Sunday, December 18, 2016

“မန္တလေးမှာလည်း လယ်၊ ရန်ကုန်မှာလည်း လယ်”

“မန္တလေးမှာလည်း လယ်၊ ရန်ကုန်မှာလည်း လယ်”

၁။ "မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ငွေကြေးတတ်နိုင်
သူများက မြို့အစွန်လယ်မြေများကို ၀ယ်ယူနေမှုကြောင့်
မြို့အနီးဝန်းကျင်ရှိ လယ်မြေများ အရောင်းအ၀ယ်
ကုန်သလောက်နီးပါး ဖြစ်လာ"

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် မြို့ Down Town
ဧရိယာအတွင်း အရောင်း လုံးဝ မရှိတော့သလောက်ဖြစ်
နေပြီး ယခုနှစ်ပိုင်းအတွင်း ငွေကြေးတတ်နိုင်သူများက
မြို့အနီး ၀န်းကျင်ရှိ လယ်ယာမြေများအား လိုက်လံ
ဝယ်ယူလာမှုကြောင့် မြို့ဝန်းကျင်ရှိ  လယ်ယာမြေများပါ
အရောင်းအ၀ယ် ကုန်သလောက်နီးပါး ဖြစ်လာသည်ဟု
ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် အမှန်တကယ်
နေထိုင်မှုထက် ဈေးကစားပြီး အရောင်းအ၀ယ် ဖြစ်ပေါ်
ခြင်းကြောင့် မြေဈေးနှုန်းများမှာ အခြေခံလူတန်းစားများ
လက်လှမ်း မမီတော့သည့် အနေအထားဖြစ်နေကာ
မြို့တွင်း အချက်အချာကျသည့် နေရာများတွင်
ကျပ်သိန်းသောင်းကြီးပိုင်းအထိ ကာလပေါက်ဈေး
ရှိကြောင်း၊အဆိုပါမြို့တွင်းနေရာများမှာလည်း အရောင်း
လုံးဝမရှိတော့ သည့်အခြေအနေတွင် ငွေကြေးတတ်နိုင်
သူများက မြို့အစွန်ရှိ လယ်မြေများကို လိုက်လံ ၀ယ်ယူ
လျက်ရှိလာခြင်းဖြစ်သည်ဟု
အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“သူဌေးကြီးတစ်ယောက်က သိန်းငါးသောင်းတန်တို့၊
ခြောက်သောင်းတန်တို့နဲ့ ၀ယ်ထားတဲ့မြေတွေက
သော့ခတ်ထားတာတွေ အများကြီး။ ဘယ်တော့မှလည်း
လျှော့ရောင်းမှာလည်း မဟုတ်ဘူး။ သူကလည်း
မွဲမနေတဲ့အတွက် ဆင်းရဲတဲ့သူတွေပဲ ထိခိုက်တဲ့
စနစ်ကြီးဖြစ်နေတယ်။
ကျွန်တော်တော့  အခွန်အခ ဈေးကြီးတာကို
မကြိုက်ပါဘူး။
အိမ်ခြံမြေဈေးနှုန်းတွေက အခြေခံလူတန်းစားတွေ
လက်လှမ်း မမီတော့သလို အခုနောက်ပိုင်း မန္တလေး
အိမ်ခြံမြေ ဈေးကွက်က ဘယ်လို ဖြစ်လာလဲဆိုတော့
မြို့အစွန်အဖျားက လယ်လေးတွေ ယာလေးတွေကို
တစ်ဧက သိန်း ၂၀၀၊ သိန်း ၃၀၀ လောက်နဲ့ ၀ယ်ယူထား
ကြပြီး လယ်တွေကိုဖျက်၊ အိမ်ဆောက်ကြနဲ့ နောင်ရေး
အတွက် ပြင်ဆင်လာကြတာ များတယ်။
မန္တလေးမှာရှိတဲ့ သူဌေးတိုင်းလိုလိုက လယ်ဧကကွက်
တွေ ပိုင်ကြတယ်။ ကြောက်စရာ ကောင်းလောက်
အောင်ကို ပိုင်ထားကြတာ။ အခုဆို မန္တလေးမြို့
ပတ်ဝန်းကျင်က လမ်းမတန်းဘေးမှာ ရောင်းစရာ
လယ်ကွက် မရှိသလောက်ပါပဲ။
လယ်သမားတွေက ၀ယ်ထားတာ မဟုတ်ပါဘူး။ မြို့ထဲက
သူဌေးတွေကပဲ ၀ယ်ထားကြတာ။ အထူးသဖြင့် လူမျိုးခြား
တွေပဲ ပိုင်ကြတာပါ။ ဒါပေမဲ့ လယ်စိုက်စားကြမှာတော့
မဟုတ်ဘူး။ ပိုနေလို့ လျှံနေလို့သာ  ၀ယ်ထားကြတာ။
အခု မြို့ပတ်ချာလည်က လယ်ကွက်တွေကိုသွားကြည့်ရင်
ဝယ်ပြီးသားတွေချည်း ဖြစ်ကုန်ပြီ။ ဘယ်လယ်မြေ ဧက
ကွက်တွေကြည့်ကြည့် ရောင်းပြီးသားတွေဖြစ်နေပြီ။
ဒါပေမဲ့ ဒီလယ်မြေတွေက လန/၃၉ ပေါက်သေးတာ
မဟုတ်ပေမယ့် ရွာနဲ့အရမ်း နီးကပ်တဲ့ လယ်မြေတွေဆိုရင်
ဖျက်ပစ်လိုက်ပြီး အဆောက်အအုံတွေဆောက်နေကြပြီ။
လမ်းတွေဖောက်နေကြပြီ” ဟု အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ လယ်မြေများကို လိုက်လံဝယ်ယူနေမှုနှင့်
ပတ်သက်၍ အမရပူရမြို့နယ် ယဉ်တော်ကျွန်းရှိ ရွှေ့ပြောင်း
တောင်သူ ဦးခင်မောင်ဝင်းက
“အမရပူရမြို့သစ် စီမံကိန်းရှိတဲ့အတွက် ကျွန်းမြေတွေကို
တရုတ်အပါအ၀င် လုပ်ငန်းရှင်တွေက ၀ယ်ပြီးသားဖြစ်နေပြီ။
ဈေးကောင်းရတဲ့အတွက် မြေပိုင်ရှင်တွေကလည်း ရောင်းချ
ကြတာများတယ်။ ဘိုးဘွားပိုင်ကျွန်းမြေတွေကလည်း
မြစ်ကြောင်းပြောင်းလဲလာလို့ ကျွန်းပျက်သွားပြီး
အခုပြန်ပေါ်တဲ့ အခါကျတော့လည်း အခြားရွာသားတွေက
စိုက်ပျိုးနေတဲ့အတွက် မန္တလေးအနီးဝန်းကျင် ကျွန်းမြေတွေ
ပေါ်မှာ ငှားရမ်းစိုက်ပျိုး စားရတာ။ အခုတိုင်းသာဆိုရင်
လက်ရှိစိုက်ပျိုးနေတဲ့ ကျွန်းမြေမှာ စိုက်ပျိုးနိုင်ဖို့ကလည်း
မသေချာတော့ဘူး” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ယင်းသို့ ငွေကြေးတတ်နိုင်သူများက
မြို့ဝန်းကျင်ရှိ လယ်ယာမြေများအား လိုက်လံ ၀ယ်ယူ
လျက်ရှိသော်လည်း မြို့အစွန်ပိုင်းကျသည့်နေရာများရှိ
ကျပ်သိန်း ၂၀၀၊ ၃၀၀ ၀န်းကျင် မြေကွက်အချို့
အရောင်းအ၀ယ်ရှိနေရာ မြေပွဲစားတစ်ဦးက
“မြို့အစွန်အဖျားပိုင်းကျတဲ့ သိန်း ၂၀၀၊ ၃၀၀၊ သိန်း ၅၀၀
ဝန်းကျင်ဈေးနှုန်းတွေမှာတော့ လူနေထိုင်ဖို့လောက်တော့
ဝယ်ကြတာရှိတယ်။ ဒါကလည်း မြို့ထဲမှာ ခွဲခြမ်းစိတ်ဖြာ
ရောင်းချပြီး အမွေရတာမျိုးနဲ့ မဖြစ်မနေ ၀ယ်နေကြတာမျိုး
ပါပဲ။ အမရပူရဘက်တွေနဲ့ ရွှေကြက်ယက်ဘက်တွေ
အရောင်းအ၀ယ်ဖြစ်တာ များတယ်။ မြို့သစ်ဘက်ပိုင်းက
ကျတော့ လုယက်တာမျိုးတွေနဲ့ သိပ်ပြီးလုံခြုံမှုမရှိလို့
မြို့သစ်ဘက်က အ၀ယ်နည်းတယ်။ နောက်ပြီး မိတ်ဆွေ
ခင်ရာမင်ရာတွေနဲ့ ပုသိမ်ကြီးဘက်ခြမ်းတွေမှာလည်း
သွားနေကြတာရှိတယ်။
သို့သော်လည်း အဲဒီလိုဝယ်ယူကြပေမယ့် အများစု
ဆိုရင်တော့ သူတို့ရဲ့အလုပ်အကိုင်တွေက မြို့ထဲမှာရှိတာ
ဆိုတော့ သွားရေးလာရေးအရ မြို့ထဲမှာပဲ အငှားနဲ့
ကုတ်ကပ်ပြီး နေကြရတာ များပါတယ်” ဟု 
ပြောကြားသည်။

* မြို့ပြနှင့် ထိစပ်လျက်ရှိသည့် ယာမြေများအား
ယခင်အစိုးရလက်ထက်များတွင်သာမက လက်ရှိအစိုးရ
လက်ထက်တွင်လည်း မြေယာပွဲစားများ၊ စီးပွားရေး
လုပ်ငန်းရှင်များက လိုက်လံ ၀ယ်ယူမှုများရှိနေပြီး
ထိုသို့ဝယ်ယူထားသည့် ယာမြေများမှာ
လယ်ယာမြေဥပဒေများအရ လယ်ယာစိုက်ပျိုးရေးမှ
အခြားနည်း သုံးစွဲခွင့်မရှိကြောင်း သိရသည်။ *

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် ရရှိနိုင်ရန်အတွက်
လန (၃၉) လျှောက်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် အများစုမှာ အငြင်းပွားဖွယ် ယာမြေများကို
ဝယ်ယူထားကြပြီး လန (၃၉) လျှောက်ထားခြင်းမရှိဘဲ
အခြားနည်း အသုံးပြုမှုများလည်း ရှိနေကြောင်း
စုံစမ်းမှုများအရ သိရသည်။

လယ်ယာမြေ သိမ်းဆည်းခံထားရသည့် မူလပိုင်ရှင်နှင့်
တောင်သူများမှာလည်း ယင်းတို့၏ ယာမြေများ ပြန်လည်
ရရှိရေးအတွက် ထွန်တုံး တိုက်ပွဲများ ပြုလုပ်လျက်ရှိသည်။
ဒေသခံများ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည့် ယာမြေများမှာ
ယခင်သိမ်းဆည်းခဲ့သူများက တစ်ဆင့်ပြန်လည်၍ သီးစား
စနစ်ဖြင့်ငှားရမ်းထားခြင်း၊ သိမ်းဆည်းခဲ့သူများက ပြန်လည်
ရောင်းချမှုများကြောင့် မူလမြေပိုင်ရှင်များ ဒေသခံ
တောင်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလျက်
ရှိနေရာ ပုသိမ်ကြီးမြို့နယ် မန္တလေးနည်းပညာ
တက္ကသိုလ်ဝင်းအတွင်းမှ လယ်ယာမြေသိမ်းဆည်းခံ
တောင်သူ ဦးအောင်ကိုကိုက
“စပြီး သိမ်းယူတာကတော့ အမှတ် (၁) စက်မှုဝန်ကြီးဌာန
ဖြစ်ပြီး အခု ဒီယာမြေတွေက ပညာရေးဝန်ကြီးဌာန
လက်အောက်မှာ ဖြစ်ပါတယ်။
သိမ်းဆည်းထားတဲ့ မြေဧက ၇၀၀ ကျော်မှာ ဧက ၂၀၀
လောက်ပဲ အသုံးပြုထားပြီး ကျန်မြေတွေက ပိုလျှံနေတာမို့
သိမ်းဆည်းခံ တောင်သူတွေအနေနဲ့  ဥပဒေနဲ့အညီ
ပြန်လည်ချထားပေးဖို့ တောင်းဆိုတယ်။
သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ပြီး ပြန်လည်စွန့်လွှတ်
ပေးဖို့ တင်ပြခဲ့ပေမယ့် အကြိမ်ကြိမ်လျစ်လျူရှု
ဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဒီယာမြေတွေပေါ်မှာ မူလတောင်သူတွေ မဟုတ်တဲ့
သူတွေလာရောက်ပြီး ဈေးဆိုင်ဖွင့်တာ၊ ပျိုးကြဲစိုက်ပျိုး
လုပ်ကိုင်လာတွေ ရှိလာလို့ သိမ်းဆည်းခံတောင်သူတွေ
အနေနဲ့ ကိုယ့်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက်
ရာသီချိန်အမီ ထွန်ယက်ပြီး စိုက်ပျိုးမှုတွေကို ၀င်ရောက်
လုပ်ကိုင်ရတာပါ” ဟု ပြောကြားသည်။

“စစ်ကိုင်း-မန္တလေး ကားလမ်းဘေးက မြစ်ရေတိုးရင်
ရေ၀င်လယ်မြေတွေဖြစ်ပြီး အခုဆိုရင် အဲဒီမြေတွေကို
အကွက်ရိုက်ဝယ် အုတ်တံတိုင်း ကာရံနေတာတွေ တွေ့
ရတယ်။ပြီးတော့ မြေတွေဖို့ပြီး အဆောက်အအုံတွေ နေ့ချင်း
ညချင်း ဆောက်လုပ်နေကြတယ်။ ဒါတွေက အစဉ်အဆက်
သီးနှံစိုက်ပျိုးခဲ့တဲ့ မြေတွေပါ” ဟု အမရပူရမြို့နယ်တွင်
နေထိုင်သူ ကိုဝင်းမျိုးက ပြောကြားသည်။

လက်ရှိ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်း
သောင်းချီသော အရောင်းအ၀ယ်အချို့ဖြစ်ပေါ်ခဲ့ပြီး
အရောင်းအ၀ယ် အများစုမှာ ယာယီ စာချုပ် အလွှဲအပြောင်း
များဖြင့်သာ ရောင်းဝယ်၍ လက်လွှဲ လက်ပြောင်း ပြုလုပ်ကြ
ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက
ဆိုသည်။

“သိန်းတစ်သောင်းတန် အကွက်ကိုဝယ်ပြီး အခွန်စည်းကြပ်
မယ်ဆိုရင် သူ့အရင်းက ကျပ်သိန်းတစ်သောင်းခွဲလောက်
ဖြစ်သွားမယ်။ ဒီတော့ ၀ယ်ပြီးရင်တော့ ပတ်ကားစာချုပ်
ထွက်ဖို့ အခွန်စည်းကြပ်မှု မလုပ်နိုင်ဘူး။ ဒါကြောင့် GP နဲ့ပဲ
ချုပ်ကြတာပေါ့။
လက်ရှိ ဈေးကွက်ကတော့ ငွေဖြူရှိတဲ့သူတွေက
ဝယ်ယူကြတာ များတယ်။
ငွေဖြူရှိတယ်ဆိုတာက တရုတ်နယ်စပ် ကုန်သွယ်ရေး
ဘက်ကနေ ဆိုင်ကယ်နဲ့ ဆိုင်ကယ် အပိုပစ္စည်းသွင်းတဲ့
သူတွေ၊ စက်ပစ္စည်း သွင်းတဲ့သူတွေက ကုန်ပစ္စည်း
သွင်းကတည်းက ကုန်သွယ်ခွန်နဲ့ ၀င်ငွေခွန်တို့ ဆောင်ထား
တော့ ငွေဖြူပေါတာပေါ့။ အဲဒီလို ကုန်သည်တွေအနေနဲ့
ဈေးကျသွားတဲ့ အချိန်မှာဝယ်ကြလို့ အိမ်ခြံမြေက
နည်းနည်းပါးပါးတော့ အရောင်းအ၀ယ် ဖြစ်လာတယ်။
သိန်းတစ်သောင်း၊ နှစ်သောင်းနဲ့ သုံးသောင်းကျော်
လေးသောင်းလောက်အထိ ဖြစ်တယ်။ မျက်နှာပွင့် တစ်ပေ
ကို သိန်း ၅၀၀ ကနေ သိန်း ၇၀၀ လောက်အထိ
ပေးကြတယ်” ဟု အဆိုပါအကျိုးဆောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် အိမ်ခြံမြေ စည်းကြပ်မှုမှ
ဘဏ္ဍာနှစ်အလိုက် ကောက်ခံရရှိငွေမှာ
- ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၁၅ ဘီလျံ၊
- ၂၀၁၂-၂၀၁၃ ခုတွင်၂၁ ဘီလျံ၊
- ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၁ ဘီလျံ၊
- ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၃၈ ဘီလျံနှင့်
- ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇၆ ဘီလျံရရှိခဲ့ကြောင်း အခွန်ဌာန
မှတ်တမ်းများအရ သိရပြီး လတ်တလောတွင် အခွန်နှုန်းထား
သစ်ကြောင့် အခွန်ပေးဆောင်မှု လျော့ကျလျက်ရှိကြောင်း
သိရသည်။

(မင်းသန့်)

***

၂။ "အနောက်တောင်မြို့သစ်စီမံကိန်းတွင် လယ်ယာမြေများ
အရောင်းအ၀ယ်ပိုဖြစ်နေ"

ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်း အကောင်အထည်
ဖော်မည့် မြို့နယ်များ အတွင်းရှိလယ်ယာမြေဈေးနှုန်းများ
ဈေးမြင့်တက်လျက်ရှိကာ အရောင်းအ၀ယ်ဖြစ်နေသည်ဟု
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

"မြေပေါ်မှာ ကြိုက်နှစ်သက်တဲ့စီမံကိန်းတွေ
အကောင်အထည်ဖော်နိုင်တဲ့ ဥယျာဉ်ခြံမြေအမျိုးအစားကို
ရင်းနှီးမြှုပ်နှံသူတွေ ၀ယ်ယူဖို့ နှစ်သက်ကြပေမယ့် ဥယျာဉ်
ခြံမြေထက် ဈေးသိသိသာသာ သက်သာတဲ့လယ်မြေတွေ
လည်း အခုတလော အရောင်းအ၀ယ်ဖြစ်နေပါတယ်။
လယ်ယာမြေတွေက ပိုင်ဆိုင်မှုအရဂရန်မရှိဘဲ
အရပ်စာချုပ်နဲ့ပဲ ချုပ်ဆိုရတဲ့ စလစ်မြေသဘောမျိုး
ဖြစ်ပေမယ့် ၀ယ်ယူလိုသူတွေ ရှိလာပါတယ်"
ဟု သစ္စာမြေအိမ်ခြံမြေအကျိုးဆောင်မှ ဒါရိုက်တာ
ဒေါ်သူဇာမေက ပြောသည်။

မြို့သစ်ဧရိယာများတွင် ဂရန်မြေသစ်များ လျှောက်နိုင်သော်
လည်း လျှောက်ထားသူများ မရှိသလောက်နည်းပါးပြီး
ပါမစ်မြေ၊စလစ်မြေနှင့် အရပ်စာချုပ်များကိုသာ အများဆုံး
အသုံးပြု၍ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊စားကျက်မြေ၊
မြေလွတ်မြေရိုင်းများကို အရောင်းအ၀ယ်ပြုလုပ်နေခြင်း
ဖြစ်သည်ဟု ၎င်းက ပြောသည်။

"ဥယျာဉ်ခြံမြေပေါ်မှာ ကြိုက်တဲ့အဆောက်အအုံဆောက်
နိုင်ပေမယ့် လယ်မြေ၊ ယာမြေနဲ့လယ်ယာမြေတွေပေါ်မှာ
အဆောက်အအုံ တွေ ဆောက်ခွင့်မရှိပါဘူး။
ဒါပေမဲ့ အဲဒီမြေ အမျိုးအစားကနေ တခြားမြေအဖြစ်
သက်ဆိုင်ရာဌာနတွေမှာ သွားရောက်ပြောင်းလဲလို့
ရပါတယ်။
လယ်ယာမြေကနေ တခြားမြေ အဖြစ် အလွယ်တကူ
ပြောင်းလဲနိုင်တော့ မြို့သစ်တွေကနေ ဈေးသက်သာတဲ့
လယ်ယာမြေတွေကို ၀ယ်ယူပြီး ကိုယ်တိုင်တခြားမြေ
အဖြစ် ပြောင်းလဲလျှောက်ထားတဲ့သူတွေ
များလာပါတယ်"ဟု ဒေါ်သူဇာမေက ပြောသည်။

ဥယျာဉ်ခြံမြေမှာ လယ်ယာမြေများထက် ဈေးနှုန်းပိုမြင့်လျက်
ရှိပြီး မြို့စွန်ဧရိယာများတွင် ၀ယ်ယူသူများ ပိုမိုနှစ်သက်သော
မြေ အမျိုးအစားတစ်ခုဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင်
ဝယ်ယူသူများက ဈေးနိမ့်သော လယ်ယာမြေများကို
ဝယ်ယူရန် ပိုမိုစိတ်ဝင်စားနေကြသည်ဟု သိရသည်။

"ဥယျာဉ်ခြံမြေအမျိုးအစားကို ၀ယ်ယူမယ်ဆိုရင် ဘာမှ
မြေအမျိုးအစားပြန်ပြောင်း စရာမလိုဘဲအသုံးပြုနိုင်ပေမယ့်
ဥယျာဉ်ခြံမြေဈေးနဲ့ လယ်ယာမြေဈေးက တချို့နေရာတွေ
မှာ ထက်ဝက်လောက်ထိတောင် ဈေးကွာနေတာဆိုတော့
ဝယ်ယူလိုသူတွေက ဈေးနှုန်း သက်သာတဲ့ လယ်ယာမြေ
အမျိုးအစားကိုပဲ ၀ယ်ယူနေကြတယ်"ဟု တွံတေးမြို့နယ်မှ
မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ကိုကိုမင်းက
ပြောသည်။

ရန်ကုန်မြို့စွန်ရှိ မြို့သစ်မြို့နယ်များတွင် မြို့နယ်၏
၇၀ ရာခိုင်နှုန်းခန့်မှာ ဥယျာဉ်ခြံမြေနှင့်လယ်ယာမြေများ
ဖြစ်ပြီး ကျန်မြေများမှာလည်း မြေအမျိုးအစားပြောင်းလဲ
ထားသောမြေများသာဖြစ်ကြောင်း ၎င်းကပြောသည်။

"တွံတေးမြို့နယ်မှာ ရပ်ကွက်ရှစ်ခုနဲ့ ကျေး ရွာ ၂၂၀ ကျော်
်အတွက် ကျေးရွာအုပ်စု ၆၅ အုပ်စုရှိပေမယ့် ကျေးရွာတွေ
တောင်မက တချို့ရပ်ကွက်က မြေတွေက လယ်မြေနဲ့
လယ်ယာမြေတွေပဲ။
ရပ်ကွက်ရှစ်ရပ်ကွက်မှာပဲ ဥယျာဉ်ခြံမြေတွေ ရှိတာ။
ဒါလည်း လယ်ယာမြေကနေ ဥယျာဉ်ခြံမြေအဖြစ် ပြန်ပြောင်း
ထားတာ တွေ့ပါသေးတယ်။ တခြား မြို့နယ်တွေလည်း
ဒီလိုပါပဲ။ရန်ကုန်ထဲမှာလို ဂရန်မြေတွေမဟုတ်ဘူး" ဟု
ဦးအောင်ကိုကိုမင်းက ပြောသည်။

တွံတေးမြို့နယ်အတွင်း လမ်းမတန်းနေရာများတွင် ဥယျာဉ်ခြံ
မြေများမှာ တစ်ဧက လျှင် ကျပ်သိန်း ၃၀၀ ခန့်ဈေးရှိသော်
လည်း လယ်ယာမြေများမှာ ကျပ်သိန်း ၁၅၀ ခန့်သာ ဈေးရှိပြီး
ကျေးရွာအတွင်းရှိမြေကွက်များ၏ ဈေးနှုန်းမှာမူ တစ်ဧက
ကျပ်သိန်း ဆယ်ဂဏန်း ခန့်သာ ရှိသည်ဟု သိရသည်။

"တွံတေးမှာ ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေဈေးက တစ်ဝက်
လောက်ထိကို ဈေးကွာတယ်။ ရွာထဲကလယ်ယာမြေဈေးတွေ
ကတော့ ပိုပြီးတော့ ဈေးပေါပေမယ့် ၀ယ်ယူလိုသူတွေက
လမ်းမတန်းပေါ်နဲ့လမ်းမတန်းနောက်ကျော က မြေတွေကိုပဲ
ပိုစိတ်ဝင်စားကြတယ်။ လယ်ယာမြေရဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့
အပေါ်မူတည်ပြီးတော့လည်း ဈေးကွာခြားတာမျိုး ရှိတယ်"
ဟု ဦးအောင်ကိုကိုမင်းက ပြောသည်။

ထန်းတပင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးပြည့်စုံကလည်း
"ထန်းတပင်မြို့နယ်မှာ တစ်မြို့နယ်လုံးနီးပါးက လယ်ယာမြေ
တွေ များပါတယ်။ မြို့လယ်ကောင် အစိုးရရုံးတွေ ရှိတဲ့နေရာ
အနီးနားတစ်ဝိုက်ကိုပဲ ထန်းတပင် မြို့ပေါ်လို့ ပြောနိုင်တာ
ဖြစ်ပြီး အဲဒီနေရာတွေ မှာတောင် လယ်မြေတွေကို အကွက်
ရိုက်ထားတဲ့ မြေတွေရှိပါတယ်"ဟု ပြောသည်။

လယ်ယာမြေများကို တခြားမြေအမျိုးအစားအဖြစ်သို့
ပြောင်းလဲလျှောက်ထားလိုသူများသည် လယ်ယာမြေ
စီမံခန့်ခွဲရေးကော်မတီတွင် အခွန်အခပေးစရာမလိုဘဲ
လျှောက်ထားပြောင်းလဲနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာန၊မြေယာနှင့် အခွန်ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး
ဦးထွန်းမြင့်ဦးက ပြောသည်။

"လယ်ယာမြေကနေ တခြားမြေအဖြစ်ကို ပြောင်းချင်ရင်
ပုံစံ(၇)ကို ဖြည့်ပြီး ဘာကြောင့်မြေအမျိုးအစားပြောင်းလဲ
ချင်တယ်ဆိုတာကို လယ်ယာမြေဦးစီးဌာနကို လျှောက်ထား
ရပါမယ်။
လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ က လယ်ယာမြေစီမံ
ခန့်ခွဲရေးကော်မတီတစ်ခုတည်းမှာပဲ မြေအမျိုးအစားပြောင်း
လိုကြောင်း လျှောက်ထားရင် ရပါပြီ။
ဒါပေမဲ့ လယ်မြေကနေ မြေအမျိုးအစား ပြောင်းချင်တယ်ဆို
ရင်တော့ လယ်ယာမြေစီမံခန့်ခွဲရေးဗဟိုကော်မတီကိုပါ
ထပ်မံလျှောက်ထားရမှာ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီကသတ်မှတ်ထားသော
စည်းကမ်းချက်များနှင့် ကိုက်ညီပါက မြေအမျိုးအစားကို
သတ်မှတ် ထားသောအချိန်အတွင်း ပြောင်းလဲခွင့် ရရှိမည်
ဖြစ်သည်။

"ကော်မတီက သတ်မှတ်ထား တဲ့ စည်းကမ်းချက်တွေနဲ့
ကိုက်ညီခဲ့ရင် အချိန် ခြောက်လအတွင်းမှာ မြေအမျိုးအစား
ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ မြေအမျိုးအစား ပြောင်းဖို့
အခွန်အခတွေလည်းပေးဆောင်ဖို့ မလိုပါဘူး"ဟု
ဦးထွန်းမြင့်ဦးက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကျဆင်းလာနေသော
ကြောင့် လယ်ယာမြေများကို တခြားမြေအဖြစ် ခွဲခြမ်းစိတ်ပိုင်း
ကာ ရောင်းချခြင်းများ ပိုမိုပြုလုပ်လာကြသောကြောင့်
လယ်ယာမြေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်ဟု
ပညာရှင်များက ပြောသည်။

"ရန်ကုန်မြို့မှာ စိုက်ပျိုးဖို့ လယ်မြေတွေ ရှားပါးလာနေပါပြီ။
လယ်မြေတွေကိုကာကွယ်ဖို့ လိုအပ်နေပါပြီ။ လယ်မြေ၊
ယာမြေနဲ့ လယ်ယာမြေတွေကနေ တခြားမြေအဖြစ် အလွယ်
တကူ ပြောင်းလဲလို့မရမယ့် ဥပဒေတွေ လိုအပ်နေပါပြီ။
အလွယ်တကူမြေအမျိုးအစား ပြောင်းလဲနိုင်မယ်ဆိုရင်
နောက်ပိုင်းမှာ လယ်မြေတွေ ပျောက်ကွယ်သွားမှာပါ"ဟု
မြို့ပြစီမံကိန်းပညာရှင်ဦးသံမိုးက ပြောသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာ မြေဥပဒေတွင်
လယ်ယာမြေများကိုတခြားမြေ များအဖြစ် မပြောင်းလဲနိုင်
စေရန် တင်းကျပ်သော ဥပဒေများ မပါရှိခြင်းကြောင့်
နိုင်ငံအ၀န်းတွင် လယ်ယာမြေများ နှစ်စဉ်လျော့နည်းလာ
နေသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏လယ်မြေ
ဧရိယာမှာ ၂၀၁၃ ခုနှစ်တွင် နိုင်ငံဧရိယာစုစုပေါင်း၏
၁၉ ဒသမ ၃ ရာခိုင် နှုန်းသာရှိသည်ဟုသိရသည်။

(တင်ရတနာထွန်း)

credit - Eleven Media Group & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment