကြောင်းပြ
ချက်ကြောင့် ဆောက်လုပ်ခွင့်ပါမစ် မလျှောက်နိုင်ရာ
လျာထားသည့်လုပ်ငန်းများ ရှေ့မဆက်နိုင်ဘဲ လုပ်ငန်းများ
ထိခိုက်ခဲ့ကြောင်း လိုင်စင်ရ ကန်ထရိုက်တာ ဦးလှရွှေက
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရန်ကုန်မှာ ခုနစ်ထပ်၊ ရှစ်ထပ် တိုက်ခန်းတွေက ဆောက်တာ
များတယ်လေ။ အထပ်မြင့်ကြီးတွေကို ပြန်စစ်မယ်ဆိုပြီးရပ်ခိုင်း
ထားပြီး ကျွန်တော်တို့ ရှစ်ထပ်တွေကိုလည်း ဆောက်လုပ်ခွင့်
ပါမစ်ပိတ်ထားတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး။
ဒီတိုင်းထိုင်နေရတယ်။ လေးလလောက်အတွင်းမှာ လုပ်ငန်း
တွေ တော်တော်အေးကုန်ပါတယ်" ဟု ၎င်းကပြောသည်။
---------
"လုပ်ငန်းရှင်များနစ်နာခဲ့သလို စီးပွားရေးအပေါ် ရိုက်ခတ်ခဲ့"
ယခုဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် မြန်မာ့စီးပွားရေး
တိုးတက်မှုနှုန်း နှေးကွေးရခြင်းတွင်ဆောက်လုပ်ရေးလုပ်ငန်း
များကို စိစစ်ရန် ရပ်တန့်ခဲ့သည့် အကြောင်းရင်း တစ်ရပ်လည်း
ပါဝင်သည်ဟု IMF က ပြောဆို ခဲ့သည့် နည်းတူ ပြည်တွင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များကလည်း
ထောက်ခံပြောဆို ကြသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၏
နာယက၊ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက
"ဆောက်လုပ်ရေးအလုပ်တွေကို ရပ်ခိုင်းလိုက်တာဟာ
မလုပ်သင့်တဲ့အလုပ်လည်း ဖြစ်တယ်။ပိုဆိုးတာက အရင်အစိုးရ
ခွင့်ပြုထားတဲ့ စီမံကိန်းကို အခုလို လုပ်လိုက်တော့ ဥပဒေက
မတည်ငြိမ်ဘူး ဖြစ်သွားတယ်။ ၀င်လာမယ့် သူတွေလည်း
ကြောက်သွားတယ်။ ဆောက်လုပ်ရေးဆိုတာ သူနဲ့ ဆက်နွယ်
နေတဲ့ လုပ်ငန်းတွေအများကြီးဖြစ်လို့ တခြားစီးပွားရေးတွေပါ
ထိသွားတယ်။ အချိန်မနည်း ပြန်ယူရဦးမယ်။
အထပ်မြင့်အဆောက်အအုံတစ်ခု ဆောက်ဖို့ဆိုတာ အဆင့်
အများကြီးကျော်ဖြတ် ခဲ့ရသလိုအဆောက်အအုံ ဒီဇိုင်းတစ်ခု
ထွတ်လာဖို့ဆိုတာလည်း ဒေါ်လာကို သန်းနဲ့ချီ ရင်းထားရတဲ့
အလုပ်ဖြစ်လို့ အခုလို မတည်ငြိမ်တော့ အားလုံးကတွန့်နေ
ကြတဲ့ သဘောရှိတယ်" ဟု ပြောသည်။
အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ရပ်နားလိုက်ရသည့်
အတွက် အဆင့်မြင့် ဇိမ်ခံကွန်ဒိုများကို ဆောက်လုပ်သည့်
လုပ်ငန်းရှင် ကြီးများသာမက၊ အသေးစား အလတ်စား
ကန်ထရိုက်တာ လုပ်ငန်းရှင်များအထိပါ ထိခိုက်နစ်နာ
ခဲ့ရသည်။
ပြီးခဲ့သည့်နှစ်များကတည်းက အိမ်ခြံမြေ ဈေးကွက်
အေးစက်မှုနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများလည်း
အရှိန်နှေးနေသည့် အချိန်ကာလအတောအတွင်းမှာ
အစိုးရသစ် က ယခုကဲ့သို့ အချိန်ကြာမြင့်စွာ လုပ်ငန်းများကို
ရပ်နားစေခဲ့ခြင်းက ဆောက်လုပ်ရေး လောကကြီး ပိုမို
အထိနာစေဖို့ တွန်းအားပေး လိုက်သည့် လုပ်ရပ်
ဖြစ်ကြောင်းလည်းKBS ဆောက်လုပ်ရေးကုမ္ပဏီ
အထွေထွေမန်နေဂျာ ကိုရာဇာမိုးက ပြောသည်။
၎င်းက
" တိုက်ခန်းတွေ၊ အရောင်းအ၀ယ်မဖြစ်တာတွေက
တော်တော်ကြာပါပြီ။ကျွန်တော်တို့ ဆောက်လုပ်ရေး
တင်မကဘဲ၊ ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊
အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်း အရောင်းအ၀ယ်တွေ အားလုံးက
နှေးကွေးနေတဲ့ အနေအထားမှာ အထပ်မြင့်တွေကို စပြီး
ရပ်လိုက်စေတဲ့အချိန်ကစပြီး ကျွန်တော်တို့ ဆောက်လုပ်ရေး
လုပ်ငန်းက အခုချိန်ထိ ခေါင်းကို မထောင်နိုင်တော့ပါဘူး။
ဒီထိခိုက်မှုကြီးရဲ့ အရှိန်ကကျွန်တော်တို့အခုချိန်ထိ လုပ်ငန်း
မလည်ပတ်နိုင်သေးပါဘူး" ဟု ပြောသည်။
----------
"ဆောက်လုပ်ရေးကဏ္ဍ ရှေ့ဘယ်လိုဆက်မလဲ"
ဆောက်လုပ်ရေးကဏ္ဍ၏ ရှေ့ဆက်သွားမည့် အလားအလာမှာ
ပြန်လည်တည်ငြိမ်သည့်ပုံမှန်အနေအထားရောက်ရန် အချိန်
ယူရဦးမည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
"အထပ်မြင့်လုပ်ငန်းတွေကို ရပ်လိုက်တဲ့ အချိန်မှာ
ဆောက်လက်စအဆောက်အအုံတွေရဲ့အခန်းတွေပါမရောင်းရ
တော့ဘူး။ ကြိုပွိုင့်ဝယ်တဲ့သူတွေက အစိုးရက တား ထားတယ်
ဆိုပြီးပိုက်ဆံလာမသွင်းကြတော့ ဘူး။ အထပ်မြင့်တစ်ခုတည်း
မဟုတ်ဘဲ တခြား ရောင်းထားတဲ့အခန်းတွေပါ ရောပြီး သူတို့ပါ
ထိခိုက်ကုန်ပါတယ်။ ၀င်လာရမယ့် ပိုက်ဆံတွေကလည်း မ၀င်
လာတော့ဘဲ တခြားနေရာကနေငွေယူရတော့
ဆောက်လုပ်ရေးလောက တစ်ခုလုံးဒီဒဏ်ကို ရေရှည်ခံသွား
ရမှာပါ" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
မူဝါဒပိုင်းကို ကိုင်တွယ်သည့်သူများကမူ ဆောက်လုပ်ရေး
လုပ်ငန်းများဆောက်လုပ်ခွင့် ပြန်လည်ခွင့်ပြုပြီးပါက လုပ်ငန်းများ
ဆက်လက်ရှိနေဦးမည်ဟု ပြောကြသည်။
"ဆောက်လုပ်ခွင့်ပါမစ်တွေက တစ်နေ့ကို ရာနဲ့ချီပေးနေရတာပါ။
အထပ်မြင့်တွေ ရပ်လိုက်ပေမဲ့တကယ် မြေပြင်လုပ်ငန်းတွေက
ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီဆောက်လုပ်ရေး လုပ်ငန်းတွေ
ဆောက်တဲ့ အဆောက်အအုံတွေရဲ့ အခန်းတွေ မရောင်းရတာ
ကတော့ ဆောက်လုပ်ခွင့်ပေးတာနဲ့ မဆိုင်ပါဘူး" ဟု စည်ပင်
သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မည်သို့ပင်ဖြစ်စေ ကာလကြာရှည်စွာ ရပ်နားခဲ့ရသည့်
ဆောက်လုပ်ရေးကဏ္ဍသည်နစ်နာမှုများစွာ ရှိခဲ့သကဲ့သို့
ယင်းကဏ္ဍနှင့် ဆက်နွှယ်နေသည့် ငွေကြေးစီးဆင်းမှု၊ ငွေကြေး
လည်ပတ်မှုများ လျော့နည်းသွားခဲ့ရသည်။
ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုအရှိန်ပြန်ကောင်းလာမည်လား
(သို့မဟုတ်) ကာလကြာရှည် ရပ်ဆိုင်းခဲ့ရသည့် ဒဏ်ကို အချိန်
ကြာမြင့်စွာ အရှိန်ပြန်ယူရဦးမည်လားဆိုသည်ကို
စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။
(မြတ်ငြိမ်းအေး၊ ဇေယျာလင်း)
credit - The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment