“ပေါ်ပေါက်လာဖွယ်ရှိသည့် စီးပွားရေးဇုန်နှင့်စက်မှုဇုန်များ”
၁။ "ရန်ကုန်မြို့ တောင်ဘက်ဧရိယာတွင်
အထူးစီးပွားရေးဇုန် ဖော်ဆောင်မည်"
ရန်ကုန်မြို့ တောင်ဘက်ခြမ်းတွင် နိုင်ငံတကာလေဆိပ်နှင့်
ရေနက်ဆိပ်ကမ်းတို့ပါဝင်မည့် အထူးစီးပွားရေးဇုန်တစ်ခု
တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က စီစဉ်နေပြီး
လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။
အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရေးအတွက်
ပြည်ထောင်စုအစိုးရအဖွဲ့ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့က ယခုလအစောပိုင်းတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး
ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း အဆိုပါအထူးစီးပွားရေး
ဇုန်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်ဟု
မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
"ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြည်ထောင်စု
အစိုးရကလည်း ခွင့်ပြုပြီးပြီ။ ပြည်ထောင်စုက ခွင့်မပြုရင်
လုပ်လို့မရတဲ့ စီမံကိန်းလည်းဖြစ်နေလို့ပါ" ဟု၎င်းက
ပြောသည်။
အဆိုပါ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန်အစီအစဉ်ကို
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် ပြည်ထောင်စုဝန်ကြီးအချို့ နေပြည်တော်၌
တွေ့ဆုံခဲ့ရာတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်
တွေ့ဆုံ ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို
အသိပေးခဲ့ကြောင်း ကွမ်းခြံကုန်းလွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ဆိုသည်။
"ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့
ဦးဖြိုးမင်းသိန်းနဲ့ တွေ့တုန်းက ၀န်ကြီးချုပ်ကရန်ကုန်ရဲ့
တောင်ဘက်ခြမ်းမှာ အထူး စီးပွားရေးဇုန်တစ်ခု
ဖော်ဆောင်မယ်ဆိုပြီး ပြောပါတယ်။လေဆိပ်ရော၊
ရေနက်ဆိပ်ကမ်းလည်းပါမယ်လို့ ၀န်ကြီးချုပ်က
ပြောခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။
* ယင်း အထူးစီးပွားရေးဇုန်အသစ်ကို
ရန်ကုန်မြို့တောင်ဘက်ခြမ်းရှိ ဒလ၊ကော့မှူးနှင့်ကွမ်းခြံကုန်း
မြို့နယ်များတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်
အနောက်တောင် မြို့ သစ်စီမံကိန်းနှင့် ဆက်စပ်မှုမရှိပေ။ *
"လက်ရှိရှိနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က
နေရာထပ်ချဲ့စရာမရှိတော့ဘူး၊ပြီးတော့ ဟံသာဝတီလေဆိပ်
ကလည်း ရန်ကုန်မြို့လယ်နဲ့ဆို အရမ်းဝေးတဲ့အတွက်
နောက်ထပ် လေဆိပ်အသစ်တစ်ခုကတော့ ရန်ကုန်မှာ
မဖြစ်မနေတည်ဆောက်ဖို့ လိုနေတယ်လို့၊ အဲဒါကြောင့်
ရန်ကုန်တောင်ဘက်ခြမ်းမှာ တည်ဆောက်သွားဖို့လိုတဲ့
အကြောင်း ၀န်ကြီးချုပ်က ကျွန်တော်တို့ လွှတ်တော်
ကိုယ်စားလှယ်တွေကို ပြောပါတယ်" ဟု
ဦးအောင်မင်းမင်းက ပြောသည်။
သို့သော်
* လက်ရှိအနေအထားတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ၊ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီ အပြင်
ပြင်သစ်နှင့် ယူကေနိုင်ငံများမှ အေဂျင်စီတို့နှင့်
စီမံကိန်းများ ဆောင်ရွက်နေသည့်အတွက်
ရန်ကုန်မြို့တောင်ဘက်ခြမ်းရှိအထူးစီးပွားရေးဇုန်အသစ်မှာ
တိုင်းဒေသကြီးအစိုးရ၏ မျှော်မှန်းချက် အဆင့်တွင်သာ
ရှိသေးကြောင်း * စည်ပင်သာယာရေးကော်မတီမှ မြို့ပြနှင့်
စီမံကိန်းဌာန လက်ထောက်ဌာနမှူးဦးတိုးအောင်က
ပြောသည်။
"ဒီမြစ်ဟိုဘက်ကမ်းမှာ အထူးစီးပွားရေးဇုန်တစ်ခုလုပ်ဖို့
တိုင်းဒေသကြီးအစိုရအဖွဲ့ကမျှော်မှန်းထားတဲ့ စီမံကိန်း
တစ်ခုပါ။ ကျွန်တော်တို့စည်ပင်သာယာရေးကော်မတီ
ကလည်းပါဝင်ရေးဆွဲဖို့ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်
ဂျိုက်ကာတို့၊ ကိုရီးယားတို့ ပြင်သစ်တို့နဲ့ပူးပေါင်းရေးဆွဲနေတဲ့
စီမံကိန်းတွေပြီးမှ အကုန်လုံး ပေါင်းစပ်ပြီး ပြန်ဆွဲဖို့ရှိတယ်။
အဲဒီကျရင်ရန်ကုန်တောင်ဘက်ခြမ်း က စီမံကိန်းတွေလည်း
ပါသွားမယ်"ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွက် သီလ၀ါအထူး
စီးပွားရေးဇုန် တစ်ခုသာ ရှိပြီး ၂၀၁၂ ခုနှစ်တွင် စတင်
တည်ဆောက်ခဲ့သည့် ယင်းအထူးစီးပွားရေးဇုန်၏
ဇုန်အပိုင်း (က) မှာလုံးဝပြီးစီးနေပြီဖြစ်၍ လုပ်ငန်းများ
လည်ပတ်မှုများ စတင်နေပြီဖြစ်သော်လည်း ဇုန်အပိုင်း(ခ)မှာ
စတင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။
ရေနက်ဆိပ်ကမ်းကိုမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ရန်ကုန်တောင်ဘက်ခြမ်းရှိ လက်ခုပ်ကုန်းတွင် တည်ဆောက်
ရန် လျာထားပြီးဒလမြို့မှ လက်ခုပ်ကုန်းသို့ ခြောက်လမ်းသွား
လမ်းများကို ဖောက်လုပ်သွားမည်ဖြစ်သည်။
ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းရင်က အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်မည့်
သတင်းကြောင့် မြေဈေးများတက်သွားမည်ကို စိုးရိမ်ကြောင်း
နှင့် အစိုးရကလည်း စီမံကိန်းတစ်ခုခု ဆောင်ရွက်ခြင်း မပြုမီ
မြေဈေးများ မြင့်တက်မလာစေ ရေးအတွက် ကြိုတင်စီမံ
ဆောင်ရွက်ထားသင့်သည်ဟု ပြောသည်။
"စီမံကိန်းတစ်ခုခု လုပ်မယ်ပြောလိုက်တိုင်း မြေဈေးတွေက
တက်လာတယ်။ တံတားတုန်းကလည်းမြေဈေးတွေထိုး
တက်သွားတယ်။ အခုလည်း အဲဒီလိုဖြစ်မသွားစေချင်ဘူး
ပေါ့"ဟု ဦးထွန်းရင်ကဆိုသည်။
ရန်ကုန်မြို့တော်ဘက်ခြမ်း ဖွံ့ဖြိုးတိုး တက်ရေးအတွက်
အထူးစီးပွားရေးဇုန်နှင့် လက်ခုပ်ကုန်းတွင်ရေနက်ဆိပ်ကမ်း
ရှိလာပါက ရန်ကုန်မြို့၏ ကုန်စည်ပို့ဆောင်ရေး နှင့်
ထောက်ပံ့ရေးအတွက်အချက်အချာကျသည့် နေရာတစ်ခု
ဖြစ်လာရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
မျှော်မှန်းထားသည်။
(မြတ်ငြိမ်းအေးနှင့် ရဲမွန်)
***
၂။ "ဗဟိုစီးပွားရေး ဇုန်ခွဲ ငါးခုလုပ်ဆောင်ဖို့ရှိ"
မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ အရ ဗဟိုစီးပွားရေး ဇုန်ခွဲ
စီမံကိန်း ငါးခု လုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။
ဗဟိုစီးပွားရေး ဇုန်ခွဲစီမံကိန်း ငါးခုမှာ
- မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မဗဟိုစီးပွားရေး ဇုန်အပါအဝင်၊
- ရန်ကင်းမြို့နယ် ဗဟိုစီးပွားရေးဇုန်၊
- ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ ပိုင်း)
သုံးမြို့နယ် ဆက်စပ်နေတဲ့ ဒဂုံတောင်မြောက်လမ်းဆုံ
စီးပွားရေးဇုန်စီမံကိန်း၊
- ပဲခူးမြစ် ကမ်းဘေးနဲ့ သီလဝါ စက်မှုဇုန်တို့နဲ့ ဆက်စပ်
လိုအပ်လာမယ့် စီးပွားရေး အဆောက်အအုံတွေ
တည်ဆောက်သွားမယ့် ဇုန်တို့ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး၊
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြေယာဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်က
"ရန်ကင်းစီးပွားရေးဇုန်က ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ JICA နဲ့ ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး အကောင်အထည်
ဖော်နေတယ်။ မင်းဓမ္မဗဟို စီးပွားရေးဇုန်ကလက်ရှိမှာ
ပုဂ္ဂလိကကုမ္မဏီ တစ်ခုက တင်ဒါအောင်မြင်ပြီး လုပ်ငန်း
စတင် လုပ်ကိုင်နေတာဖြစ်တယ်" လို့ ပြောပါတယ်။
"မင်းဓမ္မစီမံကိန်းကို တင်ဒါခေါ်ပြီး သီးသန့် ဖွံ့ဖြိုးအောင်
လုပ်ဆောင်သွားမှာဖြစ်ပြီး တခြားစီမံကိန်းတွေကိုတော့
အစိုးရကစီမံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရတယ်။
စီမံကိန်းထဲရှိ တချို့နေရာတွေက ဖွံ့ဖြိုးပြီးသားနေရာတွေ
ပါဝင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေခွင့်ပြုသွားမှာ
ဖြစ်တယ်" လို့ပြောပါတယ်။
(အေးမွန်)
***
၃။ "လုပ်ငန်းတစ်ခုချင်းအလိုက် စက်မှုဇုန်သစ်တွေ
တည်ထောင်မည်"
လုပ်ငန်း တစ်မျိုးတည်း လုပ်ကိုင်ခွင့်ပြုတဲ့ စက်မှုဇုန်သစ်
တွေ တည်ထောင်မယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
စက်မှုဇုန်တွေကို
- အထည်ချုပ်ဆိုရင် အထည်ချုပ်စက်မှုဇုန်၊
- စားသောက်ကုန်ဆိုရင် စားသောက်ကုန် စက်မှုဇုန်၊
- အီလက်ထရွန်းနစ် ဆိုရင်အီလက်ထရွန်းနစ်စက်မှုဇုန်ဆိုပြီး
လုပ်ငန်းအလိုက် စက်မှုဇုန်သစ်တွေ တည်ထောင်မှာ
ဖြစ်ပါတယ်။
* သည်စက်မှုဇုန်တွေ တည်ထောင်ဖို့ ဟောင်ကောင်နဲ့
ကိုရီးယားနိုင်ငံက ကုမ္ပဏီတွေ လာရောက်ဆွေးနွေးနေပြီး
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြေယာအရှုပ်အရှင်း
ကိစ္စတွေ ပြီးပြတ်သွားတာနဲ့လုပ်ငန်းစတင်မယ်လို့
သိရပါတယ်။ *
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ညွှန်ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦးက
“စက်မှုဇုန်တွေ ထပ်မံဖော်ထုတ်ဖို့ရှိတဲ့အထဲမှာ အထူးပြုတဲ့
ဇုန်တွေပေါ့၊ လက်ရှိအားဖြင့် ကြည့်လိုက်ရင် စက်မှုဇုန်
တွေက ပြန့်ကျဲနေတယ်ပေါ့၊ ဇုန်တွေပြန့်ကျဲရုံတင်မကဘူး
လုပ်ငန်းတွေလဲ ပြန့်ကျဲရောထွေးနေတယ်”
လို့ ပြောပါတယ်။
အစိုးရသစ်ရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကဏ္ဍမှာ
စက်မှုဇုန် အသစ်တွေ တိုးချဲ့ထူထောင်ဖို့လည်း ထည့်သွင်း
ရေးဆွဲထားပါတယ်။
စက်မှုဇုန်အသစ်တွေကို ကိုယ်ထူကိုယ်ထထူထောင်တာမျိုး
မဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ စနစ်တကျ
ထူထောင်မှာ ဖြစ်ပါတယ်။ စက်မှုဇုန်တွေမှာ လိုအပ်တဲ့
ဝန်ဆောင်မှုတွေဖြစ်တဲ့ ရေဆိုးစွန့်ပစ်စနစ်၊ အမှိုက်စွန့်ပစ်တဲ့
စနစ် စတာတွေအပြင် ပတ်ဝန်းကျင်ထိခိုက်နိုင်တာတွေကို
ထိန်းသိမ်းနိုင်မယ့် စက်မှုဇုန်ကြီးတွေကို အရေအတွက်
များများ အားပေး ဖိတ်ခေါ်မှာဖြစ်ပါတယ်။
* သည်စက်မှုဇုန်တွေကို ရန်ကုန်တိုင်းတစ်ခုတည်းမှာ
တည်ထောင်မှာမဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့
ပြည်နယ်တွေမှာလည်း စက်မှုဇုန်သစ်တွေ
တည်ထောင်သွားမှာ ဖြစ်ပါတယ်။ *
သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရက ဘယ်နေရာတွေကို
လုပ်စေချင်တယ်၊ စက်မှုဇုန်လုပ်နိုင်တဲ့ မြေပမာဏ
ဘယ်လောက်အထိ ရှာပေးနိုင်မလဲဆိုတဲ့ အချက်တွေပေါ်
မူတည်ပြီးတော့ စက်မှုဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်တို့ ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။
တိုင်းဒေသကြီးပြည်နယ်တွေ တစ်ပြေးညီဖွံ့ဖြိုးဖို့
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စက်မှုဇုန်ကြီးတွေ
ဖော်ဆောင်မယ့်အပြင် အလုပ်အကိုင်ရရှိဖို့ စက်မှုဇုန်တွေမှာ
သက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တွေပါ
သင်ကြားပေးမှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေမှာ (Technical Training Education Center)
သက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေ ကျွမ်းကျင်နိုင်ဖို့
ထပ်ဆင့်စီမံကိန်းတွေလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေမှာ ကျွမ်းကျင်မှုရှိတဲ့လုပ်သားတွေ အဓိက
လိုအပ်ပါတယ်။ စက်မှုဇုန်တွေ တည်ထောင်ပြီး ကုန်ထုတ်
လုပ်ငန်းတွေ လုပ်ပေမဲ့ ကိုယ့်နိုင်ငံသားတွေ လုပ်ငန်း
မကျွမ်းကျင်ရင် တိုင်းပြည်အတွက် အကျိုးမရှိနိုင်တာကြောင့်
နိုင်ငံသားတွေအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ
ပညာရပ်တွေ ကျွမ်းကျင်ဖို့ ဆောင်ရွက်ပေးတာ
ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ရှင်းပြပါတယ်။
စက်မှုဇုန်သစ်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊
သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်တွေနဲ့စက်မှုဝန်ကြီး
ဌာနတို့ တာဝန်ခံပြီး ဥပဒေတွေပြဋ္ဌာန်း ဆောင်ရွက်သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
(ပို့ပို့မြင့်မွန်)
credit - The Myanmar Times & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment