“လက်ရှိစတော့ဈေးကွက်ဆီသို့ တစေ့တစောင်း”
၁။ "ရန်ကုန်စတော့ရှယ်ယာဈေးကွက်တွင်
ရှယ်ယာအရောင်းအ၀ယ် ဆက်တိုက်ကျဆင်း"
ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာ
အရောင်းအဝယ်တွေက ဆက်တိုက်ကျဆင်းလာတဲ့အပြင်
ရှယ်ယာရှင်အများစုကလည်း ဈေးကွက်အပေါ်
စိတ်ဝင်စားမှု မရှိတော့ဘူးလို့ ပြောဆိုတာတွေ
ရှိနေပါတယ်။
စတော့ရှယ်ယာဈေးကွက်ထဲမှာ ပုံမှန်အရောင်းအဝယ်
ပြုလုပ်နေတဲ့ ရှယ်ယာရှင်တွေတောင် ဈေးကွက်ထဲကို
လာရောက်လေ့လာတာတွေ မရှိတော့ပါဘူး။
ဒီလို စတော့ရှယ်ယာဈေးကွက်အပေါ် ရှယ်ယာရှင်တွေ
စိတ်ဝင်စားမှု မရှိတော့တာဟာ အွန်လိုင်းပေါ်က
အရောင်းအဝယ်လုပ်လို့မရတဲ့အပြင် ရှယ်ယာရောင်းချတဲ့
ကုမ္ပဏီတွေနည်းနေတာကြောင့်ပါလို့ ရှယ်ယာရှင်တွေက
သုံးသပ်ပါတယ်။
***
၂။ "သီလ၀ါရှယ်ယာ တစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သော်
လည်း နိုဝင်ဘာတွင် ရန်ကုန်စတော့အိတ်ချိန်းမှ ကုမ္ပဏီ
သုံးခု၏ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်
သာရှိပြီး စတော့အိတ်ချိန်း စတင်သည့် ကိုးလအတွင်း
အရောင်းအ၀ယ်ကျဆင်းမှု အဆိုးဆုံးဖြစ်ပေါ်"
ရှယ်ယာအရောင်းအ၀ယ် မြင့်တက်စေရန် သီလ၀ါရှယ်ယာ
တစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သော်လည်း ရန်ကုန်စတော့
အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလမြောက်တွင်
နိုဝင်ဘာလသည် အစုရှယ်ယာ အရောင်းအ၀ယ်ဖြစ်မှု
ကျပ် ၂ ဒသမ ၂ ဘီလျံသာ ဖြစ်ပေါ်ခဲ့ပြီး အရောင်းအ၀ယ်
ကျဆင်းမှု အဆိုးဆုံးအခြေအနေ ဖြစ်ခဲ့ကြောင်း ရန်ကုန်
စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် နေ့စဉ် ရှယ်ယာ
အရောင်းအ၀ယ် ဖြစ်မှုနှင့် လအလိုက် အရောင်းအ၀ယ်
ဖြစ်သည့် အစုရှယ်ယာဈေးကွက် အခြေအနေအရ
နိုဝင်ဘာ ၃၀ ရက်တွင် သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် သီလ၀ါရှယ်ယာများကို
ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များလာပြီး
ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာလ
တွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှု
ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ
အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါအရောင်း
အ၀ယ်ဖြစ်မှုမှာ ယာယီသာဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း
ချက်ချင်းပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် သြဂုတ် ၂၆ ရက်မှ
စ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာပြီး ကုမ္ပဏီသုံးခု
ဖြစ်ခဲ့ကာ စက်တင်ဘာလတွင် တစ်လလုံးအနေနှင့်
ကုမ္ပဏီသုံးခုက အရောင်းအ၀ယ် ပြုလုပ်ခဲ့သော်လည်း
YSX စတင်ချိန်မှ ခုနစ်လအတွင်း ကျပ် ၂ ဒသမ ၄ ဘီလျံ
ခန့်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ကာ ခုနစ်လအတွင်း
အနည်းဆုံး အရောင်းအ၀ယ်ကျဆင်းမှုအဖြစ် အဆိုးဆုံး
စံချိန်တင်ခဲ့သည်။
ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင်
ပြန်လည် မြင့်တက်လာခဲ့သော်လည်း နိုဝင်ဘာတွင်မူ
ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာ အရောင်းအ၀ယ်ဖြစ်လာ
သည်အထိ ဆိုးရွားလာခဲ့ခြင်းဖြစ်ပြီးစတော့အိတ်ချိန်း
စတင်ဖွင့်လှစ်သည့် ကိုးလအတွင်း ရှယ်ယာအရောင်း
အ၀ယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
FMI ရှယ်ယာသည် နိုဝင်ဘာ ၃၀ ရက်က ရှယ်ယာတစ်စု
ကျပ် ၁၆၅၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလအတွင်း
FMI ရှယ်ယာ၏ အနိမ့်ဆုံးဈေးနှုန်းမှာ နိုဝင်ဘာ ၂၅ ရက်
အဖွင့်ဈေးတွင် ဖြစ်ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀
ဖြစ်ကာ အမြင့်ဆုံးဈေးနှုန်းမှာ ရှယ်ယာတစ်စု ကျပ်
၁၆၅၀၀ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းရှိ ရှယ်ယာများအနက်
စိတ်ဝင်စားမှုအနည်းဆုံး မြန်မာနိုင်ငံသားများဘဏ်၏
MCB ရှယ်ယာသည် နိုဝင်ဘာလအတွင်း တစ်နေ့တာ
အရောင်းအ၀ယ်ဖြစ်မှု သုညအထိ ကျဆင်းခဲ့ပြီး
နိုဝင်ဘာ ၃၀ ရက်တွင်မူ ရှယ်ယာတစ်စု ကျပ် ၉၈၀၀
ဖြစ်ပေါ်ခဲ့သည်။ MCB ရှယ်ယာ၏ နိုဝင်ဘာလအတွင်း
အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၈၉၀၀ ဖြစ်ပြီး အမြင့်ဆုံး
ဈေးနှုန်းမှာ ကျပ် ၉၈၀၀ ဖြစ်ကာ နိုဝင်ဘာတစ်လတာ
MCB ရှယ်ယာ အရောင်းအ၀ယ်ဖြစ်မှုမှာ
ထောင်ဂဏန်းမျှသာ ရှိခဲ့သည်။
သီလ၀ါရှယ်ယာသည် အောက်တိုဘာ ၃၁ ရက်တွင်
ရှယ်ယာတစ်စု ကျပ် ၅၁၀၀၀ အထိ ရှိနေပြီး ရှယ်ယာ
၁၀ စုအဖြစ် ခွဲစိတ်အပြီး ပြန်လည်ရောင်းချသည့်
နိုဝင်ဘာ ၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၅၃၀၀ သို့
မြင့်တက်ခဲ့သည်။ အဆိုပါဈေးနှုန်းမှာ နိုဝင်ဘာလအတွင်း
သီလ၀ါရှယ်ယာ၏ အမြင့်ဆုံးဈေးနှုန်းသာ ဖြစ်ခဲ့ပြီး
အနိမ့်ဆုံးဈေးနှုန်းမှာ နိုဝင်ဘာ ၂၃ ရက်မှ စတင်ဖြစ်ပေါ်
ခဲ့သည့် ရှယ်ယာတစ်စု ကျပ် ၄၆၀၀ ဖြစ်ကြောင်း
သိရသည်။
(ဖြိုးဝေ)
***
၃။ "လူထုကို မဆွဲဆောင်နိုင်သေးတဲ့
ရန်ကုန်စတော့အိတ်ချိန်း"
လူတွေ ပျားပန်းခပ်လှုပ်ရှားနေတဲ့ ရန်ကုန်မြို့လယ်က
မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသော ငွေကြေးဈေးကွက်တရားဝင်
ရောင်းဝယ်ဖောက်ကားရာ ကြီးမားတဲ့ အဆောက်အအုံတစ်ခု
ထဲက မြင်ကွင်းဟာ ခြောက်ကပ်တိတ်ဆိတ်နေတာက
ရုတ်တရက် ယုံကြည်နိုင်စရာမရှိပေ။
လူ့သည်းခြေကြိုက်ဖြစ်တဲ့ ငွေကြေးကိန်းဂဏန်းတွေ အရောင်း
အ၀ယ်ပြုလုပ်ရာ Yangon Stock Exchange ရုံးဖြစ်တဲ့ အဲဒီ
အဆောက်အအုံကြီးထဲမှာ စီးပွားရေးသမားလို့ ယုံကြည်
လောက်စရာ တစ်ဦးတလေမှ ရှိမနေပါဘူး။
Stock Exchange ဆိုတာကို လေ့လာဖို့သွားခဲ့တဲ့
အောက်တိုဘာ၂၅ ရက်က အဲဒီမြင်ကွင်းဟာ အထင်နဲ့အမြင်
တက်တက်စင်အောင် လွဲနေပါတယ်။
ဘောလုံးကွင်းတစ်ကွင်းရဲ့သုံးပုံတစ်ပုံအရွယ်လောက်သာ
ရှိတဲ့ Yangon Stock Exchange ရုံးခန်းမထဲမှာ ကြီးမားတဲ့
နံရံကပ်တီဗီ ဖန်သားပြင်ပေါ်က ငွေကြေးကိန်းဂဏန်းတွေကို
စိတ်ဝင်တစား စောင့်ကြည့်သူဟာ ၁၆ ဦးပဲ ရှိပါတယ်။
အဲဒီလူပုဂ္ဂိုလ်တွေထဲမှာ ဈေးကွက်အကြောင်း ဆောင်းပါး
ရေးဖို့ လာလေ့လာတဲ့ သတင်းထောက်က ၁၀ ယောက်နဲ့
တိုက်ရိုက်ရုပ်သံသတင်း တင်ဆက်ပေးနေတဲ့ ပြည်တွင်း
ရုပ်သံဌာနတစ်ခုက သတင်းထောက်သုံးယောက်ပါ
ပါဝင်နေပါတယ်။
တီဗီဖန်သားပြင်ပေါ်က ငွေကြေးတန်ဖိုးကိန်းဂဏန်းတွေကို
အမှန်တကယ်စိတ်ဝင်တစားစောင့်ကြည်သူဆိုလို့
အသက်(၅၀)အရွယ်ခန့် အမျိုးသားကြီးသုံးဦးသာရှိပါတယ်။
ခန်းမထဲမှာရှိတဲ့ စားပွဲသုံးခုသာရှိနေတဲ့ ကော်ဖီဆိုင်မှာ
မတ်တတ်ရပ်နေတဲ့ အရောင်းဝန်ထမ်းကလွဲလို့
တစ်ဦးတလေမှ ရှိမနေပါဘူး။
အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နံပါတ်(၂)အဆင့်
့ဖြစ်ပြီး လူတစ်ဦးချင်း တစ်နေ့ဝင်ငွေဟာ စံချိန်မမီတဲ့အပြင်
လိုအပ်ချက်တွေ များနေတယ်လို့ နိုင်ငံတကာစစ်တမ်းတွေက
ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီနေ့ခေတ်အခြေအနေမှာ ကျပ်ငွေ
ဘီလီယံ ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့
Yangon Stock Exchange ရဲ့ လတ်တလောအခြေအနေ
ဟာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ ကြိုးဝိုင်းထဲဝင်ခဲ့ရတဲ့
လက်ဝှေ့သမားတစ်ယောက်လို ဖြစ်နေပါတယ်။
‘‘ပညာအခြေခံမရှိရင် မလုပ်နဲ့။ လောဘနဲ့လုပ်ရင်ကွဲမယ်။
မသိနားမလည်ဘဲလုပ်ရင်ကွဲမယ်’’ ဟု စီးပွားရေးပညာရှင်
ခင်မောင်ညို (ဘောဂဗေဒ)က မြေစမ်းခရမ်းပျိုး ယနေ့ခေတ်
စတော့ဈေးကွက်အခြေအနေကို သတိပေးပါတယ်။
Yangon Stock Exchange တရားဝင်စတင်တဲ့
၂၀၁၆ မတ်လကနေ ယခုဆောင်းပါးရေးချိန်
၂၀၁၆ အောက်တိုဘာလကုန် ခုနစ်လခန့်အတွင်း စတော့
ဈေးကွက်မှာ ရှယ်ယာအရောင်းအ၀ယ်စာရင်းဖွင့်ထားသူ
နှစ်သောင်းကျော်ရှိနေပါတယ်။
စတော့ရှယ်ယာဝယ်ထားသူတွေက
Yangon Stock Exchange ရုံးကို မလာရောက်ဘဲ
အများစုက အင်တာနက်ပေါ်ကနေ အရောင်းအ၀ယ်ပြုလုပ်
နေခြင်းဖြစ်လို့ ရုံးခန်းမထဲ စည်ကားခြင်းမရှိတာလို့
ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ
ဦးသက်ထွန်းဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံထက် နှစ်ပေါင်းများစွာစောပြီး စတော့အိတ်ချိန်း
ဈေးကွက်ဖွင့်ခဲ့ပြီး အောင်မြင်နေတဲ့ နိုင်ငံတွေမှာတော့
ဈေးကွက်ဖွင့်တဲ့နေ့တွေမှာစတော့အိတ်ချိန်းရုံးထဲ စီးပွားရေး
သမားတွေ လွန်းထိုးရှုပ်ထွေးနေတာ မြင်ရတတ်ပါတယ်။
လက်ရှိစတော့ဈေးကွက်မှာ ရှယ်ယာတွေ တရားဝင်
ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီသုံးခုရှိနေပြီး
First Myanmar Investment Co. Ltd နဲ့
နောက်ထပ်ကုမ္ပဏီနှစ်ခုက
Myanmar Thilawar SEZ Holdings Public Ltd နဲ့
Myanmar Citizens Bank Ltd တို့ဖြစ်ပါတယ်။
၂၀၁၆ မကုန်မီ နောက်ထပ်ကုမ္ပဏီတစ်ခု ၀င်ရောက်လာမှာ
ဖြစ်တယ်လို့ ဦးသက်ထွန်းဦးက အသိပေးပါတယ်။
လက်ရှိကုမ္ပဏီအားလုံးအစုရှယ်ယာများ စတင်ရောင်းချစဉ်က
အနည်းဆုံးကျပ် ၂၆,၀၀၀ ကနေ အများဆုံးကျပ် ၄၀,၀၀၀ နှင့်
စတင်ဖွင့်ခဲ့ပေမယ့် နောက်ပိုင်းတွင် ကျပ် ၇၀,၀၀၀ အထိ
မြင့်တက်သွားကာ တရိပ်ရိပ်ပြန်ကျခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ လတ်တလောဈေးကွက်အခြေအနေက
တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုယ်တိုင် ကျွမ်းကျင်မှုနဲ့
တာဝန်ယူမှုနည်းနေသလို ရှယ်ယာဝယ်ထားသူ အများစု
ကလည်း စတော့ဈေးကွက်အခြေအနေကို သိရှိနားလည်သူ
နည်းပါးနေတယ်လို့ စီးပွားရေးပညာရှင်တချို့က
ထောက်ပြပြောဆိုနေပါတယ်။
စီးပွားရေးပညာရှင်ခင်မောင်ညို(ဘောဂဗေဒ)က
‘‘ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းမသိဘဲ
ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေများတယ်’’လို့ ဆိုပါတယ်။
လူထုအနေနဲ့ စတော့ဈေးကွက်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံ
နိုင်ဖို့ အခြေခံလိုအပ်ချက်တွေ လေ့လာဖို့လိုနေတယ်လို့
အကြံပေးပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းရုံးနဲ့ ဆယ်မိနစ်ခန့်လမ်းလျှောက်ရင်
ရောက်တဲ့ ရန်ကုန်မြို့လယ်တစ်နေရာမှာ KBZ SC ကုမ္ပဏီ
ဆိုတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကငွေချေး
သက်သေခံလက်မှတ်ကုမ္ပဏီဖြစ်ပြီး စတော့ရှယ်ယာ
ရောင်းဝယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေကို အကြံပေးတာ
တွေ၊ ၀န်ဆောင်မှုပေးတာတွေ လုပ်ဆောင်နေတဲ့ အဲဒီ
ကုမ္ပဏီတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ စတော့
ဈေးကွက်က အောင်မြင်လာလိမ့်မယ်လို့ တထစ်ချ
ယုံကြည်နေကြပါတယ်။ သွက်လက်တက်ကြွနေတဲ့ ၀န်ထမ်း
တွေက စတော့ဈေးကွက်အကြောင်း လာရောက်စုံစမ်းတဲ့
Customerတွေ၊ သတင်းသမားတွေကို
စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။
‘‘လူဦးရေ ၅၁ သန်းကျော်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့
တစ်ခုတည်းသော ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာ
အရောင်းအ၀ယ်လုပ်ရန် စာရင်းဖွင့်ထားသူလူဦးရေက
နှစ်သောင်းကျော်ပဲ ရှိသေးတဲ့အပေါ် သူတို့က
စိတ်မပျက်ပါဘူး’’
KBZ SC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Jonathan Lin က
‘‘မြန်မာနိုင်ငံမှာ ဒီဈေးကွက်က နုနယ်သေးတော့
အောင်မြင်ပြီးသား နိုင်ငံတွေနဲ့တော့ သွားနှိုင်းယှဉ်လို့
မရသေးပါဘူး’’လို့ ဆိုပါတယ်။
လူထုဘက်ကနေ စတော့ဈေးကွက်ကို စိတ်ဝင်စားလာစေဖို့
အတွက် မြန်မာနိုင်ငံအနှံ့နယ်လှည့်ပြီး ပညာပေးလုပ်ငန်းတွေ
ဆက်တိုက်လုပ်နေတယ်လို့ KBZ SC ကုမ္ပဏီရဲ့ ငွေကြေး
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေး ကိုမာသင်ကပြောပါတယ်။
ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက တညီတညွတ်တည်း
သုံးသပ်တာကလည်း မြန်မာနိုင်ငံရဲ့ စတော့အိတ်ချိန်း
အောင်မြင်ဖို့အတွက် စီးပွားရေးနယ်ပယ်ထဲက ပြည်သူလူထု
အနေနဲ့ စတော့ဈေးကွက်အကြောင်း သိရှိနားလည်ဖို့
လိုအပ်နေတာက အဓိကကျတယ်ဆိုတာပါ။
ရန်ကုန်စတော့အိတ်ချိန်းရဲ့အကြီးတန်းအမှုဆောင်မန်နေဂျာ
ဦးသက်ထွန်းဦးကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုအတွက် စတော့ဈေးကွက် အောင်မြင်ဖို့က
အရေးပါနေပြီး ပြည်သူလူထုက ငွေကြေးဈေးကွက်နဲ့
ပတ်သက်တဲ့ ဗဟုသုတနည်းပါးနေခြင်းက လတ်တလော
အရေးကြီးဆုံးအဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။
စတော့ဈေးကွက် စတင်လည်ပတ်တဲ့အခြေအနေနဲ့
ပတ်သက်ပြီး
‘‘Service ပေးနိုင်တဲ့ ၀န်ထမ်းနဲ့ လာအုံတဲ့ Customer မှာ
Customer က များနေတယ်။ ဆိုတော့ ဘယ်လို Risk
များတယ်ဆိုတာ ရှင်းပြချိန်မရခဲ့ဘူး။ Customer အုံနေတဲ့
အခါကျတော့ Service ပဲ ပေးလိုက်ရတယ်။ Knowledge
ကို မရှင်းပြရဘူး။ အစက ပထမဒီလိုတွေဖြစ်သွားတယ်’’လို့
သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒါပေမဲ့ စတော့ဈေးကွက်မှာ နှစ်ပေါင်း ၂၀လောက် စိတ်ရော
ကိုယ်ပါ မြှုပ်နှံခဲ့တယ်ဆိုတဲ့ ဦးသက်ထွန်းဦးက စတော့
ဈေးကွက် အောင်မြင်ဖို့ ရည်မှန်းချက်ကြီးကြီးမားမား
ထားထားပါတယ်။
‘‘အရှေ့တောင်အာရှမှာ အောင်မြင်နေတယ်ဆိုတဲ့
Stock Exchange တွေတောင် သူတို့ Customer တွေကို
အခုထိ Knowledge ပေးနေရတုန်းရှိသေးတယ်။
ကျွန်တော်တို့က ရှစ်လသားပဲရှိသေးတော့ Customer
တွေ Knowledge ရအောင် အများကြီး လုပ်ရဦးမယ်’’
ဒါ့အပြင် စတော့ဈေးကွက် အောင်မြင်ဖို့ မြန်မာနိုင်ငံရဲ့
ထိတ်ထိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ၀င်ရောက်
ရင်းနှီးမြှုပ်နှံဖို့နဲ့ အစိုးရဘက်ကလည်း ဥပဒေဆိုင်ရာအရ
လျှော့ပေါ့ပေးပြီး တွန်းအားပေးဖို့ လိုအပ်နေတယ်လို့
အကြံပြုပါတယ်။
Financial Times သတင်းဌာနမှာ ကာလရှည်လုပ်ကိုင်ခဲ့စဉ်
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေးဆိုင်ရာသတင်း
ဆောင်းပါးတွေ ရေးသားခဲ့တဲ့ လက်ရှိ Nikkei Asian Review
သတင်းဌာနရဲ့ အယ်ဒီတာ Gwen Robinson ကလည်း
မြန်မာစတော့အိတ်ချိန်းဟာ လတ်တလော အကျပ်တွေ့နေ
ပေမယ့် ရေရှည်မှာ အလားအလာကောင်းနိုင်ပြီး
အစိုးရရဲ့ အားပေးကူညီမှုလိုအပ်နေတယ်လို့
အကြံပေးပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Yangon Stock Exchange ရဲ့
သက်တမ်းနဲ့အတူ တစ်နေ့တည်း တစ်ချိန်တည်း မွေးဖွားခဲ့တဲ့
အရာတစ်ခုရှိနေပါသေးတယ်။ ယုံကြည်ရာဘာသာတရားအရ
ခန်းမထဲမှာ ခမ်းခမ်းနားနား နေရာပေးခံထားရတဲ့
ခေါင်းလောင်းကြီးတစ်လုံးပါ။
ခေါင်းလောင်းကြီးရဲ့ ကိုယ်ထည်ထိပ်ပိုင်းနားမှာတော့
Yangon Stock Exchange ကို စတင်ဦးဆောင်သူတွေရဲ့
မျှော်လင့်ချက်ကို ထင်ဟပ်စေတဲ့စာသားတစ်ခုထွင်း
ထုထားပါတယ်။
မြန်မာလို ‘အောင်ကြောင်းအဖြာဖြာ’လို့ အဓိပ္ပာယ်ရတဲ့
‘အောင်ဇေယျတု’ ဆိုတာပါပဲ။
(အောင်သစ်၊ လွင်နန္ဒ)
credit - DVB / Eleven Media Group & 7day Daily
မှတ်ချက်။
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment