“စံချိန်ချိုးဆဲ ဒေါ်လာဈေးနှင့်
ဗဟိုဘဏ်မှ ထွက်ကျလာသော အသံများ”
၁။ "ကားတင်သွင်းမည့်သူများကြောင့် ဒေါ်လာဈေး
စံချိန်တင်မြင့်တက်"
ကားတင်သွင်းမှုများ လိုင်စင်လျှောက်ထားရန် အဝယ်များ
ခြင်းကြောင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ
တန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၇၆ ကျပ်သို့ စံချိန်တင်
မြင့်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှု မူဝါဒဟောင်းနှင့်
ကားတင်သွင်းမှုကို ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံးလိုင်စင်
လျှောက်ထားရန် ဒီဇင်ဘာ ၆ ရက်တွင် သတ်မှတ်ပြီး
နောက်တစ်ရက်၌ ဒေါ်လာဈေးသည် ပြင်ပဈေးကွက်တွင်
စံချိန်တင်မြင့်တက်လာသည်။ ဒီဇင်ဘာ ၆ ရက်တွင်
တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်မှ နောက်တစ်ရက်၌
၁,၃၇၆ ကျပ်သို့ မြင့်တက်လာသည်။
‘‘ကားသမားတွေ အဝယ်များလို့ တက်လာတာပါ။ လိုင်စင်
လျှောက်ဖို့အတွက် ဒီရက်ပိုင်း ကားသမားအဝယ်များတယ်’’
ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး
ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက
ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုး ပြန်လည်
မြင့်တက်လာမှုကြောင့် ဝယ်လိုအား ကောင်းလာကြောင်း
ပြင်ပငွေလဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက
ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်နေ
သော်လည်း ပုဂ္ဂလိကဘဏ်များ က ရောင်းဈေးသည်
တစ်ဒေါ်လာလျှင် ၁,၃၂၅ ကျပ်ခန့်သာရှိသည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင်
၁,၃၁၀ကျပ်ခန့်ရှိသဖြင့် ပုဂ္ဂလိကဘဏ်များက ဈေးနှုန်းမြှင့်
ရောင်းချနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဒေါ်လာအရောင်း
ကို လူတစ်ဦးလျှင် ပမာဏအနည်းငယ်သာ ရောင်းချ
ပေးကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိ
တစ်ဦးက ပြောသည်။
ဒေါ်လာတန်ဖိုး အတက်အကျများခြင်းသည် လက်ရှိ
အစိုးရ လက်ထက်တွင် အများဆုံးကြုံတွေ့နေရပြီး အစိုးရ
သက်တမ်း ကိုးလခန့်၌ (၁၀)ကြိမ်ခန့်ဖြစ်ခဲ့သည်ဟု
စီးပွားရေးလုပ်ငန်းရှင် များက ပြောသည်။
ပြင်ပငွေကြေးဈေးကွက်သို့ မြန်မာကျပ်ငွေတန်ဖိုး
ကျဆင်းမှု ကို ငွေကြေးမူဝါဒဖြင့် အစိုးရက ကြားဝင်ထိန်း
ပေးရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ဒုတိယဥက္ကဋ္ဌ တစ်ဦးက ပြောသည်။
ငွေလဲနှုန်းတည်ငြိမ်ရေး၊ ငွေကြေးမူဝါဒတို့နှင့် တိုက်ရိုက်
သက်ဆိုင်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လက်ရှိ
အစိုးရလက်ထက်တွင် ယခင်ကဲ့သို့ ပုံမှန်လုပ်ငန်းများဖြင့်
သာ အချိန်ကုန်နေပြီး စီးပွားရေးစနစ် အပြောင်းအလဲ၌
ပါဝင်လာနိုင်ခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ
အ ဖွဲ့ချုပ်ပါတီ စီးပွားရေးကော်မတီ အဖွဲ့ဝင်
ဦးရဲမင်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းရာသီတွင် နှစ်စဉ်အမေရိကန်
ဒေါ်လာတန်ဖိုး မြင့်တက်လေ့ရှိပြီး လက်ရှိပြင်ပငွေကြေး
ဈေးကွက်၌လည်း ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်
နိုင်ခြေရှိ၍ ငွေရေးကြေးရေးနှင့် သက်ဆိုင်သည့် ဗဟိုဘဏ်၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဦးဆောင်ပြီး
စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း
များက ပူးပေါင်းဖြေရှင်းသင့်သည်ဟု ဦးရဲမင်းဦးက
ပြောသည်။
‘‘ငွေလဲနှုန်းက ကုန်ဈေးနှုန်း ရဲ့ မိခင်ကြီးပဲ’’ဟု မြန်မာနိုင်ငံ
စက်သုံးဆီတင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး
ဦးဝင်းမြင့်က ပြောသည်။
အမေရိကန်ဒေါ်လာကို တိုက်ရိုက်သုံးစွဲနေရသည့် ပြည်ပမှ
စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များသည်
အမေရိကန်ဒေါ်လာဈေး နေ့စဉ်ပြောင်းလဲမြင့်တက်နေမှု
ကြောင့် စက်သုံးဆီ ရောင်းချရန် ဈေးနှုန်းသတ်မှတ်ရာတွင်
နောက်တစ်ရက်၌ မြင့်တက်လာမည့် တန်ဖိုးကိုပါ ခန့် မှန်း
တွက်ချက်၍ သတ်မှတ်ရောင်းချရကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် လူအများနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်
စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးများသည် ဒေါ်လာဈေးနှုန်း
အပြောင်းအလဲတွင် ဈေးနှုန်းပြောင်းလဲခြင်းကြောင့်
ဒေါ်လာဈေးမြင့်တက်ချိန်၌ အထွေထွေကုန်ဈေးနှုန်းပါ
ဆက်တိုက်မြင့်တက်လာမည်ဟု စီးပွားရေးပညာရှင်အချို့
က သတိပေးသည်။
အမေရိကန်ဒေါ်လာတန်ဖိုး သည် ဒီဇင်ဘာ ၅ ရက်က
စတင်ပြီး ပြင်ပဈေးကွက်၌ ဈေးနှုန်းပြန်လည်မြင့်တက်
လာသည်။
(ပြည်သိမ်း)
***
၂။ "ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအကြောင်း ဗဟိုဘဏ်ရှင်း"
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်းသည် ပြည်တွင်း၊ ပြည်ပ
အခြေအနေနှစ်ရပ်စလုံးကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြည်ထောင်စု
လွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ပြည်တွင်းအခြေအနေသည် ဘတ်ဂျက်လိုငွေမြင့်မားလာခြင်း၊
ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ဇန်နဝါရီကစ၍
ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး သာမန်စာရင်းလိုငွေ ဖြစ်ပေါ်ခြင်း
တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပြည်ပမှ
နိုင်ငံခြားငွေစီးဝင်မှုသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်
ကို ပြည့်မီအောင် လုံလောက်မှုမရှိကြောင်း ရှင်းပြသည်။
ပြည်ပအခြေအနေမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း
မြှင့်တင်မည့် မူဝါဒကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး
မြင့်တက်ကြောင်း ဒေါ်ခင်စောဦးက ဆိုသည်။
တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုးချခြင်း၊ကမ္ဘာ့ရွှေဈေးမြင့်တက်
ခြင်းတို့သည် ဒေသတွင်းနိုင်ငံများ နည်းတူ မြန်မာကျပ်ငွေ
တန်ဖိုးကျဆင်းသည့်အကြောင်းရင်းများဖြစ်ကြောင်း
၎င်းက ဆိုသည်။
ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအကောင်
အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့်ကာလများ၌
(ကာလလတ်)နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်း အခြေအနေ
ကောင်းမွန်လာပြီး နိုင်ငံခြားသုံးငွေဝယ်လိုအားနှင့်
ရောင်းလိုအား မျှတလာပါက ကျပ်ငွေတန်ဖိုးခိုင်မာလာမည်
ဖြစ်ကြောင်း ဒေါ်ခင်စောဦး က ပြောသည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတွင် အားနည်းချက်များ
ရှိသကဲ့သို့ အားသာချက်များရှိကြောင်း ၎င်းကဆိုသည်။
ကျပ်ငွေတန်ဖိုးကျဆင်းပါက ပြည်ပတင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်း
မြင့်ပြီး ပို့ကုန်တင်ပို့သူများအတွက် အားသာသည့်
အခြေအနေဟု ဆိုသည်။
သို့သော် သွင်းကုန်တွင် ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး
ငွေဖောင်းပွမှုနှုန်းဖိအားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ
လဲလှယ်နှုန်း၏ နေ့စဉ်အတက်အကျ ပြောင်းလဲမှုကို
နည်းနိုင်သမျှနည်းစေရန်နှင့်ငွေလဲလှယ်နှုန်းများ၏
ကွာဟချက်ကို ၂ ရာခိုင်နှုန်း ဘောင်အတွင်းရှိနေရန်
အဓိကထား ဆောင်ရွက်နေသည်ဟုဆိုသည်။
၂၀၁၅ မတ်လကုန်အထိ မြန်မာနိုင်ငံ စုစုပေါင်း
နိုင်ငံခြားသုံး သီးသန့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ
၁၀ ဒသမ ၀၃ ဘီလီယံရှိပြီး နိုင်ငံပိုင်နိုင်ငံခြားသုံး
သီးသန့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ
၅ ဒသမ ၄၉ ဘီလီယံရှိကာ ဗဟိုဘဏ်၏ လက်ဝယ်တွင်
၈၇ ရာခိုင်နှုန်းအထိ ရှိသည်။
ပုဂ္ဂလိကပိုင် နိုင်ငံခြားသုံး သီးသန့်ငွေ ပမာဏမှာ
အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီယံရှိပြီး နိုင်ငံပိုင်
ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ လက်ဝယ်တွင်
ရှိသည်ဟုဆိုသည်။
(နိုင်ငံရေးသတင်းအဖွဲ့)
***
၃။ "ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ပြင်ပဈေးကွက် ဖွင့်ဈေးနှင့်
အညီဖြစ်ရန် ပြင်ဆင်မည်"
ပြည်တွင်း၌ဖြစ်ပေါ်နေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းသည့်
ပြဿနာ ပြေလည်ရန်အတွက် ဗဟိုဘဏ်က ပြုလုပ်လျက်ရှိ
သည့် နေ့စဉ် လေလံစနစ်ကို ပြင်ဆင်သွားရန်ရှိနေသည်ဟု
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က
လုပ်ငန်းရှင်များကို ပြောကြားသည်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဘဏ္ဍာရေးနှင့်စီမံကိန်း
ဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ပါဝင်သည့်အဖွဲ့သည်
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနှင့် သက်ဆိုင်
သည့် အဖွဲ့အစည်းများနှင့် ဒီဇင်ဘာ ၁ ရက်က မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌
တွေ့ဆုံခဲ့သည့်ပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်
သက်ဆိုင်သည့်ဗဟိုဘဏ်မှ ဆောင်ရွက်သွားမည့် အစီအစဉ်
အပေါ် ဦးဆက်အောင်က ပြောခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း
ဘဏ်များနှင့် နိုင်ငံခြားငွေလဲလှယ်မှုရည်ညွှန်းနှုန်း သတ်မှတ်
နိုင်ရန်အတွက် နေ့စဉ်လေလံစနစ်ဖြင့် ဆောင်ရွက်
နေလျက်ရှိသည်။
သို့ရာတွင် ၎င်းလေလံပွဲမှ ဖြစ်ပေါ်လာသည့် နှုန်းထားသည်
ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့်ဈေးကွက်ပေါက်ဈေး
အပေါ် အကျိုးသက်ရောက်မှုနည်းပါးနေသဖြင့်
ပြင်ဆင်သွားရန်ရှိနေသည်ဟု ဦးဆက်အောင်က ပြောသည်။
"ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနှုန်းက ငွေလဲလှယ်နှုန်းကို ဆွဲတင်
တယ်လို့ မြင်ကြတယ်။တကယ်တမ်းကျတော့ ရည်ညွှန်းနှုန်း
ဖြစ်လာဖို့ ဗဟိုဘဏ်ကနေ ဘဏ်တွေကို လေလံခေါ်ပြီး
လေလံပေါက်ဈေးအပေါ် ရည်ညွှန်းတာ ဖြစ်ပါတယ်။ တစ်ခု
ဝန်ခံစရာရှိတာက လေလံကလည်းသိပ်အကျိုးသက်ရောက်မှု
မရှိတဲ့အတွက် လေလံမှာ သတ်မှတ်တဲ့ဈေးနဲ့ အပြင်က
သတ်မှတ်တဲ့ဈေးကကွာဟနေတာရှိပါတယ်။ အခု အဲလို
ကွာဟနေတာကို ကွာဟချက် မရှိအောင် လေလံကိုပြန်လည်
ပြုပြင်ဖို့ ရှိနေပါတယ်" ဟု ဦးဆက်အောင်က ပြောသည်။
ထိုသို့ ပြင်ဆင်ရာတွင်နိုင်ငံခြားငွေလဲလှယ်ရာတွင် ကျပ်ငွေနှင့်
ဒေါ်လာတန်ဖိုး သတ်မှတ်ချက်ကို ဗဟိုဘဏ်ရည်ညွှန်းနှုန်း
သည် ပြင်ပပေါက်ဈေးနှင့် ကိုက်ညီမှုရှိဖို့ အတွက် ပြင်ဆင်
လုပ်ဆောင်သွားရန် ပြောခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်တွင်း၌ ငွေလဲလှယ်မှုနှုန်း တည်ငြိမ်ရေးအတွက်
ဈေးကွက်အတွင်းဝင်ရောက်ထိန်းညှိနိုင်သည့် Soft Market
ပေါ်ပေါက်ရန်လည်း လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်ဟု
ပြောသည်။
"ဗဟိုဘဏ်အနေနဲ့ကတော့ တစ်ခုတော့လုပ်ပေးရမှာပါ။
အဲဒါကတော့ ဈေးကွက်ထဲ မှာ ဒေါ်လာဝယ်လိုအား အရမ်း
များနေတာ(Over Supply)မဖြစ်စေဖို့၊ ၀ယ်လိုအား
ကျဆင်းတာ မဖြစ်စေဖို့ လုပ်ပေးရမှာပါ။
လက်ရှိမှာ Interbank Market ကို ကျပ်ငွေနဲ့ ပဲ
လုပ်ရမယ်လို့ သတ်မှတ်ထားတာရှိပါတယ်။
အဲဒါက Soft Market ကို ပိုပြီး ဖြစ်လာစေချင်လို့ပါ။
နိုင်ငံထဲမှာ ဒေါ်လာအများဆုံး ရှိတဲ့ ဘဏ်တွေက
နိုင်ငံပိုင်ဘဏ်တွေ ဖြစ်ပါ တယ်။ နိုင်ငံပိုင်ဘဏ်တွေက
တစ်ဆင့် ဒေါ်လာတွေကို ပြည်တွင်း ဈေးကွက်ထဲ
ရောက်သွားအောင်Soft Market က တစ်ဆင့်
ရောင်းချသွားနိုင်မယ်ဆိုလို့ရှိရင် အားလုံး အဆင်ပြေ
သွားမှာဖြစ်ပါတယ်" ဟု ဦးဆက်အောင်က ပြောသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်အား ပြင်ဆင်
ရာတွင် ရည်ညွှန်းနှုန်းကိုပြင်ပဈေးကွက်နှင့် တစ်ပြေးညီ
ဖြစ်လာရေးစနစ်တစ်ခုကိုသာ ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု
ပြည်တွင်းစီးပွားရေးလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့်
ဦးစိုးသိမ်း က မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာ ၄ ရက်တွင်
ပြောသည်။
"ဗဟိုဘဏ်က လေလံစနစ်ကိုပြောင်းမယ်ဆိုတာ ရည်ညွှန်းနှုန်း
ကိုပဲ ပြောင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆိုလိုချင်တာပါ။ လေလံ
စနစ် ကို ပြောင်းဖို့အတွက်ကလည်း ဗဟိုဘဏ်အနေနဲ့ လေလံ
ထဲမှာအရောင်းအ၀ယ် အဲဒီလောက် လုပ်ပေးနိုင်တာ
မဟုတ်ဘူး။ အခုက ရည်ညွှန်းနှုန်းအပေါ်မှာသာမန်
အရောင်း အ၀ယ်ဆိုရင် ၀ ဒသမ ၃ ရာခိုင်နှုန်း၊ လက်လီ
အရောင်းအရောင်းအ၀ယ်ဆိုရင်ဝ ဒသမ ၈ ရာခိုင်နှုန်းအတွင်း
ကွာဟချက်နဲ့ လုပ်လို့ရ တယ်လို့ သတ်မှတ်ပေးထားတယ်။
ဒါပေမဲ့အခုဆိုရင် အဲဒီသတ်မှတ်ချက်ထဲမှာ ဘောင်မ၀င်
တော့တဲ့အတွက် ပုဂ္ဂလိကဘဏ်တွေကအရောင်းပိတ်လိုက်
တာတွေ ရှိတယ်။ ဆိုတော့ ရည်ညွှန်းနှုန်းကို ဈေးကွက်နဲ့
တစ်ပြေးညီ ဖြစ်လာအောင် ပြောင်းလဲသွားမယ်ဆိုတဲ့
သဘောပါ" ဟု ဦးစိုးသိမ်းက ပြောသည်။
ထို့ပြင် လက်ရှိတွင် ပို့ကုန်လုပ်ငန်းများ မှတစ်ဆင့် ပြည်တွင်း
သို့ ပို့ကုန်ရငွေ Earning ပြန်လည်စီးဝင်လာမှု နည်းပါးနေသည့်
အတွက် ၎င်းကိစ္စကို အဆင်ပြေစေရန် လုပ်ဆောင်သွားရန်
အစီအစဉ်များ ချမှတ်သွားရန် ရှိနေသည်ဟုလည်း
ဦးဆက်အောင် က ထုတ်ဖော်ပြောခဲ့သည်။
ထိုသို့လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များ
သည် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပို့ကုန်ဆောင်ရွက်
နေလျက်ရှိသည့် ပြည်ပနိုင်ငံများ Nostro Account ငွေစာရင်း
ဖွင့်လှစ်သည့် စနစ်များဖြင့် ကျင့်သုံးသွားရန် လိုအပ်မည်ဟု
လည်း ထုတ်ဖော်ပြောခဲ့သည်။
"လက်ရှိမှာ ဒေါ်လာဈေး ကမောက်ကမ ဖြစ်နေတယ်ဆိုတဲ့
နေရာမှာ ဒေါ်လာတွေ ပြည်တွင်းကိုဝင်လာဖို့လိုပါတယ်။
ဝင်လာတယ်ဆိုတဲ့နည်းလမ်းမှာ ပို့ကုန်နဲ့ဝင်လာဖို့ လိုတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကနေ ၀င်လာဖို့ လိုပါတယ်။ အဲဒါကြောင့်
ပြည်ပမှာ ပြည်တွင်းဘဏ်တွေက Nostro Account ဖွင့်
ထားနိုင်မယ်ဆိုလို့ရှိရင် ပြည်တွင်းကို နိုင်ငံခြားငွေ ၀င်လာ
တာနဲ့ အတူတူပါပဲ" ဟု ဦးဆက်အောင် က ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန် ရငွေများ ပြည်တွင်း
သို့ပြန်ဝင်လာရန်အတွက် အကောက်ခွန်ဌာနနှင့် ချိတ်ဆက်
စောင့်ကြည့် လုပ်ဆောင်နေပြီး ထို့သို့ဆောင်ရွက်ရာတွင်
ပြန်လည်စီးဝင်မှုသည် ၆၀ ရာခိုင်နှုန်းလောက် ခန့်သာ
ရှိကြောင်း၊အများစုသည် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်
ခြင်းမရှိသည်ကို တွေ့ရပြီး အထူးအားဖြင့် တရုတ်နိုင်ငံသို့
တင်ပို့ရောင်းချသည့်ပို့ကုန်လုပ်ငန်းများ အနေဖြင့် ပြည်တွင်း
နိုင်ငံခြားငွေစီးဝင်မှု မရှိသည်ကို တွေ့ရသည်ဟုလည်း
ပြောသည်။
(ထင်လင်းအောင်)
credit - 7day Daily & The Myanmar Times
မှတ်ချက်။
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment