Sunday, December 4, 2016

“တန်ဖိုးနည်းအိမ်ရာအခန်း ဝယ်ယူပိုင်ဆိုင်လိုသူများ အတွက် သိသင့်တာလေးတွေ”

“တန်ဖိုးနည်းအိမ်ရာအခန်း ဝယ်ယူပိုင်ဆိုင်လိုသူများ
အတွက် သိသင့်တာလေးတွေ”


၁။ "တန်ဖိုးနည်းအိမ်ရာ ဒီဇင်ဘာ ၃၀ ရက်
နောက်ဆုံးထား လျှောက်ထားရမည်"

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမယ့်
တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်မှာ ၃၀ ရာခိုင်နှုန်း
ငွေပေးသွင်းပြီး ဝယ်ယူခွင့်ပြည့်မီသူတွေကိုသာရောင်းချ
သွားမှာဖြစ်ပြီး ဝယ်ယူခွင့်လျှောက်လွှာတွေကို ပုံစံလေးမျိုး
ခွဲရောင်းချ သွားမှာဖြစ်ပါတယ်။

"ဘဏ်မှာ စုဆောင်းငွေ ရှိသူတွေကိုပဲ ရောင်းချသွားမယ်၊
အခုကတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
ပေးပို့တဲ့ အခန်းဝယ်ယူဖို့စုဆောင်းငွေနဲ့ လစဉ်ပေးဆပ်နိုင်စွမ်း
ရှိတဲ့ ပြည်သူတွေကိုရောင်းချသွားမှာ" လို့ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

လျှောက်လွှာတွေကိုတော့
* ညွှန်ကြားရေးမှူးချုပ်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
ရုံးအမှတ် ၄၀
နေပြည်တော် * ကိုလိပ်မူပြီး
လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို
- ရန်ကုန်တိုင်းဒေသကြီး ဗိုလ်ချုပ်လမ်းမပေါ်မှာ တည်ရှိတဲ့
အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲနဲ့ 
- နေပြည်တော်ရုံးအမှတ် ၄၀မှာ ဝယ်ယူနိုင်ပါတယ်။

လျှောက်လွှာပုံစံတွေကိုတော့
အစိုးရ အမှုထမ်း၊ ပင်စင်စား၊ ကုမ္မဏီဝန်ထမ်း၊ ပြည်သူစတဲ့
ပုံစံလေးမျိုးခွဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့လာမယ့် နိုဝင်ဘာလ၂၈ ရက်နေ့
ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိဝယ်ယူနိုင်မှာဖြစ်ပြီး
ဒီဇင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားလျှောက်ထားရမှာ
ဖြစ်ပါတယ်။

လက်ရှိမှာတော့အိမ်ခန်းဝယ်ယူဖို့ စုဆောင်းငွေနဲ့ဝင်ငွေ
ပြည့်မီသူ ၁၃၁၁ ဦးရှိပြီဖြစ်ပြီး ဌာနပိုင်အခန်း ၆၀ဝ ကျော်
ကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အခန်းဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ သွားရောက်ကြည့်ရှုနိုင်သလို
ဘဏ်ရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့
Construction and Housing Development Bank မှာ
လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အခန်းတွေကတော့ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်း
မြို့နယ်တွေမှာ ဆောက်လုပ်အကောင် အထည်ဖော်ထား
တဲ့ ရွှေလင်ပန်းအိမ်ရာ၊ ကနောင်အိမ်ရာ၊ ယုဇနအိမ်ရာ
တွေကိုရောင်းချတာ ဖြစ်ပါတယ်။

အခန်းတွေကိုတော့ ဝယ်ယူခွင့်ရရှိသူကသတ်မှတ်ထားတဲ့
အခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့
အခန်းတွေကို နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။  

အခန်းတန်ဖိုးတွေကတော့ ကျပ်သိန်း ၁၂၀ ဝန်းကျင်
အခန်းတွေဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျဆပ်နဲ့
ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူခွင့်ရရှိတဲ့ လူစာရင်းကို
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က နောက်ဆုံးထား
စာရင်းပြုစုထားတာဖြစ်လို့ နောက်ပိုင်းမှငွေလာရောက်
ပေးသွင်းသူတွေကိုတော့ နောက်ပိုင်းဆောက်လုပ်မယ့်
အိမ်ရာတွေမှာသာ ဝယ်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

***

၂။ "တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူပြီး တစ်ဆင့်
ပြန်လည်ရောင်းချပါက အမည်ပျက်စာရင်းသွင်းမည်"

တန်ဖိုးနည်းအိမ်ရာများကို
- နိုင်ငံတော်ထံမှဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊
- အိမ်ရာစည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း စိစစ်
တွေ့ရှိရပါက Black list (အမည်ပျက်) စာရင်းသွင်းကာ
ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး
ဒေါ်မြင့်မြင့်မူက နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

အမှန်တကယ် အိမ်ရာလိုအပ်သူများအတွက်သာ ရောင်းချ
ရန် ရည်ရွယ်ထားသည့်အတွက်ယခုကဲ့သို့ စည်းကမ်းထား
ရှိရခြင်းဖြစ်ပြီး အမှန်တကယ် နေထိုင်ခြင်း ရှိမရှိကိုလည်း
မကြာခဏ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်မူက
"ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် သူ့ကို Black list
ကြေညာမှာဖြစ်ပါတယ်။အဲဒီစာရင်းဝင် သွားရင်တော့
နောက်ပိုင်းမှာ တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့်လျှောက်လို့
မရတော့ပါဘူး။ ပုဂ္ဂလိကတွေ ဆောက်တဲ့ အပြင်အခန်းပဲ
ဝယ်ရတော့မယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်ထားတဲ့အခန်းတွေ
ဆိုရင် အခန်းတွေမှာ အမှတ်အသားတွေ သွားကပ်ထားမှာ
ဖြစ်သလို မကြာခဏလည်းဘဏ်က အိုးအိမ်နဲ့ပေါင်းပြီး
မြေပြင်မှာ သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ မနေဘဲနဲ့
ငှားတာပြန်ရောင်းတာ လုပ်ထားလို့မရဘူး။ တကယ်အိမ်ရာ
လိုအပ်တဲ့သူတွေကိုပဲ ဦးတည်တာဖြစ်တဲ့အတွက် မနေနိုင်
သေးဘူး၊ လောလောဆယ် အဆင်မပြေနိုင်သေးဘူးဆိုရင်
တောင် ပိတ်ထားရမှာဖြစ်ပါတယ်။ ငှားတာတောင် ငှားခွင့်
ပေးမထားပါဘူး"ဟု ၎င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်
အိမ်ရာစည်းကမ်းချက်များအရတိုက်ခန်းလျှောက်ထားသူများ
အနေဖြင့် အိမ်ပိုင်မရှိကြောင်းကတိခံဝန်ချက်ပါ တစ်ပါတည်း
တင်ပြရမည်ဖြစ်သည်။

* အိမ်ပိုင်ရှိသူများ၊ နိုင်ငံတော်ထံမှ
တိုက်ခန်းရရှိထားပြီးသူများ ဖြစ်ကြောင်းစိစစ်တွေ့ရှိရပါက
တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက်မည့်အပြင်
ပေးသွင်းထားသည့် တိုက်ခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းကို
ဒဏ်ကြေးအဖြစ် ခုနှိမ်ကာ တိုက်ခန်းကို
ပြန်လည်သိမ်းယူမည် ဖြစ်သည်။ *

ထို့ပြင် တိုက်ခန်းလျှောက်ထားသူများသည် တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ တိုက်ခန်းတစ်ခန်းကိုသာရွေးချယ်
လျှောက်ထားရန် ကန့်သတ်ထားသည်။

* တန်ဖိုးနည်းနှင့်တန်ဖိုးသင့်တိုက်ခန်း ၀ယ်ယူခွင့်ရရှိထားသူ
များသည် ငါးနှစ် အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်
တားမြစ်ထားသလို ငါးနှစ်ပြည့်မြောက်သည့် အချိန်တွင်
ပြန်လည်ရောင်းချလိုပါကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ
ရောင်းချရန် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။ *

"တကယ် နေစရာအခက်အခဲရှိတဲ့သူတွေ ရစေချင်တဲ့
အတွက် အိမ်ရာစည်ကမ်း စည်းမျဉ်းတွေနဲ့အညီမကြာခဏ
စိစစ် မှာပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တရားဝင်
ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့်
ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့် ယုဇန၊ကနောင်နှင့်
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်များရှိ တိုက်ခန်းများ
ကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာ
စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက် ပထမအရစ်
တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီအောင်
ငွေပေးသွင်းထားပြီးသူများကို ဦးစားပေးရောင်းချမည်
ဖြစ်သည်။

ဩဂုတ်လကုန်မှ အောက်တိုဘာလ ၃၁ ရက်အထိ
ပထမ အရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူပေါင်း
၁,၃၁၁ ယောက်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင်
အများပြည်သူတို့ကို ကြေညာခဲ့ပြီး ဖြစ်သည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ
ဖြစ်သည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်
များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်းပေါင်း ၈,၀၀၀ ကို
ဆောက်လုပ်မည်ဖြစ်သည်။

(ဇေယျာလင်း)

***

၃။ "တန်ဖိုးနည်းအိမ်ရာ အခန်းပိုင်ဆိုင်ထားပြီးရင် ဝယ်ယူခွင့်
ပိတ်သိမ်းမည်"

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူတွေအနေနဲ့အိမ်ခန်းပိုင်ဆိုင်
ထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရင်ပေးသွင်းထားတဲ့
အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို နုတ်ယူပြီး အခန်းဝယ်ယူခွင့်
ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက သိရပါတယ်။

"အခန်းဝယ်ယူခွင့်ရရှိသူတွေထဲက စည်းကမ်းချက်နဲ့
ကိုက်ညီတာမရှိရင်အခန်းဝယ်ယူခွင့် ပိတ်သိမ်းမယ်၊ဒဏ်ကြေး
လဲသတ်မှတ်သွားမယ်" လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိမ်ရာဝယ်ယူခွင့်လျှောက်ထားသူကို
- မြန်မာနိုင်ငံသားသာခွင့်ပြုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား
မိတ္တူပူးတွဲတင်ပြရပါမယ်။
- အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။
- လျှောက်ထားသူက သန်းခေါင်စာရင်းမိတ္တူတင်ပြရမှာဖြစ်ပြီး
အိမ်ထောင်ဦးစီး သို့မဟုတ် မိသားစုဝင်တစ်ဦးသာ
လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

တိုက်ခန်းလျှောက်ထားသူက
- အိမ်ပိုင်မရှိသူဖြစ်ရမှာဖြစ်ပြီး
- အိမ်ပိုင်မရှိကြောင်း ကိုယ်တိုင်ကတိဝန်ခံချက်တင်ပြရမှာ
ဖြစ်ပါတယ်။

အခန်းလျှောက်ထားရာမှာ အိမ်ပိုင်ရှိသူ၊ အခန်းရှိ သူတွေကို
စစ်ဆေးတွေ့ရှိရင်ဝယ်ယူခွင့် ပိတ်သိမ်းပြီးပေးသွင်းထားတဲ့
အခန်းတန်ဖိုးရဲ့ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် နှုတ်ယူမှာ
ဖြစ်ပါတယ်။ တိုက်ခန်းလျှောက်ထားသူက မိမိနေထိုင်လိုတဲ့
ပြည်နယ်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ရာစီမံကိန်း
တွေထဲက အခန်းတစ်ခန်းကို လျှောက်ထားခွင့်ရမှာ
ဖြစ်ပါတယ်။

ဝင်ငွေနည်းပြည်သူတွေကို ဦးစားပေးရောင်းချသွားမှာဖြစ်လို့
- နိုင်ငံ့ဝန်ထမ်းဖြစ်ရင် လုပ်သက် ငါးနှစ်၊
- ကုမ္မဏီဝန်ထမ်းဖြစ်ရင်လည်း အနည်းဆုံးလုပ်သက် ငါးနှစ်
ရှိရပါမယ်။
- နိုင်ငံ့ဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာ အကြီးအကဲရဲ့
ထောက်ခံချက်၊ ဝန်ထမ်းစစ်ဆေးရေးကတ်မိတ္ထူ ပါရှိရပါမယ်။
- ကုမ္မဏီဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာအကြီးအကဲရဲ့
ထောက်ခံချက်နဲ့ ဝန်ထမ်းစစ်ဆေးရေးကတ် မိတ္ထူပါရပါမယ်။
- ပင်စင်စားဖြစ်ရင်တော့ လက်ရှိပင်စင်ထုတ်ယူနေတဲ့
ပင်စင်စာအုပ်မိတ္ထူ သို့မဟုတ် အီးပင်စင်ကတ်
လိုအပ်ပါတယ်။
- ဝင်ငွေနည်းပြည်သူနဲ့ တခြားကဖြစ်ရင်တော့ ဝင်ငွေ
ရှိကြောင်းအထောက်အထား သို့မဟုတ်လုပ်ငန်းလုပ်ကိုင်
ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ချုပ်ရေးမှူး ထောက်ခံချက်
လိုအပ်ပါတယ်။
- အခန်းဝယ်ယူသူက တစ်လဝင်ငွေသုံးသိန်းကနေ ငါးသိန်း
အတွင်းရရှိသူဖြစ်ရပါမယ်။
- တိုက်ခန်းဝယ်ယူခွင့်ရရှိသူက အခန်းကိုငါးနှစ်အတွင်း
လွှဲပြောင်း ရောင်းချလို့မရပါဘူး။
- လွှဲပြောင်းရောင်းချချင်ရင်တော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့သာပြန်လည်
ရောင်းချနိုင်မှာဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

credit - Kumudra Journal & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment