“ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်မှု သတင်းများ”
၁။ "အိုဟောင်းနေသော အဆောက်အအုံများ
မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့်"
ရန်ကုန်မြို့ရှိ အိုဟောင်းနေသော အဆောက်အအုံများ
တွင်နေသူများသည် အဆောက်အအုံ၏မြေငလျင်ဒဏ်
ခံနိုင်ရည်အားကို စစ်ဆေးထားသင့်ကြောင်း မြန်မာနိုင်ငံ
မြေငလျင်ကော်မတီအတွင်းရေးမှူး ဦးစောထွေးဇော်က
ပြောသည်။
"အဆောက်အအုံဆောက်တာချင်း တူရင်တောင်
အောက်ကမြေသားပေါ် မူတည်ပြီး အဆောက်အအုံရဲ့
ခံနိုင်ရည်အား မတူလို့ ဘယ်အဆောက်အအုံက
နှစ်ဘယ်လောက် ခံမယ်ဆိုတာမျိုးကို အတိအကျပြောလို့
မရဘူး။ ရန်ကုန်မြို့ကလည်း ငလျင်အန္တရာယ် အတွက်
စိုးရိမ်ရတဲ့ jမို့တစ်မြို့ဖြစ်နေတော့ ကိုယ်နေတဲ့
အဆောက်အအုံက မြေငလျင်အား ဘယ်လောက်ထိ
ခံနိုင်ရည်ရှိမလဲဆိုတာကို စစ်ဆေးထားသင့်တယ်။
စည်ပင်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းအဆောက်အအုံ
ဆောက်ရင် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ပေမဲ့
ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေနဲ့ အဆောက်အအုံ
ဟောင်းတွေက ငလျင်ဒဏ် ခံနိုင်ရည် အားနည်းတယ်"
ဟု ၎င်းက ပြောသည်။
* မိမိနေထိုင်နေသောအိမ်မှာ ငလျင်ဒဏ်ခံနိုင်သောအိမ်
ဖြစ်သင့်သော်လည်း ထိုကဲ့သို့ အိမ်တစ်အိမ်လုံးကို ပြုပြင်
နိုင်စွမ်းမရှိပါက အိမ်အတွင်းမှ အခန်းတစ်ခန်းကို လုံခြုံ
စိတ်ချစွာ နေထိုင်ရန်ငလျင်ဒဏ်ခံနိုင်ရည်အား ရှိသော
အခန်းအဖြစ် ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံ
မြေငလျင်ကော်မတီမှ နာယက ဒေါ်လှလှအောင်က
ပြောသည်။ *
"နေထိုင်နေတဲ့အိမ်က ငလျင်ဒဏ်ခံနိုင်ရည်အားရှိတဲ့
အိမ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်က
အဆောက်အအုံဟောင်း တစ်ခုခုမှာ နေထိုင်နေရတာပဲ
ဖြစ်ဖြစ်၊ မြေ ငလျင်ဒဏ်ကို အပြည့်အ၀လုံခြုံမှု ပေးနိုင်တဲ့
အိမ်မှာ နေထိုင်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ်နေထိုင်
တဲ့ အိမ်ရဲ့ အခန်းတစ်ခန်းကို ငလျင်ဒဏ်ခံနိုင်တဲ့
လုံခြုံစိတ်ချစွာနေနိုင်မယ့် အခန်းတစ်ခန်းအဖြစ် အသုံးပြု
နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့် ပါတယ်။
အခန်းထဲမှာ အသုံး ပြုမယ့် ပရိဘောဂပစ္စည်းတွေကအစ
ငလျင် လှုပ်ရင် ပြိုလဲမသွားစေဖို့ ဒေါက်တိုင်တွေ သုံးပြီး
အခန်းနဲ့ အသေတွဲစပ်ထားဖို့ လိုအပ်ပါတယ်။
ငလျင်ကြောင့်အဆောက်အအုံ ပြိုကျခြင်းတွေရှိသလို
အခန်းတွင်းက ပစ္စည်းတွေပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ
ရတာတွေလည်းဖြစ်ပေါ်တတ်လို့ အိမ်ခန်းတွေက
ပရိဘောဂပစ္စည်းတွေ ထားသိုပုံကလည်း
အရေးကြီးပါတယ်"ဟု၎င်းကပြောသည်။
ရန်ကုန်မြို့သည် ငလျင်ပြတ်ရွေ့ကြောဘေးတွင်
ရှိနေသည့်အတွက် ပြတ်ရွေ့တစ်ခုခုတွင်ငလျင်လှုပ်ခတ်
ပါက ရန်ကုန်မြို့ပါ ထိခိုက်နိုင်ခြေများပြားကြောင်း
ဒေါ်လှလှအောင်က ပြောသည်။
"၁၉၂၇ ခုနှစ်မှာ ရန်ကုန်မှာ ရစ်ခ်ျစတာ စကေး ၇ ဒသမ ၅
ရှိတဲ့ ငလျင်တစ်ခု လှုပ်ဖူးတယ်။
၁၉၃၀ ခုနှစ်မှာလှုပ်ခဲ့တဲ့ ပဲခူးငလျင် ကြောင့်လည်း
ရန်ကုန်မြို့မှာ အပျက်အစီးတချို့ရှိခဲ့ပြီး လူ ၅၀ ဦးသေဆုံး
ခဲ့ရပါတယ်။
ဘယ်ပြတ်ရွေ့ကြောင်းမှာပဲ ငလျင်လှုပ်လှုပ် ပြတ်ရွေ့ဘေးက
နေရာတွေကထိနိုင်ခြေရှိလို့ ပြတ်ရွေ့တွေမှာ ငလျင်လှုပ်ခဲ့ရင်
ရန်ကုန်မြို့ က ထိနိုင်ခြေရှိပါတယ်" ဟု ၎င်းကပြောသည်။
ယခင်က ရန်ကုန်မြို့တွင် သစ်သားအိမ်များ များပြားသဖြင့်
ငလျင်လှုပ်ခတ်ပါက ထိခိုက်နိုင်ခြေနည်းပါးသော်လည်း
ယခုအချိန်တွင် ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံ
များစွာ ရှိနေခြင်းကြောင့်အဆောက်အအုံ ပြိုလဲ
ပျက်စီးနိုင်ခြေနှင့် ထိခိုက်နိုင်ခြေ ပိုများကြောင်း
ဒေါ်လှလှအောင်က ပြောသည်။
"အရင်က ရန်ကုန်မြို့မှာ သစ်သားအိမ်တွေပဲရှိတော့
ငလျင်ကြောင့် အဆောက်အအုံ ပြိုတာတွေ၊အပျက်အစီး
ဖြစ်တာတွေ သိပ်မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာ ရန်ကုန်မှာ
အထပ် မြင့်အဆောက်အအုံတွေရော၊ အရည်အသွေး နိမ့်
အထပ်မြင့်အဆောက်အအုံတွေရော၊ ကန်ထရိုက်တိုက်
တွေရော၊ အဆောက်အအုံဟောင်းတွေရော ရောနှော
နေလို့ ငလျင်ပြင်းပြင်းသာလှုပ်ခဲ့မယ်ဆိုရင် အဆောက်အအုံ
ပြိုနိုင်ခြေနဲ့ထိခိုက် ပျက်စီးနိုင်ခြေများပါတယ်"ဟု
၎င်းကပြောသည်။
မြန်မာနိုင်ငံမြေငလျင်ကော်မတီကို မြန်မာနိုင်ငံအင်ဂျင်နီယာ
အသင်းနှင့် မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များ အသင်းတို့
ပူးပေါင်း ကာ ၁၉၉၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီသည် ငလျင်ဒဏ်ခံနိုင်ရန် အဆောက်အအုံ
တည်ဆောက်နည်း လမ်းညွှန်စာအုပ်ကိုထုတ်ဝေခဲ့ပြီး
မြို့နယ်များတစ်လျှောက် မြေငလျင်ဆန်းစစ်ချက်များကို
လည်း ယခုလအတွင်း ပြုလုပ်ခဲ့သည်။
* ငလျင်လှုပ်ခတ်မည့်အချိန်အတိအကျကို ခန့်မှန်းရန်
မလွယ်ကူသော်လည်း ယခုနောက်ပိုင်း ငလျင်များ
ခပ်စိတ်စိတ်လှုပ်ခတ်လာသည်ကို ကြည့်ခြင်းဖြင့်
ငလျင်အန္တရာယ်မှာလည်း သတိထားရမည့်အခြေအနေ
ဖြစ်လာကြောင်း ဦးစောထွေးဇော်က ပြောသည်။ *
"မိမိနေထိုင်ရာမြို့နယ်က ဘယ်ငလျင်ဇုန်အတွင်း
ကျရောက်နေလဲ၊ ငလျင်ပြင်းအား ဘယ်လောက်ဖြစ်နိုင်လဲ
ဆိုတာကို ငလျင်ဇုန်ပြမြေပုံမှာ ရှာဖွေကြည့်ရှုကာ ကြိုတင်
ပြင်ဆင်ထားသင့်ကြောင်း" ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ငလျင်ပြင်းအားပေါ် မူတည်ပြီး ငလျင်ဇုန်
ငါးဇုန် ခွဲခြားထားကာ ငလျင်ဇုန်ပြမြေပုံ အနက်
ရန်ကုန်မြို့သည် ပျက်စီးမှုအသင့်အတင့် ရှိနိုင်သော
(ဇုန် ၂ ဘီ) တွင် ပါဝင်သည်။
မန္တလေး၊နေပြည်တော်၊ ပဲခူးမြို့များအပါအ၀င်
မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြော ဖြစ်သောစစ်ကိုင်း
ပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများတွင် အင်အားပြင်း
ငလျင်များ လှုပ်ခတ်ပါကဘေးအန္တရာယ်များ ကျရောက်မည်
ဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက်
၃၅ ကီလိုမီတာတွင်တည်ရှိသော ရန်ကုန်မြို့တွင်လည်း
ငလျင်ကြောင့် အလားတူ အန္တရာယ်များ ကျရောက်နိုင်
သောကြောင့် ကြိုတင်ပြင်ဆင်မှုများ
ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ
က သတင်းထုတ်ပြန်ထားသည်။
(တင်ရတနာထွန်း)
***
၂။ "ရန်ကုန်တိုင်း ၃၇ မြို့နယ်ရှိ ဆေးရုံ၊ ကျောင်း၊ မီးသတ်ဌာန
များ အပါအ၀င် အဆောက်အအုံ ၅၀အား ငလျင်ဒဏ်ခံနိုင်ရည်
ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်မည်"
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၇ မြို့နယ်ရှိ ဆေးရုံ၊
ကျောင်း၊ မီးသတ်ဌာနများ အပါအ၀င် အဆောက်အအုံ ၅၀
အား ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ
အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောကြားသည်။
“အခု စီမံကိန်းနဲ့ပတ်သက်ပြီး YCDC မှာ ဒီဇင်ဘာ ၁၃ရက်
မှာ စပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုလုပ်သွားမယ်။
အခု အလုံး ၅၀ လောက်ကို စစ်ဆေးသွားမယ်ဆိုပြီး
လုပ်ထားတယ်။ နေရာအားဖြင့် ၃၇ နေရာကို ရည်ရွယ်ထား
တယ်။ အလုံးအရေအတွက်ကတော့ အတိုးအလျော့
ရှိနိုင်ပါတယ်။ သက်ဆိုင်ရာ ဌာနတွေနဲ့ညှိနှိုင်းပြီး ရွေးထား
တာဖြစ်ပါတယ်။ ကျောင်းတွေပါတယ်။ မီးသတ်ပါတယ်။
ရဲဌာနတို့၊ ဆေးရုံတို့ စတဲ့အရေးကြီး အဆောက်အအုံတွေ
ကို အဓိကထားပြီး ရွေးချယ်တာဖြစ်ပါတယ်။
လုပ်တဲ့အထဲမှာ တိုက်တွေဘာတွေလည်း ပါပါမယ်” ဟု
ဦးစောထွေးဇော်က ပြောကြားသည်။
အဆိုပါ စီမံကိန်းသည် တစ်နှစ်ခွဲခန့်ကြာမြင့်မည်ဖြစ်ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ
မြေငလျင် ကော်မတီနှင့် UN-Habitat တို့ ပူးပေါင်း
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“စီမံကိန်းက တစ်နှစ်ခွဲကြာမှာဖြစ်တယ်။ စပြင်ဆင်တာနဲ့
ဘာနဲ့ဆိုရင် သုံးလေးလလောက် ရှိနေပြီ။ ကျွန်တော်တို့က
အဆောက်အအုံရဲ့ အခြေအနေကို သုံးသပ်တယ်။
ဘယ်လိုပြန် ပြင်ရမယ်ဆိုတာကို အကြံပြုမှာဖြစ်ပါတယ်။
ကနဦးသုံးသပ်ချက်ကတော့ နောက်သုံး လေးလလောက်
ဆိုရင် ပြီးလောက်ပါမယ်။ အသေးစိတ် တွက်ချက်တာတွေ
ဘာတွေကတော့ အချိန်ယူရပါမယ်” ဟု
၎င်းက ဆက်လက်ပြောကြားသည်။
* ရန်ကုန်မြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ
မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့်
အကွာအဝေး သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့
အနီးတွင် တည်ရှိပြီး ၁၉၃၀ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့်
အင်အား ခုနစ်ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်ကြောင့်
ပဲခူးတွင် လူဦးရေ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် ၅၀ ခန့်
သေဆုံးခဲ့ကြောင်း၊
* ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ လူဦးရေသည်
လေးသိန်းခန့်သာရှိသော်လည်း လက်ရှိတွင် ခြောက်သန်း
ကျော်ရှိလာသောကြောင့် မြေငလျင်တစ်ခုလှုပ်ခတ်ပါက
ဆုံးရှုံးမှုနှင့် ပျက်စီးမှုများကို မည်သူမျှ မခန့်မှန်းနိုင်ကြောင်း
မြေငလျင်ဆိုင်ရာဖိုရမ်၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။
* ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်
အကြီးမားဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ပြီး ပြင်းအားများ
သည့် အဓိကမြေငလျင်ကြောကြီးငါးခုရှိသည်။ ထို့ပြင်
မကြာခဏလှုပ် ရှားနေသည့် ပြတ်ရွေ့ကြောများလည်း
ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။ *
၂၀၁၁ ခုနှစ် နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့သည့်
- စစ်ကိုင်းပြတ်ရွေ့ကြော၊
- မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ကဘော်မြေငလျင်ကြော၊
- ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ပြင်ဦးလွင်မြို့အနီးမှ
ဖြတ်သွားသော ကျောက်ကြမ်း မြေငလျင်ကြော၊
- သံလွင်မြစ်တစ်လျှောက် ဖြတ်သွားသည့် သံလွင်
မြေငလျင်ကြောနှင့်
- ရခိုင်ပြည်နယ်ရှိ ရခိုင်မြေငလျင်ကြောတို့ ဖြစ်သည်။
* ယင်းတို့အနက် ကျောက်ကြမ်းပြတ်ရွေ့ကြောသည်
မြန်မာ့သမိုင်းတွင် အင်အားအပြင်းထန်ဆုံးအဖြစ် ပြင်းအား
ရစ်ခ်ျတာစကေးရှစ်ဖြင့် ၁၉၁၂ ခုနှစ်က လှုပ်ခတ်ခဲ့သည်။
ယင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်း ၁၀၀ ကျော် ငြိမ်သက်
နေသောကြောင့် အချိန်မရွေး ပြန်လည်လှုပ်ရှားနိုင်ပြီး
သတိပြုစရာပြတ်ရွေ့ကြီး တစ်ခုဖြစ်သည်။ *
(ဆန်းထူးအောင်)
credit - The Myanmar Times & Eleven Media Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment