Sunday, December 11, 2016

“ရန်ကုန် တစ်ဖက်ကမ်းက ဟောင်ကောင် အိပ်မက်နှင့် Risk ယူပြီးမလုပ်ကြဖို့တိုက်တွန်းလိုက်တဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်”

“ရန်ကုန် တစ်ဖက်ကမ်းက ဟောင်ကောင် အိပ်မက်နှင့်
Risk ယူပြီးမလုပ်ကြဖို့တိုက်တွန်းလိုက်တဲ့ ရန်ကုန်တိုင်း
ဝန်ကြီးချုပ်”


၁။ "ရန်ကုန် တစ်ဖက်ကမ်းက ဟောင်ကောင် အိပ်မက်"

ဟောင်ကောင်မြို့လိုပဲ ဖွံ့ဖြိုးခေတ်မီတဲ့ အထူးစီးပွားရေး
ဇုန်ကြီးတစ်ခု ရန်ကုန်မြို့တစ်ဖက်ကမ်းမှာ မကြာခင်
တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးမှုနည်းပါး လှတဲ့ဒလ မြို့နယ်ဘက်
အခြမ်းဟာ ကံကောင်းဖို့အခွင့်အရေးတစ်ခုကို ရလိုက်ပြီ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း
မှာ ဆောက်လုပ်မယ့်စီမံကိန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းတွေစတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီကို
သွားရောက်ချပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အဲသည်နောက် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ
ရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံတကာ အဆင့်မီလေဆိပ်တို့
ပါဝင်တဲ့ ရန်ကုန်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံ
ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းရင်က
"နိုင်ငံတကာက ပညာရှင်တွေ၊ ပြည်တွင်းက
ပညာရှင်တွေနဲ့တိုင်ပင်ပြီး မဟာဗျူဟာစီမံကိန်းတွေနဲ့  
ဆောင်ရွက်နေတယ်၊ ဒီဒလဘက်ဆိုတာက ဘာမှမလုပ်ရ
သေးတဲ့အတွက်လုပ်ချင်တဲ့အတိုင်း ပုံဖော်လို့ရတယ်ဆိုပြီး
မျက်စိကျနေကြတာ၊ သိရသလောက်ကတော့ ဒီစီမံကိန်း
ဟာ ဟောင်ကောင်လိုမျိုးဖြစ်အောင် ခမ်းခမ်းနားနား
ဖြစ်အောင်လုပ်ကြမှာ" လို့  ပြောပါတယ်။

ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဒလမြို့နယ်၊
ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူး စတဲ့မြို့တွေကိုဖြတ်ပြီး
တည်ဆောက်ဖို့လျာထားပါတယ်။ အဲသည်ဒေသ
တစ်လျှောက်မှာ အပန်းဖြေစရာနေရာတွေ၊ လမ်းတံတား၊
လေဆိပ်၊ ခေတ်မီအဆောက်အအုံတွေကို အသစ်
ပြန်လည်တည်ဆောက်ဖို့ရှိတယ်လို့ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။

စီမံကိန်းအတွက် ဒလဘက်ခြမ်းကနေ လက်ခုပ်ကုန်း
ကမ်းခြေအထိခြောက်လမ်းသွား လမ်းမကြီးတစ်ခု
ဖောက်လုပ်ဖို့ရှိတယ်လို့ ဦးထွန်းရင်က ပြောတယ်။

သူက မြစ်ကမ်းတစ်လျှောက်လုံးကို မြစ်ထိန်းနံရံတွေ
လုပ်မယ်၊ ပြီးရင် လူထုအပန်းဖြေအနားယူနိုင်ဖို့
ပေ ၂၀ဝ လောက်အကျယ်အဝန်းကို ကွန်ကရစ်
လောင်းမယ်လို့ ဦးထွန်းရင်က ပြောပါတယ်။

ရန်ကုန်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှသာ
စတင်အကောင်အထည်ဖော်မှာ ဖြစ်တယ်။ ငါးနှစ်စီမံကိန်း
နဲ့ဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။ အဲသည်
စီမံကိန်းဟာ   ရန်ကုန်တိုင်းအစိုးရရဲ့အစီအစဉ်မဟုတ်ဘဲ
ပြည်ထောင်စုအစိုးရရဲ့အစီအစဉ်ဖြစ်တယ်လို့
သိရပါတယ်။

ရေနက်ဆိပ်ကမ်း
------------------

စီမံကိန်းတည်ဆောက်ရာမှာ ရေနက်ဆိပ်ကမ်းကို သင်္ဘော
များများ ဆိုက်ကပ်နိုင်အောင် တန်ချိန်တစ်သိန်းအထိ
တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ရည်ရွယ်ထားတယ်လို့
ဦးထွန်းရင်က  ပြောပါတယ်။

သူက စင်ကာပူနိုင်ငံကို အမှီပြုနေရတယ်၊အဆင့်ဆင့်ဖြတ်ပြီး
မှဝင်ရတဲ့အနေအထား ဖြစ်တယ်၊အဲဒီလိုဖြစ်တဲ့အခါကျတော့
နိုင်ငံအတွက်အများကြီးနစ်နာတယ်၊ အဲဒါကြောင့်
တန်တစ်သိန်းတိုက်ရိုက် ဝင်ရောက်ဆိုက်ကပ်နိုင်ဖို့ လုပ်မှာ၊
အဲဒီကနေဝင်ငွေတွေအများကြီးရနိုင်တယ်လို့ဆိုတယ်။

လောလောဆယ်မြန်မာနိုင်ငံကို နိုင်ငံခြားသင်္ဘောတွေ
အများဆုံး ဆိုက်ကပ်ကြတဲ့ ရန်ကုန်ဆိပ်ကမ်းနဲ့ သီလဝါ
ဆိပ်ကမ်းတို့မှာ ကုန်သင်္ဘောတွေအများကြီး မဆိုက်ကပ်
နိုင်သေးပါဘူး။

ရန်ကုန်ဆိပ်ကမ်းမှာ တန်ချိန် ၁၅,ဝ၀ဝ၊ သီလဝါဆိပ်ကမ်းမှာ
တန်ချိန် ၃၅,ဝ၀ဝ သာဆိုက်ကပ်နိုင်ပါတယ်။

အဲသည်ဆိပ်ကမ်းနှစ်ခုကို ကုန်တင်သင်္ဘောတွေဆိုက်ကပ်တဲ့
အခါမှာလည်း အချိန်မရွေး မဝင်ရောက်နိုင်ပါဘူး။ဆိပ်ကမ်းကို
ဆိုက်ကပ်တဲ့သင်္ဘောတွေအဝင်အထွက်ကိုလည်း စောင့်ဆိုင်း
ကြရပါတယ်။ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းဟာ သင်္ဘောအကြီး
ကြီးတွေ ဝင်ရောက်ကမ်းကပ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့
စီးပွားရေးပညာရှင်အချို့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့အနီးဆုံးနေရာမှာ အချိန်မရွေး
ဆိုက်ကပ်နိုင်တဲ့ဆိပ်ကမ်းတစ်ခု လိုအပ်နေတယ်လို့
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက
ပြောပါတယ်။

သူက ပြည်တွင်းမှာသင်္ဘောတွေ အချိန်မရွေးကမ်းကပ်နိုင်
တာဟာ အကျိုးထူးတစ်ခုပါ၊နောက်တစ်ခုက အဲဒီရေနက်
ဆိပ်ကမ်းကနေ ပြည်တွင်းမှာရှိတဲ့တခြားဆိပ်ကမ်းတွေကိုပါ  
ချိတ်ဆက်လာနိုင်မှာပါလို့ ဆိုပါတယ်။

စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းကလည်း
"အခုအချိန်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်
ရေနက်ဆိပ်ကမ်းပဲရှိတာ၊ အဲဒီရေနက်ဆိပ်ကမ်းတွေဟာ
မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးသိပ်မဖြစ်ဘူး၊ ကျောက်ဖြူ
ဆိပ်ကမ်းက တရုတ်ပြည်ကို ကုန်သွယ်ရေလမ်းကြောင်း
ပွင့်တယ်၊ ထားဝယ်ဆိပ်ကမ်းကလဲ မလေးတို့၊ ထိုင်းတို့ကို၊
အခုရေနက်ဆိပ်ကမ်း က ပြည်တွင်းကုန်သွယ်ရေးအတွက်
လုပ်တာ" လို့ သူ့အမြင်ပြောပါတယ်။

ရန်ကုန်အထူးစီးပွားရေးဇုန်နဲ့ အတူတည်ဆောက်မယ့်ရေနက်
ဆိပ်ကမ်းပြီးစီးရင်  ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုး
တိုးတက်လာနိုင်တဲ့အပြင် နိုင်ငံခြားကုန်သွယ်ရေးကဏ္ဍ
အတွက် အများကြီးအထောက်အကူဖြစ်တယ်လို့
ဦးဇော်ဖေဝင်းကပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ်လပ်ဝင်ရောက်
လာနိုင်တယ်လို့ စီးပွားရေးပညာရှင်အချို့က
သုံးသပ်ပါတယ်။

လေဆိပ်
---------

ဒါ့အပြင် ရန်ကုန်လေဆိပ်ဟာ ထပ်မံတိုးချဲ့ဖို့မဖြစ်နိုင်တော့
သလို ပဲခူးဟံသာဝတီ လေဆိပ်ကလည်း ရန်ကုန်မြို့နဲ့
မိုင် ၄၀ နီးပါးဝေးကွာနေတာကြောင့် အထူးစီးပွားရေးဇုန်
စီမံကိန်းမှာ နိုင်ငံတကာကိုတိုက်ရိုက်ကူးပြောင်းသွားလာနိုင်တဲ့
လေဆိပ်တည်ဆောက်ဖို့လည်းပါဝင်တယ်လို့ ကော့မှူးမြို့နယ်
တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) ကိုယ်စားလှယ်
ဦးအောင်မင်းမင်းက ရှင်းပြတယ်။

စီမံကိန်းကို စတင်အကောင်အထည်ဖော်တဲ့အခါမှာ
ပြည်သူတွေအတွက်အနားယူ အပန်းဖြေစရာနေရာတွေ၊
ဈေးဝယ်စင်တာတွေ၊ ဟိုတယ်ဇုန်တွေပါဝင်မှာဖြစ်ပြီး လူထုကို
အန္တရာယ်ဖြစ်စေတဲ့ မီးခိုးထွက်တဲ့အလုပ်ရုံတွေ၊ တန်ဖိုးနည်း
အိမ်ရာစီမံကိန်းတွေတော့ပါဝင်မှာ မဟုတ်ဘူးလို့သိရပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်တိုင်းအစိုးရက
အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ပညာရှင်တွေနဲ့ဆွေးနွေး
တိုင်ပင်ပြီး Master Plan ချမှတ်ရေးဆွဲနေဆဲဖြစ်ပါတယ်။
အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်
အလက်တွေကိုတော့  ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်
ရယူပြီးမှသာဖော်ပြနိုင်မှာဖြစ်တယ်လို့ ဦး အောင်မင်းမင်းက
ပြောပါတယ်။

လက်ရှိမှာ အထူးစီးပွားရေးဇုန်စီမံကိန်းထဲမှာပါဝင်တဲ့
ဒလမြို့နယ်ဘက်အခြမ်းကို ဂျပန်၊ ကိုရီးယားစတဲ့နိုင်ငံတွေက
လုပ်ငန်းရှင်တွေက စောင့်ကြည့်နေကြတယ်လို့ ဦးထွန်းရင်က
ပြောပါတယ်။

၁၈၅၀ ပြည့်နှစ်ဝန်းကျင်က အာရှဒေသမှာ ပထမဆုံး
အဓိကဆိပ်ကမ်းတစ်ခုဖြစ်ခဲ့တဲ့ ရန်ကုန်ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ
ကို အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ
ပြန်လည်အသက်ဝင်လာအောင် ဖန်တီးတော့မှာလားဆိုတာ
ဟာစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

(ချမ်းသာ)

***

၂။ "ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန်နှင့်
မြို့သစ်စီမံကိန်း တစ်ခုစီပေါ်ပေါက်လာမည်ဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မြေယူကာ အခန်း
တည်ဆောက်မှုစနစ်ဖြင့် Risk ယူ၍တည်ဆောက်ခြင်း
ရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တိုက်တွန်း"

ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု၊ စီးပွားရေးဇုန်
တစ်ခု၊ မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေယူပြီး အခန်း
တည်ဆောက်မှုစနစ်ဖြင့် Risk ယူကာ တည်ဆောက်ခြင်းကို
တတ်နိုင်သမျှရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့မှ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁ ရက်တွင်
ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ပုဂ္ဂလိက
လုပ်ငန်းရှင်များနှင့် ဒုသမ္မတတွေ့ဆုံပွဲတွင် ပြောကြားသည်။

လာမည့် နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့သစ် စီမံကိန်းစတင်ရန်
Developers များနှင့်ချိတ်ဆက်ထားပြီး အဆိုပါစီမံကိန်း
အတွက် ကုမ္ပဏီများကို မြေခွဲပေးမည်မဟုတ်ဘဲ နိုင်ငံတကာ
တွင် တင်ဒါခေါ်ယူခြင်းများနှင့် အစိုးရက မြေဈေးထိန်းညှိ
သည့်ပုံစံများနှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်း နှင့်ပတ်သက်ပြီး
လွှတ်တော်သို့တင်ပြရန် စီစဉ်နေသည်ဟု ဦးဖြိုးမင်းသိန်းက
ဆိုသည်။

“ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး မြေကိုနိုင်ငံတော်ကပဲ
တာဝန်ယူမှာဖြစ်ပါတယ်။ အခြေခံအဆောက်အအုံတွေနဲ့
ဆောက်လုပ်ရမယ့်ပုံစံတွေ မြေတွေနဲ့ပတ်သက်ပြီး ကျွန်တော်
်တို့ တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါနဲ့
ပတ်သက်ပြီး လုပ်ငန်းရှင်တွေအားလုံး ပါဝင်နိုင်ဖို့အတွက်
ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ လွှတ်တော်မှာ
တင်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ရန်ကုန်ရဲ့ Master Plan
ကို ဒီဇင်ဘာမှာ ကျွန်တော်အပြီး ဆောင်ရွက်ပေးပါမယ်” ဟု
ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် အိမ်ရာများတည်ဆောက်ခြင်း ပြုလုပ်ရန်ရှိပြီး ထိုသို့
တည်ဆောက်ရာတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်
့အိမ်ရာများကို ရောနှောတည်ဆောက်မည့်ပုံစံကို လေ့လာ
နေကာ အဆိုပါလေ့လာမှုပြီးသည်နှင့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအား ခေါ်ယူရှင်းလင်းမည်ဖြစ်ကြောင်းနှင့်
ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ မြေဈေးနှုန်းကြီးမားသည့်
အတွက် အခက်အခဲကြုံနေရသဖြင့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအနေဖြင့် Risk ယူကာ တည်ဆောက်ခြင်း
တတ်နိုင်သမျှရှောင်ကြဉ်ရန် ဦးဖြိုးမင်းသိန်းက
ပြောကြားသည်။

“ရန်ကုန်မှာ ရေနက်ဆိပ်ကမ်းတစ်ခု ပေါ်ပေါက်မှာ
ဖြစ်ပါတယ်။ စီးပွားရေးဇုန်တစ်ခု ပေါ်ပေါက်ဖို့ရှိပါတယ်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့သစ်စီမံကိန်းတစ်ခု
ပေါ်ပေါက်ဖို့ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့၊ အနောက်၊
တောင်၊ မြောက်အားလုံးမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊
တန်ဖိုးမြင့်အိမ်ရာတွေ တည်ဆောက်ဖို့ရှိပါတယ်။
သေသေချာချာ လေ့လာဆန်းစစ်မှုလုပ်နေပါတယ်။

တန်ဖိုးနည်းအိမ်ရာဆိုရာမှာ အရည်အသွေးမပြည့်မီသော
အိမ်ဖြစ်နေမှာ စိုးရိမ်ပါတယ်။ တန်ဖိုးသင့်ဆိုရာမှာ အသင့်
အတင့်တန်ဖိုးမြင့်ပြီးတော့ တန်ဖိုးမြင့်ကသာ အရည်အသွေး
မြင့်သော အိမ်ဆိုတာမျိုးမဟုတ်ဘဲ ရောနှောတည်ဆောက်တဲ့
ပုံစံမျိုးကို ကျွန်တော်တို့လေ့လာဆန်းစစ်မှု လုပ်နေပါတယ်။
ဒီလေ့လာမှုပြီးရင် ဒီပုံစံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်
အားလုံးကို ခေါ်မှာပါ။ စီမံကိန်းတွေကိုလည်း ရှင်းလင်းမှာပါ။

ကျွန်တော်တို့ သတင်းအချက်အလက်တွေကိုလည်း
ကြိုပေးထားမှာပါ။ ဘာကြောင့်ကြိုပေးထားလဲဆိုတော့
မြေလက်ဦးမှုမဖြစ်ဖို့အတွက် သတင်းထုတ်ပြန်ထားမှုကို
တော့ လုပ်ထားပြီးဖြစ်ပါတယ်။ အသေးစိတ် ကျွန်တော်တို့
ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆောင်ရွက်ပြီးသွားရင်
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး
အခွင့်အလမ်းရမှာ ဖြစ်ပါမယ်။

မြေနဲ့ပတ်သက်တဲ့ အခြေအနေ
တစ်ခုဟာ ရန်ကုန်မှာ အိမ်ခြံမြေဈေးကွက်ဟာ မြေတန်ဖိုး
ကြီးမားတဲ့အတွက် အခက်အခဲ ကြုံနေရတဲ့အခြေအနေ
ရှိပါတယ်။ မြေကိုယူပြီးတော့ အခန်းတည်ဆောက်မှုစနစ်နဲ့
Risk ယူပြီးတော့လုပ်တာမျိုးကိုတော့ တတ်နိုင်သမျှ
ရှောင်ပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်”
ဟု ဦးဖြိုးမင်းသိန်းက တိုက်တွန်းသည်။ 

(ဖြိုးဝေ)

credit - Kumudra Journal & Eleven Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment